အခန်း ၁၆၄
Vol. 17 Ch. 164
အခန်း (၁၆၄) အထဲဝင်ပြီး သွားကြည့်ကြရအောင်
တစ်ဖက်တွင် ချန်ဖုန်းသည် မန်နေဂျာ ရွှီခယ်ဝေ့ ဘက်သို့လှည့်ကာ ဖျော့တော့စွာ ပြုံးရင်း ပြောလိုက်သည်။
"ဥက္ကဋ္ဌရွှီ... ယွမ်တစ်ရာကို ကျွန်တော် ပြန်မပေးတော့ဘူးနော်... ခင်ဗျားအတွက် ဒီပိုက်ဆံလေးက ဘာမှမဟုတ်ပါဘူး..."
"မလိုပါဘူး... မလိုပါဘူး..."
မန်နေဂျာ ရွှီခယ်ဝေ့ က အလျင်အမြန် လက်ကာပြလိုက်သည်။
ဤငွေပမာဏသည် သူ့အတွက် တကယ်ကို အရေးမပါလှချေ။ သို့သော် ယွမ်တစ်ရာတည်းဖြင့် သူဌေးထံမှ အမြင်ကောင်းတစ်ခု ရရှိနိုင်မည်ဆိုပါက သေချာပေါက် တန်လွန်းလှပေ၏။
"ကောင်းပြီလေ..."
ချန်ဖုန်းက ခေါင်းညိတ်လိုက်ပြီး ရှေ့ရှိ အဆောက်အအုံကြီးကို လှမ်းကြည့်လိုက်သည်။
"အထဲဝင်ပြီး သွားကြည့်ကြရအောင်..."
စကားပြောနေစဉ်မှာပင် သူတို့လူစုသည် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ဆီသို့ ဦးတည်သွားကြလေ၏။
ဘေးနားမှ ကြည့်ရှုနေသူများ ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။
"ဝိုး... အဲဒီလူက တကယ်ကြီး ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ရဲ့ ပိုင်ရှင်ပဲ..."
"ဒီခေတ်က သူဌေးကြီးတွေအကုန်လုံးက အေးအေးဆေးဆေး နေရတာကို ခေတ်စားနေကြတာလား..."
"မိုက်တယ်ဟေ့... တကယ်မိုက်တယ်... ဒီလောက်ကြည့်ပြီးသွားမှ အချမ်းသာဆုံးလူဆိုတာ ဇိမ်ခံကားကြီးတွေ မောင်းနေတဲ့သူ မဟုတ်ဘဲ အငှားယာဉ် စီးလာတဲ့သူ ဖြစ်နေပြီ... အခုကစပြီး အငှားယာဉ်စီးတဲ့သူကို တွေ့ရင် ပိုပြီး ယဉ်ယဉ်ကျေးကျေး ဆက်ဆံမှရမယ်...မတတ်နိုင်ဘူးလေ
သူက ပုန်းကွယ်နေတဲ့ သူဌေးကြီး ဖြစ်နေနိုင်တယ်လေ..."
"ဟုတ်တယ်... ညှပ်ဖိနပ်စီးထားတဲ့သူ ဒါမှမဟုတ် စွပ်ကျယ်ဝတ်ထားတဲ့သူကိုဆို ပိုပြီး သွားမစနဲ့..."
လူအုပ်ထဲတွင် ဖန်ပုရှန်း၏ မျက်လုံးများ ပိုမို ပြူးကျယ်သွားခဲ့ပေသည်။
သူ၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အပြည့်အဝ ဖုံးလွှမ်းနေ၏။
သူ အခုလေးတင် ဘယ်သူ့ကို မြင်လိုက်ရတာလဲ...
အခြားသူများက ချန်ဖုန်း၏ သရုပ်မှန်ကို မသိကြသော်လည်း သူကတော့ အနည်းငယ် သိထားပေသည်။
အဲဒါ တုန်းယောင် လေကြောင်းလိုင်း ရဲ့ ရှယ်ယာရှင်လေ...
ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားတာ...
ပိုင်ဆိုင်မှု ယွမ် ၇ ဒသမ ၅ ဘီလီယံတောင်...
အခု ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ကလည်း သူ့ဟာပဲတဲ့လား…
‘ချီးပဲ…’
‘ဒီလူ့မှာ စီးပွားရေးလုပ်ငန်း ဘယ်လောက်တောင် ရှိနေတာလဲ…’
ဖန်ပုရှန်း ချက်ချင်း ပြာယာခတ်သွားရလေသည်။
စောစောက လေယာဉ်ပေါ်တွင် သူသည် ချန်ဖုန်း၏ မျက်စိရှေ့မှာတင် ချင်ယောင်၏ WeChat နံပါတ်ကို တောင်းခဲ့မိသည် မဟုတ်ပါလော။ ထိုသူနှစ်ဦးက ချစ်သူတွေ မဟုတ်ကြဘူးဆိုတာ မှန်ပေမဲ့ ချန်ဖုန်းက ချင်ယောင်ကို သိတယ်ဆိုတာ သူသိထားပြီး သူက ချန်ဖုန်းရှေ့မှာတင် သူမကို သွားပရောပရည် လုပ်ခဲ့တာလေ…
‘အဲဒီလူကများ အငြိုးထားနေမလား မသိဘူး…’
‘တော်ပြီ... တော်ပြီ...
