အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အခန်း (၁၃၇) မထင်မှတ်ထားသော အလှည့်အပြောင်း
"ဒေါက်တာ ရှန်ကွမ်း..."
ဟယ်ဖေးယွမ်က သည်းမခံနိုင်တော့ဘဲ အသံကို မြှင့်ကာ မေးလိုက်သည်။
"ဘယ်လိုဖြစ်ရတာလဲ။ ချူဟန်ကော ဘာဖြစ်သွားပြီလဲ"
ချူဟန် ဘာဖြစ်သွားပြီလဲ ဟူသော စကားတစ်ခွန်းကြောင့် ထိုနေရာရှိ လေထုမှာ ချက်ချင်းပင် ထူးဆန်းစွာ ပြောင်းလဲသွားသည်။ ချန်ရှန်ကော်၊ ယွဲ့ဇီနှင့် စွမ်းရည်မည်မျှရှိမှန်း ခန့်မှန်း၍မရသော ဟယ်ဆန်းတို့ သုံးဦးစလုံးက ဤမျက်နှာစိမ်း အမျိုးသမီးထံသို့ စူးရှသော အကြည့်များကို တစ်ပြိုင်နက်တည်း ပို့လွှတ်လိုက်ကြသည်။
သူတို့၏ လက်ထဲတွင် ဆုပ်ကိုင်ထားသော သေနတ်များနှင့် အမည်မသိ လျှို့ဝှက်ဆန်းကြယ် လက်နက်က ယွီရှင်း၏ ကျောပြင်ဆီသို့ တည့်မတ်စွာ ချိန်ရွယ်သွားတော့သည်။
လှေကားပေါ်သို့ အလျင်စလို ပြေးတက်နေသော ယွီရှင်း၏ ခြေလှမ်းများ ရပ်တန့်သွားသည်။ ကျောဘက်ဆီမှ တည့်မတ်စွာ ကျရောက်လာသော သတ်ဖြတ်လိုစိတ်များကြောင့် ထက်မြက်သော ဓားတစ်လက်ဖြင့် ထောက်ခံထားရသကဲ့သို့ စူးရှကျိန်းစပ်သော ခံစားချက်ကို ရရှိလိုက်သည်။ သေချာပေါက် ဒေါသတရားများက ပွက်ပွက်ဆူလာတော့သည်။
ငယ်စဉ်ကတည်းက စစ်တပ်၏ ကြမ်းတမ်းသော လှိုင်းလုံးများကြားတွင် ကြီးပြင်းလာခဲ့ရသော စစ်ဆရာဝန်မလေးသည် အရှိန်ပြင်းပြင်းဖြင့် လှည့်ကြည့်လိုက်ပြီး ဂျောက် ခနဲမြည်အောင် လက်ထဲရှိ သေနတ်ဖြင့် အောက်ဘက်ရှိ အမျိုးသားများထံသို့ ပြန်လည်ချိန်ရွယ်လိုက်လေသည်။
"ဘာလဲ။ ပစ်ချင်လို့လား"
ဆရာဝန်မလေး၏ အသံမှာ ဖိနှိပ်နိုင်လွန်းသော အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။
"နောက်နေတာ မဟုတ်ဘူးနော်။ အရေးကြီးနေတဲ့အချိန်မှာ လာနှောင့်ယှက်တဲ့ကောင် ဘယ်သူပဲဖြစ်ဖြစ် ခေါင်းကို ပစ်ခွဲပစ်မယ် "
အံ့အားသင့် မှင်သက်သွားကြသည်။
ရှန်ကွမ်းယွီရှင်း၏ နှုတ်မှ ထွက်ကျလာသော ကြမ်းတမ်းသည့် စကားများကြောင့် ဟယ်ဖေးယွမ် အပါအဝင် အသက်အရွယ်ရနေပြီဖြစ်သော အမျိုးသားကြီးများမှာ မေးရိုးပြုတ်ကျမတတ် ဖြစ်သွားကြသည်။ ယခု ကြားလိုက်ရသည်မှာ အမှားအယွင်း မဟုတ်ပါက သူမက အလွန် ရိုင်းစိုင်းသော စကားလုံးများကို အသုံးပြုလိုက်သည် မဟုတ်ပါလော။ မယုံနိုင်စရာပင်။ စစ်ဆရာဝန်မလေးနှင့် လမ်းခွဲခဲ့သည်မှာ အချိန်သိပ်မကြာသေးဘဲလျက် အဘယ်ကြောင့် ဤမျှ ဒေါသကြီးနေရသနည်း။ သီးခြားစီ လှုပ်ရှားနေခဲ့သော ထိုအချိန်တိုလေးအတွင်း သူမက ချူဟန်တို့နှင့်အတူ မည်ကဲ့သို့သော သေရေးရှင်ရေး အခြေအနေမျိုးကို ဖြတ်သန်းခဲ့ရသနည်း။
ဟယ်ဖေးယွမ်တို့၏ အတွေးများ လုံးဝ ရပ်တန့်သွားသည်။ သူတို့၏ မှတ်ဉာဏ်ထဲရှိ ရှန်ကွမ်းယွီရှင်း၏ လှုပ်ရှားမှုတိုင်းမှာ အလွန် တည်ကြည်လေးနက်ပြီး ပန်းချီကားထဲမှ စစ်သမီးပျိုတစ်ဦးပမာ ပြီးပြည့်စုံနေခဲ့သည်။ သို့သော် ယခုမူ ဓားပြမတစ်ဦးကဲ့သို့ ပြုမူနေပေသည်။ အလွန်အမင်း ကွာခြားလွန်းလှသော အသွင်အပြင်ကြောင့် သူတို့၏ ဦးနှောက်များက ဤလက်တွေ့အခြေအနေကို လက်ခံနိုင်စွမ်း မရှိတော့ချေ။
နောက်တစ်စက္ကန့်တွင်မူ ချူဟန်ဆိုသော အမျိုးသား၏ ကြောက်မက်ဖွယ်ကောင်းမှုကို လုဟုန်ရှန်းတို့ နက်နက်ရှိုင်းရှိုင်း သိမြင်သွားကြတော့သည်။ မာနခဲကြီးဖြစ်သော ဆရာဝန်မလေးကို ဤမျှ ပြီးပြည့်စုံသော ဓားပြမတစ်ဦးဖြစ်လာအောင် ပြောင်းလဲပစ်နိုင်ခဲ့သည်လား။ သို့သော် တကယ်တမ်း ဘာတွေများ ဖြစ်ပျက်ခဲ့သနည်း။
