အခန်း (၁၃၃-၁၃၄)
Vol. 14 Ch. 133-134
အခန်း (၁၃၃) အရုပ်ကလေး
အမျိုးသမီးစစ်ဆရာဝန်မလေးသည် အနည်းငယ်မျှ ပြာယာခတ်မသွားဘဲ စစ်တပ်လေ့ကျင့်ရေးမှ ရရှိလာသော တိုက်ခိုက်ရေးအသိစိတ်ကို အပြည့်အဝ အသုံးချလိုက်သည်။ ပျော့ပျောင်းနွဲ့နှောင်းသော ခန္ဓာကိုယ်ဖြင့် ဘေးဘက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်နှင့် တစ်ပြိုင်နက် အသံတိတ် ရိုင်ဖယ်မှ ကျည်ဆန်များ ပန်းထွက်လာတော့သည်။
ခေါင်းပစ်ခံလိုက်ရသော ဇွန်ဘီမှာ လဲကျသွားသော်လည်း သူမ၏ အဝတ်အစားများကမူ ထက်မြက်သော လက်သည်းချက်ကို မရှောင်တိမ်းနိုင်ဘဲ ဆိုးရွားစွာ စုတ်ပြဲသွားခဲ့သည်။ ယွီရှင်းက အသက်ပြင်းပြင်းရှူလိုက်ပြီး ဇွန်ဘီ လုံးဝသေဆုံးသွားကြောင်း သေချာသည်နှင့် တစ်ပြိုင်နက် မိမိခန္ဓာကိုယ်ကို ချက်ချင်း စစ်ဆေးလိုက်သည်။
"ကုတ်ရာတော့ မရှိဘူးပဲ"
သက်ပြင်းချလိုက်နိုင်သော်လည်း သူမ၏ အသံမှာ အနည်းငယ် တုန်ယင်နေဆဲ ဖြစ်သည်။ ဇွန်ဘီအကုတ်ခံရသည်နှင့် ချက်ချင်း ကူးစက်ခံရမည်။ ယခုချိန်အထိ ကူးစက်ခံရသူများ၏ နောက်ဆုံးဇာတ်သိမ်းကို အကြိမ်ကြိမ် ရှင်းလင်းပေးခဲ့ဖူးသော သူမသည် ထိုအချက်ကို မည်သူ့ထက်မဆို ပို၍ နက်ရှိုင်းစွာ နားလည်ထားပေသည်။
"မင်း နောက်ဆုတ်နေလိုက်"
ချူဟန်က အေးစက်သော အသံဖြင့် ပြောလိုက်သည်။ သူ၏ အကြည့်က စုတ်ပြဲသွားသော သူမရင်ဘတ်ဆီသို့ စက္ကန့်အနည်းငယ်ခန့် ရပ်တန့်သွားသည်။ ထိုနေရာတွင် ခရမ်းရောင် ဆွဲသီးလှလှလေးတစ်ခုက တောက်ပနေသည်။
ဆရာဝန်မလေး၏ မျက်ဝန်းထဲတွင် ရွံရှာသွားသည့် အရိပ်အယောင်တစ်ခု ရုတ်တရက် ဖြတ်ပြေးသွားသည်။ သူမက ကျောပိုးအိတ်ကို ဆွဲရွှေ့ကာ စုတ်ပြဲနေသော အင်္ကျီလည်ပင်းပေါက်မှ ပေါ်လွင်နေသည့် ဖြူဖွေးသော အသားအရေကို ဖုံးကွယ်လိုက်သည်။
သို့သော် ချူဟန်က သူမ၏ လှုပ်ရှားမှုကို အနည်းငယ်မျှ ဂရုမစိုက်ချေ။ သူကမ ချူဟန်ကို ရွံရှာနေသည်မှာ သဘာဝပင်။ တကယ်တမ်းသာဆိုလျှင် စောစောက ဇွန်ဘီ၏ တိုက်ခိုက်မှုကို သူ ဝင်ရောက်ကာကွယ်ပေးနိုင်သည်။ သို့တိုင် သူ ထိုသို့ မလုပ်ခဲ့ပေ။ လုပ်ပေးစရာ အကြောင်းအရင်းလည်း မရှိပါချေ။
သူတို့နှစ်ဦး လှေကားပေါ်သို့ ဆက်တိုက် ပြေးတက်သွားကြသည်။ လှေကားတစ်ဝိုက်တွင် ဇွန်ဘီအမြောက်အမြား အုံခဲနေပြီး အထပ်တိုင်း၌ အကြိမ်ကြိမ် ကြုံတွေ့နေရသည်။ သို့သော် ယွီရှင်းက ရပ်ရန် မပြောသရွေ့ ချူဟန်သည် တိတ်တဆိတ် သတ်ဖြတ်ရင်း အပေါ်သို့သာ ဆက်တက်သွားလေသည်။
အရေးတကြီး ဆေးရှာကာ လော့ရှောင်ရှောင်ကို ပြန်လည်ကုသပေးရန် မလိုအပ်ပါက ဤနေရာရှိ ဇွန်ဘီအားလုံးကို အမြစ်ဖြတ် သတ်ဖြတ်ပစ်ရန်ပင် သူ တွေးထားမိသည်။ သူ့အတွက် အမှတ်ပွိုင့်များ မည်မျှရရ အပိုမဖြစ်ပေ။
"ဒီအထပ်ပဲ"
အားပါးတရ ဇွန်ဘီများကို ခုတ်ထစ်သတ်ဖြတ်နေသော ချူဟန်၏ လက်မောင်းကို ယွီရှင်းက ရုတ်တရက် ဆွဲကိုင်လိုက်သည်။ သူမက ထိုအထပ်ကို လက်ညှိုးထိုးပြလိုက်သည်။
"ငါတို့ ရှာနေတဲ့ဆေးက သေချာပေါက် ဒီအထပ်မှာ ရှိရမယ်"
ချူဟန်က ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ မသိမသာဖြင့် ဆယ်ထပ်မြောက်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ သူက အမျိုးသမီးစစ်ဆရာဝန်မလေးကို ခေါင်းညိတ်ပြကာ ထိုအထပ်၏ အတွင်းပိုင်းသို့ ခြေလှမ်းဝင်လိုက်သည်။
