အခန်း ၁၆၁
Vol. 17 Ch. 161
အခန်း (၁၆၁) ချမ်းသာတာက တကယ်ကို အထင်ကြီးစရာကောင်းတယ်
မကြာမီ လက်အောက်ငယ်သားက စုံစမ်းပြီး
ပြန်လည်ရောက်ရှိလာ ပြောလိုက်သည်။
"မစ္စတာချန်က... MN3511 လေယာဉ်ပေါ်မှာ... လေယာဉ်က ချို့ယွင်းသွားလို့ အရေးပေါ် ပြုပြင်နေရတယ်ဆိုတော့ ပေ့ဟူလေဆိပ်မှာပဲ ရှိနေလောက်ဦးမယ်..."
"ပေ့ဟူမြို့လား..."
ဥက္ကဋ္ဌပေါင်က အချိန်ကို ကြည့်လိုက်၏။
ယခုမှ အဲဒီကို အပြေးအလွှား သွားဖို့ဆိုတာ အချိန်မမီနိုင်တော့သဖြင့် သူက အလျင်အမြန် ညွှန်ကြားလိုက်သည်။
"အဲဒီဘက်က တာဝန်ခံကို ဖုန်းဆက်ပြီး MN3511 လေယာဉ်ဆီကို သွားပြီး မစ္စတာချန်ကို အခုချက်ချင်း သွားရောက်တွေ့ဆုံခိုင်းလိုက်..."
"ငါကိုယ်တိုင်လည်း သူ့ဆီ နောက်မှ ဖုန်းဆက်လိုက်မယ်..."
"မှတ်ထား... မစ္စတာချန်ကို ရိုရိုသေသေ ဆက်ဆံရမယ်... သူက ငါတို့ရဲ့ ရှယ်ယာရှင်ပဲ..."
"နားလည်ပါပြီ..."
လက်အောက်ငယ်သားမှာ ပေါ့ပေါ့ဆဆ မနေရဲသော်လည်း ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားပေ၏။ "ဥက္ကဋ္ဌ... ဒုတိယဥက္ကဋ္ဌက ပေ့ဟူလေဆိပ်နားမှာ ရောက်နေပုံရတယ်... တကယ်လို့ သူသာ သွားမယ်ဆိုရင် အချိန်အများကြီး ကြာမှာမဟုတ်ဘူး..."
"ကောင်းပြီ... သူ့ဆီ ငါကိုယ်တိုင် ဖုန်းဆက်လိုက်မယ်..."
…
ချန်ဖုန်းသည် ရှယ်ယာစာချုပ်ကို စစ်ဆေးကြည့်လိုက်ရာ မည်သည့်ပြဿနာမျှ မရှိကြောင်း အတည်ပြုလိုက်လေသည်။
တုန်းယောင် လေကြောင်းလိုင်းနှင့် ပတ်သက်သည့် အချက်အလက်များကိုလည်း သူ ရှာဖွေကြည့်ရှုပြီးဖြစ်၏။
ဘိုးအင်း 738 ကဲ့သို့သော လေယာဉ်များ အတော်များများ ရှိပေသည်။ သူ့အတွက် ကိုယ်ပိုင်လေယာဉ်တစ်စင်းလောက် ရနိုင်မလားဆိုသည်ကို သူ တွေးတောနေမိသည်။
ထိုသို့ဆိုလျှင် ခရီးသွားရာတွင် များစွာ ပိုမို အဆင်ပြေသွားမည် ဖြစ်ပေ၏။
ထိုအချိန်၌ စောစောက လေယာဉ်မယ်လေးသည် သူမ၏ မန်နေဂျာနှင့်အတူ လျှောက်လာခဲ့သည်။
မန်နေဂျာအမျိုးသမီးက ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုလိုက်၏။