ဟယ်ဖေးယွမ်တို့လိုမျိုး ရှန်ကွမ်းယွီရှင်းနှင့် ရင်းနှီးကျွမ်းဝင်သူများသာမက ထောင့်တစ်နေရာမှ အခြေအနေကို စောင့်ကြည့်နေကြသော ဘေးလူများပင်လျှင် နားမလည်နိုင်စွာ ခေါင်းကုတ်မိကြသည်။ အပြင်သို့ ခဏထွက်သွားရုံဖြင့် ယမ်းတိုက်ကို မီးရှို့လိုက်သည့်အလား ပြင်းထန်လွန်းသော ဒေါသများဖြင့် ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ မည်သို့ကြည့်ကြည့် သာမန်ကိစ္စတစ်ခု မဟုတ်ကြောင်း သိသာလှသည်။
"မင်းက ချူဟန်နဲ့ ဘယ်လိုပတ်သက်နေတာလဲ"
ချန်ရှန်ကော်သည် ရှန်ကွမ်းယွီရှင်း၏ ဖိနှိပ်မှုအရှိန်အဝါကို ဂရုမစိုက်ဘဲ တိုက်ရိုက်ပင် မေးခွန်းထုတ်လိုက်သည်။
"ရှင်နဲ့ ဘာဆိုင်လို့လဲ"
တစ်ခုချင်းစီ ရှင်းပြနေရန် အချိန်မရှိပေ။ ဆရာဝန်မလေးသည် သူ့ကို လျစ်လျူရှုကာ အပေါ်ထပ်ဆီသို့ မျက်နှာမူလျက် အသံကုန် ဟစ်ခေါ်လိုက်သည်။
"ချန်ရှောက်ရယ်.. ရှန်ကျိုတီ.. မြန်မြန် ဆင်းလာခဲ့ကြ"
'ချန်ရှောက်ရယ်နဲ့ ရှန်ကျိုတီ ဟုတ်လား...'
ထိုနာမည်နှစ်ခု ထွက်ပေါ်လာသည့် အခိုက်အတန့်တွင် ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့၏ မျက်လုံးများမှာ မျက်ခွံထဲမှ ကျွတ်ထွက်မတတ် ပြူးကျယ်သွားတော့သည်။ ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီတို့လည်း ဤနေရာတွင် ရှိနေသည်လား။ ထို့နောက် သူတို့နှစ်ဦးစလုံး အခြေအနေကို ချက်ချင်း နားလည်သဘောပေါက်သွားကြသည်။ ဆိုလိုသည်မှာ မျက်မှောက်ရှိ စစ်ဝတ်စုံနှင့် အမျိုးသမီးသည် ချူဟန်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပေသည်။
"ခွေးယီးပဲ..."
ယွဲ့ဇီတစ်ယောက် ခေါင်းကို အသေအလဲ ကုတ်ချင်သွားသည်။ သူက ဟယ်ဖေးယွမ်တို့ကို မျက်လုံးထောင့်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ ဤလူများက ရှန်ကွမ်းယွီရှင်း ဟု ခေါ်သော ထိုအမျိုးသမီးနှင့် ရင်းနှီးပုံရသည်။ ဆိုရလျှင် သူတို့ကလည်း ချူဟန်၏ လူတွေပဲလား။
‘တောက်... ဒါဆို အချင်းချင်း သတ်ဖြတ်မိတော့မယ့် အခြေအနေကြီး ဖြစ်နေခဲ့တာပေါ့ ’
ချန်ရှောက်ရယ်နှင့် ရှန်ကျိုတီတို့၏ နာမည်ကို ကြားလိုက်ရသဖြင့် ဟယ်ဖေးယွမ်တို့လည်း အံ့အားသင့်မှုကို ဖုံးကွယ်မထားနိုင်တော့ပေ။ ဤနေရာတွင် အချိန်အကြာကြီး အလကား စောင့်ဆိုင်းနေခဲ့ရသော်လည်း ချူဟန်၏ အဖွဲ့ဝင်များက ဤနေရာ၌ ရှိနေခဲ့သည်လား။ သို့သော် ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့၏ အလွန်အမင်း အံ့အားသင့်နေသော မျက်နှာထားများကို မြင်လိုက်ရချိန်တွင် ဟယ်ဖေးယွမ်တို့လည်း အရာအားလုံးကို နားမလည်နိုင်သေးသော်လည်း တစ်ခုခု လွဲချော်နေကြောင်းကိုတော့ ရိပ်မိလိုက်ကြသည်။
တစ်ဦးတည်းသော ခြွင်းချက်အနေဖြင့် မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ လျှို့ဝှက်ဆန်းကြယ် လက်နက်ကို ကိုင်ဆောင်ကာ သတိထားမှုကို မလျှော့ချသေးသူမှာ ဟယ်ဆန်းပင် ဖြစ်သည်။ သူ၏ မျက်စိရှေ့တွင် ရှိနေသော သူများအားလုံးမှာ သူနှင့် လုံးဝ သိကျွမ်းခြင်းမရှိသော မျက်နှာစိမ်းများသာ ဖြစ်သည်။ ချန်ရှောက်ရယ် သို့မဟုတ် ရှန်ကျိုတီ ဆိုသည့် နာမည်များကိုလည်း လုံးဝ ကြားဖူးခြင်း မရှိချေ။ သူ သိကျွမ်းသူဟူ၍ ချူဟန် တစ်ဦးတည်းသာ ရှိပေသည်။
"ဘာလဲ ဘာလဲ၊ ဘာတွေဖြစ်နေတာလဲ"
မကြာမီ ချန်ရှောက်ရယ်၏ လေးလံသော အသံကြီးက အပေါ်ထပ်မှ ထွက်ပေါ်လာပြီး ဝိုင်းစက်ဖောင်းအစ်နေသော မျက်နှာကြီး ပေါ်လာသည်။
