အခန်း (၁၃၅-၁၃၆)
Vol. 14 Ch. 135-136
အခန်း (၁၃၅) သူမ၏ နာမည်က ရှန်ကွမ်းယွီရှင်းတဲ့လား
ချူဟန်က ထိုနေရာတွင် ရုတ်တရက် ထိုင်ချလိုက်သည်။
ထို့နောက် သူမကို နောက်ပြောင်ချင်သော အကြည့်ဖြင့် ငုံ့ကြည့်လာသည်။ လက်လှမ်းမပေးသလို စကားတစ်ခွန်းမျှလည်း မဆိုချေ။ အပေါ်စီးမှနေ၍ ပွဲကြည့်ပရိသတ်တစ်ဦးပမာ အေးတိအေးစက် နေနေသော သူ၏ အမူအရာက ယွီရှင်း၏ နှလုံးသားထဲသို့ ဓားမြှောင်တစ်လက်ဖြင့် စိုက်သွင်းလိုက်သည့်အလား ခံစားလိုက်ရသည်။
ဆရာဝန်မလေးသည် မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းများဖြင့် အပေါ်မှ ငုံ့ကြည့်နေသော အမျိုးသားကို မော့ကြည့်လိုက်သည်။ သူမ၏ အကြည့်က ချူဟန်၏ လက်ထဲရှိ မီးသတ်ပုဆိန်ပေါ်တွင် တစ်စက္ကန့်ခန့် ရပ်တန့်သွားသည်။ ထိုပုဆိန်ပေါ်တွင် ဇွန်ဘီ၏ အမည်းရောင် သွေးများက ပေကျံနေဆဲဖြစ်ရာ မြင်ရသူအဖို့ ပြင်းထန်သော ကြောက်ရွံ့မှုကို ဖြစ်ပေါ်စေသည်။
ရုတ်တရက် ငယ်ဘဝ အမှတ်ရစရာများက ပြန်လည်နိုးကြားလာသည်။
စစ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မည်သည့်အရာကို တွေးတောနေမှန်း လုံးဝ ခန့်မှန်း၍မရသော ဖခင်။ သမီးဖြစ်သူ သူမကို ကြမ်းတမ်းသော ယောက်ျားလေးတစ်ယောက်ပမာ သဘောထားကာ အသက်ငါးနှစ်အရွယ်မှာပင် စစ်တပ်ထဲသို့ ပစ်သွင်းခဲ့သော အမျိုးသားပင် ဖြစ်သည်။ ထိုအချိန်မှစ၍ ဆယ်စုနှစ်တစ်ခုကျော်တိုင်အောင် သူမသည် စစ်တပ်ထဲတွင်သာ အချိန်ကုန်ဆုံးခဲ့ရသည်။
ထိုစဉ်က ဖခင်ဖြစ်သူသည် ယခု ချူဟန်ကဲ့သို့ပင် အေးတိအေးစက် မျက်နှာထားမျိုး ရှိနေခဲ့သည်။ အနည်းငယ်မျှ ဂရုစိုက်သည့်ဟန် မပြဘဲ ကြမ်းတမ်းသော ယောက်ျားများသာရှိသည့် တပ်ဖွဲ့ထဲတွင် သူမကို ပစ်ထားခဲ့ခြင်း ဖြစ်သည်။
သူမသည် မွေးရာပါ ပါရမီနှင့် ပြည့်စုံသူဖြစ်ပြီး ဆေးပညာရပ်တွင် အလွန်မြင့်မားသော စွမ်းရည်ကို ပြသနိုင်ခဲ့သည်။ မွေးရာပါ အလှအပများမှာလည်း ဆယ်စုနှစ်တစ်ခုကျော်ကြာ စစ်တပ်ဘဝကို ဖြတ်သန်းခဲ့ရသော်လည်း မှေးမှိန်သွားခြင်း မရှိဘဲ၊ အခြားသူများနှင့်မတူ ကွဲပြားသော ဆွဲဆောင်မှုရှိသည့် အငွေ့အသက်များကိုပင် ပိုင်ဆိုင်လာခဲ့သည်။
မိန်းမသားတစ်ဦး၏ နူးညံ့ပျော့ပျောင်းမှုနှင့် စစ်သည်တစ်ဦး၏ သံမဏိဆန္ဒ။ ထိုအရာကပင် သူမ၏ ဂုဏ်ယူစရာ ဖြစ်ခဲ့သည်။
သို့သော် ယခုအခါ ထိုအရာအားလုံးက ချူဟန် ဟု အမည်ရသော အမျိုးသား၏ ရှေ့မှောက်တွင် မျက်စိတစ်မှိတ်အတွင်း တစ်စစီ ကျိုးပဲ့ပျက်စီးသွားတော့မည် ဖြစ်သည်။
မျက်မှောက်ရှိ အမျိုးသားကို ကြည့်ရင်း ရှန်ကွမ်းယွီရှင်းသည် သူမ၏ ဖခင်ဖြစ်သူ ရှန်ကွမ်းလုံကို သတိရသွားသည်။ ရှန်ကွမ်းလုံသည်လည်း စကားနည်းသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူက လူအများနှင့် ကိစ္စရပ်တိုင်းကို ရည်ရွယ်ချက်တစ်ခုတည်းဖြင့်သာ ရှုမြင်တတ်သည်။
သူမ အဘယ်ကြောင့် ချူဟန်ကို ဤမျှလောက် ရွံရှာမုန်းတီးနေရသနည်း ဆိုသည်ကို ယွီရှင်း ရုတ်တရက် နားလည်သဘောပေါက်သွားသည်။ တူလွန်းနေသည်။ ဤအမျိုးသားက သူမ၏ ဖခင်နှင့် အလွန်အမင်း တူလွန်းနေသောကြောင့်ပင် ဖြစ်သည်။
အခြားသော ချမ်းသာကြွယ်ဝသည့် ဒုတိယမျိုးဆက် မိန်းကလေးများကဲ့သို့ မင်းသမီးလေးတစ်ပါးပမာ စည်းစိမ်ခံစားခွင့်မျိုး သူမတွင် တစ်ခါမျှ မရှိခဲ့ချေ။ မိမိခြေထောက်ပေါ်မိမိရပ်ကာ ကြိုးစားပမ်းစား ရုန်းကန်ရင်း စစ်သားတစ်ဦး ဖြစ်လာခဲ့ရပြီး၊ ယခုမူ ဆေးဘက်ဆိုင်ရာဆရာဝန်တစ်ဦးအဖြစ် လူအများကို ဆက်လက် တာဝန်ကျေပွန်စွာ အလုပ်အကျွေးပြုနေရသည့် ဘဝမျိုးသာ ဖြစ်လေသည်။
ဟ... ဘယ်လောက်တောင် ရယ်စရာကောင်းတဲ့ အကြောင်းပြချက်လဲ။