မီးပျက်နေသော အဆောက်အအုံအတွင်းပိုင်းမှာ မှောင်မိုက်နေပြီး လျှောက်လမ်းတစ်လျှောက်ရှိ အခန်းတံခါးများမှာ အဝင်မခံလိုသည့်အလား ခြောက်ခြားဖွယ် ပိတ်ချထားလျက် ရှိသည်။ မျက်စိဖြင့် မမြင်နိုင်သော အန္တရာယ်အငွေ့အသက်များက ဆယ်ထပ်မြောက် လေထုထဲတွင် ပျံ့လွင့်နေသည်။
အခြားအထပ်များနှင့် နှိုင်းယှဉ်လျှင် ဤနေရာမှာ ပုံမှန်မဟုတ်လောက်အောင် တိတ်ဆိတ်လွန်းနေသည်။ ဖျက်ဆီးခံထားရသည့် အရိပ်အယောင်များ ကျန်ရစ်နေသော်လည်း တွေ့ရသော ဇွန်ဘီအရေအတွက်မှာ အံ့သြစရာကောင်းလောက်အောင် နည်းပါးလှသည်။
ချူဟန်သည် ပုဆိန်ကိုင်ထားသော လက်ကို အလိုအလျောက် အားထည့်ကာ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ကျောဘက်တွင်ရှိသော ယွီရှင်းအပေါ် သတိထားမှုကိုလည်း လျှော့ချမထားပေ။
'ဒီနေရာမှာ တစ်ခုခု မှားယွင်းနေတယ်'
သူတို့နှစ်ဦး အသံမထွက်ဘဲ ဤအထပ်၌ ဆယ်မိနစ်ခန့် လျှောက်သွားခဲ့ကြသည်။ တမင် လမ်းလွှဲသွားခြင်းတော့ မဟုတ်ပေ။ ဆေးရုံအတွင်း အတားအဆီးများလွန်းသဖြင့် ခြေလှမ်းအနည်းငယ် လှမ်းတိုင်း ဇွန်ဘီတစ်ကောင်ကို ရှင်းလင်းနေရသောကြောင့် ဖြစ်သည်။ ထို့အပြင် ဘေးဘက်ရှိ အခန်းတံခါးများ ပိတ်နေသလား ဆိုသည်ကိုပါ အမြဲတမ်း သတိထားနေရသေးသည်။ တစ်ခါတစ်ရံ ဇွန်ဘီတစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့်က ရုတ်တရက် ခုန်ထွက်လာတတ်ပေသည်။
"ဒီမှာပဲ"
ယွီရှင်း၏ အသံမှာ အလွန်တိုးလွန်းလှသည်။ သူမက အနီးရှိ တံခါးတစ်ချပ်ကို လက်ညှိုးထိုးပြပြီးနောက် ရုတ်တရက် ဆက်ပြောလိုက်သည်။
"ငါပဲ ဝင်သွားလိုက်မယ်။ နင် ဝင်ပေါက်ကနေ စောင့်ကြည့်ပေးထား"
ချူဟန်က လျှောက်လမ်းအဆုံးမှ လျှောက်လာသော ဇွန်ဘီနှစ်ကောင်ကို ကြည့်လိုက်ပြီး အခန်းထဲသို့ အလျင်စလို ဝင်သွားသော ယွီရှင်းအား ဘာမှမပြောဘဲ ကျောခိုင်းလိုက်သည်။
ထိုအမျိုးသမီးဆရာဝန်မလေးသည် သူ့ကို ရှင်းလင်းရန် နည်းလမ်းများကို အမှန်တကယ် စဉ်းစားနေပုံရသည်။
ခွပ်...
ပုဆိန်ကို တစ်ချက်ဝှေ့ယမ်းကာ ဇွန်ဘီနှစ်ကောင်ကို လျင်မြန်စွာ အဆုံးစီရင်ပစ်လိုက်သည်။ အမှတ်များစွာ ရရှိလိုက်သည့် ဝမ်းမြောက်မှုကိုပင် မခံစားအားဘဲ ချူဟန်သည် အသံမထွက်စေရန် သတိထားကာ သူမဝင်သွားသော အခန်းထဲသို့ တိုးဝင်လိုက်သည်။ ထို့နောက် တံခါးကို တိတ်တဆိတ် ပိတ်ချလိုက်သည်။
အခန်းမှာ ကျယ်ဝန်းပြီး မျှော်လင့်ထားသည့်အတိုင်း ဆေးဝါးများ အစုံအလင် ရှိနေသည်။ သို့သော် လျှောက်လမ်းထက်ပင် ပို၍ မှောင်မိုက်နေကာ လေဝင်လေထွက်ပေါက်မှတစ်ဆင့် ပြင်ပအလင်းရောင် အနည်းငယ်သာ ဝင်ရောက်နေသည်။
အခန်းအတွင်းပိုင်းမှ တစ်စုံတစ်ရာကို မွှေနှောက်ရှာဖွေနေသော အသံများ ဆက်တိုက် ထွက်ပေါ်နေသည်။ ယွီရှင်းမှာ အလွန်လောနေပုံရသည်။ သားရေဖိနပ်ဖြင့် ကြမ်းပြင်ကို နင်းမိသော ခြေသံများက အလျင်အမြန် ထွက်ပေါ်လာလိုက်၊ ရပ်တန့်သွားလိုက် ဖြစ်နေသည်။
ချူဟန်က အသက်ရှူသံကို ဖျောက်ကာ ဆေးဘီရိုနောက်တွင် ပုန်းအောင်းနေလိုက်သည်။ သူမ၏ အခြေအနေကို တိတ်တဆိတ် အကဲခတ်နေသည်။
'ဒီမိန်းမ၊ တကယ်တော့ ဘာကိုရှာနေတာလဲ'
မိနစ်အနည်းငယ် ကြာမြင့်သွားချိန်။ ရုတ်တရက် တိုးညှင်းသော.. ချူဟန်နှင့် ရှန်ကွမ်းယွီရှင်းတို့ ဖန်တီးလိုက်သော အသံမဟုတ်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
ဒေါက်..
