အခန်း (၁၃၁-၁၃၂)
Vol. 14 Ch. 131-132
အခန်း (၁၃၁) ချူဟန် ဘယ်မှာလဲ
ဒိုင်း... ခွမ်း...
အဝင်ဝ၌ အကာအကွယ်အဖြစ် ပုံထားသော အရာဝတ္ထုကြီးများမှာ ကျယ်လောင်သောအသံကြီးများနှင့်အတူ ပြိုကျလုမတတ် ဖြစ်သွားသည်။ လုံးဝ ပြိုကျသွားခြင်း မဟုတ်သော်လည်း တစ်ခုနှင့်တစ်ခု အပြင်းအထန် ရိုက်ခတ်သွားသော အသံကြီးများက ဟိန်းထွက်သွားတော့သည်။
"ချီးတဲ့မှပဲ..."
ရိုင်းစိုင်းကြမ်းတမ်းသော အသံကြီးတစ်သံ ချက်ချင်း ထွက်ပေါ်လာသည်။
"ဘာလို့ အမှိုက်ပုံကြီးလို ပုံထားရတာလဲကွ"
မှင်သက်နေကြသော စူပါမားကတ်အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများရှေ့သို့ လူဆယ်ယောက်ခန့် ပါဝင်သော အုပ်စုတစ်စု ဝင်ရောက်လာသည်။ သက်ကြီးရွယ်အိုများ၊ လူငယ်များ၊ အမျိုးသားများနှင့် အမျိုးသမီးများ ရောနှောနေကာ ဆယ်ဂဏန်းခန့်သာ ရှိသော်လည်း အလွန် ရှုပ်ထွေးနေသော အစုအဖွဲ့တစ်ခုပင် ဖြစ်သည်။
ရှေ့ဆုံးမှ ဝင်လာသူမှာ လက်ကိုင်ရိုးရှည်လက်နက်ကို ကိုင်ဆောင်ထားသည့် လူသန်ကြီးတစ်ဦး ဖြစ်သည်။ သေဆုံးသွားပြီဖြစ်သော ကောင်းယီနှင့်ပင် ယှဉ်နိုင်လောက်သည့် တောင့်တင်းခိုင်မာသော ကြွက်သားများကို ပိုင်ဆိုင်ထားသည်။ သူ၏နောက်တွင်တော့ ရိုင်ဖယ်ကို ကိုင်ဆောင်ထားသော အသက်လတ်ပိုင်း စစ်သားကြီးတစ်ဦးက လိုက်ပါလာသည်။ ၎င်းတို့နောက်တွင် ကြောက်ရွံ့တုန်လှုပ်နေကြသော လူတစ်စု ရှိနေပြီး အံ့ဩစရာကောင်းသည်မှာ မွေးကင်းစ ကလေးငယ်ကို ပွေ့ချီထားသည့် မျက်မှန်နှင့် လူငယ်တစ်ဦးပင် ပါဝင်နေခြင်းဖြစ်သည်။
နောက်ထပ် လူတွေ ရောက်လာပြန်ပြီလား။ ယနေ့ ဒီစူပါမားကတ်ကြီး ဘာတွေဖြစ်နေသနည်း။
တစ်ရက်တည်းနှင့် ဝင်ရောက်မွှေနှောက်သူ သုံးစုတိတိ ပေါ်လာခဲ့ပြီဖြစ်သည်။ ထို့အပြင် ချူဟန် အပါအဝင် အားလုံးက အားနာရကောင်းမှန်း မသိဘဲ အတင်းအဓမ္မ ဝင်ရောက်လာကြခြင်းပင် ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုပုံစံများက တစ်ပုံစံတည်း တူညီနေကြသည်။
ရှေ့ဆုံးမှ လူသန်ကြီးက အထဲသို့ ရောက်သည်နှင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ကာ ချန်ရှန်ကော်နှင့် တစ်ထပ်တည်းတူညီသော မေးခွန်းကို မေးလိုက်သည်။
"အပြင်မှာ ရပ်ထားတဲ့ G55 ပိုင်ရှင် ဒီမှာရှိလား"
တစ်နေရာလုံး တိတ်ဆိတ်သွားသည်။
ချန်ရှန်ကော်နှင့် ယွဲ့ဇီ အပါအဝင် ထိုနေရာရှိ လူအားလုံးမှာ လူသန်ကြီး၏ စကားကြောင့် ပါးစပ်အဟောင်းသားဖြစ်ကာ မှင်သက်သွားကြသည်။ မကြာမီတွင် စူပါမားကတ်မှ အသက်ရှင်ကျန်ရစ်သူများ၏ အဓိပ္ပာယ်ပါသော အကြည့်များက လူသန်ကြီးအဖွဲ့နှင့် ချန်ရှန်ကော်တို့ကြားတွင် ဟိုဒီ ကူးလူးသွားလာနေတော့သည်။
‘ဒီလူတွေကရော ချူဟန်ကို လာရှာတာပဲလား...’
ချန်ရှန်ကော် နှင့် ယွဲ့ဇီတို့ နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း အာရုံကြောများ တင်းမာသွားကြသည်။ ရန်သူလား.. ဒါမှမဟုတ် မိတ်ဆွေလား။
"အူဝဲ... အူဝဲ..."
ရုတ်တရက် အုပ်စု၏ နောက်ဆုံးမှ ကလေးငိုသံ ထွက်ပေါ်လာသည်။ ကလေးကို ပွေ့ချီထားသော မျက်မှန်တပ်လူငယ်မှာ ကပျာကယာ ချော့မြူတော့သည်။
"တိတ်တိတ်... မငိုနဲ့နော် လိမ္မာတယ်..."