သို့သော် ယခုအခါ ယွီရှင်း၏ မျက်ဝန်းထောင့်များက ရုတ်တရက် နီရဲလာသည်။ အတိတ်က ရှန်ကွမ်းလုံ သူမကို ဆုံးမခဲ့ဖူးသော စကားတစ်ခွန်းကို သတိရသွားခြင်း ဖြစ်သည်။
"ခွေးတစ်ကောင် မဖြစ်စေနဲ့။ ဝံပုလွေတစ်ကောင် ဖြစ်အောင်လုပ်"
ယနေ့အချိန်အထိ ဤစစ်ဆရာဝန်မလေးသည် ထိုစကား၏ အဓိပ္ပာယ်အစစ်အမှန်ကို နားမလည်ခဲ့ပေ။ ဝံပုလွေနှင့် ခွေး၏ ကွာခြားချက်။ ယင်းမှာ ဝံပုလွေဆိုသည်က အကြောင်းမဲ့ ဟောင်လေ့မရှိခြင်းပင် ဖြစ်သည်။ ဝံပုလွေတစ်ကောင် အသံထွက်လာသည်ဆိုလျှင် သားကောင်ကို အဆုံးစီရင်ရန် ကိုက်ဖြတ်သည့်အသံ၊ သို့မဟုတ် အပေါင်းအပါများကို ဦးဆောင်ရန် အူသံသာ ဖြစ်ပေမည်။
ချူဟန်သည် အတိအကျပင် ဝံပုလွေတစ်ကောင် ဖြစ်နေသည်။ စကားပြောနည်းပါးပြီး ထွက်ပေါ်လာသော စကားလုံးတိုင်းတွင် ပြင်းထန်သော သို့မဟုတ် ဖုံးကွယ်ထားသော ရည်ရွယ်ချက်များ ကိန်းအောင်းနေတတ်သည်။
ယခု ချူဟန်၏ မျက်ဝန်းများက သေမင်းနှင့် ရင်ဆိုင်နေရချိန်တွင် ရုန်းကန်နေသော သားကောင်ကို ပျော်ရွှင်စွာ စောင့်ကြည့်နေသည့်အလားပင်။ ခမ်းနားသော ညစာစားပွဲကြီးတစ်ခုကို ခံစားကြည့်ရှုနေသကဲ့သို့။ ခါးသီးသော ခံစားချက်များက ဆရာဝန်မလေး၏ ရင်ထဲတွင် ပျံ့နှံ့သွားသည်။ သူမကိုယ်တိုင် ထိုကဲ့သို့သော လူစားမျိုး မဖြစ်လာနိုင်ခဲ့ပါဘဲလျက် ဤကဲ့သို့သော အမျိုးသားနှင့် လာရောက်ဆုံတွေ့နေရပေသည်။
သူတို့နှစ်ဦး အသံတိတ် ရင်ဆိုင်နေကြစဉ်...
ဂျွတ်... ဂျွတ်...
ရုတ်တရက် သံမဏိကြိုးကြီးက ပြေလျော့သွားပြီး ပြင်းထန်စွာ လှုပ်ခါလာတော့သည်။ အပေါ်ဘက်ဆီမှ ဓားဖြင့် တစ်စုံတစ်ရာကို ဖြတ်တောက်နေသည့်အလား အသံများက တဆက်တည်း ထွက်ပေါ်လာသည်။
ချူဟန်က မရည်ရွယ်ဘဲ မော့ကြည့်လိုက်ရာ လီရှီယုံဟု အမည်ရသော ထိုမိန်းကလေးက ကြမ်းကြုတ်စွာ ပြုံးလျက် ဧရာမ ကတ်ကြေးကြီးဖြင့် သံမဏိကြိုးကို အသေအလဲ ဖြတ်တောက်ရန် ကြိုးစားနေသည်ကို မြင်လိုက်ရသည်။
"လူဆိုးကြီး... သတ်ပစ်မယ်"
မိန်းကလေး၏ အသံမှာ အပြစ်ကင်းစင်ပြီး ကြည်လင်နေသော်လည်း ထိုစကားက ကြားရသူ၏ ကျောရိုးတစ်လျှောက် အေးစက်သွားစေသည်။
ဓာတ်လှေကားကြိုးကြီးမှာ ပြင်းထန်စွာ လှုပ်ခါနေပြီး အသေအလဲ ပြန်တက်ရန် ကြိုးစားနေသော ယွီရှင်း၏ လက်များမှာ လျှောကျလုမတတ် ဖြစ်လာသည်။ နဖူးပြင်မှ ကြီးမားသော ချွေးပေါက်ကြီးများ စီးကျလာသည်။ ဤနေရာသို့ ရောက်လာမှသာ ဆရာဝန်မလေးသည် အစစ်အမှန် ကြောက်ရွံ့မှုကို မြည်းစမ်းလိုက်ရတော့သည်။ အောက်သို့ ငုံ့ကြည့်လိုက်ပါက ဆယ်ထပ်အမြင့်ရှိသော အောက်ခြေမမြင်ရလောက်အောင် နက်မှောင်နေသော ဓာတ်လှေကားပေါက်ကြီးက ဟာလာဟင်းလင်း ပွင့်နေသည်။
ချူဟန်က မလှုပ်ရှားပေ။ ယွီရှင်းကို ဆွဲတင်ခြင်း မရှိသလို လီရှီယုံကိုလည်း ကူညီခြင်း မပြုချေ။ အရွယ်အစား မတူညီသော အမျိုးသမီးနှစ်ဦး၏ ထိပ်တိုက်တွေ့ဆုံမှုကို ဘေးလူတစ်ဦးအဖြစ်သာ အပြည့်အဝ စောင့်ကြည့်နေခဲ့သည်။
သံမဏိကြိုးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက် ယွီရှင်းက ခေါင်းမော့လာသည်။ မိမိကို ငုံ့ကြည့်နေသော ချူဟန်၏ မျက်နှာကို စူးရှစွာ စိုက်ကြည့်လိုက်သည်။ ယခင်အတိုင်း အလွန်အေးစက် တည်ငြိမ်နေသော မျက်နှာထားပင် ဖြစ်သည်။
'သူ ငါ့ကို ကယ်မှာမဟုတ်ဘူး'
ထိုမျက်နှာထားကို မြင်လိုက်ရသည့် အခိုက်အတန့်တွင် သူမ၏ သေဆုံးရမည့်အချိန် ရောက်လာပြီဖြစ်ကြောင်း ယွီရှင်း သဘောပေါက်လိုက်သည်။
သူမက ရုတ်တရက် ဆုံးဖြတ်ချက်ချလိုက်သည့်အလား သံမဏိကြိုးမှ လက်လွှတ်လိုက်သည်။ ဒီအတိုင်း ငြိမ်ခံပြီး စောင့်နေမည့်အစား ကိုယ့်ဘာသာကိုယ် အဆုံးသတ်လိုက်သည်က ပိုကောင်းပေမည်။ စစ်သည်တစ်ဦးအနေဖြင့် လုံးဝမကြောက်ရွံ့သောအရာမှာ သေဆုံးခြင်းပင် ဖြစ်သည် မဟုတ်ပါလော။
ရွှီး...