ချူဟန်က ခေါင်းကို ချက်ချင်း မော့ကာ မျက်နှာကျက်ဆီသို့ စူးရှစွာ စိုက်ကြည့်လိုက်သည်။ ထိုအသံမှာ အလွန်တိုးညှင်းလွန်းလှပြီး ပထမအဆင့် ကိုယ်ကာယဆင့်ကဲပြောင်းလဲသူ မဟုတ်ပါက ကြားနိုင်မည် မဟုတ်ပေ။ ထို့ကြောင့်ပင် အဝေးမှ ပစ္စည်းရှာနေသော ယွီရှင်းသည် ချူဟန် အခန်းထဲ ဝင်လာသည်ကိုရော၊ တတိယလူ၏ အရိပ်အယောင်ကိုပါ အနည်းငယ်မျှ သတိမပြုမိခြင်း ဖြစ်သည်။
မျက်နှာကျက်တွင် အပေါက်တစ်ခု ပွင့်နေသည်။ အမှောင်ထု ဖုံးလွှမ်းနေသော ထိုအပေါက်ထဲမှ ဖုန်တက်နေသည့် အဖြူရောင် ဝါဂွမ်းလို အရာဝတ္ထုတစ်ခုက တွဲလောင်းကျကာ တယိမ်းတယိုင် လှုပ်ခါနေသည်။
ချူဟန်သည် ယခုထိတိုင် ဘာမျှ သတိမထားမိသေးသော ယွီရှင်းကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
"ထွက်လာခဲ့"
"အမလေး..."
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် လန့်ဖျပ်သွားကာ ပစ္စည်းတစ်ခုကို လက်ဖြင့် ဆွဲယူလိုက်မိသော ယွီရှင်းထံမှ စူးရှသော အော်သံတစ်ခု ထွက်ပေါ်လာသည်။
ယင်းနောက်တွင် ခလွမ်း ဆိုသော အသံနှစ်သံ ထွက်ပေါ်လာသည်။ သူမ၏ လက်ထဲမှ လွတ်ကျသွားသည်မှာ စိတ်စိတ်ငြိမ်ဆေးပုလင်းငယ် နှစ်လုံးပင် ဖြစ်သည်။
တံဆိပ်ပေါ်တွင် ရိုက်နှိပ်ထားသော စာလုံးများကို မြင်လိုက်ရချိန်တွင် ဆရာဝန်မလေး၏ နှလုံးသားမှာ ပေါက်ကွဲထွက်လုမတတ် ခုန်ပေါက်သွားတော့သည်။ တင်းမာသွားသော မျက်နှာနှင့်အတူ နဖူးပြင်၌ ချွေးစေးများ ပျံလာလျက် ချူဟန်ကို စိုက်ကြည့်နေမိသည်။
သို့သော် ချူဟန်က သူမကို မျက်လုံးထောင့်ဖြင့် တစ်ချက်သာ ကြည့်လိုက်ပြီး ပြုတ်ကျသွားသော စိတ်ငြိမ်ဆေးများကို မမြင်လိုက်သည့်အလား မျက်နှာကျက်ဆီသို့သာ အေးဆေးစွာ အကြည့်လွှဲသွားသည်။
ဆရာဝန်မလေး၏ မျက်နှာတွင် အံ့အားသင့်မှုများ ဖြတ်ပြေးသွားသည်။ သူမ စိတ်ငြိမ်ဆေးများကို ယူထုတ်ရခြင်းမှာ လော့ရှောင်ရှောင်အတွက် မဟုတ်ပေ။ ချူဟန်ကို မေ့သွားစေရန် ဖြစ်သည်။
စောစောက အဖြစ်အပျက်ကို သူ မမြင်လိုက်စရာ အကြောင်းမရှိသလို၊ အခြေနေကိုမသိနိုင်သော ဤအမျိုးသားက သူမ၏ ရည်ရွယ်ချက်ကို ရိပ်မိမသွားစရာလည်း အကြောင်းမရှိပေ။
သို့ပါလျက်နှင့် အဘယ်ကြောင့် ဤလူက အနည်းငယ်မျှ တုံ့ပြန်မှု မရှိရသနည်း။
‘ဂရုမစိုက်တာလား.. မဟုတ်ဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ့ကိုများ သဘောကျသွားလို့လား။ ဟင့်အင်း.. အဲဒါကတော့ လုံးဝကို မဖြစ်နိုင်ဘူး’
"သမီး ဒီမှာရှိနေတာကို ဘယ်လိုသိသွားတာလဲဟင်"
ခေါင်းပေါ်ဆီမှ ကလေးဆန်ဆန်နှင့် စိမ်းသက်သက်ဆန်သော အသံတစ်ခု ထွက်ပေါ်လာသည်။
'လူ ရှိနေတာလား'
ယွီရှင်း လန့်ဖျပ်သွားကာ စောစောက အချည်းနှီးအတွေးများကို ခေါင်းထဲမှ ချက်ချင်း ရှင်းထုတ်ပစ်လိုက်သည်။ ချူဟန်၏ အကြည့်အတိုင်း မျက်နှာကျက်ဆီသို့ မော့ကြည့်လိုက်သည်။
ထိုနေရာ၌ အမည်းရောင် အပေါက်ကြီးတစ်ခု ပွင့်နေပြီး ဖုန်များပေကျံနေသော ခြေထောက်နှစ်ချောင်း တွဲလောင်းကျနေသည်။ နှင်းပွင့်ပမာ ဖြူဖွေးနေသော ခြေသလုံးလေးများက တယိမ်းတယိုင် လှုပ်ခါနေသည်။ ဘေးတွင် အနည်းငယ် ညစ်ပေနေသော ယုန်ကတ္တီပါရုပ်ကလေးတစ်ခု ရှိနေသည်။ ရှည်လျားသော နားရွက်များက အောက်သို့ တွဲလောင်းကျနေသည်။