"ယွီရှင်း.. မင်း ဘာလို့ တစ်ယောက်တည်း ပြန်ရောက်လာတာလဲ။ ငါ့ရဲ့ ဘော့စ်ကော ဘယ်ရောက်သွားပြီလဲ"
"အပိုတွေ မပြောနဲ့တော့ မြန်မြန်ဆင်းလာခဲ့။ ငါတို့ရဲ့ ဘော့စ် ပိတ်မိနေပြီ"
ယွီရှင်းက အပိုစကားများကို ချန်လှပ်ကာ တိုက်ရိုက်ပင် ပြောလိုက်သည်။
ထိုစကားက ထိုနေရာတွင် ရှိနေသော အမျိုးသားများအားလုံးကို ထပ်မံ၍ လန့်ဖျပ်သွားစေပြန်သည်။
ဘော့စ် ဟုတ်လား။ ဒါတင်မကသေးဘူး ငါတို့ရဲ့ ဘော့စ် တဲ့လား။
ချန်ရှောက်ရယ်သည် တစ်ခဏမျှ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် ချူဟန်အပေါ် လေးစားအားကျမှုများက ရေစီးကြောင်းကြီးတစ်ခုပမာ လျှံတက်လာတော့သည်။
‘တကယ့်ကို ဘော့စ်ပါပဲကွာ။ မိုက်လွန်းပါတယ်။ ဒီလောက် အချိန်တိုလေးအတွင်းမှာ မာနခဲ ဆရာဝန်မလေးကို အပြည့်အဝ ယဉ်ပါးသွားအောင် လုပ်ပစ်လိုက်နိုင်တာလား’
ဟယ်ဖေးယွမ်၊ လုဟုန်ရှန်းနှင့် ကျန်းဇိုတို့ဆိုလျှင် ထိုပြင်းထန်သော တုန်လှုပ်မှုကြောင့် မေးရိုးများ ထပ်မံ၍ ပြုတ်ကျလုမတတ် ဖြစ်သွားကြပြန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယွီရှင်းက ချူဟန်ကို ဘော့စ် ဟု စတင်ခေါ်ဝေါ်နေပြီလား။ ချူဟန်၏ လွှမ်းမိုးနိုင်စွမ်းက ဘယ်လိုတောင် အစွမ်းထက်နေရတာလဲ။ သာမန်အတိုင်းအတာကို ကျော်လွန်လွန်းနေပြီ။
ဒါမှမဟုတ် သူတို့တွေလည်း ဘော့စ် လို့ ခေါ်လိုက်ရင် ကောင်းမလား။ ဘယ်လိုပဲဖြစ်ဖြစ် တော်တော်လေး မိုက်တဲ့ အသံထွက်မျိုးပဲ မဟုတ်လား။
ယွီရှင်းနှင့် ချန်ရှောက်ရယ်တို့၏ အပြန်အလှန် စကားပြောသံများကို ကြားလိုက်ရသဖြင့် ဘေးတွင်ရှိနေသော ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့လည်း အရာအားလုံးကို ရှင်းလင်းစွာ သဘောပေါက်သွားကြတော့သည်။ အချုပ်အားဖြင့်ဆိုရလျှင် ဤအမျိုးသမီးရော ဘေးတွင် ကြောင်တောင်တောင် မျက်နှာထားများဖြင့် ရပ်နေကြသော လူအားလုံးက ချူဟန်၏ လူများသာ ဖြစ်နေကြသည်။
‘ဘာလဲကွ.. အားလုံးက အဖွဲ့သားတွေချည်းပဲကို။ ကိုယ့်အဖွဲ့သား အချင်းချင်း သတ်ပုတ်ကြတော့မလို့ ဖြစ်နေတာလား’
သူတို့နှစ်ဦးသည် ချက်ချင်းပင် သေနတ်များကို ပခုံးပေါ်တွင် တင်လိုက်ပြီး အပြင်ဘက်ဆီသို့ လျှောက်သွားလိုက်ကြသည်။ ချန်ရှန်ကော်ဆိုလျှင် ယွီရှင်းအပေါ် ဆက်ဆံပုံကို ချက်ချင်းပင် အပြည့်အဝ ပြောင်းလဲပစ်လိုက်သည်။
"အစ်မကြီး ယွီရှင်း... ဘော့စ်က ဘယ်နေရာမှာ ပြဿနာတက်နေတာလဲ။ ကျွန်တော်တို့မှာ ထူးချွန်တဲ့ အရည်အချင်းတွေ မရှိပေမယ့်... အသက်နဲ့လဲပြီး တိုက်ရဲခိုက်ရဲတဲ့ သတ္တိတော့ ရှိပါတယ်"
ယွီရှင်းမှာ တစ်ခဏမျှ စကားမဆိုနိုင်ဖြစ်သွားသည်။ ဘော့စ်တဲ့လား။ သေရေးရှင်ရေး တိုက်ပွဲဆီသို့ ဝင်ရောက်ရန် အသင့်ဖြစ်နေသော သူတို့နှစ်ဦး၏ ပုံစံကို မြင်လိုက်ရသဖြင့် ဆရာဝန်မလေးသည် တစ်စက္ကန့်မျှ ကြောင်အမ်းသွားပြီးနောက် ခပ်ပြင်းပြင်း ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီလေ။ ကိုယ့်စွမ်းရည်ကို ယုံကြည်မှုရှိရင် နောက်ကနေ လိုက်ခဲ့ကြ"
"တကယ်ကြီးလားဟ"
လုဟုန်ရှန်းမှာ မျက်လုံးများ ပြူးကျယ်သွားသည်။
'နောက်ဆုံးတော့ ချန်ရှန်ကော်နဲ့ ယွဲ့ဇီတို့ နှစ်ယောက်ကလည်း မိတ်ဆွေတွေ ဖြစ်နေခဲ့ကြတာလား။ ဒါဆိုရင် စောစောက အချိန်မရွေး ပေါက်ကွဲထွက်တော့မယ့် တင်းမာမှုမျိုးနဲ့ တစ်ဖက်နဲ့တစ်ဖက် အသေအလဲ အကဲခတ်စောင့်ကြည့်နေခဲ့ကြတဲ့ အချိန်တွေက တကယ်တမ်းကျတော့ ဘာကြီးလဲ...'