"မစ္စတာချန်... ခုနက သတိပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်... ကျွန်မတို့ လေယာဉ်အင်ဂျင်က တကယ်ပဲ ချို့ယွင်းသွားခဲ့တာပါ... ကံကောင်းထောက်မစွာနဲ့ အချိန်မီ သိလိုက်ရလို့ပေါ့... ဒါမှမဟုတ်ရင် အကျိုးဆက်တွေက တွေးကြည့်လို့တောင် ရမှာမဟုတ်ဘူး..."စကားပြောနေစဉ် သူမက ကြောက်လန့်တကြားဖြင့် ရင်ဘတ်ကို ပုတ်လိုက်သည်။
အကယ်၍ လွန်ခဲ့သော ဆယ်မိနစ်ကသာဆိုလျှင် ချန်ဖုန်းသည် ဤကိစ္စများကို သေချာပေါက် ဂရုစိုက်နေမည် မဟုတ်ချေ။
သို့သော် ယခုအခါ သူသည် တုန်းယောင် လေကြောင်းလိုင်း၏ ရှယ်ယာရှင်တစ်ဦး ဖြစ်နေပြီဖြစ်ရာ စကားအနည်းငယ် ထပ်ပြောရမည် ဖြစ်ပေ၏။
"ဒီတစ်ကြိမ်တော့ ငါက သတိပေးနိုင်တယ်... ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုရင် ဘယ်သူမှ မင်းတို့ကို သတိပေးနေမှာ မဟုတ်ဘူး... တကယ်လို့ တစ်ခုခုသာ အမှန်တကယ် ဖြစ်လာခဲ့ရင် လူရာပေါင်းများစွာရဲ့ အသက်တွေ ဆုံးရှုံးသွားနိုင်တယ်..."
"မင်းတို့ရဲ့ အလုပ်က အရမ်း ပေါ့ဆလွန်းတယ်... နောင်ကို ဒီလိုအမှားမျိုး လုံးဝ ထပ်အဖြစ်မခံနိုင်ဘူး..."
"နားလည်လား..."
"သေချာပေါက်... သေချာပေါက်ပါ..."
မန်နေဂျာအမျိုးသမီး၏ မျက်နှာပေါ်တွင် ကျေးဇူးတင်စကားများ ဆက်တိုက်ဆိုနေခဲ့ပေသည်။
သို့သော် သူမ၏ စိတ်ထဲတွင်တော့ အနည်းငယ် စကားပြောစရာမဲ့ ဖြစ်နေခဲ့၏။
‘ရှင်က ကျွန်မတို့ရဲ့ ခေါင်းဆောင်လည်း မဟုတ်ဘဲနဲ့ ဘာလို့ ဝင်ပါနေရတာလဲ…
ကျန်သည့်လူများကလည်း ထိုနည်းတူ တွေးတောနေကြသည်။
‘ကလေးပေါက်စလေးတစ်ယောက်ကများ
ကြွက်သေကို မျက်ကန်းကြောင် မိသွားသလို လေယာဉ်မတော်တဆမှုကို မှန်းဆမိရုံလေး မဟုတ်ဘူးလား... လေယာဉ် ပြုပြင်ထိန်းသိမ်းဖို့နဲ့ မတော်တဆမှုတွေကို စစ်ဆေးဖို့က သူတို့ ကုမ္ပဏီရဲ့ တာဝန်ပဲလေ...
မင်းက အရမ်းတွေ ဝင်ပါနေတာ မဟုတ်ဘူးလား’
ချင်ယောင်ကလည်း နှာမှုတ်လိုက်၏။
သူက မှုန်ကုပ်ကုပ် ဖြစ်နေဆဲပဲ။
ရုတ်တရက် မန်နေဂျာအမျိုးသမီးသည် အခြားတစ်ခုကို သတိရသွားသည်။ တစ်ခဏမျှ တုံ့ဆိုင်းပြီးနောက် သူမက မေးမြန်းလိုက်၏။ "မစ္စတာချန်... ခုနက လေယာဉ်မယ်လေးကို ပြခဲ့တဲ့ ဗီဒီယိုကို ကျွန်မ ကြည့်လို့ရမလား..."