ရုတ်တရက် လျင်မြန်စွာ ပြုတ်ကျသွားသည့် ခံစားချက်ကြောင့် အမျိုးသမီးစစ်ဆရာဝန်မလေးသည် မျက်လုံးများကို မှိတ်ချလိုက်သည်။ သို့သော် ထိုအချိန်တွင် တစ်နေရာရာမှ ရင်းနှီးနေသလို ခံစားရပြီး အခြားကမ္ဘာတစ်ခုမှ ပဲ့တင်ထပ်လာသည့်အလား အသံတစ်သံက သူမ၏ နားထဲသို့ ဝင်ရောက်လာသည်။
'မကြောက်နဲ့.. ငါ မင်းကို ကယ်မယ် '
ယွီရှင်း ပြုတ်ကျသွားသည်ကို ချူဟန်က ပုံမှန်မဟုတ်လောက်အောင် တည်ငြိမ်စွာဖြင့် တစ်စက္ကန့်မျှ စောင့်ကြည့်နေခဲ့သည်။ ထို့နောက် ဒုတိယစက္ကန့်တွင် သူက ရုတ်တရက် လက်ဆန့်ထုတ်ကာ ဆရာဝန်မလေး၏ လက်မောင်းကို ဖမ်းဆွဲလိုက်တော့သည်။
လက်မောင်းမှ ကြွက်သားများ ထောင်ကြွလာပြီး အားကုန်သုံးကာ ဆွဲတင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူမကို လက်တစ်ဖက်တည်းဖြင့် အပေါ်သို့ ဆွဲတင်လိုက်တော့သည်။ ကြီးမားသော ခွန်အားများ အသုံးမပြုလိုက်ရသည့်အလား အလွန် လွယ်ကူနေပေသည်။
သေမင်းနှင့် ပခုံးချင်းယှဉ်ခဲ့ရသော ယွီရှင်းမှာ ပြင်းထန်သော အံ့အားသင့်မှုများ ဝင်ရောက်လာသည်။ အခြေအနေကို နားမလည်နိုင်သေးဘဲ အောက်ခြေမမြင်ရလောက်အောင် နက်မှောင်နေသော ဓာတ်လှေကားပေါက်ကြီးကိုသာ ငေးကြောင်စွာ စိုက်ကြည့်နေမိသည်။ စောစောက အလွန်လျင်မြန်သော ပြုတ်ကျမှုအရှိန်မှာ မယုံနိုင်စရာပင် ဖြစ်သည်။ သေချာပေါက် ပြုတ်ကျသွားခဲ့ပြီ ဖြစ်သော်လည်း ချူဟန်က ပြန်လည်ဆွဲတင်လိုက်သည်လား။
ခေါင်းမော့ကာ အမူအရာကင်းမဲ့နေသော ချူဟန်ကို စိုက်ကြည့်လိုက်သည်။ ယွီရှင်း၏ အတွေးများက ရုတ်တရက် ရှုပ်ထွေးသွားသည်။ စောစောက ကြားလိုက်ရသော ထိုစကားက စိတ်ထင်ယောင်ထင်မှား ဖြစ်သွားခြင်းလား။
“ဟေး”
ခေါင်းပေါ်မှ ဒေါသတကြီး အသံတစ်ခု ထွက်ပေါ်လာသည်။ လီရှီယုံဟု အမည်ရသော မိန်းကလေးက အုံ့မှိုင်းပြီး အေးစက်သော မျက်ဝန်းများဖြင့် အောက်ဘက်ရှိ သူတို့နှစ်ဦးကို စူးရှစွာ ကြည့်နေသည်။
"မှတ်ထားလိုက်။ မမကို သွားခေါ်လာခဲ့မယ်"
မိန်းကလေး၏ ပုံရိပ်မှာ ခြောက်ခြားဖွယ်ကောင်းလောက်အောင် မျက်စိတစ်မှိတ်အတွင်း အမှောင်ထုထဲတွင် ပျောက်ကွယ်သွားတော့သည်။
ချူဟန်သည် မိန်းကလေးကို တစ်ချက်သာကြည့်လိုက်ပြီး အရေးမစိုက်တော့ဘဲ ဆရာဝန်မလေးထံသို့ အကြည့်ပြန်ပို့လိုက်သည်။ ထိုအကြည့်များတွင် နက်ရှိုင်းသော အဓိပ္ပာယ်များ ကိန်းအောင်းနေသည်။
ယွီရှင်းက သည်းမခံနိုင်တော့ဘဲ မေးလိုက်သည်။
"ဘာလို့လဲ"
ဘာကြောင့် ကယ်တင်ခဲ့ရတာလဲ။ ပွင့်ပွင့်လင်းလင်း မပြောသော်လည်း ချူဟန် သေချာပေါက် နားလည်မည်ကို သူမ သိထားသည်။ ဤအမျိုးသား၏ အတွေးအခေါ်နှင့် ဉာဏ်ပညာမှာ အသက်နှစ်ဆယ်အရွယ် လူငယ်တစ်ဦး၏ အတိုင်းအတာကို အပြည့်အဝ ကျော်လွန်နေပြီဖြစ်ကာ၊ တစ်သက်လုံး အစိုးရအဖွဲ့အစည်း၏ အာဏာကစားပွဲများကြားတွင် ရှင်သန်လာခဲ့သော မြေခွေးအိုကြီးများ၏ နယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် ယွီရှင်း မည်သို့မျှ နားမလည်နိုင်ခဲ့ပေ။ သူမသည် မိမိကိုယ်မိမိ ကောင်းစွာ သိရှိထားသည်။ ချူဟန်ကဲ့သို့ သွေးအေးရက်စက်သော အမျိုးသားတစ်ဦးက မိမိအတွက် ခြိမ်းခြောက်မှုဖြစ်လာနိုင်သော တည်ရှိမှုကို အနီးအနားတွင် အနည်းငယ်မျှပင် ထားရှိမည် မဟုတ်ပေ။ ထို့အပြင် စောစောက သူမ သူ့ကို ရှင်းလင်းရန် ကြိုးစားခဲ့သည်ကိုလည်း ဤအမျိုးသားက သေချာပေါက် ရိပ်မိနေမည် ဖြစ်သည်။
"သတ်စရာ အကြောင်းအရင်း မရှိလို့"
ချူဟန်က ထိုစကားတစ်ခွန်းသာ ဆိုကာ ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလိုက်သည်။ သို့သော် ယွီရှင်း မမြင်နိုင်သော ထိုမျက်ဝန်းအိမ်နက်နက်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များက တဖျပ်ဖျပ် လက်နေခဲ့သည်။