"ကျန်းဇို"
ရှေ့ဆုံးမှ လမ်းရှင်းပေးနေသော လူသန်ကြီး လုဟုန်ရှန်းက ခေါင်းကုတ်ရင်း မျက်မှန်နှင့်လူငယ်ကို ပြောလိုက်သည်။
"ဒါ စူပါမားကတ်ပဲကွ။ အရင်ဆုံး နို့မှုန့်ဖြစ်ဖြစ်၊ အရင်ဆုံး နို့မှုန့်သွားရှာပြီး ကလေးကို တိုက်လိုက်ဦး"
လုဟုန်ရှန်း၏ အမူအရာမှာ စူပါမားကတ်အတွင်းရှိ ပစ္စည်းများကို သူတို့ပိုင်သည့်အလား ရိုင်းစိုင်းမောက်မာလွန်းလှသည်။ သို့သော် မူလရှိနေနှင့်သော အသက်ရှင်ကျန်ရစ်သူများမှာ ဒေါသထွက်နေကြသော်လည်း ထုတ်ပြောရဲခြင်း မရှိပေ။ တစ်ဖက်လူများက ကြည့်ရုံနှင့်ပင် အလွယ်တကူ ကိုင်တွယ်နိုင်မည့်သူများ မဟုတ်ကြောင်း သိသာနေသည်။ ထို့အပြင် စစ်ဝတ်စုံနှင့် အဘိုးကြီး၏ လက်ထဲတွင် သေနတ်တစ်လက်ကိုပါ ကိုင်ဆောင်ထားသေးသည်။
ချန်ရှန်ကော်နှင့် ယွဲ့ဇီက မျက်နှာအမူအရာ မပြောင်းလဲဘဲ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
တစ်ဖက်လူများက ချူဟန်ကို ရှာဖွေနေကြခြင်းဖြစ်သည်။ မည်သို့ပင် ကြည့်စေကာမူ ရင်းနှီးဖော်ရွေသော အုပ်စုနှင့် မတူချေ။ သေချာပေါက် ကလဲ့စားချေရန် ရောက်လာသည့် ရန်သူများသာ ဖြစ်ရမည်။ သူတို့နှစ်ဦးက အသိမခံဘဲ လက်ထဲမှ သေနတ်ကို ကျစ်ကျစ်ပါအောင် ပြန်လည်ဆုပ်ကိုင်လိုက်ကြသည်။ တစ်ဖက်တွင် လူအင်အားများသော်လည်း သေနတ်ကိုင်ထားသူမှာ ထိုစစ်သားကြီး တစ်ဦးသာရှိသည်။ မဖြစ်နိုင်စရာ အကြောင်းမရှိပေ။
တစ်ဖက်တွင်လည်း လုဟုန်ရှန်းနှင့် ဟယ်ဖေးယွမ်တို့က ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့၏ တည်ရှိမှုကို သတိထားမိနေကြသည်။ အကြောင်းမှာ သူတို့ ချိန်ရွယ်ထားသော သေနတ်များက အစစ်အမှန်များ ဖြစ်နေသောကြောင့်ဖြစ်သည်။
"မင်းတို့က..."
ဟယ်ဖေးယွမ်က အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် စကားစလိုက်သည်။
ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့ ပြန်မဖြေရသေးခင်မှာပင် လူအုပ်ထဲမှ အကျင့်စရိုက်မကောင်းသည့် အသက်ရှင်ကျန်ရစ်သူ အချို့က ရှေ့သို့ ထွက်လာကြသည်။ ၎င်းတို့အနက်မှ တစ်ဦးက မီးလောင်ရာ လေပင့်သကဲ့သို့ အော်ဟစ်လိုက်တော့သည်။
"ခင်ဗျားတို့လည်း ချူဟန်ကို လာရှာကြတာမလား။ မိတ်ဆွေတွေလား.. ဒါမှမဟုတ် ရန်သူတွေလား"
'ဒီလူတွေကလည်း ချူဟန်ကို လာရှာကြတာလား'
ထိုစကားတစ်ခွန်းကြောင့် ဟယ်ဖေးယွမ်နှင့် လုဟုန်ရှန်းတို့မှာ ချက်ချင်းပင် တစ်ခဏချင်း သတိဝီရိယ အပြည့်ဝင်သွားသည်။ သူတို့၏ အကြည့်များက ယွဲ့ဇီနှင့် ချန်ရှန်ကော်တို့ထံတွင် စူးစိုက်သွားသည်။ သူတို့နှစ်ဦး၏ သေနတ်များမှာ အချိန်မရွေး ပစ်ခတ်နိုင်ရန် ကျည်ထိုးထားပြီးဖြစ်သည်။
ဟယ်ဖေးယွမ်တို့ ချူဟန်ကို ရှာဖွေနေသည့် အကြောင်းရင်းမှာ အလွန်ရိုးရှင်းလှသည်။ ပထမအချက်မှာ စစ်ဆရာဝန် ရှန်ကွမ်းယွီရှင်းကို ချူဟန်က ခေါ်ဆောင်သွားသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ချူဟန်က လူအချို့ကို သတ်ဖြတ်ခဲ့သော်လည်း သေဆုံးသွားသူများမှာ ငြင်းမရနိုင်သော လူဆိုးလူယုတ်မာများ ဖြစ်နေသည့် အချက်ကြောင့်ပင် ဖြစ်သည်။ အရေးအကြီးဆုံးမှာ ဟယ်ဖေးယွမ်ဖြစ်စေ၊ လုဟုန်ရှန်းဖြစ်စေ၊ ကျန်းဇိုပင်ဖြစ်စေ ဤအဖွဲ့ရှိ လူအများစုမှာ ချူဟန်အပေါ်တွင် တစ်နည်းတစ်ဖုံ သစ္စာရှိစိတ် ကိန်းအောင်းနေကြခြင်း ဖြစ်သည်။