"ဗီဒီယိုလား..."
ချန်ဖုန်းက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သည်။ "အဲဒါက ငါ special effects တွေနဲ့ လုပ်ထားတာ... ဗီဒီယိုသာ မလုပ်ပြရင် မင်းတို့က ယုံမှာမဟုတ်ဘူးလေ..."
အမှန်တကယ်တော့ စောစောက လေယာဉ်မယ်လေးကို သူ ပြသခဲ့သော ဗီဒီယိုမှာ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပေသည်။ ပုံမှန်မဟုတ်သည့် အရိပ်အယောင် လုံးဝ မရှိခဲ့ချေ။ သူက တုံးအသူ မဟုတ်ပေ။
သူက အနာဂတ်ကို ကြိုမြင်နိုင်တယ်ဆိုတာကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ။
လူတွေ သိသွားရင်တောင် ဘယ်သူမှ ယုံကြည်မှာ မဟုတ်ဘူးလေ...
မန်နေဂျာအမျိုးသမီးသည် ထိုကိစ္စကို ဆက်လက် မတွေးတောတော့ဘဲ ထွက်သွားရန် ပြင်လိုက်ချိန်မှာပင် တံခါးဝမှ လူတစ်စု ရုတ်တရက် ဝင်ရောက်လာခဲ့၏။
ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ တုန်းယောင် လေကြောင်းလိုင်း၏ ဒုတိယဥက္ကဋ္ဌ လုတုန်း ပင် ဖြစ်လေသည်။ လုတုန်း၏ အနောက်တွင် ပေ့ဟူဒေသ၏ တာဝန်ခံများနှင့် အဆင့်မြင့် အရာရှိအချို့လည်း ပါလာကြပေ၏။
ဘေးတစ်ဖက်တစ်ချက်စီတွင် လုံခြုံရေးအစောင့်များက ခြံရံထားကြသည်။
ဤသို့သော ကြီးကျယ်ခမ်းနားသည့် အပြင်အဆင်က လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားခဲ့လေ၏။
"ဒါက... တုန်းယောင် လေကြောင်းလိုင်း ဌာနချုပ်က ဒုတိယဥက္ကဋ္ဌ ပဲ..."
"အို ဘုရားရေ... သူက ဘာလို့ ဒီရောက်နေတာလဲ..."
"အင်ဂျင်လေး ချို့ယွင်းတာလောက်နဲ့တော့ ဒုတိယဥက္ကဋ္ဌ လာရတဲ့အထိ မဖြစ်လောက်ပါဘူး..."
"အေးလေ..."
လူတိုင်းမှာလည်း ဇဝေဇဝါ ဖြစ်နေကြပေသည်။
မန်နေဂျာအမျိုးသမီးသည် အလျင်အမြန် ရှေ့သို့တိုးကာ ပြာယာခတ်လျက် အော်ခေါ်လိုက်၏။ "ဥက္ကဋ္ဌလု..."
"ဖယ်စမ်း..."
လုတုန်းက သူမအား ဘေးသို့ ဆွဲဖယ်လိုက်သည်။
လူတိုင်း၏ အံ့အားသင့်နေသော အမူအရာများကြားတွင် သူသည် ချန်ဖုန်း၏ အနီးသို့ လျှောက်သွားကာ ကိုးဆယ်ဒီဂရီ ခါးညွှတ်၍ အရိုအသေပေးလိုက်လေ၏။
"ဥက္ကဋ္ဌချန်... ကျွန်တော်က တုန်းယောင် လေကြောင်းလိုင်း ရဲ့ ဒုတိယဥက္ကဋ္ဌ လုတုန်း ပါ..."