ဤကဲ့သို့သော နေရာမျိုးတွင် ရုတ်တရက် ပေါ်ထွက်လာသည့် မြင်ကွင်းက သရဲကားတစ်ကားထဲမှ ဇာတ်ဝင်ခန်းတစ်ခုပမာ ခြောက်ခြားဖွယ် ကောင်းလှသည်။ ပို၍ဆိုးသည်မှာ လှုပ်ခါနေသော ခြေထောက်နှစ်ချောင်းကိုသာ မြင်ရပြီး မိန်းကလေး၏ ခန္ဓာကိုယ်အပေါ်ပိုင်းမှာ အမှောင်ထုထဲတွင် လုံးဝ ပုန်းကွယ်နေခြင်း ဖြစ်သည်။
ယွီရှင်းက ပြင်းထန်စွာ ခုန်ပေါက်နေသော ရင်အုံကို ဖိထားလိုက်ပြီး အော်သံထွက်မလာစေရန် အတင်းအဓမ္မ ထိန်းချုပ်ကာ တည်ငြိမ်အောင် နေလိုက်သည်။
'အဲဒါ လူပဲ.. ဇွန်ဘီမဟုတ်သလို သရဲလည်း မဟုတ်ဘူး'
ချူဟန်နှင့် မိန်းကလေး စကားပြောနေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူမက လျင်မြန်စွာ ကိုယ်ကိုကိုင်းလျက် စိတ်ငြိမ်ဆေးများကို ကောက်ယူလိုက်သည်။ ထို့နောက် ဆေးထိုးပြွန်နှစ်ခုကို အိတ်ကပ်ထဲသို့ ကပျာကယာ ထိုးထည့်လိုက်သည်။
သို့သော် ခန္ဓာကိုယ်ကို ပြန်မတ်လိုက်ချိန်တွင် ကျောရိုးတစ်လျှောက် အေးစက်သွားတော့သည်။ ချူဟန်က သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေသောကြောင့်ပင် ဖြစ်သည်။ သို့တိုင် သူက ချက်ချင်း အကြည့်လွှဲသွားပြီး မျက်နှာကျက်ပေါ်တွင် ထိုင်နေသော ခြောက်ခြားဖွယ် မိန်းကလေးဆီသို့ အကြည့်ပြန်ပို့လိုက်၏။
'မြင်သွားတာလား'
ယွီရှင်း၏ နှလုံးသားမှာ လည်ချောင်းထဲမှ ခုန်ထွက်လာတော့မည့်အလား။
"မင်း နာမည်ဘယ်လိုခေါ်လဲ"
ချူဟန်က ယွီရှင်း၏ လက်တည့်စမ်းမှုများကို လုံးဝလျစ်လျူရှုကာ မျက်လုံးများ မှေးကျဉ်းလျက် မျက်မှောက်ရှိ မိန်းကလေးကို မေးလိုက်သည်။
"လီရှီယုံ"
မိန်းကလေးက ချူဟန်ကို ငုံ့ကြည့်လာသည်။ ကြည်လင်နေသော မျက်ဝန်းများထဲတွင် စူးစမ်းလိုစိတ် အနည်းငယ် ကိန်းအောင်းနေသည်။
"ဉီးဉီးတို့က ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲ"
ချူဟန်က မိန်းကလေးကို အထက်အောက် စုန်ဆန်ကြည့်ရှုကာ အကဲခတ်လိုက်ပြီး တစ်ဖက်လူမှာ သာမန်အရပ်သားတစ်ဦး ဖြစ်ကြောင်း သေချာသွားချိန်တွင် သတိထားမှုကို အနည်းငယ် လျှော့ချလိုက်သည်။
သူက မိန်းကလေး၏ မေးခွန်းကို လျစ်လျူရှုကာ ပြန်မေးလိုက်သည်။
"တစ်ယောက်တည်းလား"
"ဟင့်အင်း၊ မမလည်း ရှိသေးတယ်"
လီရှီယုံ ဟု အမည်ရသော မိန်းကလေးက နှေးကွေးလေးတွဲ့သော အသံဖြင့် ပြန်ဖြေသည်။
"မင်း အစ်မကကော ဘယ်မှာလဲ"
ချူဟန်၏ မျက်နှာတွင် သံသယအရိပ်အယောင်များ ပေါ်လာသည်။ ဤနေရာသည် ဆေးရုံဖြစ်သည်။ ငယ်ရွယ်သော မိန်းကလေးနှစ်ဦးက ဘာတွေစား၊ ဘာတွေသောက်ပြီး အသက်ရှင်နေကြသနည်း။
အခန်း (၁၃၄) နောင်တ
"မမကလေ အစားအစာ သွားရှာတာ"
လီရှီယုံက ထိုသို့ပြောလိုက်လျက် ချစ်စရာကောင်းသော အစွယ်လေးများပေါ်အောင် ပြုံးပြလိုက်သည်။
ချူဟန်သည် ထိုထူးဆန်းသော ခံစားချက်ကို လျစ်လျူရှုလိုက်သဖြင့် အသံမထွက်စေဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။
"ဦးတို့ သွားတော့မယ်။ ဂရုစိုက်နော်။ သမီးလည်း မမနဲ့အတူ ဒီနေရာကနေ ထွက်သွားတာ ပိုကောင်းမယ်"
"သမီးမေးတာကို မဖြေရသေးဘူးလေ။ မေးခွန်းနှစ်ခု မေးတာကို တစ်ခုမှ မဖြေဘူးမလား"
လီရှီယုံက အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ရာ ချူဟန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
မိန်းကလေး၏ မျက်ဝန်းများထဲတွင် ထူးဆန်းသော အလင်းရောင်များ ပေါ်လာသောကြောင့် ချူဟန် လန့်ဖျပ်သွားရသည်။ သူက ဘာမျှမပြောဘဲ လက်ထဲရှိ မီးသတ်ပုဆိန်ကိုသာ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လျက် ခြောက်ခြားဖွယ် မိန်းကလေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်သည်။