‘သူမ ဖြစ်နေခဲ့တာလား။ သူမရဲ့ နာမည်က ရှန်ကွမ်းယွီရှင်းတဲ့လား’
ယခင်ဘဝ၊ ကမ္ဘာပျက်ကပ်၏ ပဉ္စမမြောက်နှစ်။ ယင်းက တိုက်ပွဲများမှ ယမ်းငွေ့များနှင့် မျှော်လင့်ချက်မဲ့မှုများ ဖုံးလွှမ်းနေသော ခေတ်ကာလတစ်ခု ဖြစ်ခဲ့သည်။
နှစ်ပေါင်းများစွာကြာအောင် မျိုးမစစ်ကောင် ဟု ကဲ့ရဲ့နှိမ်ချခံခဲ့ရသော ချူဟန်သည် သစ်သားပြားပေါ်တွင် လဲလျောင်းနေရင်း အသိစိတ်များ မှေးမှိန်လာသည်ကို ခံစားနေရသည်။ သူသည် ဤကမ္ဘာပျက်ကပ်ကြီးထဲတွင် ငါးနှစ်တိုင်တိုင် ရုန်းကန်လှုပ်ရှားခဲ့ရသည်။ မကြာမီ သေဆုံးတော့မည်။ ထို့အပြင် မည်သူကမျှ မိမိကို ကယ်တင်ပေးမည် မဟုတ်ကြောင်းကိုလည်း သူ ကောင်းစွာ သိရှိထားခဲ့သည်။
အားလုံးက သူ၏ သေဆုံးခြင်းကိုသာ လိုလားနေခဲ့ကြသည်။ အကယ်၍ သေဆုံးသွားခဲ့လျှင် ထိုအလောင်းပေါ်သို့ နောက်ထပ် ဓားတစ်ချက် ခုတ်ချင်နေကြသေးသည်။ သူ့အတွက် မည်သည့်အခြေစိုက်စခန်း၏ ဆေးကုသမှုကိုမျှ ခံယူခွင့် မရှိခဲ့ပေ။ စစ်တပ်နှင့် မပတ်သက်သော ဒုက္ခသည်အုပ်စုများကပင် သူ့အပေါ် ရန်လိုနေခဲ့ကြသည်။
မျိုးမစစ်။ မည်သည့် လူ့အခွင့်အရေးမျှ ပေးစရာမလိုတဲ့ကောင်။
သို့သော် တစ်ဦးတည်းသော လူ... အမျိုးသမီးဆရာဝန်တစ်ဦးကသာလျှင် တည်ငြိမ်စွာဖြင့် သူ့ကို ဤသို့ ပြောကြားခဲ့သည်။
“မကြောက်နဲ့.. ငါ မင်းကို ကယ်မယ်”
သူမက ချူဟန်၏ အသက်ကို ဆွဲဆန့်ပေးခဲ့ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။ ထိုဆရာဝန်မလေး၏ မျက်နှာကို သူ မမှတ်မိတော့ပေ။ သို့သော် ရုတ်တရက် မြင်လိုက်ရသော ဆွဲသီးလေးတစ်ခုကသာ သူ၏ မှတ်ဉာဏ်အောက်ခြေတွင် အမြဲတမ်း ကျန်ရစ်နေခဲ့သည်။ ခရမ်းရောင်ဖြစ်ပြီး အလွန်ထူးခြားသော ဒီဇိုင်းရှိသည်။ တစ်ချက်ကြည့်ရုံဖြင့် မှတ်ဉာဏ်ထဲတွင် စွဲထင်သွားစေနိုင်သော အရာမျိုးပင် ဖြစ်သည်။
ထိုဝေဝါးနေသော မျက်နှာ၏ မှတ်ဉာဏ်က တဖြည်းဖြည်းနှင့် ယွီရှင်း၏ ပုံရိပ်နှင့် ထပ်တူကျလာတော့သည်။ ချူဟန်၏ ရင်ထဲတွင် ခါးသီးသော ခံစားချက်များ ပေါ်ပေါက်လာသည်။
အကယ်၍ ဤအဆောက်အအုံထဲသို့ ဝင်ရောက်လာချိန်တွင် ယွီရှင်း၏ အင်္ကျီစုတ်ပြဲသွားပြီး ရင်ဘတ်တွင် တွဲလောင်းကျနေသော ဆွဲသီးကို မမြင်တွေ့ခဲ့ရပါက... သူ သေချာပေါက် သူမကို သေလမ်းဆီသို့ လွှတ်ထားခဲ့မည်သာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အချိန်မရွေး သူ့ကို ရှင်းလင်းပစ်ရန် ကြံစည်နေပြီး ဆေးပညာကို ကျွမ်းကျင်ပိုင်နိုင်သော အမျိုးသမီးဆရာဝန်တစ်ဦးဆိုသည်မှာ သေချာပေါက် ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခု ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်။
သို့သော် ချူဟန်က သူမကို အသေခံခိုင်း၍ မရနိုင်ခဲ့ပေ။ ယခင်ဘဝက သူမသည် မိမိ၏ အသက်ကို တစ်ကြိမ် ကယ်တင်ပေးခဲ့ဖူးသောကြောင့် ဖြစ်သည်။
ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသော ချူဟန်၏ ကျောပြင်ကို ကြည့်ရင်း ယွီရှင်းသည် အိတ်ကပ်ထဲတွင် ဆုပ်ကိုင်ထားသော စိတ်ငြိမ်ဆေးပုလင်းငယ် နှစ်ပုလင်းကို ရုတ်တရက် ခပ်ပြင်းပြင်း ပစ်ပေါက်လိုက်သည်။ ဆေးနှစ်လုံးမှာ ခလွမ်း ဟူသော အသံနှင့်အတူ နံရံကို ရိုက်ခတ်သွားပြီး တစ်စစီ ကွဲကြေသွားတော့သည်။
‘ဒီကမ္ဘာပျက်ကပ်ကြီးလည်း အဖတ်မတင်ဘဲ ပျက်စီးသွားလိုက်တော့။ လျှို့ဝှက်ကြံစည်မှုတွေကော ရှန်ကွမ်းလုံပါ အကုန် သေလိုက်ကြတော့’
အခန်း (၁၃၆) ဘယ်လို အခြေအနေကြီးလဲ
တီ...