ဟယ်ဖေးယွမ်၊ လုဟုန်ရှန်းနှင့် ကျန်းဇိုတို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။ သူတို့ သုံးဦးစလုံး၏ မျက်ဝန်းများထဲတွင် ပေါ်လွင်နေသော အံ့အားသင့်မှုနှင့် ဆွံ့အမှုများက အံ့သြစရာကောင်းလောက်အောင် တစ်ထပ်တည်း ကျနေခဲ့သည်။ အသေအလဲ သတိထားနေခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေခဲ့ရသော်လည်း တကယ်တမ်းတွင် အားလုံးက မိတ်ဆွေများသာ ဖြစ်နေခဲ့သည် မဟုတ်ပါလော။
"စောင့်နေ.. အခုချက်ချင်း ဆင်းလာပြီ"
ချူဟန် ပိတ်မိနေကြောင်း ကြားလိုက်ရသဖြင့် ချန်ရှောက်ရယ်သည် ရှန်ကျိုတီကို စကားအနည်းငယ် အလျင်စလို မှာကြားပြီးနောက် လှေကားပေါ်မှ ပြေးဆင်းလာခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာတွင် ပိုင်ယွန့်အာ ရှိနေပေသည်။ သူမ၏ သာမန်ကို ကျော်လွန်နေသော တိုက်ခိုက်ရေးစွမ်းရည်ကို ချန်ရှောက်ရယ် ကိုယ်တိုင် ကိုယ်တွေ့ သိရှိထားသည်။ ချူဟန်နှင့် ယှဉ်နိုင်လောက်သော စွမ်းရည်ရှိသည့် သူမ ရှိနေပါက လော့ရှောင်ရှောင်၏ လုံခြုံရေးမှာ အကြွင်းမဲ့ စိတ်ချရပေသည်။
ဟယ်ဖေးယွမ်က သက်ကြီးရွယ်အိုများနှင့် မိန်းမ၊ ကလေးများကို ထိုနေရာတွင်သာ ကျန်ရစ်စေခဲ့ပြီး လုဟုန်ရှန်းနှင့် ကျန်းဇိုတို့ကို ခေါ်ဆောင်ကာ ယွီရှင်း၏ နောက်မှ အပြင်သို့ ပြေးထွက်သွားလေသည်။ အပိုစကားများ ပြောနေစရာ မလိုတော့ပေ။ ချူဟန် အန္တရာယ်နှင့် ရင်ဆိုင်နေရပါက ချက်ချင်း သွားရောက် ကူညီပေးရန်သာ ရှိတော့သည်။
လူအုပ်ကြီး တစ်သီတစ်တန်း အပြင်သို့ ပြေးထွက်သွားကြချိန်တွင် ဟယ်ဆန်းဟု အမည်ရသော ကတုံးနှင့် အမျိုးသားမှာ မိမိ၏ ခေါင်းကို ပွတ်သပ်လိုက်သည်။ အိုင်ကျူ ၂၅၀ ရှိသော သူ၏ ဉာဏ်ရည်ထက်မြက်သည့် ဦးနှောက်က မျက်စိတစ်မှိတ်အတွင်းမှာပင် အဖြစ်အပျက် အစအဆုံးကို စဉ်းစားတွေးတော ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ သူက လျှို့ဝှက်ဆန်းကြယ် လက်နက်ကို အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး စကားတစ်ခွန်းမျှ မဆိုဘဲ ချူဟန်ကို သွားရောက် ကူညီမည့် လူအုပ်ကြီး၏ နောက်ဆုံးတန်းမှ တိတ်တဆိတ် လိုက်ပါသွားတော့သည်။
ထိုကတုံးနှင့် အမျိုးသား၏ လုပ်ရပ်ကို မြင်လိုက်ရသဖြင့် ပတ်ဝန်းကျင်ရှိ လူများအားလုံးလည်း ချက်ချင်းပင် နားလည်သဘောပေါက်သွားကြသည်။
‘ ဒီကောင်ကလည်း ချူဟန်ရဲ့ တပည့်ပဲလား။ ဘုရားရေ... တကယ်ကြီး လုံးဝကို ကိုယ့်အဖွဲ့သား အချင်းချင်း သတ်ပုတ်ကြတော့မယ့် ပွဲကြီး ဖြစ်နေခဲ့တာပဲ’
ဟယ်ဆန်း၏ အရှေ့တွင် လျှောက်နေသူမှာ လုဟုန်ရှန်းပင် ဖြစ်သည်။ ထိုလူကြီးက ဦးနှောက်ထဲမှ တစ်ခုခု ချို့ယွင်းနေသည်လား မသိသော်လည်း ကတုံးနှင့် ဟယ်ဆန်းထံသို့ ရုတ်တရက် လှည့်ကာ ပြောလိုက်သည်။
"ညီအစ်ကို.. ခဏနေ ကြောက်လာရင် ငါ့ကျောနောက်မှာ လာပုန်းနေနော်"
ထိုစကား ထွက်ကျလာသည့် အခိုက်အတန့်တွင် အရှေ့မှ လျှောက်နေသော ဟယ်ဖေးယွမ်နှင့် ကျန်းဇီုတို့က လုဟုန်ရှန်းထံသို့ အထင်သေးသော အကြည့်များကို ချက်ချင်း ပို့လွှတ်လိုက်ကြသည်။ သူတို့နှစ်ဦးစလုံးက ဟယ်ဆန်းအပေါ်တွင် ပြင်းထန်သော သတိထားမှုကို ထားရှိထားကြသည်။
‘ ဒီကတုံးကို မင်းက ကာကွယ်ပေးမယ် ဟုတ်လား။ အဲဒီကောင် ကိုင်ထားတဲ့ ကစားစရာလိုလို လက်နက်က ဘာလဲဆိုတာ မင်း ကောင်းကောင်း သိလို့လား’
သို့သော် တစ်ချိန်တည်းမှာပင် စစ်တပ်ထဲတွင် ကျင်လည်ခဲ့ဖူးသော စစ်မှုထမ်းဟောင်း ဟယ်ဖေးယွမ် နှင့် စစ်သား လုဟုန်ရှန်း နှစ်ဦးစလုံးသည် ချူဟန်အပေါ်တွင် လေးစားအားကျမှုများ ပို၍ နက်ရှိုင်းလာတော့သည်။