"သမီးမေးတာ မဖြေဘူးဆိုတော့ ဦးက လူကောင်းမဟုတ်ဘူး။ လူကောင်းမဟုတ်ရင် သေချာပေါက် လူဆိုးပဲ။ လူဆိုးတွေက သေကိုသေရမှာမို့ မမကိုခေါ်ပြီး သတ်ပစ်မယ်"
မိန်းကလေးက ရုတ်တရက် ခုန်ပေါက်လိုက်ပြီးနောက် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။ ချက်ချင်းပင် မျက်နှာကျက်ဆီမှ တဒုန်းဒုန်း ပြေးလွှားသွားသော ခြေသံများ ထွက်ပေါ်လာသည်။
‘ချီးပဲ... ဒီနေရာက စိတ်ကျန်းမာရေးဌာန ဆိုတာကို မေ့သွားတယ်’
ချူဟန်သည် တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း ယွီရှင်းဘက်သို့ ချက်ချင်း လှည့်ကြည့်လိုက်သည်။
"ဆေးတွေ့ပြီလား။ မြန်မြန် လစ်ကြစို့"
ဤနေရာက အလွန် ခြောက်ခြားဖွယ် ကောင်းလှသဖြင့် သူ တစ်စက္ကန့်မျှပင် ဆက်မနေချင်တော့ပေ။
ယွီရှင်းလည်း စောစောက မိန်းကလေး၏ ခြောက်ခြားဖွယ် အပြုအမူကြောင့် အနည်းငယ် ကြောက်လန့်နေခဲ့သည်။ ချူဟန်၏ အသံကြောင့် သတိဝင်လာချိန်တွင် ရင်တဒိတ်ဒိတ် ခုန်လာလျက် သူ့ကို အပြစ်ရှိသူတစ်ဦးပမာ ကြည့်လိုက်မိသည်။ သို့သော် ချူဟန်၏ မျက်ဝန်းများထဲတွင် မည်သည့်ခံစားချက်မျှ ရှိမနေပေ။ သူမ စိတ်ငြိမ်ဆေးများ ကောက်ယူလိုက်သည်ကို လုံးဝ မမြင်လိုက်သည့်အလား။
သို့ရာတွင် ဤအမျိုးသားက သေချာပေါက် မြင်လိုက်ကြောင်း ယွီရှင်း သိနေသည်။
'ကျစ်... မြေခွေးအိုကြီး'
သူတို့နှစ်ဦးသည် ထိုနေရာမှ အလျင်အမြန် ထွက်ခွာလာပြီး လျှောက်လမ်းတစ်လျှောက် အရှေ့အနောက် တန်းစီလျက် ပြေးလွှားသွားကြသည်။ ရှေ့မှ ပြေးနေသော ချူဟန်သည် ထုံးစံအတိုင်း အုံခဲလာသော ဇွန်ဘီများကို တစ်ကောင်ပြီးတစ်ကောင် အလျင်အမြန် ရှင်းလင်းသွားသည်။ ထို့အပြင် ယွီရှင်းဘက်သို့ ကာကွယ်မှုကင်းမဲ့နေသော ကျောပြင်ကို အပြည့်အဝ ဖွင့်ဟထားဆဲ ဖြစ်သည်။
ဆရာဝန်မလေး၏ ညာလက်က အိတ်ကပ်ထဲတွင် ရှိနေပြီး စိတ်ငြိမ်ဆေးနှစ်လုံးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူမ၏ ရည်ရွယ်ချက်ကို ရိပ်မိနေပါလျက်နှင့် ဤအမျိုးသားက အဘယ်ကြောင့် ဤမျှ ယုံကြည်မှုရှိရှိ ကျောခိုင်းထားရဲသနည်း။ မိမိကိုယ်ကို အထင်ကြီးလွန်းနေတာလား။ မိန်းမတစ်ယောက်တည်း အင်အားနဲ့ သူ့အကူအညီမပါဘဲ ဒီနေရာကနေ မထွက်သွားနိုင်ဘူးလို့ ထင်နေတာလား။
သေချာသည်မှာ ထိုအချက်က အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပေသည်။ ယုတ္တိရှိသလို တကယ်တမ်းလည်း မှန်ကန်နေသည်။ ယွီရှင်းကိုယ်တိုင်လည်း သတိထားမိသည်။ သူမ၏ ဆေးပညာက ထူးချွန်ပြီး စစ်တပ်ထဲတွင် ဂုဏ်ယူလောက်သော စွမ်းရည် ရှိသော်လည်း ဤကမ္ဘာပျက်ကပ်ကာလတွင် ထိုအရာများမှာ တစ်ခဏအတွင်း အသုံးမဝင်ဖြစ်သွားနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။
ဆရာဝန်မလေး၏ ခေါင်းထဲတွင် အတွေးများက ပြင်းထန်စွာ လည်ပတ်နေသည်။ မကြာမီ နောင်တတရားနှင့်အတူ နောက်ကျမှပေါ်လာသော ကြောက်ရွံ့မှုများက သူမကို ဖုံးလွှမ်းသွားသည်။ မျက်စိရှေ့မှ လျှောက်သွားသော အမျိုးသား၏ ဂုတ်ပိုးကို စိုက်ကြည့်ရင်း ယွီရှင်း၏ စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခု ရုတ်တရက် ပေါ်လာတော့သည်။
'ငါ အခုပဲ သူ့ကို ရှင်းပစ်လိုက်ရင်ကော...'