အချိန်ကိုက်ပင် စက်ရုပ်ဆန်ဆန် စနစ်အသံတစ်ခုက ချူဟန်၏ ဦးနှောက်ထဲတွင် ပဲ့တင်ထပ်သွားသည်။
[ ရှန်ကွမ်းယွီရှင်း၏ သစ္စာခံမှု ၃၀ ရာခိုင်နှုန်းသို့ ရောက်ရှိသွားပါပြီ ]
ရှေ့မှ လျှောက်သွားသော ချူဟန်သည် ခြေလှမ်းများကို ရပ်တန့်မသွားသော်လည်း စိတ်ထဲတွင်မူ နက်နက်ရှိုင်းရှိုင်း တွေးတောနေမိသည်။ ဒုတိယအကြိမ် ဝင်စားလာပြီးနောက် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ သို့တိုင် ယခင်ဘဝက အသက်သခင်ကျေးဇူးရှင်နှင့် ရန်သူမဖြစ်ခဲ့ရသည်မှာ ကံကောင်းခြင်းတစ်ခုပင် ဖြစ်သည်။ မိမိကိုယ်တိုင်က လူကောင်းတစ်ယောက် မဟုတ်သော်လည်း လူသားတစ်ဦး၏ အခြေခံ စိတ်နေစိတ်ထားကိုတော့ အပျောက်ဆုံးခံမည် မဟုတ်ပေ။ ယခင်ဘဝက အမှားမျိုးကိုတော့ နောက်တစ်ကြိမ် ထပ်မမှားစေရ။
"ချူဟန်"
ကျောဘက်ဆီမှ ယွီရှင်းက ခြေလှမ်းသွက်သွက်ဖြင့် လိုက်ပါလာသည်။ သူမ၏ မျက်ဝန်းများမှာ ရှင်သန်တက်ကြွသော အလင်းရောင်များဖြင့် တောက်ပနေသည်။ စစ်တပ်ထဲတွင် ရှိစဉ်ကနှင့် လုံးဝကွဲပြားခြားနားသော ခံစားချက်မျိုး ဖြစ်ကာ မိမိနှင့် အသင့်တော်ဆုံးနေရာကို ရှာတွေ့သွားသူတစ်ဦးပမာ တက်ကြွမှုများ ပြည့်နှက်နေတော့သည်။
"နင့်အဖွဲ့က ဆရာဝန်မလေး နေရာကို ကျွန်မ တာဝန်ယူမယ်"
ချူဟန်က သူမကို တစ်ချက် ကြည့်လိုက်သည်။ သူ၏ လေသံမှာ ပိုင်ယွန့်အာ သို့မဟုတ် ရှန်ကျိုတီတို့အပေါ် ဆက်ဆံပုံနှင့် သိသိသာသာ ကွဲပြားခြားနားနေသည်။
"မင်းက လော့ရှောင်ရှောင်ကိုပဲ တာဝန်ယူပေးရင် ရပြီ"
သေချာသည်မှာ ဤအမျိုးသမီးအပေါ် သူ၏ အကဲဖြတ်မှုကို မည်သည့်အခါကမျှ လျှော့မချခဲ့ခြင်းပင် ဖြစ်သည်။ ယခင်ဘဝက သူ၏ အသက်ကို ကယ်တင်ပေးခဲ့ဖူး၍ သက်သက်မဟုတ်ဘဲ ယခုဘဝမှ ရှန်ကွမ်းယွီရှင်းကလည်း ထူးခြားသူတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်သည်။
"နားလည်ပါပြီ"
ယွီရှင်းက ခပ်ပြင်းပြင်း ခေါင်းညိတ်လိုက်ပြီး ချူဟန်နှင့် ယှဉ်လျက် လျှောက်လာသည်။ ရုတ်တရက် သူမ၏ အသံတွင် စိုးရိမ်မှုများ ရောယှက်လာသည်။
"မြန်မြန် ပြန်သွားကြရအောင်။ နင်မရှိတဲ့အချိန် ကလေးတွေ အန္တရာယ်တစ်ခုခုများ ကြုံနေရမလား စိတ်ပူတယ်"
ချူဟန်က နှုတ်ခမ်းထောင့်ကို တွန့်ကွေးလိုက်လျက် အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"ပိုင်ယွန့်အာ ရှိနေတယ်။ ငါ့လူတွေကို ထိခိုက်အောင် လုပ်နိုင်တဲ့ကောင် ဘယ်သူမှ မရှိဘူး"
ပိုင်ယွန့်အာ။ သူမကလည်း ယခင်ဘဝတွင် ချူဟန်နှင့် ရှုပ်ထွေးသော ကံကြမ္မာကြိုးများ ရစ်ပတ်နှောင်ဖွဲ့ခဲ့ဖူးသော မိန်းမတစ်ဦးပင် ဖြစ်သည်။ ထိုမိန်းမလှနှင့် ပတ်သက်၍ အရာအားလုံးကို ထိုးထွင်းမသိနိုင်သော်လည်း၊ သူမ၏ အခြေခံစရိုက်ကိုမူ ချူဟန် ကောင်းကောင်း ရိပ်မိထားသည်။
သူမထံမှ သစ္စာခံမှုမှာ သုညဖြစ်ပြီး မည်သည့် အရိပ်အယောင်မျှ ပြသထားခြင်း မရှိပေ။ သို့သော် သူမက အဖွဲ့မှ ထွက်မသွားဘဲ ဆက်လက် နေထိုင်နေသရွေ့... အလကားစားရုံ သက်သက်ဖြစ်နေပါစေဦးတော့၊ ချူဟန် မရှိသည့်အချိန် လော့ရှောင်ရှောင်တို့ကို အန္တရာယ်ပြုမည့်သူများကို လုံးဝ လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။
ပြောင်းပြန်အားဖြင့် ချူဟန်သာ ထိုနေရာတွင် ရှိနေပါက သူမက အခြားသော အစွန်းရောက် မျက်နှာစာတစ်ခုကို ပြသတတ်သည်။ မည်သူသေသေ အနည်းငယ်မျှ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ အလွန် ထူးဆန်းသော မိန်းမတစ်ဦး ဖြစ်သော်လည်း ကိုင်တွယ်၍ မရနိုင်လောက်အောင်တော့ မဟုတ်ပါချေ။
"ပိုင်ယွန့်အာ"
ယွီရှင်း အံ့အားသင့်သွားသည်။ နတ်ဘုရားတစ်ပါးပမာ လက်ဖြောင့်တပ်သားဖြစ်သော ချန်ရှောက်ရယ်လည်း မဟုတ်၊ လွှမ်းမိုးနိုင်လွန်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားသည့် ရှန်ကျိုတီလည်း မဟုတ်ပေ။ ချူဟန်၏ နှုတ်မှ ထွက်ကျလာသော နာမည်မှာ ထိုပိုင်ယွန့်အာ ဖြစ်နေမည်ဟု သူမ လုံးဝ ထင်မှတ်မထားခဲ့ချေ။
"ငါနဲ့အတူတူ ဒီနေရာကနေ ဖောက်ထွက်ကြတာပေါ့"
ထိုစကားတစ်ခွန်းသာ ဆိုလိုက်ပြီး ချူဟန်သည် လှေကားဆီသို့ တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည်။ အသေအချာ တွေးတောနေရန် အချိန်မရှိသဖြင့် ယွီရှင်းလည်း သူ၏နောက်သို့ ကပျာကယာ လိုက်ပါသွားရသည်။
တစ်ဖက်တွင်မူ စူပါမားကတ်၏ မြေညီထပ်၌...