ထို့နောက် သူ့နောက်ရှိ အဆင့်မြင့် အရာရှိအချို့ကို ရုတ်တရက် ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်သည်။ "ဥက္ကဋ္ဌချန် က ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတဲ့ ငါတို့ကုမ္ပဏီရဲ့ စတုတ္ထမြောက် အကြီးဆုံး ရှယ်ယာရှင်ပဲ..."
"မင်းတို့က ဥက္ကဋ္ဌချန် ကို ဒီလိုဆက်ဆံတာလား..."
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ လူအားလုံး ဆွံ့အသွားကြလေတော့သည်။
လူတိုင်းသည် ချန်ဖုန်းအား အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေကြပေ၏။
တုန်းယောင် လေကြောင်းလိုင်း၏ ဈေးကွက်တန်ဖိုးမှာ ယွမ် ဘီလီယံ ၅၀ ကျော်ရှိပြီး ရှယ်ယာ ၁၅ ရာခိုင်နှုန်း ပိုင်ဆိုင်ခြင်းဆိုသည်မှာ အနည်းဆုံး ပိုင်ဆိုင်မှု ယွမ် ၇ ဒသမ ၅ ဘီလီယံ ရှိသည်ဟု အဓိပ္ပာယ်ရလေသည်။
‘အို ဘုရားရေ...
ဒီ သာမန်ကာလျှံကာပုံစံနဲ့ ကောင်လေးက လေကြောင်းလိုင်းတစ်ခုရဲ့ ရှယ်ယာရှင် ဖြစ်နေတာပဲ..’.အရင်က ချန်ဖုန်းကို မကောင်းပြောခဲ့သူများမှာ ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့၏။
‘နောက်နေတာလား...
လေကြောင်းလိုင်းတစ်ခုလုံးက သူ့ဟာလေ...
လေယာဉ်မယ်တစ်ယောက်ကို ဆူတာက ဘာများ အရေးကြီးလို့လဲ…’
ချန်ဖုန်း၏ ဘေးနားရှိ
ချင်ယောင်သည် ခုနက မှုန်ကုပ်ကုပ် ဖြစ်နေခဲ့သော်လည်း ယခုအခါတွင်မူ သူမ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့လေပြီ။
ပိုက်ဆံရှိတာက ဘာများ ကြီးကျယ်လို့လဲဆို...ပိုက်ဆံရှိတာက တကယ်ကို ဂုဏ်ယူစရာကောင်းတာပဲ...
အရင်က ချန်ဖုန်းတွင် ပိုင်ဆိုင်မှု မည်မျှရှိသည်ကို သူမ တကယ်မသိခဲ့သော်လည်း ယခုအခါတွင်မူ လေကြောင်းလိုင်းတစ်ခုတည်းပင်လျှင် တန်ဖိုး ယွမ် ဘီလီယံဆယ်ဂဏန်းလောက် ရှိသည်ကို သူမ သဘောပေါက်သွားခဲ့ပြီ ဖြစ်၏။
ချင်ယောင် လုံးလုံးလျားလျား မှင်တက်သွားပေသည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
သူက ဘယ်လိုလုပ်လိုက်တာလဲ...
ယခုအချိန်၌ ချင်ယောင် တကယ်ကို နောင်တရနေခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော လေးနှစ်က ချန်ဖုန်း၏ လိုက်ခြင်းကို လက်မခံခဲ့မိသည်ကို သူမ နောင်တရမိသလို စောစောက ချန်ဖုန်းအပေါ် အနည်းငယ် ပိုကောင်းအောင် မဆက်ဆံခဲ့မိသည်ကိုလည်း နောင်တရနေမိပေ၏။
လွန်ခဲ့တဲ့ လေးနှစ်ကဆိုတာကို သူမ မှတ်မိနေသေးသည်။ ချန်ဖုန်းက သူမကို အရမ်းကြိုက်လွန်းလို့ နေ့တိုင်း မနက်စာ ဝယ်ကျွေးခဲ့ပေမဲ့ သူမကတော့ သူ့ကို လျစ်လျူရှုခဲ့တာလေ...