ဇွန်ဘီအုပ်ကြီးကို တစ်ကိုယ်တော် ရင်ဆိုင်ကာ ဒုတိယအဆင့် ဇွန်ဘီကို တစ်ယောက်တည်း သုတ်သင်ခဲ့သည်။ အပေါင်းအပါများကို ကာကွယ်ရန်အတွက်ဆိုလျှင် တုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်သားစွာ လုပ်ဆောင်တတ်သည်။ ချူဟန်ရဲ့ ထူးခြားတဲ့ အရှိန်အဝါကြောင့် သူတို့က အလိုအလျောက် သဘောကျသွားစေသည်။ ထို့ကြောင့် လူဟုန်ရှန်းက ခြူဟန်ကို သွားရှာရန် အကြံပြုလိုက်သောအခါ မည်သူကမျှ ကန့်ကွက်ခဲ့ခြင်း မရှိပေ။
အေးစက်သော ရန်သူလို အကြည့်များဖြင့် စိုက်ကြည့်နေကြသည့် ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့ကို မြင်သောအခါ ဟယ်ဖေးယွမ်တို့မှာ ကိုယ်လုံးများ တောင့်တင်းသွားကြသည်။
‘ချူဟန်ရဲ့ ရန်သူတွေလား’
တစ်ဖက်လူက နှစ်ယောက်တည်း ဖြစ်သော်လည်း သေနတ်အရေအတွက်တွင် သူတို့ဘက်က ရှုံးနိမ့်နေသည်။ သူတို့မှာ လူအင်အား များသော်ငြား သေနတ်ကိုင်ဆောင်ထားသူမှာ ဟယ်ဖေးယွမ် တစ်ဦးသာ ရှိသည်။ မတိုက်ခိုက်နိုင်သည်တော့ မဟုတ်သော်လည်း အသေအပျောက် ရှိလာနိုင်မည့် အန္တရာယ်က အလွန် မြင့်မားလွန်းနေသည်။
နှစ်ဖက်စလုံးမှာ ထူးဆန်းစွာပင် တစ်ထပ်တည်း တူညီသော အတွေးမျိုးကို တွေးနေကြသည်။
တစ်ဖက်လူ၏ စိတ်ကူးကို အကဲခတ်မရနိုင်ဘဲ ပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ် တိတ်ဆိတ်မှုကြီးက လွှမ်းခြုံလာသည်။ ရန်သူလား၊ မိတ်ဆွေလား။ ခိုင်လုံသော သက်သေမရှိသရွေ့ ပေါ့ပေါ့ဆဆ လှုပ်ရှား၍မရပေ။ နှစ်ဖက်စလုံးက အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားလျက် စကားတစ်ခွန်းမျှ မဆိုဘဲ အပြန်အလှန် စိုက်ကြည့်နေကြသည်။ လေထုတစ်ခွင်လုံးမှာ ရုတ်တရက်ဆိုသလို ခြောက်ခြားဖွယ် တိတ်ဆိတ်မှုကြီး လွှမ်းမိုးသွားတော့သည်။
အခက်တွေ့နေသူများမှာ စူပါမားကတ်မှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်သည်။ ယနေ့ တစ်ရက်တည်းတွင် အန္တရာယ်များသော အုပ်စုသုံးစု ဝင်ရောက်လာခဲ့ရုံသာမက ယခုလည်း သူတို့ မျက်စိရှေ့တွင်ပင် သေနတ်ပစ်ပွဲကြီး စတင်တော့မည် ဖြစ်သည်။
တောင်းပန်ပါတယ်... ငါတို့ကိုတော့ မြေစာပင် မလုပ်ကြပါနဲ့... ဟု သူတို့မှာ စိတ်ထဲမှ ဆုတောင်းရုံမှလွဲ၍ ဘာမျှမတတ်နိုင်တော့ချေ။
ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့က တစ်ခဏမျှပင် မျက်ခြည်မပြတ်စေဘဲ ဟယ်ဖေးယွမ်တို့ကို စူးရှစွာ ကြည့်နေကြသည်။ ဟယ်ဖေးယွမ်နှင့် လုဟုန်ရှန်းတို့ကလည်း အလားတူပင် ဖြစ်သည်။ အပြန်အလှန် ဆုပ်ကိုင်ထားသော လက်နက်များထံ၌ အင်အားများ စုစည်းနေပြီး မျက်လုံးချင်းဆုံရာမှ မီးပွင့်လုမတတ် ဖြစ်နေသည်။ ယခုအချိန်တွင် တစ်စုံတစ်ယောက်က အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် သေနတ်ကျည်ဆန်များ ပစ်လွှတ်လာမည်မှာ သေချာနေပြီဖြစ်သည်။
ကလစ်...
ရုတ်တရက် စူပါမားကတ် အဝင်ဝအနီးမှ သတ္တုသံ တိုးတိုးလေးတစ်ခု ထွက်ပေါ်လာသည်။
ချောက်... ဂျောက်...
ထိုအသံကြောင့် အလွန်အမင်း တုံ့ပြန်လိုက်သော ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့က သေနတ်ပြောင်းဝများကို ဟယ်ဖေးယွမ်တို့ထံသို့ ချက်ချင်း ချိန်ရွယ်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ဟယ်ဖေးယွမ်ကလည်း ရိုင်ဖယ်သေနတ်၏ ဘေးကင်းလုံခြုံရေးခလုတ်ကို ဖြုတ်ချလိုက်သည်။ သေနတ်မရှိသော လုဟုန်ရှန်းတို့ကလည်း လက်နက်များကို အသင့်ပြင်လိုက်ကြကာ ကလေးကို ကွယ်သူက ကွယ်၊ တိုက်ခိုက်ရန် ပြင်သူက ပြင်နှင့် မြင်ကွင်းမှာ ဂိုဏ်းကြီးနှစ်ဂိုဏ်း အပြန်အလှန် ပစ်ခတ်ကြတော့မည့်အလား ဖြစ်နေသည်။ ဤမြင်ကွင်းမှာ မာဖီးယားဂိုဏ်းများ၏ စစ်ပွဲတစ်ပွဲနှင့်ပင် တူနေတော့သည်။
သွေးချောင်းစီးတော့မည့် အသည်းအသန် အချိန်လေးတွင်...