သေနတ်ကိုယ်စီ ကိုင်ဆောင်ထားကြသော ချန်ရှန်ကော်၊ ယွဲ့ဇီနှင့် ဟယ်ဖေးယွမ် သုံးဦးစလုံး ကျည်ထိုးပြီးနေကြပြီ ဖြစ်သည်။ သူတို့၏ သေနတ်ပြောင်းဝများက ကြမ်းပြင်ပေါ်တွင် ထိုင်လျက် ဘီယာသောက်ကာ အစားအစာများ စားသောက်နေသော ကတုံးနှင့် အမျိုးသားထံသို့ တည့်မတ်စွာ ချိန်ရွယ်ထားသည်။
သို့သော် ထိုကတုံးနှင့် အမျိုးသားမှာ မိမိကို သေနတ်ဖြင့် ချိန်ရွယ်ထားကြောင်း အနည်းငယ်မျှပင် သတိပြုမိပုံမပေါ်ပေ။ အရူးတစ်ယောက်ပမာ ဘာကိုမှ ဂရုမစိုက်ဘဲ အငမ်းမရ ဆက်လက် စားသောက်နေလေသည်။
"ဟေ့ကောင် ကတုံး၊ မင်းက ဘယ်ကနေ လာတာလဲ"
အချိန်အတန်ကြာ တိတ်ဆိတ်နေပြီးနောက် ယွဲ့ဇီက ဦးစွာ စကားစလိုက်သည်။ အင်အားစု အသီးသီး အပြန်အလှန် စောင့်ကြည့်နေကြပြီးနောက် ထွက်ပေါ်လာသော ပထမဆုံး စကားသံပင် ဖြစ်သည်။
"ငါလား"
ကတုံးနှင့် အမျိုးသားက မျက်နှာအပြည့် ပြုံးရွှင်သွားသည်။
"ငါက အန်းကဲမြို့နယ်ကနေ လာတာ"
"ချူဟန်နဲ့ ဘာကိစ္စရှိလို့လဲ"
ချန်ရှန်ကော်က သေနတ်ပြောင်းဝကို မရုပ်သိမ်းဘဲ ဤနေရာရှိ လူအားလုံးအတွက် အလွန် အကဲဆတ်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။
ချူဟန်နှင့် ဘာကိစ္စ ရှိနေသနည်း။ ရန်သူလား၊ ဒါမှမဟုတ် မိတ်ဆွေလား။
အကယ်၍ မျက်မှောက်ရှိ ကတုံးနှင့် အမျိုးသားထံမှ ချူဟန်အပေါ် ရန်လိုသော စကားတစ်ခွန်းမျှ ထွက်ကျလာသည်နှင့်... စစ်တပ်ထဲတွင် နှစ်အတန်ကြာ နေထိုင်ခဲ့ဖူးပြီး ဤကမ္ဘာပျက်ကပ်ကြီးထဲ၌ အခြေစိုက်စခန်းတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ တည်ထောင်ခဲ့သူ၊ ယခုအခါတွင် မိသားစုဝင်များရော အခြေစိုက်စခန်းကိုပါ အရာအားလုံး ဆုံးရှုံးလိုက်ရပြီဖြစ်သော ဤသံမဏိလူသား ချန်ရှန်ကော်သည် အနည်းငယ်မျှ တုံ့ဆိုင်းနေမည် မဟုတ်ဘဲ သေနတ်မောင်းခလုတ်ကို ဆွဲကာ ထိုကတုံးကောင်ကို တစ်စစီ ပစ်ခွဲပစ်မည် ဖြစ်သည်။
အရာအားလုံး ဆုံးရှုံးထားပြီးဖြစ်သော သူ့အတွက် အသက်ကို ပဓာနမထားဘဲ တိုက်ခိုက်ရမည်ကို အနည်းငယ်မျှ ကြောက်ရွံ့နေမည် မဟုတ်ပေ။ ထိုအရာက ချူဟန်အတွက် ဆိုလျှင်တော့ ပို၍ပင် ဆိုဖွယ်ရာ မရှိတော့ချေ။
"ဒါဆို ခင်ဗျားကကော ချူဟန်နဲ့ ဘာကိစ္စရှိလို့လဲ"
ဘယ်အချိန်ကတည်းက စားသောက်ခြင်းကို ရပ်တန့်လိုက်မှန်း မသိရသော ကတုံးနှင့် အမျိုးသား ဟယ်ဆန်းက အဓိပ္ပာယ်ပါပါ မျက်နှာထားဖြင့် သူ၏ လက်ထဲမှ ရေပန်းကစားစရာ သေနတ်နှင့်တူသော အရာတစ်ခုကို ဟိုကိုင်ဒီကိုင် လုပ်နေလေသည်။
သို့သော် အကဲခတ်တတ်သူများက တစ်ချက်ကြည့်ရုံဖြင့် ထိုပစ္စည်းမှာ သာမန် ကစားစရာတစ်ခု မဟုတ်ကြောင်း ရှင်းလင်းစွာ သိနိုင်ပေသည်။
ဟယ်ဆန်းမှာ လုံးဝ လူမိုက်တစ်ယောက် မဟုတ်ချေ။ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို မသိရသေးသည့် အခြေအနေမျိုးတွင် ချူဟန်ကို ရောင်းစားမည့် အလုပ်မျိုး လုပ်မည်မဟုတ်ပေ။
ထို့အပြင် သူ၏ စိတ်ထဲတွင် ငါ့ရဲ့ အိုင်ဒေါဆီကို ပြေးသွားပြီး ပြဿနာတွေ အကုန်လုံးကို သူ့ကိုယ်စား ဖြေရှင်းပေးမယ် ဟူသော စိတ်ဆန္ဒ တစ်ခုတည်းဖြင့် ချူဟန်ကို လိုက်ရှာနေခြင်း ဖြစ်သည်။ ဤနေရာတွင်သာ အမှားတစ်ခုခု လုပ်မိသွားပါက ချူဟန်၏ အမြင်တွင် အထင်သေးခံရမည်မှာ သေချာလှသည်။ ကြီးမားခိုင်မာသော အင်အားစုတစ်ခုကို မှီခိုနိုင်မည့် အကောင်းဆုံး အခွင့်အရေးကိုတော့ အလွတ်ခံ၍ မဖြစ်နိုင်ပေ။
ချန်ရှန်ကော်က သွားများကို တင်းတင်းကြိတ်လိုက်သည်။ ဤခွေးကတုံးမှာ အပြင်ပန်းသွင်ပြင်နှင့် လုံးဝမတူဘဲ အလွန်အမင်း သတိထားရမည့်ကောင် ဖြစ်နေသည်။
နှစ်ယောက်စလုံးက နောက်သို့ ခြေတစ်လှမ်းမျှ မဆုတ်ကြချေ။
ဟယ်ဖေးယွမ် နှင့် အိုင်ကျူ ၂၅၀ ပိုင်ဆိုင်ထားသော နည်းပညာပါရမီရှင် ဟယ်ဆန်း...