ဤကတုံးနှင့် အမျိုးသားမှာ သာမန်လူ မဟုတ်ချေ။ နတ်ဘုရားတစ်ပါးပမာ လက်ဖြောင့်တပ်သားဖြစ်သော ချန်ရှောက်ရယ်ကို ဖယ်ထုတ်လိုက်ပါက ဤနေရာရှိ မည်သူ့ထက်မဆို ပို၍ အစွမ်းထက်နေမည်မှာ သေချာလှသည်။ ဤမျှ စွမ်းရည်မြင့်မားသူများကို သိမ်းသွင်းနိုင်ခဲ့သော ချူဟန်ဆိုသည့် အမျိုးသားမှာ တကယ်ကို အတိမ်အနက် ခန့်မှန်းရခက်လောက်အောင် နက်နဲလွန်းလှပေသည်။
စောစောကမှ ပေါက်ကွဲထွက်တော့မည့် လေထုကို ဖန်တီးထားခဲ့ကြသော လူအုပ်ကြီးက ယခုအခါတွင် ပခုံးဖက်ကာ စူပါမားကတ်ထဲမှ ထွက်ခွာသွားကြလေပြီ။ လက်တွေ့နှင့် အလွန် ကင်းကွာလွန်းနေသော ထိုမြင်ကွင်းကြောင့် ထောင့်တစ်နေရာတွင် တုန်ရီနေခဲ့ကြသော ဘေးလူများမှာ ကြောင်အမ်းအမ်းဖြင့်သာ ရပ်ကြည့်နေရတော့သည်။
ဤအရာက လောကကြီးတွင် လူပြောများလေ့ရှိသည့်... မထင်မှတ်ထားသော အလှည့်အပြောင်း ဆိုတာများလား။
အခန်း (၁၃၈) ကျွန်မ ရှင့်ကို သတ်လိုက်လို့ ရမလား
ထောင့်တစ်နေရာတွင် ပုန်းကွယ်နေသူများသည် ကုန်တိုက်အဝင်ဝဆီသို့ အကြောက်ကြောက်အလန့်လန့်ဖြင့် လျှောက်သွားကြသည်။ ဝင်ကြွားစွာ ထွက်ခွာသွားသော လူစု၏ ကျောပြင်များကို ကြည့်ရင်း သူတို့မျက်နှာထက်တွင် မှင်သက်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေသည်။ ထိုအထဲတွင် မကောင်းကြံနေသူအချို့၏ မျက်နှာအမူအရာမှာ ပို၍ပင် ကြည့်ကောင်းနေသေးသည်။
"ဒါ.. ဒါက ဘယ်လိုဖြစ်ရတာလဲ။ ဟေ့လူတွေ.. ဘာတွေဖြစ်ကုန်တာလဲဆိုတာ တစ်ယောက်ယောက် ရှင်းပြကြပါဦး"
ဘာဖြစ်လို့ အမြဲတမ်း တွေးထားတာနဲ့ တခြားစီ ဖြစ်နေရတာလဲ။
ချန်ရှောက်ရယ်က ဘယ်မ လျှောက်မသွားနဲ့ ဟု အမိန့်ပေးထားသဖြင့် အပေါ်ထပ်တွင် ကျန်ရစ်နေခဲ့သော ဆူးရှင်းမှာ လုံးဝကို ဆွံ့အလျက်ရှိသည်။
သူသည် စောစောကတည်းက အပေါ်ထပ်မှနေ၍ အောက်ဘက်သို့ အကဲခတ်နေခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ချန်ရှောက်ရယ်သည်လည်း သူ၏ဘေးတွင် ရှိနေခဲ့သည်။ သို့သော် ဆူးရှင်းက ရန်ပွဲဖြစ်မည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့ချိန်တွင် ချန်ရှောက်ရယ်က ဗိုက်နှိပ်ကာ ရယ်မောနေခဲ့သည်။
သို့ရာတွင် ရှန်ကွမ်းယွီရှင်း ရုတ်တရက် ပေါ်လာသည့်အချိန်၌ ထိုလူဝကြီး၏ အငွေ့အသက်များက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ယခင်ကလို နောက်ပြောင်နေသည့် အမူအရာများ လွင့်စင်သွားကာ သေနတ်နှင့် ကျည်ဆန်များကို လွယ်လျက် အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားတော့သည်။
အပေါ်ထပ်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သော ဆူးရှင်းမှာ ဘာလုပ်ရမှန်းမသိဘဲ ရပ်နေရင်း အတွေးများ ကစဉ့်ကလျား ဖြစ်နေတော့သည်။
‘ တကယ်ကြီး ဘာတွေဖြစ်ကုန်တာလဲ။ ရန်သူတွေ ဖြစ်နေရမယ့် လူသုံးစုက ဘာလို့ ရုတ်တရက်ကြီး ပြန်တည့်သွားရတာလဲ။ မဟုတ်သေးဘူး။ ပြန်တည့်သွားတဲ့ အဆင့်ကိုတောင် ကျော်လွန်ပြီး တစ်ပြိုင်နက်တည်း ပခုံးချင်းယှဉ်ကာ သွားရောက်တိုက်ခိုက်ဖို့ လုပ်နေကြတာပဲ ’
ထိုစဉ် ရှန်ကျိုတီက ဆူးရှင်း၏ဘေးတွင် ရုတ်တရက် ပေါ်လာသည်။ ဝေးကွာသွားပြီဖြစ်သော ထိပ်ပြောင်နှင့်လူ၏ ကျောပြင်ကို စူးစိုက်ကြည့်ရင်း သူမက သံသယဖြစ်ဖွယ် အသံဖြင့် မေးလိုက်သည်။
"ဟယ်ဖေးယွမ်နဲ့ ချန်ရှန်ကော်တို့ကတော့ ထားလိုက်ပါတော့..။ ဟိုထိပ်ပြောင်က ဘယ်သူလဲ"
ဆူးရှင်းမှာ အလွန်အမင်း အံ့သြသွားသဖြင့် မေးရိုးပင် ပြုတ်ကျမတတ် ဖြစ်သွားရသည်။
"ခ.. ခင်ဗျားက သူ့ကို မသိဘူးလား"
"မသိဘူးလေ"