"ဟော့... ဒါက ဘာကြီးလဲကွ။ အမှိုက်ပုံကြီး ကျနေတာပဲ"
အနည်းငယ် ရိုင်းစိုင်းပြီး အခြေအနေကို နားမလည်သော ပေါ့ပျက်ပျက် အသံတစ်သံက စူပါမားကတ် အဝင်ဝမှ တဖြည်းဖြည်း နီးကပ်လာသည်။
" တောက်... သယံဇာတတွေကို ဖြုန်းတီးနေတာပဲ... ဒါတွေက ပစ္စည်းကောင်းတွေပါဆိုနေမှ... ဒီတိုင်းကြီး အတားအဆီးလုပ်ပြီး ချထားရတယ်လို့... ဟူး... ဒါတွေကို ဒီလို စီထားတဲ့ကောင်က ရူပဗေဒတော့ တော်တော်ကျွမ်းတဲ့ကောင်ပဲ... တကယ်ကို တော်တာ... ဒါပေမဲ့ နည်းပညာပိုင်းက သိပ်မကောင်းဘူး... ဒီပစ္စည်းတွေသာ ကိုယ့်လက်ထဲ ရောက်ကြည့်စမ်း... ဒီထက် အများကြီး ပိုကြမ်းတဲ့ ခံစစ်ပစ္စည်းတွေအဖြစ် ပြောင်းပစ်လို့ရတယ်ကွ... နှမြောစရာကြီး "
အေးအေးဆေးဆေး ညည်းတွားရင်း အလျင်စလို မရှိဘဲ လျှောက်လှမ်းလာသည်။ ချန်ရှန်ကော်နှင့် ဟယ်ဖေးယွမ်တို့က အချင်းချင်း သတိထားနေရင်းပင် မျက်လုံးထောင့်မှ ထိုကျူးကျော်သူကို မြင်လိုက်ကြသည်။ ထွက်ပေါ်လာသူမှာ ပြောင်လက်နေအောင် ကတုံးတုံးထားသော လူငယ်တစ်ဦးဖြစ်သည်။ မည်သည့်အကြောင်းကြောင့်မှန်း မသိရသော်လည်း မျက်နှာက အပြင်းအထန် ဖောင်းအစ်နေသော်လည်း ခန္ဓာကိုယ်က မဝဘဲ အချိုးအစားကျနေသည်။ အကယ်၍ သူသာ ပါးစပ်မှ မကြာခဏ တောက်ခေါက်မနေပါက သူသည် လောကီရေးရာများကို စွန့်ခွာထားသော သူတော်စင်တစ်ဦးဟုပင် လူတိုင်းက ထင်မှတ်မိကြပေလိမ့်မည်။
အမြင်အားဖြင့် ဘုန်းကြီး တစ်ပါးနှင့် အလွန် တူညီနေသောကြောင့် ဖြစ်သည်။
တိတ်ဆိတ်ငြိမ်သက်နေသော စူပါမားကတ်အတွင်း၌ ထူးဆန်းသည့် လေထုက ပျံ့လွင့်နေသည်။ အားလုံး၏ အကြည့်များက အဝင်ဝသို့ စူးစိုက်နေသော်လည်း အဆိုပါ ထိပ်ပြောင်နှင့်လူကမူ ဂရုစိုက်သည့်ဟန်ပင် မပြချေ။ တစ်ယောက်တည်း စကားများကို တတွတ်တွတ်ပြောရင်း လူသွားလမ်းတစ်လျှောက် အေးအေးလူလူ လျှောက်လာတော့သည်။
ထိပ်ပြောင်နှင့် လူတစ်ယောက်။
ယခုပင် သတ်ဖြတ်ပွဲ စတင်တော့မည့် အုပ်စု နှစ်စု။
ထို့နောက် အခြေအနေကို နားမလည်နိုင်ဘဲ တုန်ယင်နေကြရုံမှလွဲ၍ ဘာမျှမတတ်နိုင်သော အသက်ရှင်ကျန်ရစ်သူများ။
"ဟော့... တော်တော်လေး စည်ကားနေပါလား"
အမျိုးသားက အထဲသို့ ရောက်သည်နှင့် ထိုသို့ ပြောလိုက်ကာ ပေါက်ကွဲထွက်တော့မည့် သတ်ဖြတ်လိုသော လေထုကို နည်းနည်းလေးမျှ အာရုံမခံမိသည့်အလား ကြမ်းပြင်ပေါ်သို့ ခပ်တည်တည် ထိုင်ချလိုက်သည်။ ထို့နောက် စုတ်ပြတ်နေသော အဝတ်အိတ်ထဲမှ ကြက်ပေါင်ကြီးတစ်ခုကို ထုတ်ယူကာ အားရပါးရ တစ်ကိုက် ကိုက်စားလိုက်သည်။ ထို့အပြင် အဝတ်အိတ်ထဲမှ ဘီယာပုလင်းတစ်ပုလင်းကို ဆွဲထုတ်လိုက်ပြီး ဖောက် ခနဲ အဖုံးကို ဖွင့်လိုက်သည်။
ထို့နောက် ဘီယာပုလင်းကို မော့ကာ တစ်ကျိုက်တည်း သောက်ချလိုက်တော့သည်။
အခန်း (၁၃၂) လိမ်လည်ခြင်း
ချန်ရှန်ကော်နှင့် ဟယ်ဖေးယွမ်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်များ အသီးသီး ထွက်ပေါ်နေသည်။
စစ်တပ်အတွေ့အကြုံရှိကြသူများ ဖြစ်သဖြင့် တစ်ဖက်လူ၏ လှုပ်ရှားမှုတိုင်းကို ရှင်းလင်းစွာ နားလည်နေကြသည်။ သို့သော် ရန်သူလား မိတ်ဆွေလား မခွဲခြားနိုင်သေးသောကြောင့်သာ ယခုကဲ့သို့ ဆက်လက် ရင်ဆိုင်နေကြခြင်း ဖြစ်သည်။ အခြေအနေသာ ကွာခြားခဲ့လျှင် ထိုင်ချကာ အတိတ်က စစ်တပ်ဘဝအကြောင်း ပြောရင်း အရက်ပင် အတူသောက်နေကြလောက်ပြီ ဖြစ်သည်။
သို့သော် ကတုံးနှင့်လူငယ် ပေါ်လာခြင်းကြောင့် ဟယ်ဖေးယွမ်နှင့် လုဟုန်ရှန်းတို့ နှစ်ဦးစလုံး တိုင်ပင်ထားသည့်အလား အကြည့်လွှဲလိုက်ကြတော့သည်။
ပေါက်ကွဲထွက်တော့မည့် လေထုမှာ ပြေလျော့သွားပြီး တင်းမာနေသော အခြေအနေများလည်း အနည်းငယ် လျော့ကျသွားသည်။ နှစ်ဖက်စလုံး၏ သတ်ဖြတ်လိုစိတ်များ မှေးမှိန်သွားသဖြင့် ဘေးပတ်လည်မှ စောင့်ကြည့်နေကြသော အသက်ရှင်ကျန်ရစ်သူများလည်း သက်ပြင်းချကာ သတိထားနေမှုများကို အနည်းငယ် လျှော့ချလိုက်ကြသည်။
မည်သို့ပင်ဖြစ်စေ၊ ဤနေရာတွင် သတ်ပုတ်ခြင်း မစတင်သေးသရွေ့ အဆင်ပြေပေသည်။
သို့သော် နောက်တစ်စက္ကန့်တွင်...