ချူဟန်အပေါ်တွင် သစ္စာခံမှု ၆၀ ရာခိုင်နှုန်း အသီးသီး ရှိနေကြသည့် အစွမ်းထက်သူ နှစ်ဦးက တိုက်တိုက်ဆိုင်ဆိုင်ပင် ဤနေရာ၌ ထိပ်တိုက် ရင်ဆိုင်မိသွားကြခြင်း ဖြစ်သည်။
ပို၍ ရယ်စရာကောင်းသည်မှာ နှစ်ဦးစလုံး၏ ရည်ရွယ်ချက်က တစ်ထပ်တည်း ကျနေပါလျက်နှင့် တစ်ဖက်လူ၏ စိတ်ရင်းမှန်ကို အချင်းချင်း အနည်းငယ်မျှ ရိပ်မိမနေကြခြင်းပင် ဖြစ်တော့သည်။
ချန်ရှန်ကော်နှင့် ဟယ်ဆန်းတို့ အပြန်အလှန် စောင့်ကြည့်နေကြချိန်တွင် ယွဲ့ဇီကလည်း ဒီအတိုင်း ငြိမ်နေခဲ့သည် မဟုတ်ပေ။ သူ၏ သေနတ်ပြောင်းဝက ဟယ်ဖေးယွမ်တို့ လူစုထံသို့ ချိန်ရွယ်ထားပြီး ရန်လိုသော အငွေ့အသက်များကို ပွင့်လင်းစွာ ထုတ်လွှတ်ထားသည်။
တစ်ဖက်လူစုထဲတွင် သက်ကြီးရွယ်အိုများနှင့် မိန်းမ၊ ကလေး မည်မျှပင် ရှိနေပါစေ သူ ဂရုမစိုက်ချေ။ ချူဟန်အပေါ် ထားရှိသည့် ရည်ရွယ်ချက် မသေချာသရွေ့ သတိဝီရိယကို လျှော့ချထားမည် မဟုတ်ပေ။
ဟယ်ဖေးယွမ်၏ သေနတ်ပြောင်းဝက ဟယ်ဆန်းထံသို့ ချိန်ရွယ်ထားသော်လည်း လုဟုန်ရှန်းတို့၏ လက်နက်များက ယွဲ့ဇီနှင့် ချန်ရှန်ကော်တို့ထံ ဦးတည်နေသည်။ သူတို့၏ ခေါင်းထဲတွင်လည်း ချူဟန်နှင့် ပတ်သက်သည့် ကိစ္စများသာ ပြည့်နှက်နေသည်။
မျက်စိရှေ့ရှိ ချန်ရှန်ကော်၊ ယွဲ့ဇီနှင့် ဟယ်ဆန်းတို့ သုံးဦးစလုံးမှာ တစ်ချက်ကြည့်ရုံဖြင့် သာမန်လူများ မဟုတ်ကြောင်း သိသာနေသည်။ ရည်ရွယ်ချက်ကို မသိရသော်လည်း အပြည့်အဝ သတိထားနေရမည့် ပြိုင်ဘက်များပင် ဖြစ်သည်။
ဤသို့ဖြင့် တစ်ဦးနှင့်တစ်ဦး လုံးဝ မသိကျွမ်းကြသော အင်အားစု သုံးစုမှာ အဘယ်ကြောင့်မှန်း မသိရဘဲ တြိဂံပုံစံ အပြန်အလှန် စောင့်ကြည့်နေကြရသည့် ထူးဆန်းသော အခြေအနေကြီးသို့ ရောက်ရှိသွားတော့သည်။ အခြေအနေ အရပ်ရပ်မှာ ခန့်မှန်းထားသည်ထက် များစွာ ကျော်လွန်သွားခဲ့ပြီး ရယ်စရာကောင်းလောက်အောင် ရှုပ်ထွေးပွေလီလာသည်။
ဖရိုဖရဲ ကမောက်ကမ အခြေအနေကြီးဟုသာ ဆိုရတော့မည်။
ပတ်ဝန်းကျင်ရှိ လူခြောက်ဆယ်ခန့်မျှသော ဘေးလူများမှာ ဘာတွေဖြစ်နေမှန်း နားမလည်နိုင်ဘဲ ကြောင်အမ်းအမ်းဖြင့်သာ စောင့်ကြည့်နေကြရသည်။ ပစ်ခတ်မှုများ စတင်လာပါက မြေစာပင် မဖြစ်ရလေအောင် အသံတိတ်ဖြင့်ပင် စူပါမားကတ်၏ ထောင့်ချိုးများဆီသို့ နောက်ဆုတ်သွားကြသည်။
မကောင်းကြံလိုသည့် စိတ်ကူးရှိနေသူ အချို့ပင်လျှင် ဤပေါက်ကွဲထွက်တော့မည့် လေထုကြီးထဲတွင် အသက်ပြင်းပြင်း မရှူရဲကြပေ။ ယခုမှသာ ချူဟန်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သူတို့ ကောင်းစွာ နားလည်သဘောပေါက်သွားကြတော့သည်။ ပြဿနာရှာရန် လာရောက်ကြသည့် ရန်သူအင်အားစုက ဤမျှပင် များပြားလှသည်လား။ ဤရွှံ့နွံတောထဲသို့ ခြေစုံပစ်ဝင်မည့် အလုပ်မျိုးကိုတော့ လုံးဝ ရှောင်ကြဉ်ရပေမည်။
ကာယကံရှင် ဖြစ်သော ချူဟန်သာ ဤဖရိုဖရဲ အခြေအနေကြီးကို မြင်တွေ့လိုက်ရပါက သွေးအန်ကာ မေ့လဲသွားမည်မှာ သေချာလှသည်။
ထိုစဉ် ရုတ်တရက် စူပါမားကတ်၏ အဝင်ပေါက်ဆီမှ ပြင်းထန်သော ခြေသံများ ပဲ့တင်ထပ်လာသည်။
ဂျောက်... ဂျောက်... ဂျောက်...