အကယ်၍ ဒီအတိုင်းသာ အတူတူ ထွက်သွားဖြစ်ခဲ့လျှင် သူမ၏ အခွင့်အရေးများ ပို၍ နည်းပါးသွားပေမည်။ ချူဟန်က သူမကို သေချာပေါက် တင်းကြပ်စွာ စောင့်ကြည့်နေမည်ဖြစ်သလို လော့ရှောင်ရှောင်၏ အခြေအနေ တည်ငြိမ်သွားပါက အသုံးမဝင်တော့သဖြင့် သတ်ပစ်နိုင်ချေလည်း အပြည့်အဝ ရှိနေသည်။
တစ်ဖက်တွင်မူ ရှေ့မှနေ၍ လမ်းဖောက်ပေးနေသော ချူဟန်သည် ယွီရှင်းကဲ့သို့ ခေါင်းရှုပ်ခံ စဉ်းစားမနေပေ။ သူမ စိတ်ငြိမ်ဆေးကောက်ယူလိုက်သည်ကို သေချာပေါက် မြင်လိုက်သည်။ ပထမအဆင့် ကိုယ်ကာယဆင့်ကဲပြောင်းလဲသူ တစ်ဦးဖြစ်သော သူ၏ ခန္ဓာကိုယ်စွမ်းရည်ဖြင့်ဆိုလျှင် စိတ်ငြိမ်ဆေး တစ်ပုလင်းက လုံးဝ အရာရောက်မည် မဟုတ်ချေ။
သို့သော် နှစ်လုံးဆိုလျှင်တော့ တစ်မျိုးဖြစ်သွားမည်။ မည်သို့ဖြစ်လာမည်ကိုမူ သူလည်း မခန့်မှန်းနိုင်ပေ။
သူတို့နှစ်ဦး လာရာလမ်းအတိုင်း အလျင်အမြန် ပြန်လှည့်လာစဉ် ထိုအချိန်မှာပင်။
"ဂရား..."
ရုတ်တရက် အခြားဇွန်ဘီများနှင့် သိသိသာသာ ကွဲပြားနေသော ဟိန်းဟောက်သံကြီးက အရှေ့ဘက်ဆီမှ ပဲ့တင်ထပ်လာသည်။ ဧရာမ အရိပ်ကြီးတစ်ခုက လျှောက်လမ်းအဆုံးတွင် ကြမ်းကြုတ်စွာ ပေါ်ထွက်လာသည်။ ထက်မြက်သော လက်သည်းများနှင့် အစွယ်များက ကြမ်းပြင်ရှိ ကြွေပြားများကို အမှုန့်ကြိတ် ဖျက်ဆီးပစ်နေသည်။
၎င်းကား ဒုတိယအဆင့် ဇွန်ဘီပင် ဖြစ်သည်။
ချူဟန်၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ သူက နောက်သို့ လှည့်မကြည့်ဘဲ ယွီရှင်းကို ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"တစ်နေရာရာမှာ သွားပုန်းနေ။ ဒီကောင်က အခုထိ ငါတို့ကြုံခဲ့ရတဲ့ ကောင်တွေနဲ့ မတူဘူး"
ယွီရှင်း အသက်ရှူမှားသွားသည်။ အရှေ့ဘက်ရှိ ဇွန်ဘီကို တစ်ချက်ကြည့်လိုက်ပြီး ဘေးဘက်သို့ အလျင်အမြန် ရှောင်ထွက်လိုက်သည်။ သို့သော် ကံဆိုးစွာဖြင့် ဤလျှောက်လမ်းက ဓာတ်လှေကားခန်းမနှင့် မျက်နှာချင်းဆိုင် ဖြစ်နေပေသည်။ တစ်ဖက်တစ်ချက်တွင် နံရံနှင့် ဓာတ်လှေကားပေါက်သာရှိပြီး ပုန်းအောင်းစရာ နေရာဟူ၍ လုံးဝ မရှိပေ။ အခြားနေရာသို့ ထွက်ပြေးမည်ဆိုလျှင်လည်း အခြားဇွန်ဘီများနှင့် ကြုံတွေ့ရမည့် အန္တရာယ်က ရှိနေသေးသည်။
ဆရာဝန်မလေးသည် နံရံကိုသာ မှီကပ်နေလိုက်ရတော့သည်။ သူမ၏ ကျောဘက်တွင် ဟာလာဟင်းလင်း ပွင့်နေသော ဓာတ်လှေကားပေါက်ကြီး ရှိနေသည်။ နောက်ထပ် ခြေတစ်လှမ်းသာ ဆုတ်လိုက်မိပါက အောက်သို့ ဇောက်ထိုးပြုတ်ကျကာ သေဆုံးသွားပေလိမ့်မည်။
ချူဟန်က လည်ပင်းကို ဘယ်ညာချိုးလိုက်ရာ အရိုးအဆစ် မြည်သံများ ထွက်ပေါ်လာသည်။
'ဒီလိုမှပေါ့… ဒီလောက်ကြီးမားတဲ့ ဆေးရုံကြီးမှာ ဇွန်ဘီအရေအတွက်ကလည်း မနည်းဘူး။ ဒုတိယအဆင့် ဇွန်ဘီ မရှိစရာ အကြောင်းမရှိဘူးလို့ ထင်နေတာ'
ရွှီး...