"ဟေး"
ကတုံးနှင့် ဘုန်းကြီး က ပါးစပ်ထဲတွင် အစားအစာများ အပြည့်ပလုတ်ပလောင်းဝါးရင်း စကားဆိုလာသည်။
"အပြင်မှာ ရပ်ထားတဲ့ G55 ပိုင်ရှင် ဒီမှာရှိလား"
ဂျောက်... ဂျောက်...
စောစောကမှ စိုက်ကြည့်နေခဲ့ကြသော ချန်ရှန်ကော်နှင့် ဟယ်ဖေးယွမ်တို့ နှစ်ဖက်စလုံးသည် တစ်ပြိုင်နက်တည်း လက်ထဲရှိ သေနတ်နှင့် လက်နက်များကို မည်သူမှန်းမသိရသော ကတုံးနှင့်လူငယ်ထံသို့ ချိန်ရွယ်လိုက်ကြသည်။
မသိစိတ်၏ စေ့ဆော်မှုကြောင့် တုံ့ပြန်လိုက်မိပြီးနောက် နှစ်ဖက်စလုံး တစ်ပြိုင်နက် သတိဝင်လာကာ စကားမဆိုနိုင်တော့ဘဲ မျက်နှာချင်းဆိုင် ကြည့်လိုက်မိကြတော့သည်။
ထို့နောက် စူပါမားကတ်၏ မြေညီထပ်တစ်ခုလုံး မယုံနိုင်လောက်အောင် တိတ်ဆိတ်သွားသည်။ ထွက်ပေါ်နေသည်မှာ ထိုကတုံးနှင့်လူငယ်၏ ဝါးစားနေသံသာ ဖြစ်သည်။
အခြေအနေကြီးက လွန်စွာ ခြောက်ခြားဖွယ် ကောင်းနေသည် မဟုတ်ပါလော။
မည်သည့်အရာများ ဖြစ်ပျက်နေမှန်း နားမလည်နိုင်သော ဘေးလူများ၏ တုံ့ပြန်မှုမှာ ပို၍ပင် သိသာလှသည်။ အားလုံးက မျက်လုံးများကို ပြူးကျယ်ထားကြပြီး မေးရိုးပြုတ်ကျမတတ် အံ့အားသင့်နေကြသည်။
'ဘာလို့များ တစ်ယောက်ပြီးတစ်ယောက် ချူဟန်ကိုချည်း လာရှာနေကြတာလဲဟ'
ရှစ်ကျားကျွမ်း တတိယပြည်သူ့ဆေးရုံ…
ဤနေရာသည် အထောက်အကူပြု ပစ္စည်းကိရိယာများ ပြည့်စုံသော အကြီးစား အထွေထွေရောဂါကု ဆေးရုံကြီး ဖြစ်သည်။ ထို့ကြောင့်ပင် လှည့်လည်သွားလာနေသော ဇွန်ဘီအရေအတွက်မှာလည်း အနည်းအကျဉ်း မဟုတ်ပေ။
ချူဟန်သည် အဆင်ပြေသလို ရှာဖွေထားသော မီးသတ်ပုဆိန်ကို ကိုင်ဆောင်ကာ ရှေ့ဆုံးမှ လမ်းဖောက်နေသည်။ သူ၏နောက်တွင်တော့ ရှန်ကွမ်းယွီရှင်းက နောက်မကျကျန်ရစ်စေရန် ကပ်လျက် လိုက်ပါလာသည်။
စူပါမားကတ်မှ ဆေးရုံဝင်ပေါက်အထိ တစ်ဟုန်ထိုး ပြေးဝင်လာခဲ့သော်လည်း ဤအမျိုးသမီး စစ်ဆရာဝန်မလေးမှာ အန္တရာယ်တစ်ခုနှင့်မျှ မကြုံတွေ့ခဲ့ရပေ။ သူမကိုယ်တိုင် လက်ပါရမည့် အခွင့်အရေးပင် လုံးဝမရှိခဲ့ချေ။ သူမ၏ တာဝန်မှာ ချူဟန်နောက်သို့ လိုက်ပါရန်သာ ဖြစ်သည်။
ဤနေရာအရောက်တွင် ချူဟန်၏ လွှမ်းမိုးနိုင်လွန်းသော စွမ်းအားကို သူမ နက်ရှိုင်းစွာ သိမြင်သွားရတော့သည်။ ဤလူ၏ လက်နက်မှာ သာမန် မီးသတ်ပုဆိန် တစ်လက်သာ ဖြစ်သည်။ ကျည်ဆန်တစ်တောင့်မျှ အကုန်အကျ မခံဘဲ ရေတွက်၍မရနိုင်သော ဇွန်ဘီများကို သတ်ဖြတ်ကာ ဆေးရုံအထိ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
လမ်းတစ်လျှောက်တွင် အမည်းရောင် သွေးများနှင့် ရေတွက်မရနိုင်သော အလောင်းများသာ နေရာအနှံ့ ကျန်ရစ်နေခဲ့သည်။
ချူဟန်က အရှေ့ဘက်ရှိ အဆောက်အအုံကို စူးရှစွာ စိုက်ကြည့်လျက် တိုးဝင်လာသော ပထမအဆင့် ဇွန်ဘီအချို့ကို ပုဆိန်တစ်ချက်တည်းဖြင့် လွယ်ကူစွာ နှစ်ပိုင်းပိုင်းပစ်လိုက်သည်။ ထို့နောက် အနောက်ဘက်ရှိ စစ်ဆရာဝန်မလေးဆီသို့ ခေါင်းလှည့်ကြည့်လိုက်သည်။