စောစောက ဖြစ်ပျက်ခဲ့တာတွေ အပါအဝင်ပေါ့။ သူမရဲ့ ဆက်ဆံရေးက နည်းနည်းလောက် ပိုကောင်းခဲ့မယ်ဆိုရင်တောင် အခြေအနေတွေ ပြောင်းလဲသွားဖို့ အခွင့်အရေး ရှိနိုင်သေးတယ်…
ဒါပေမဲ့ အခုတော့ သူမ အခွင့်အရေးကို လက်လွတ်သွားခဲ့ပြီ။
‘ချန်ဖုန်း... ချန်ဖုန်း…’
ချင်ယောင်၏ ရင်ထဲတွင် ခါးသီးမှုများကို ခံစားနေရ၏။
ချန်ဖုန်းက လုတုန်းတို့နှင့်အတူ သူ၏ထိုင်ခုံမှ မည်သည့်အချိန်က ထွက်ခွာသွားသည်ကိုပင် သူမ မသိလိုက်ချေ။
သူမသည် အတိတ်က မြင်ကွင်းများကို ပြန်လည်အမှတ်ရနေပြီး ချန်ဖုန်း၏ အသေးစိတ် အချက်အလက်တိုင်းကို ပြန်လည်တမ်းတနေမိသည်။
ထိုအချိန်၌ ဖန်ပုရှန်းသည် သူမ၏ ဘေးနားရှိ ထိုင်ခုံ လွတ်သွားသည်ကို မြင်သောအခါ ချက်ချင်း ဝင်ထိုင်လိုက်လေ၏။
"သခင်မလေးချင်... ကျွန်တော် ဒီမှာ ထိုင်တာကို စိတ်မရှိဘူးမလား..."
"အင်း... စိတ်မရှိပါဘူး..."
ချင်ယောင်က တွေဝေစွာဖြင့် ခေါင်းခါလိုက်သည်။
ထို့နောက် ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွား၏။ သူမသည် ချန်ဖုန်းကို တစ်ကြိမ် လက်လွတ်ဆုံးရှုံးခဲ့ပြီးပြီဖြစ်ရာ မျက်စိရှေ့ရှိ ဤအခွင့်အရေးကို သူမ လက်လွတ်ခံ၍ မဖြစ်နိုင်တော့ချေ။
တစ်ခဏမျှ တုံ့ဆိုင်းပြီးနောက် သူမက မေးမြန်းလိုက်သည်။ "မစ္စတာဖန်... ချန်ရှောင်ရှောင် လိုမျိုး ကျွန်မကို ဖျော်ဖြေရေးလောကထဲ ဝင်ခွင့်ပေးပြီး အနုပညာရှင်တစ်ယောက် ဖြစ်လာအောင် တကယ် လုပ်ပေးနိုင်မှာလား..."
"သေချာပေါက် ရတာပေါ့..."
ဖန်ပုရှန်းက ရင်ဘတ်ကို ပုတ်လိုက်၏။
သူ၏ အကြည့်များက သူမ၏ ကိုယ်ပေါ်သို့ ဖြတ်ပြေးသွားပြီးနောက် ပြောလိုက်သည်။ "သခင်မလေးချင် ရဲ့ ရုပ်ရည်မျိုးနဲ့ဆိုရင် ကျွန်တော် သေချာ ပျိုးထောင်ပေးလိုက်တာနဲ့ တစ်နှစ်အတွင်း ဒုတိယအဆင့် မင်းသမီးတစ်လက် ဖြစ်လာစေရမယ်လို့ အာမခံတယ်..."
"သခင်မလေးချင်... တကယ်လို့ ဒီည အားမယ်ဆိုရင် ကျွန်တော်တို့ သီးသန့် အစီအစဉ်တွေအကြောင်း ဆွေးနွေးလို့ ရပါတယ်..."