အချိန်ကိုက်ပင် အင်အားစု သုံးစုလုံးက သတ်ဖြတ်လိုစိတ်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသည်။ လက်ထဲရှိ လက်နက်များက ယခုချက်ချင်းပင် မီးပွင့်ထွက်တော့မည့်အလား။ အပြန်အလှန် စောင့်ကြည့်နေကြသော တင်းမာမှုများမှာ အမြင့်ဆုံးအမှတ်သို့ ရောက်ရှိနေပြီး ဝင်ရောက်လာသူမှာ မည်သူပင်ဖြစ်စေကာမူ အစုလိုက်အပြုံလိုက် သတ်ပုတ်ကြမည့် စနက်တံကြီး ဖြစ်သွားနိုင်ပေသည်။
ဘေးလူများမှာ အသက်ရှင်လျက်နှင့် သေဆုံးနေသူများပမာ ထောင့်တစ်နေရာတွင် စုပြုံကာ တဆတ်ဆတ် တုန်ရီနေကြတော့သည်။
ဝုန်း...
နောက်ဆုံးတွင်တော့ စူပါမားကတ် ဝင်ပေါက်ဆီမှ လူရိပ်တစ်ခု ခုန်ဝင်လာသည်။ တိတိကျကျ ဆိုရလျှင် အမျိုးသမီးတစ်ဦး ဖြစ်ကာ... အလွန် လှပချောမောသော မိန်းမချောလေး တစ်ဦးလည်း ဖြစ်နေသည်။
ရင်ဆိုင်နေကြသူများ၏ လှုပ်ရှားမှုများ ချက်ချင်း ရပ်တန့်သွားကြသည်။ ထို့နောက် ချန်ရှန်ကော်၊ ယွဲ့ဇီနှင့် ဟယ်ဆန်း သုံးဦးစလုံးမှာ မည်သို့ တုံ့ပြန်ရမည်ကို တွေဝေသွားကြသော်လည်း သတိဝီရိယကိုတော့ မလျှော့ချဘဲ ဆက်လက် စောင့်ကြည့်နေကြသည်။
မည်သို့ပင်ဖြစ်စေ ရောက်လာသူမှာ ချူဟန် မဟုတ်ပါက ဤအကြပ်အတည်းကြီးက ပြီးဆုံးသွားမည် မဟုတ်ချေ။ အကယ်၍ ချူဟန်သာ ရောက်လာခဲ့ပါက သူ့၏ အမိန့်ကို နာခံကာ သတ်သင့်မသတ်သင့် ဆုံးဖြတ်ရုံသာ ရှိတော့သည်။
တစ်ဖက်တွင် ဟယ်ဖေးယွမ်နှင့် လုဟုန်ရှန်းတို့ လူစုမှာ ထိုပုံရိပ်ကို မြင်လိုက်ရသည်နှင့် မျက်ဝန်းများ အရောင်လဲ့သွားကြသည်။ သတိလက်လွတ် နှုတ်ခမ်းဟကာ စကားပြောရန် ပြင်လိုက်စဉ် ထိုအခိုက်အတန့်မှာပင်...
ဂျောက်... ဂျောက်... ဂျောက်...
အပြေးအလွှား ဝင်ရောက်လာသော ရှန်ကွမ်းယွီရှင်းသည် လူအုပ်ကြီးကို တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး ဒုတိယထပ်ဆီသို့ ပြေးတက်သွားတော့သည်။ သူမ၏ အကြည့်က ဟယ်ဖေးယွမ်နှင့် လုဟုန်ရှန်းတို့အပေါ်တွင် တစ်စက္ကန့်မျှသာ ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။
စူပါမားကတ်အတွင်း ပြည့်နှက်နေသော အလွန်အမင်း တင်းမာနေသည့် လေထုကြီးကို အနည်းငယ်မျှ သတိမပြုမိသည့်အလား ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဟုန်ဖြင့် လှေကားပေါ်သို့ ပြေးတက်သွားလေသည်။
‘ဒါက ဘယ်လို အခြေအနေကြီးလဲ။ ဘာလို့ ငါတို့ကို လျစ်လျူရှုသွားရတာလဲ’
ဟယ်ဖေးယွမ်၊ လုဟုန်ရှန်းနှင့် ကျန်းဇိုတို့ အားလုံးမှာ အံ့အားသင့် မှင်သက်သွားကြပြီး ဒုတိယထပ်ဆီသို့ ကပျာကယာ ပြေးတက်သွားသော ယွီရှင်း၏ ကျောပြင်ကိုသာ ငေးကြည့်နေလိုက်ရတော့သည်။
တကယ်တော့ သူမက ဘာလုပ်ချင်နေတာလဲ။
သို့သော် အပေါ်ထပ်ဆီသို့သာ အာရုံစိုက်ထားသော ယွီရှင်းအတွက်မူ ထိုသူများ၏ တွေဝေမှုများကို အရေးတယူ လုပ်နေစရာ အကြောင်းမရှိပေ။ သူမသည် ဟယ်ဖေးယွမ်တို့ကို သေချာပေါက် မှတ်မိလိုက်သော်လည်း ခေါင်းထဲမှ ချက်ချင်း ဖယ်ထုတ်ပစ်လိုက်သည်။
'ဒီကောင်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အမှိုက်နဲ့ ဘာမှမကွာဘူး။ ချန်ရှောက်ရယ်ကို သွားရှာတာကမှ အများကြီး အသုံးဝင်ဦးမယ်'
မသိကျွမ်းသော အခြား မျက်နှာစိမ်း သုံးဦးနှင့် ပတ်သက်၍လည်း ဤဆရာဝန်မလေး၏ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသော်လည်း ချက်ချင်းပင် ခေါင်းထဲမှ မောင်းထုတ်ပစ်လိုက်သည်။
‘မျက်နှာစိမ်းတွေပဲ... ဘာကိစ္စ ဂရုစိုက်နေရမှာလဲ’