"ဒီရှေ့ကိုတော့ မင်း လမ်းပြတော့"
ယခင် ကပ်ဘေးကြီးမဖြစ်ခင်က ဆေးရုံဆိုသည်မှာ ချူဟန်အတွက်တော့ သမိုင်းဝင် အဆောက်အအုံတစ်ခုနှင့် အတူတူပင် ဖြစ်နေပြီ ဖြစ်သည်။ ဆေးဝါးများက မည်သည့်နေရာတွင် ရှိပြီး မည်သည့်အရာများကို ယူဆောင်သွားရမည်ကို သူ လုံးဝ မသိပေ။ ဆေးရုံ ဆိုသည့် စကားလုံးအပေါ် သူ၏ နားလည်မှုမှာ အလွန် တိမ်ကောသော အသိအမြင်လောက်သာ ကျန်ရစ်တော့သည်။
ယွီရှင်းက ရှေ့မှ လျှောက်သွားသော ချူဟန်၏ ကျောပြင်ကို ကြည့်လိုက်သည်။ သူမ၏ မျက်ဝန်းများတွင် လေးစားမှုနှင့်အတူ နက်ရှိုင်းသော သတိဝီရိယများလည်း ကိန်းအောင်းနေသည်။
တိုက်ခိုက်ရေးစွမ်းရည်သာ မြင့်မားပြီး ဉာဏ်မရှိသူဆိုလျှင် ကြောက်လန့်စရာ မလိုပေ။ တကယ်တမ်း ကြောက်စရာကောင်းသည်မှာ လွှမ်းမိုးနိုင်လွန်းသော ခွန်အားအပြင် ခန့်မှန်း၍မရနိုင်သည့် ဉာဏ်ပညာနှင့် နည်းလမ်းများကိုပါ ပိုင်ဆိုင်ထားသူပင် ဖြစ်သည်။
"မြေညီထပ် ဧည့်ခန်းမမှာ ဆေးဆိုင်ရှိတယ်"
ယွီရှင်းက စကားများများ မပြောပေ။
ချူဟန်က ခေါင်းတစ်ချက်ညိတ်ကာ ဆေးရုံအဆောက်အအုံထဲသို့ တိုက်ရိုက် ခြေလှမ်းဝင်လိုက်သည်။ ပတ်လည်မှ အုံခဲတိုးဝင်လာသော ဇွန်ဘီအုပ်ကြီးကို သူ အနည်းငယ်မျှ အရေးမစိုက်ချေ။
သူတို့နှစ်ဦး ဆေးဆိုင်သို့ ရောက်ရှိရန် အချိန်သိပ်မယူလိုက်ရပေ။
သို့သော် ဆေးဆိုင်တံခါးကို ကန်ဖွင့်လိုက်ချိန်တွင် သူတို့ မျက်စိရှေ့သို့ ရောက်လာသည်မှာ ဆိုးရွားစွာ ဖျက်ဆီးခံထားရသည့် စိတ်ပျက်ဖွယ် မြင်ကွင်းပင် ဖြစ်သည်။
တစ်စုံတစ်ယောက် အရင်ရောက်နေခဲ့သည် ဆိုလျှင်လည်း အံ့သြစရာ မဟုတ်ပေ။ ကမ္ဘာပျက်ကပ်ကာလတွင် ဆေးဝါးဆိုသည်မှာ အမြဲတမ်း ရှားပါးပြတ်လပ်နေတတ်သော အလွန်အဖိုးတန် ပစ္စည်းများ ဖြစ်သည်။
"လိုတဲ့ဆေးတွေကို မြန်မြန်ရှာ"
ချူဟန်သည် ဆေးဆိုင်ဝင်ပေါက်တွင် ပိတ်ရပ်ကာ အုံခဲလာသော ဇွန်ဘီများကို တစ်ကောင်ပြီးတစ်ကောင် ခုတ်ထစ်သတ်ဖြတ်ရင်း ပြောလိုက်သည်။
ယွီရှင်းက ဖရိုဖရဲဖြစ်နေသော ဆေးဆိုင်အတွင်း ချက်ချင်းပင် မွှေနှောက်ရှာဖွေတော့သည်။ အရှာခံထားရပြီး ဖြစ်သော်လည်း အသုံးပြုနိုင်သေးသည့် ဆေးဝါးအချို့ ကျန်ရှိနေသေးသည်။
သူမ၏ လှုပ်ရှားမှုများမှာ လျင်မြန်ပြီး ကျွမ်းကျင်ပိုင်နိုင်လှသည်။ လော့ရှောင်ရှောင်အတွက် လိုအပ်မည့် ဆေးဝါးများကို လက်လှမ်းမီရာ ဆွဲယူကာ ကျောပိုးအိတ်ထဲသို့ ကောက်ထည့်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် အိတ်တစ်ဝက်ကျော်ခန့် ပြည့်သွားတော့သည်။
ရုတ်တရက် လှည့်ကြည့်လိုက်သောအခါ ချူဟန် သတ်ဖြတ်ထားသော ဇွန်ဘီများမှာ တောင်လိုပုံနေပြီ ဖြစ်သည်။ သူမ၏ မျက်ဝန်းများတွင် ကိန်းအောင်းနေသော သတိဝီရိယများက ပို၍ နက်ရှိုင်းလာသည်။
ကျောပိုးအိတ်ကို လွယ်ကာ ယွီရှင်းသည် ခေါင်းငုံ့လျက် တစ်ခဏမျှ ဝေခွဲမရ ဖြစ်နေခဲ့သည်။ ထို့နောက် တစ်ဖန် ခေါင်းမော့လာချိန်တွင် သူမ၏ မျက်ဝန်းများမှ ခံစားချက်အားလုံး ပျောက်ကွယ်သွားပြီး အလွန်အေးစက်တည်ငြိမ်သော မျက်နှာထားအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