စကားပြောနေစဉ်
သူ၏ လက်ဝါးက ချင်ယောင်၏ ခါးကို တိတ်တဆိတ် ဖက်တွယ်လိုက်လေ၏။
"ရှင်... ရှင် ဘာလုပ်တာလဲ..."
ချင်ယောင်၏ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားပေသည်။
တစ်ဖက်လူ၏ လက်ကို တွန်းဖယ်လိုက်ပြီး သူမ၏ မျက်နှာမှာ ချက်ချင်း မှောင်မိုက်သွား၏။ "ဖန်ပုရှန်း... ကျေးဇူးပြုပြီး လေးလေးစားစား နေပါ..."
"သခင်မလေးချင်... မင်းက တကယ်ပဲ နားမလည်တာလား ဒါမှမဟုတ် နားမလည်ချင်ယောင် ဆောင်နေတာလား..."
ဖန်ပုရှန်း၏ အမူအရာမှာ အနည်းငယ် ရယ်စရာကောင်းနေပုံရပေ၏။
ထို့ကြောင့် ကိစ္စများကို ပွင့်ပွင့်လင်းလင်းသာ ပြောလိုက်သည်။ "မင်း စဉ်းစားကြည့်ဖူးလား... သာမန်လူတစ်ယောက်ကို တစ်နှစ်အတွင်းမှာ ဒုတိယအဆင့် မင်းသမီးတစ်လက် ဖြစ်လာအောင် ပျိုးထောင်ပေးဖို့ဆိုတာ..."
"ပုံမှန်အခြေအနေအောက်မှာ အဲဒါက မဖြစ်နိုင်ဘူးလေ..."
"မင်းဘက်က အနစ်နာခံမှုတစ်ခုခု မလုပ်ပေးဘဲနဲ့ ဘာမှမပေးဆပ်ဘဲ အကျိုးခံစားခွင့်တွေကို လိုချင်နေတာလား..."
"ဒီလောကကြီးမှာ အဲဒီလောက်ကောင်းတဲ့ ကိစ္စမျိုးဆိုတာ မရှိဘူးကွ..."
"ရှင်..."
ယခုမှသာ ချင်ယောင် နောက်ဆုံးတွင် နားလည်သွားခဲ့လေပြီ။
‘ဘာ ဒုတိယအဆင့် မင်းသမီးလဲ...
ဘာ သေချာပျိုးထောင်ပေးမယ်လဲ...
ဒါက အရင်းအမြစ်တွေရဖို့ ခန္ဓာကိုယ်နဲ့ ရင်းရမယ်ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ဘူးလား…’
"ရှင်... ထွက်သွားစမ်း... ရှင့်ကို ကျွန်မ မမြင်ချင်ဘူး... ရှင့်ရဲ့ ဖျော်ဖြေရေးလောက ဆိုတာကိုလည်း ကျွန်မ နည်းနည်းလေးမှ စိတ်မဝင်စားဘူး..."
ချင်ယောင် တကယ်ကို ဒေါသထွက်သွားခဲ့သည်။
ဒီအကြောင်းကို သူမ စောစောကတည်းက စဉ်းစားသင့်တာ...ဖန်ပုရှန်း၏ လုပ်ရပ်များက သူမကို ရွံရှာသွားစေရုံသာမကဘဲ ချန်ဖုန်းက မည်မျှကောင်းမွန်ကြောင်းကိုပါ သဘောပေါက်သွားစေခဲ့ပေ၏။
အနည်းဆုံးတော့ သူမကို လိုက်နေတုန်းက ချန်ဖုန်းဟာ လွန်ကျူးတဲ့ လုပ်ရပ်မျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူး…
ဒါပေမဲ့ အခုတော့…
‘ငါ သူ့ကို ဆုံးရှုံးခဲ့ရပြီလေ...
ပြန်ရှာတွေ့နိုင်ပါဦးမလား…’