ရှန်ကျိုတီက နားမလည်နိုင်သော မျက်နှာဖြင့် ဆူးရှင်းကို ပြန်ကြည့်လိုက်သည်။ ဆူးရှင်း ဘာကြောင့် ဤမျှလောက် အံ့အားသင့်နေရသည်ကို သူမ လုံးဝ နားမလည်နိုင်ပေ။
"ဒါ.. ဒါဆို ချန်ရှောက်ရယ်ကကော အဲဒီလူကို သိလို့လား"
ဆူးရှင်း၏ စိုးရိမ်မှုက ပိုမို ပြင်းထန်လာသည်။
"သိလောက်မှာ မဟုတ်ပါဘူး"
ရှန်ကျိုတီ၏ မျက်ဝန်းများထဲတွင် မေးခွန်းထုတ်ချင်နေသည့် အရိပ်အယောင်များ ရှိနေဆဲပင် ဖြစ်သည်။
"အား.. ဒါဆိုလည်း ဟိုလူဝကြီးကို မြန်မြန် သွားပြောလိုက်လေ"
ဆူးရှင်း လုံးဝကို အထိတ်တလန့် ဖြစ်သွားတော့သည်။
"ဟိုထိပ်ပြောင်ကသာ ကိုယ့်လူ မဟုတ်ရင် ဒုက္ခလှလှတွေ့ပြီပဲ။ သူကိုင်ထားတဲ့အရာက တကယ်ကို ကြောက်စရာကောင်းတဲ့ ပစ္စည်းကြီးဗျ"
ရူပဗေဒပညာရပ်ကို နက်နက်ရှိုင်းရှိုင်း တတ်ကျွမ်းထားသော ဆူးရှင်းသည် ထိုထိပ်ပြောင်ကိုင်ထားသော လက်နက်မှာ သာမန်မဟုတ်ကြောင်း ချက်ချင်း သိမြင်လိုက်သည်။ ကစားစရာနှင့် တူသော်လည်း ယင်း၏ စွမ်းအားကို လုံးဝ အထင်သေး၍ မရပေ။
"ဟင်..."
ရှန်ကျိုတီက အဓိပ္ပာယ်ပါပါ အသံဆွဲလိုက်ရင်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ "အဲဒီလောက်တောင် အစွမ်းထက်တဲ့ လက်နက်လား"
"အစွမ်းထက်တာပေါ့ဗျာ... သေးငယ်တယ်ဆိုပေမယ့် ဒါက တကယ့်ကို အဖျက်စွမ်းအားကြီးတဲ့ လက်နက်ပဲ။ ဒါနဲ့နေပါဦး.. အဲဒီ့ ကတုံးကောင်က ဒီလိုဟာမျိုးကို ဘယ်လိုများ တီထွင်လိုက်တာလဲ"
ဆူးရှင်းမှာ အတွေးကမ္ဘာထဲသို့ ထပ်မံ နစ်မြုပ်သွားပြန်သည်။
"ဒါက သိပ္ပံနည်းကျအရဆို လုံးဝကို မဖြစ်နိုင်ဘူး"
တတွတ်တွတ် ရေရွတ်နေသော ဆူးရှင်းကို လုံးဝ လျစ်လျူရှုကာ ရှန်ကျိုတီက လော့ရှောင်ရှောင်ရှိရာသို့ ပြန်သွားလိုက်သည်။ မည်မျှပင် အဖျက်စွမ်းအားကြီးမားသော လက်နက်ဖြစ်ပါစေ ချူဟန်ထက်တော့ ပိုမို အစွမ်းထက်မည် မဟုတ်ပေ။ ယင်းမှာ မျက်ကန်းယုံကြည်မှုတစ်ခု မဟုတ်ဘဲ ချူဟန်ဆိုသည့် အမျိုးသားအပေါ်ထားရှိသော ယုံကြည်ချက်ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင်...
ကုန်တိုက်နှင့် ဆေးရုံကို ဆက်သွယ်ထားသော လမ်းဆုံလမ်းခွအလယ်၌ ချူဟန် ရှိနေသည်။ လက်ထဲတွင် မီးသတ်ပုဆိန်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ သူ၏ မျက်နှာချင်းဆိုင်တွင်တော့ မိန်းမနှစ်ယောက် ရပ်နေလေသည်။ တစ်ယောက်က လူကြီးဖြစ်ပြီး အခြားတစ်ယောက်မှာ ကလေးဖြစ်သည်။
အရပ်ပုပုနှင့် တစ်ယောက်မှာ ယခင်က တွေ့ဆုံဖူးသော လီရှီယုံ ဖြစ်သည်။ အရပ်ရှည်ရှည်နှင့် တစ်ယောက်ကမူ အရွယ်ရောက်ခါစဟု ထင်ရသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ ရင်သပ်ရှုမောဖွယ်ကောင်းသော အလှတရားနှင့် ပြေပြစ်လှပသော ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားသည်။
သို့သော် ချူဟန်က မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရာ သူ၏ မျက်ဝန်းအိမ်အတွင်းမှ အန္တရာယ်ငွေ့သန်းနေသော အေးစက်စက် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။
လီရှီယုံ၏ အရပ်မှာ တစ်မီတာကျော်ကျော်ခန့်သာ ရှိသည်။ သို့တိုင် သူမ၏ အသက်အမှန်မှာ ၁၅ နှစ်ဖြစ်ကြောင်းကို ချူဟန် သိနှင့်ပြီးဖြစ်သည်။ ရောဂါတစ်ခုကြောင့် ခန္ဓာကိုယ်ကြီးထွားမှု ရပ်တန့်နေခြင်း ဖြစ်ပြီး အခြားသော အကြောင်းအရင်းများပါ ပေါင်းစပ်သွားသောအခါ သူမ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာ အလွန်တရာ မတည်မငြိမ် ဖြစ်နေတော့သည်။
ရှင်းရှင်းပြောရလျှင် စရိုက်နှစ်ခွ ဖြစ်နေခြင်းပင် ဖြစ်သည်။ ယခု မြင်တွေ့နေရသည့် အတိုင်းပင် ဖြစ်သည်။