ချူဟန် ရုတ်တရက် ခုန်တက်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် စူးရှသော သတ်ဖြတ်လိုစိတ်များက တစ်ခဏချင်း ကိန်းအောင်းသွားပြီး လှုပ်ရှားမှုများမှာ မျက်စိဖြင့် မလိုက်နိုင်လောက်အောင် မြန်ဆန်သော လေပြင်းတစ်ရပ်အသွင်သို့ ပြောင်းလဲသွားတော့သည်။
"ဂရား..."
ရင်ဆိုင်ရန် အသင့်ဖြစ်နေသော ဒုတိယအဆင့် ဇွန်ဘီကြီးကလည်း အရှုံးမပေးဘဲ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
ကျဉ်းမြောင်းသော လျှောက်လမ်းအတွင်း အရိပ်နှစ်ခုက ပြင်းထန်သော အရှိန်အဟုန်ဖြင့် ထိပ်တိုက် ရင်ဆိုင်မိသွားကြသည်။ ခြောက်ခြားဖွယ် တိုက်ခိုက်မှုများ စတင်သွားပြီး ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေမည့် အသံကျယ်ကြီးများ ပဲ့တင်ထပ်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ နံရံများ အပိုင်းပိုင်းအစစ ပြိုကျသွားကာ မျက်နှာကျက်ပေါ်တွင်လည်း အပေါက်ကြီးများစွာ ဖြစ်ပေါ်လာသည်။
ခြေအောက်တွင် လေပြင်းများ တိုက်ခတ်နေပြီး သူ၏ လှုပ်ရှားမှုများက ပုံရိပ်ယောင်များအဖြစ် ကျန်ရစ်နေခဲ့သည်။ ဤသည်ကား လူသားတို့၏ ကန့်သတ်ချက်ကို အပြည့်အဝ ကျော်လွန်သွားပြီဖြစ်သော အခြားကမ္ဘာတစ်ခုမှ ခွန်အားများဖြင့် တိုက်ခိုက်နေခြင်းပင် ဖြစ်သည်။
ထွက်ပြေးစရာ လမ်းမရှိသဖြင့် နံရံတွင် ကပ်နေရသော ယွီရှင်းမှာ ထိုမြင်ကွင်းကြောင့် တုန်ရီသွားတော့သည်။ လူသားတစ်ဦးနှင့် ဒုတိယအဆင့် ဇွန်ဘီတစ်ကောင်၏ အသေအကြေ တိုက်ပွဲကို ဤမျှ အနီးကပ် မြင်တွေ့ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ထို့အပြင် အစစ်အမှန် အဆင့်မြင့် ဇွန်ဘီတစ်ကောင်ကို ကိုယ်တိုင် မြင်တွေ့ရခြင်းကလည်း ဤအကြိမ်သည် ပထမဆုံးပင် ဖြစ်သည်။
ဆရာဝန်မလေး၏ မျက်ဝန်းများက မျက်တောင်ခတ်ရန်ပင် မေ့လျော့သွားပြီး ဒုတိယအဆင့် ဇွန်ဘီ၏ လှုပ်ရှားမှုများကိုသာ လိုက်ကြည့်နေမိသည်။ မကြာသေးမီက ချူဟန် ပြောခဲ့သော စကားများက ကျိန်စာတစ်ခုပမာ သူမ၏ ရင်ထဲတွင် စွဲထင်နေပြီး ဖျောက်ဖျက်၍ မရတော့ချေ။
'ဇွန်ဘီတွေက ဆင့်ကဲပြောင်းလဲတယ်။ ပြီးတော့ ထာဝရ တည်ရှိနေလိမ့်မယ်'
ရုတ်တရက် ပြင်းထန်လှသော ဖိအားကြီးတစ်ခုက ယွီရှင်းအပေါ်သို့ ကျဆင်းလာသည်။ ထိုဖိအားများ၏ အရင်းအမြစ်က ကမ္ဘာပျက်ကပ်ကြီးနှင့် ဇွန်ဘီများကြောင့် သက်သက်မဟုတ်ပေ။ ချူဟန်ကြောင့် ဖြစ်သည်။ သူမ ပြန်လည်ခုခံကာ အသေအလဲ ဆန့်ကျင်ရန် ကြိုးစားနေသော ဤအမျိုးသားကသာလျှင် အကြီးမားဆုံးသော ဖိအားကြီး ဖြစ်နေပေသည်။
မိမိကိုယ်တိုင် အခြေခံကျကျ မှားယွင်းနေခဲ့ကြောင်း သူမ ရုတ်တရက် သတိပြုမိသွားသည်။ ချူဟန်နှင့် ရန်သူမဖြစ်သင့်ပေ။ ချန်ရှောက်ရယ် သို့မဟုတ် ရှန်ကျိုတီတို့ကဲ့သို့ သူ့အပေါ် သစ္စာခံမည့် လမ်းစဉ်ကိုသာ ရွေးချယ်သင့်ခဲ့ခြင်း ဖြစ်သည်။
သို့သော် အချိန်နှောင်းသွားခဲ့ပြီ။
ချူဟန် အပြည့်အဝ ရိပ်မိနေပြီဖြစ်သော အိတ်ကပ်ထဲမှ စိတ်ငြိမ်ဆေး နှစ်ပုလင်းကို ထိတွေ့မိချိန်တွင် ဆရာဝန်မလေး၏ ရင်ထဲ၌ နောင်တတရားနှင့် ကြောက်ရွံ့မှုများက အပြည့်အဝ နေရာယူသွားတော့သည်။ လော့ရှောင်ရှောင် ပြန်လည်ကျန်းမာလာသည်နှင့် တစ်ပြိုင်နက် ဤအမျိုးသားက သူမကို သေချာပေါက် သတ်ပစ်မည် ဖြစ်သည်။ ဤအချက်ကို သူမ နာကျင်စွာဖြင့် ကောင်းကောင်းကြီး နားလည်ထားပေသည်။