"ဒီမှာ မရှိတဲ့ ဆေးတစ်မျိုး ရှိနေသေးတယ်။ တခြားနေရာ သွားရှာရမယ်"
ယွီရှင်း လိမ်ပြောလိုက်ခြင်း ဖြစ်သည်။ မျက်နှာအမူအရာ အနည်းငယ်မျှ မပြောင်းလဲသလို ရင်ခုန်သံပင် မမြန်စေဘဲ အပြစ်ကင်းစင်စွာ လိမ်လည်လိုက်သည်။
"အဲ့ဆေးက အရေးကြီးလို့လား"
အရှေ့မှ ချူဟန်က လှည့်မကြည့်ဘဲ မေးလိုက်သည်။
"အရေးကြီးပါတယ်"
ယွီရှင်းက ချက်ချင်း တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
"ကုသဖို့အတွက် အဓိကဆေး ဖြစ်နေလို့ပါ"
"ဘယ်မှာရှိလဲ"
ချူဟန်က အပိုစကားများ မမေးဘဲ အဓိကအချက်ကိုသာ ထောက်ပြလိုက်သည်။
ယွီရှင်း၏ မျက်ဝန်းအိမ်နက်နက်ထဲတွင် စူးရှသော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူမက တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
"လူနာဆောင်မှာပါ"
မြို့ကြီးပြကြီးများရှိ ဆေးရုံများတွင် လူနာဆောင်ဆိုသည်မှာ အမြဲတမ်း လူအကြိတ်အနယ်ဖြစ်ဆုံး နေရာတစ်ခု ဖြစ်သည်။ ကုတင်များ အမြဲတမ်း မလုံလောက်ဘဲ တစ်နှစ်ပတ်လုံး ပြည့်ကျပ်နေတတ်သည်။
လူသား ရှစ်ဆယ်ရာခိုင်နှုန်း ဇွန်ဘီအဖြစ် ပြောင်းလဲသွားသော ဤကမ္ဘာပျက်ကပ်ကာလတွင် လူနာဆောင်ဆိုသည်မှာ မျှော်လင့်ချက်မဲ့ဖွယ် အန္တရာယ်ဇုန်တစ်ခု ဖြစ်ကြောင်း ထင်ရှားနေသည်။
ချူဟန်၏ ခေါင်းထဲတွင် ဆေးရုံဖွဲ့စည်းပုံနှင့် ပတ်သက်၍ အလွန်အခြေခံကျသော အချက်အလက်များသာ ကျန်ရစ်တော့သည်။ အတွင်းပိုင်း ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဌာနအသီးသီး၏ နေရာချထားမှုများကို မှတ်ဉာဏ်အဝေးဆီသို့ လွှင့်ပစ်ထားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။
ယွီရှင်းက လူနာဆောင်သို့ သွားမည်ဟု ပြောလျှင် ချူဟန်အနေဖြင့် မည်သည့်အရာကိုမျှ မတွေးတောဘဲ လမ်းဖောက်ပေးရုံသာ ရှိသည်။
သူတို့နှစ်ဦး ဆေးရုံ၏ အနောက်ဘက်ရှိ အဆောက်အအုံဆီသို့ ဦးတည်သွားလိုက်ကြသည်။ ရှေ့ပြေးအနေဖြင့် ချူဟန်၊ လမ်းပြအဖြစ် ယွီရှင်း ဆိုသည့် ပုံစံမှာ ပြောင်းလဲခြင်း မရှိပေ။
ရှေ့သို့ တိုးလာသည်နှင့်အမျှ ဇွန်ဘီအရေအတွက်မှာ တဖြည်းဖြည်း များပြားလာသည်။ ဤဆေးရုံကြီးကို ဇွန်ဘီအုပ်ကြီးက အပြည့်အဝ သိမ်းပိုက်ထားခြင်း ဖြစ်သည်။
သို့သော် ချူဟန်၏ စိတ်ထဲတွင် အပိုခံစားချက်များ ပေါ်ပေါက်မလာချေ။ သူ၏ ယခင်ဘဝအပါအဝင် ဘဝတစ်လျှောက်လုံး အများဆုံး မြင်တွေ့ခဲ့ရသည့် သက်ရှိမှာ ဤဇွန်ဘီများသာ ဖြစ်နေသောကြောင့် ဖြစ်သည်။
သို့သော် ယွီရှင်း ညွှန်ပြသော ဦးတည်ရာနေရာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရချိန်တွင် ချူဟန်၏ မျက်ဝန်းအိမ်နက်နက်ထဲ၌ သိမ်မွေ့အေးစက်သော အလင်းရောင်တစ်ခု လက်ကနဲ ဖြစ်သွားသည်။
စိတ်ကျန်းမာရေးဌာန...