"ဟင့်... အစ်မ.. မလိုချင်ဘူး.. လုံးဝကို မလိုချင်ဘူး"
လီရှီယုံက မျက်နှာချင်းဆိုင်ရှိ အလှမယ်လေးကို ဖက်တွယ်ကာ အသည်းအသန် အချွဲတိုက်နေသည်။
ချူဟန်နှင့် ထိုအမျိုးသမီး၏ နှုတ်ခမ်းထောင့်များမှာ တစ်ပြိုင်နက်တည်း တွန့်လိမ်သွားကြသည်။ အကယ်၍ လီရှီယုံ ဆက်ပြောမည့် စကားများကသာ ကြက်သီးထဖွယ် မကောင်းခဲ့လျှင် ချစ်သူနှစ်ဦးကြားထဲသို့ အနှောင့်အယှက်ကြီးတစ်ခု ဝင်ရောက်လာသည့်အလား ကြည်နူးဖွယ် မြင်ကွင်းတစ်ခုဟု ထင်မှတ်ရပေမည်။
"လုံးဝ မလိုချင်ဘူး.. ကျေးဇူးပြုပြီး ဒီလူဆိုးကြီးကို သတ်ပေးပါ။ သမီး သူ့ရဲ့ ကလီစာတွေနဲ့ စမ်းသပ်ချင်လို့"
လီရှီယုံက အပြစ်ကင်းစင်သည့် ဟန်ပန်ဖြင့် ပြောချလိုက်သည်။
အမျိုးသမီးက လီရှီယုံ၏ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးရင်း ချူဟန်အား အားနာဟန်ဖြင့် ပြုံးပြလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မနာမည် ရှောင်မုန့်ချီလို့ ခေါ်ပါတယ်"
ချူဟန်က မျက်နှာအမူအရာ အနည်းငယ်မျှပင် မပြောင်းလဲဘဲ သူမကို တိတ်ဆိတ်စွာ ပြန်ကြည့်နေသည်။
"ရှင့်နာမည် ဘယ်လိုခေါ်လဲဟင်"
ရှောင်မုန့်ချီဟု အမည်ခံထားသော အမျိုးသမီးမှာ အလွန်တရာ ယဉ်ကျေးပျူငှာလှပြီး ချူဟန်၏ လျစ်လျူရှုမှုကို ခံရသော်လည်း မနှစ်မြို့သည့် အရိပ်အယောင် အလျဉ်းမပြပေ။
ချူဟန်က ဆက်လက် တိတ်ဆိတ်နေရင်း လက်ထဲရှိ မီးသတ်ပုဆိန်ကို ပိုမို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"သူ့နာမည် ချူဟန်လို့ ခေါ်တယ်။ ဟိုအမျိုးသမီးက အဲဒီလိုခေါ်တာကို သမီး ကြားခဲ့တယ်"
လီရှီယုံက ရုတ်တရက် ဝင်ပြောလိုက်သည်။
"ကျစ်.."
ချူဟန်၏ မျက်နှာမှာ လုံးဝကို အုံ့မှိုင်းသွားတော့သည်။
"ရင်သားကြီးကြီးနဲ့ တစ်ယောက်လား"
ရှောင်မုန့်ချီက တိုးတိုးလေး ရေရွတ်လိုက်ရာ သူမမျက်နှာမှာ တစ်ခဏမျှ အနေရခက်သွားဟန် ပေါ်သွားသော်လည်း ချက်ချင်းပင် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီး ချူဟန်ဘက်သို့ ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ်.. ချူဟန်"
ဝမ်းသာစရာ အကြောင်းမရှိဘူး.. သောက်ရူးမ ဟု ချူဟန်က စိတ်ထဲမှနေ၍ အပြင်းအထန် ကျိန်ဆဲလိုက်သည်။
"ချူဟန်.. စောစောက မေးခွန်းရဲ့ အဆက်ပေါ့လေ"
ရှောင်မုန့်ချီက ခပ်ပါးပါး ပြုံးရင်း အလွန်တရာ လွယ်ကူလှသည့်အလား ဤသို့ ဆိုလာသည်။
"ကျွန်မ ရှင့်ကို သတ်လိုက်လို့ ရမလားဟင်"
သူမ၏ အသံမှာ ထမင်းစားပြီးပြီလား ဟု မေးလိုက်သကဲ့သို့ အလွန်တရာ ပေါ့ပါးနေပြီး လေပြေလေးပမာ ငြိမ့်ညောင်းနေသည်။ ကျောချမ်းဖွယ်ကောင်းလောက်အောင် ပေါ့ပေါ့ပါးပါး ပြောဆိုနေသည့် ထိုဟန်ပန်ကို ကြည့်ခြင်းအားဖြင့် လွန်ခဲ့သော အချိန်ခဏလေးကမှ ဤအမျိုးသမီးသည် ကလေးတစ်ယောက်ကို ခေါ်ဆောင်ကာ ဇွန်ဘီများ ပြည့်နှက်နေသော ဆေးရုံဆောင်ထဲမှ ဖောက်ထွက်လာခဲ့သည်ဟု လုံးဝ ထင်မှတ်စရာအကြောင်း မရှိပေ။
‘ ဒီကောင်မတွေက တကယ့်ကို အရူးမတွေပဲ ’
ချူဟန်မှာ စိတ်ရောဂါ ရမတတ်ပင် ဖြစ်နေပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ ထိုနှစ်ယောက်က သူ့ကို ဤနေရာအရောက်အထိ နောက်ယောင်ခံ လိုက်လာခဲ့ကြခြင်း ဖြစ်သည်။ အကောင်သေးသေးလေးက ဒီကောင့်ကို သတ်ပေး ဟု အမြဲတမ်း ပူဆာနေတတ်သည်။ အကောင်ကြီးကြီးကတော့ မျိုးရိုးမြင့် သခင်မလေးတစ်ပါးပမာ နူးညံ့သိမ်မွေ့နေပြီး ရှက်သွေးဖြာကာ ရှင့်ကို သတ်လိုက်လို့ ရမလားဟင် ဟူ၍ လေအေးလေးဖြင့် မေးမြန်းနေတတ်သည်။