ဒုတိယအဆင့် ဇွန်ဘီနှင့် အသေအကြေ တိုက်ပွဲမှာ မျက်စိဖြင့် လိုက်ကြည့်ရန်ပင် ခက်ခဲလောက်သော အမြန်နှုန်းဖြင့် ဖြစ်ပေါ်နေသော်လည်း အဆုံးသတ်ကတော့ အံ့သြစရာကောင်းလောက်အောင် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။ တစ်ချက်တည်းဖြင့် အသေသတ်ခြင်းကသာလျှင် ချူဟန်၏ တိုက်ခိုက်ရေးဗီဇ ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဇွန်ဘီကြီးမှာ မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ လဲကျပြီး လုံးဝ တိတ်ဆိတ်သွားတော့သည်။
အကယ်၍ လက်ထဲရှိ မီးသတ်ပုဆိန်၏ အရိုးက ဤထက်ပိုရှည်ကာ သူ၏လက်နှင့် အံဝင်ခွင်ကျ ဖြစ်နေမည်ဆိုလျှင် ဤထက်ပိုမို လျင်မြန်ပြီး တိုက်ရိုက် သတ်ဖြတ်နိုင်မည် ဖြစ်သည်။ ဇွန်ဘီဆိုသော သက်ရှိများအပေါ်တွင် သူက မည်သည့်အခါမျှ သနားညှာတာမှု ထားရှိမည် မဟုတ်ပေ။
ဒုတိယအဆင့် ဇွန်ဘီကို ရှင်းလင်းပြီးနောက် ချူဟန်သည် အလောင်းဆီသို့ အလျင်အမြန် လျှောက်သွားလိုက်သည်။ လက်ထဲရှိ ပုဆိန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ဝှေ့ယမ်းလျက် ဇွန်ဘီ၏ နောက်စေ့ကို ခွဲချလိုက်သည်။ အထဲမှ အမည်းရောင် ပုံဆောင်ခဲလေးကို လျင်မြန်စွာ ထုတ်ယူလိုက်ပြီး အိတ်ကပ်ထဲသို့ ကောက်ထည့်လိုက်သည်။
ဤပုံဆောင်ခဲက ခွန်အားတိုးမြှင့်သူများအတွက် ထူးခြားသောစွမ်းရည်များ နိုးကြားလာစေရန် လိုအပ်သည့် ပစ္စည်းတစ်ခု ဖြစ်ရုံသာမက အခြားသော ကဏ္ဍများတွင်လည်း အသုံးဝင်သည့် အရေးပါသော ရိက္ခာပစ္စည်းတစ်ခု ဖြစ်ပေသည်။
ချူဟန်က ထိုအလုပ်များဖြင့် အာရုံစိုက်နေချိန်၊ ထိုအခိုက်အတန့်မှာပင်...
"အမလေး..."
ယွီရှင်း၏ စူးရှသော အော်သံကြီး ပဲ့တင်ထပ်သွားတော့သည်။
ချူဟန်က အလျင်အမြန် လှည့်ကြည့်လိုက်ရာ အဖြူရောင် ယုန်ကတ္တီပါရုပ်ကလေးကို ပွေ့ဖက်ထားသော ထိုမိန်းကလေးက ဓာတ်လှေကားပေါက် အစွန်းတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းသော ထိုအသွင်အပြင်က အရင်က ငြိမ်းချမ်းခဲ့တဲ့ ကာလတွေဆီ ရောက်နေသကဲ့သို့ ထင်ယောင်ထင်မှားပင် ဖြစ်စေသည်။
သို့သော် ထိုမိန်းကလေးက ပြုံးနေလျက်နှင့်ပင် ယွီရှင်းကို အောက်ခြေမရှိသော တွင်းနက်ကြီးထဲသို့ တွန်းချပစ်လိုက်ခြင်း ဖြစ်ပေသည်။
လီရှီယုံ က ခေါင်းစောင်းကာ ချူဟန်ကို တစ်ချက်ကြည့်လိုက်ပြီး တစ်စုံတစ်ရာကို ကြောက်လန့်သွားသည့်အလား ခြေဗလာဖြင့် တဖတ်ဖတ် ပြေးထွက်သွားတော့သည်။
ရွှီး...
အမြန်နှုန်းကို အမြင့်ဆုံးအထိ ဆွဲတင်လိုက်သော ချူဟန်သည် ခြောက်ခြားဖွယ် အရှိန်အဟုန်ဖြင့် ဓာတ်လှေကားပေါက်ထဲသို့ ခုန်ဆင်းသွားလိုက်သည်။
"ဟူး... ဟူး..."
ယွီရှင်း အသက်ပြင်းပြင်း ရှူနေရသည်။ သူမ အောက်သို့ ပြုတ်ကျသွားခြင်း မရှိပေ။ တွန်းချခံလိုက်ရသည့် အခိုက်အတန့်တွင် ဓာတ်လှေကား၏ သံမဏိကြိုးကို လက်နှစ်ဖက်ဖြင့် အမိအရ ဆွဲကိုင်ထားလိုက်ပြီး အပေါ်သို့ အသေအလဲ ပြန်တက်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။