သူ ဘာမှမပြောဘဲ ဝင်ရောက်သွားသည်။ အထပ်မြင့်တွင်ရှိသော ထိုနေရာသို့ ခြေလှမ်းချလိုက်သည်နှင့် ချူဟန်၏ နှာခေါင်းထဲသို့ အလွန်ပြင်းထန်သော ပုပ်ဟောင်နံစော်သည့် အနံ့ကြီးက ထောင်းကနဲ ဝင်လာသည်။ ဤနေရာရှိ ဇွန်ဘီအရေအတွက်မှာ ပုံမှန်မဟုတ်ပေ။ အသက်ရှင်နေသော လူသားတစ်ယောက်မျှ မကျန်ရစ်တော့ကြောင်းကို အတိအကျ သိနိုင်ပေသည်။
ဘေးမှ လျှောက်လာသော ယွီရှင်းကို မျက်လုံးထောင့်ဖြင့် အကဲခတ်ကြည့်လိုက်သည်။ သူမ၏ ရင်ခုန်သံမှာ ခေါင်းလောင်းထိုးနေသည့်အလား ဒိတ်ဒိတ်မြည်အောင် ပြင်းထန်ပြီး လေးလံသော အသံများ ထွက်ပေါ်နေသည်။ သေချာပေါက် တည်ငြိမ်ဟန်ဆောင်နေသော်လည်း တုန်လှုပ်ချောက်ချားမှုကိုမူ ဖုံးကွယ်မထားနိုင်ပေ။
ချူဟန်က မျက်နှာပေါ်တွင် အမူအရာမပြဘဲ တိတ်တဆိတ် သတိဝီရိယကို မြှင့်တင်လိုက်သည်။
'စိတ်ဝေဒနာရှင်တွေရဲ့ သီးသန့်လူနာဆောင်မှာ တကူးတက လာယူရမယ့်ဆေးက ဘာဆေးများလဲ'
မည်သည့်နံရံကို ဖြိုဖျက်ကာ ထွက်လာမှန်း မသိရသော်လည်း ဤအထပ်၏ ဧည့်ခန်းမတွင် ဇွန်ဘီများ ပြည့်နှက်နေသည်။ အပြာနှင့်အဖြူ စင်းကျား လူနာဝတ်စုံများကို ဝတ်ဆင်ထားသော ဇွန်ဘီများက ကျူးကျော်သူ နှစ်ဦးကို မြင်သည်နှင့် သေဆုံးခြင်း အပုပ်နံ့များကို ဖြန့်ကြဲလျက် တစ်ဟုန်ထိုး အုံခဲလာကြတော့သည်။
ချူဟန်က ခြေတစ်လှမ်း ရှေ့တိုးလိုက်ပြီး တိုးဝင်လာသော ဇွန်ဘီများ၏ ခေါင်းများကို အားကုန်သုံးကာ ဆက်တိုက် ခုတ်ခွဲပစ်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဧည့်ခန်းမတစ်ခုလုံး ဇွန်ဘီအလောင်းများဖြင့် ပြည့်နှက်သွားပြီး လွင့်စင်လာသော ပုပ်သိုးနေသည့် အသားစများနှင့် အမည်းရောင် သွေးများကြောင့် ရေစိုခံ ကြွေပြားကြမ်းပြင်မှာ စေးကပ်နေသော ရွှံ့နွံတောအဖြစ် ပြောင်းလဲသွားတော့သည်။
ကံကောင်းစွာဖြင့် ဒုတိယအဆင့် ဇွန်ဘီနှင့် မကြုံတွေ့ရပေ။
ချူဟန်က လက်ထဲရှိ မီးသတ်ပုဆိန်ကို သေချာစွာ ပြန်လည်ဆုပ်ကိုင်လိုက်ပြီး ယွီရှင်းကို အကြည့်ဖြင့် ရှေ့ဆက်ရန် တိုက်တွန်းလိုက်သည်။ တစ်ချိန်တည်းမှာပင် လက်နက်အသစ်တစ်လက် ရှာဖွေရတော့မည်ဟု စိတ်ထဲမှ တွေးတောနေမိသည်။
ယခင်က အသုံးပြုခဲ့သော သံပုဆိန်မှာ ခွမ်းကျိရန် ၏ လက်တစ်ဖက်ကို ခုတ်ဖြတ်ပြီးနောက် Land Rover ကားပေါ်တွင် ထားခဲ့ခြင်း ဖြစ်သည်။ မူလကတည်းက ပုဆိန်ရိုးမှာ ကျိုးနေပြီ ဖြစ်ရာ လက်နက်အသစ် ရယူရေးက အရေးပေါ် ကိစ္စဖြစ်နေပေသည်။
ပုဆိန်အကြောင်း တွေးမိသည်နှင့် ခွမ်းကျိရန် ၏ မျက်နှာက အလိုလို ပေါ်လာသည်။ ထိုနာမည်ကို သတိရလိုက်ရုံဖြင့် ချူဟန်၏ ရင်ထဲမှ သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာတော့သည်။ ထိုကောင်ကိုတော့ သေချာပေါက် သတ်ရမည်။ သို့မဟုတ်ပါက သူ့စိတ်က လုံးဝ ပြေလျော့မည် မဟုတ်ပေ။
"လှေကားက သွားမယ်"
ယွီရှင်းက အခွင့်အရေးကြည့်ကာ လမ်းညွှန်လိုက်ပြီး အနီးနားရှိ လှေကားဆီသို့ ဦးတည်သွားသည်။
လှေကားဘေးတွင် ဓာတ်လှေကားရှိသော်လည်း လုံးဝ ပျက်စီးနေသဖြင့် အသုံးပြု၍ မရနိုင်တော့ချေ။ ဓာတ်လှေကားခန်းမှာ အောက်သို့ ပြုတ်ကျကာ တစ်စစီဖြစ်နေပြီး တံခါးများမှာလည်း အတင်းအဓမ္မ ဆွဲဖွင့်ခံထားရသည့် အရိပ်အယောင်များ ကျန်ရစ်နေသည်။
သူတို့နှစ်ဦး လှေကားပေါ်သို့ အလျင်အမြန် ပြေးတက်သွားကြသည်။ ယခုတစ်ကြိမ်တွင်တော့ ယွီရှင်းက ရှေ့မှ ဦးဆောင်သွားခြင်း ဖြစ်သည်။
ထိုအချိန်တွင်...
ရုတ်တရက် အပေါ်ထပ်မှ ဇွန်ဘီတစ်ကောင် တိုက်ရိုက် ခုန်ချလာတော့သည်။
ထက်မြက်သော လက်သည်းများကို ဆန့်ထုတ်ကာ တဂွပ်ဂွပ်မြည်အောင် ခြောက်ခြားဖွယ် သွားကြိတ်သံများ ထွက်ပေါ်နေရင်း ၎င်း၏ ခန္ဓာကိုယ်က ယွီရှင်း၏ ခေါင်းပေါ်သို့ တည့်မတ်စွာ ပြုတ်ကျလာလေတော့သည်။