ထွက်ပြေးလို့ရလျှင် သူ စောစောကတည်းက ထွက်ပြေးပြီးလောက်ပြီ ဖြစ်သည်။ ပြဿနာမှာ သူ ဘယ်နေရာကိုပဲ ပြေးပြေး ဤနှစ်ယောက်က သူ့နောက်မှ ကပ်ပါလာခြင်းပင် ဖြစ်သည်။ လမ်းသွယ် သုံးခုလောက်အထိ နောက်ယောင်ခံလိုက်ခံရပြီးဖြစ်သော်လည်း လွတ်မြောက်မည့် အရိပ်အယောင် လုံးဝ မတွေ့ရချေ။
ထိုစဉ်က ယွီရှင်း စိတ်စိတ်ငြိမ်ဆေး နှစ်ပုလင်း လွှင့်ပစ်ခဲ့သည်ကို မတားဆီးခဲ့မိသည့်အတွက် ချူဟန်မှာ ယခုမှ သေမတတ် နောင်တရနေမိသည်။ လုံးဝကို အန္တရာယ်များလှသော အရူးမနှစ်ယောက်၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ချူဟန်က အရူးမနှစ်ယောက်နှင့် ထိပ်တိုက်ရင်ဆိုင်နေရချိန်.. ထိုစဉ်မှာပင်။
"ဘော့စ်"
"အစ်ကိုချူဟန်"
"အစ်ကိုကြီး.. ကျွန်တော်တို့လည်း လာပြီ"
ကျောဘက်ဆီမှ အော်ဟစ်သံများ ကစဉ့်ကလျား ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချူဟန်၏ အနောက်ဘက်သို့ စုရုံးရောက်ရှိလာကြသည်။
ချူဟန်က ရင်ထဲမှနေ၍ သက်ပြင်းရှည်ကြီးတစ်ခုကို မှုတ်ထုတ်လိုက်ပြီး မျက်နှာအပြည့် အပြုံးများ ပန်ဆင်ကာ လှည့်ကြည့်လိုက်သည်။ တသီတတန်းကြီး ပြေးလာကြသော အပေါင်းအပါများ။
‘ အင်း... ရှန်ကွမ်းယွီရှင်းက အလိုက်သိသားပဲ။ လူစာရင်းကိုလည်း ကြည့်လိုက်စမ်းပါဦး... ချန်ရှောက်ရယ်၊ ဟယ်ဖေးယွမ်၊ လူဟုန်ရှန်း၊ ကျန်းဇို၊ ချန်ရှန်ကော်၊ ယွဲ့ဇီ... အဲဒီအပြင် မရင်းနှီးတဲ့ ကတုံးကောင်တစ်ယောက်တောင် ပါသေးတယ်။ ဟား... ဒီလောက်အများကြီး စုမိကြလိမ့်မယ်လို့ မထင်ထားဘူး။ ကောင်းတယ်... အကောင်းဆုံးပဲ ’
သို့သော်လည်း ပြေးလာကြသော သူများမှာ ချူဟန်က ယုံကြည်နိုင်စရာမရှိလောက်အောင် ကြီးမားကျယ်ပြန့်သော အပြုံးကြီးဖြင့် လှည့်ကြည့်လာသည်ကို မြင်လိုက်ရသောအခါ...
ဖျတ်ခနဲ.. အားလုံး၏ ခြေလှမ်းများက အံ့မခန်းဖွယ်ရာ ကောင်းလောက်အောင် ရုတ်တရက် ရပ်တန့်သွားကြတော့သည်။
'ဘော့.. ဘော့စ်က... ထူးဆန်းတဲ့ ဆေးတွေများ သုံးထားလို့လား'
‘ထိုအမျိုးသားက ပြုံးနေတယ်.. ဟုတ်လား’
ဟယ်ဖေးယွမ်မှာ အပြောရခက်လောက်အောင် ဆွံ့အသွားသည်။ တိုက်ပွဲအတွေ့အကြုံ ရင့်ကျက်သော ဤစစ်သားကြီးသည် ဘေးနားရှိ လူဟုန်ရှန်း၊ ကျန်းဇိုတို့နှင့် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက်... သူတို့သုံးယောက်သား ဘာမှမဖြစ်ခဲ့သကဲ့သို့ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြသည်။ ချူဟန်၏ ထိုအပြုံးကြီးက အလွန်တရာ ကျောချမ်းဖွယ် ကောင်းလွန်းနေသည်။
ချန်ရှန်ကော်နှင့် ယွဲ့ဇီတို့ နှစ်ယောက်မှာလည်း လုံးဝကို ကြက်သေ သေနေကြသည်။ ဘာဖြစ်လို့ ချူဟန်က ထိုမျှ ကြက်သီးထဖွယ်ကောင်းသော အပြုံးကြီးကို ပြုံးနေရသနည်း။
ချူဟန်နှင့် အကြာဆုံး ပေါင်းသင်းခဲ့ရသော ချန်ရှောက်ရယ် ဆိုလျှင် ကြောက်လန့်တကြားဖြင့် နောက်လှည့်ကာ ထွက်ပြေးတော့မတတ်ပင် ဖြစ်နေသည်။ သူ၏ အမြင်တွင် ချူဟန်ဆိုသည့် အမျိုးသားက လုံးဝ နောက်ပြောင်တတ်သူ မဟုတ်ဘဲ ဘေးလူများ ရင်တထိတ်ထိတ် ဖြစ်ရလောက်အောင် တင်းကျပ်ပြတ်သားကာ အေးစက်စက်နိုင်သော လူတစ်ယောက် ဖြစ်ရမည်။
ထိုလူက ယခု ပန်းပွင့်လေးများ ပွင့်လန်းလာသည့်အလား မျက်နှာအပြည့် ပြုံးရွှင်နေသည်တဲ့လား။ သေချာပေါက် အန္တရာယ်ကြီးတဲ့ မိစ္ဆာတစ်ကောင်ကောင် ဝင်ပူးနေတာပဲ ဖြစ်ရမယ်။
ဤနေရာတွင် အကြောင်းစုံကို သိရှိသူဟူ၍ ရှန်ကွမ်းယွီရှင်း တစ်ယောက်တည်းသာ ရှိသော်လည်း သူမပင်လျှင် တံတွေးများကို ဂလုခနဲ မြိုချလိုက်မိသည်။
‘ ကြောက်စရာကောင်းလိုက်တာ။ အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။ ချူဟန်ဆိုတဲ့ကောင် တကယ်ပဲ ဟိုအရူးမနှစ်ယောက်ရဲ့ ရူးသွပ်မှုတွေ ကူးစက်သွားတာများလား ’