တစ်ယောက်ယောက်ကို စော်ကားမိသွားပြီဆိုရင်လည်း ဖြစ်ချင်ရာဖြစ်တော့လေ…’
ဖန်ပုရှန်းသည် ထိုအကြောင်းများကို ဆက်မတွေးတော့ဘဲ အချိန်ကို တစ်ချက်ကြည့်ကာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ထဲသို့ အလျင်အမြန် ဝင်သွားလေ၏။
သူ အမြန်ပြန်သွားချင်နေခဲ့သည်။
အဓိကအားဖြင့် ရွှီချင်းချန် နှင့် ဆွေးနွေးစရာ ကိစ္စအချို့ ရှိနေပြီး နောက်ဆုံးအနေဖြင့် ထိုမိန်းမ အလျှော့ပေးမပေး စမ်းသပ်ကြည့်ရန် ဖြစ်ပေသည်။
ဘာပဲဖြစ်ဖြစ် ရွှီချင်းချန် က အတော်လေး ကြည့်ကောင်းသေးသည်လေ...
အနည်းဆုံး ရမှတ် ၉၂ မှတ်လောက်တော့ ရှိတယ်...အကယ်၍ သူမကိုသာ တကယ် စည်းရုံးနိုင်ခဲ့မယ်ဆိုရင် တစ်နှစ်အတွင်း အနည်းဆုံး ယွမ် သန်း ၇၀ လောက် ထပ်ရှာနိုင်မှာပဲ…
…
ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တွင် ၎င်း၏ ကိုယ်ပိုင် ရုံးခန်းနေရာအတွက် သီးသန့်ထပ်တစ်ခု ရှိပေသည်။
ကျန်သည့်အထပ်များကိုမူ အကုန်လုံး ငှားရမ်းထားခြင်း ဖြစ်၏။
ဤနေရာသည် စီးပွားရေးအချက်အချာကျသော နေရာများအားလုံး စုစည်းနေသည့် နေရာဖြစ်ပြီး ကုမ္ပဏီကြီးများစွာကို ဤနေရာတွင် လာရောက်ဖွင့်လှစ်ရန် ဆွဲဆောင်ထားနိုင်ပေသည်။
အထူးသဖြင့် ငွေကြေးကုမ္ပဏီအချို့ပင် ဖြစ်သည်။ ဖျော်ဖြေရေးကုမ္ပဏီများ၊ အွန်လိုင်းဂိမ်းကုမ္ပဏီများနှင့် အခြားကုမ္ပဏီများလည်း ရှိသေး၏။
အဆောက်အအုံ တစ်ခုလုံးတွင် အထပ် ၆၅ ထပ် ရှိလေသည်။ ကုမ္ပဏီပေါင်း မည်မျှ ဖွင့်လှစ်ထားနိုင်မည်ကို တွေးကြည့်နိုင်ပေသည်။
ယခုအချိန်၌ ချန်ဖုန်းသည် အထွေထွေမန်နေဂျာ၏ ရုံးခန်းအတွင်း ထိုင်ကာ မန်နေဂျာ ရွှီခယ်ဝေ့ ပေးအပ်သော ဘဏ္ဍာရေး အစီရင်ခံစာများကို ကြည့်ရှုနေခဲ့သည်။
အတန်ကြာအောင် သူ ကြည့်နေလိုက်၏။
ဘာပဲဖြစ်ဖြစ် သူ နားမလည်နိုင်သဖြင့် အီလက်ထရောနစ် အစီရင်ခံစာများကို ထုပ်ပိုးကာ ယွင်ထင် ထံသို့ ပေးပို့လိုက်လေသည်။
သူ၏ အဆင့်မြင့် အိမ်တော်ထိန်း ဖြစ်သော ယွင်ထင်သည်…ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက် ၏ ဥက္ကဋ္ဌလည်း ဖြစ်ရာ ဤဘဏ္ဍာရေး အစီရင်ခံစာများမှာ သူမအတွက် မုန့်စားရသလို အလွန် လွယ်ကူသော ကိစ္စရပ်တစ်ခုပင် ဖြစ်ပေ၏။
နာရီဝက်ခန့် ကြာပြီးနောက်…
ယွင်ထင် ဖုန်းဆက်လာခဲ့သည်။
မကျေမနပ်ဖြစ်နေသော အမူအရာဖြင့် သူမက ပြောဆိုလိုက်၏။
"သူဌေး... ရှင်က ကျွန်မကို သေအောင် ခိုင်းနေတာလား... ရှင့်အတွက် ကုမ္ပဏီ နှစ်ခုနဲ့ ဆေးရုံတစ်ခုကိုတောင် စီမံပေးနေရပြီလေ... ဒီအတိုင်းသာ ဆက်သွားနေရင် ကျွန်မ အိပ်ဖို့တောင် အချိန်ရတော့မှာ မဟုတ်ဘူး..."
"ပင်ပန်းသွားပြီဗျာ..."
ချန်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။
"မင်းကို တန်ဖိုးထားလို့ ကုမ္ပဏီတစ်ခုလုံးကို မင်းဆီ အပ်ထားတာပါ... တကယ်လို့ မင်းက မစီမံချင်ဘူးဆိုရင်လည်း တခြားတစ်ယောက် ရှာလိုက်ပါ့မယ်..."
"မရဘူးလေ..."
ယွင်ထင်က ချက်ချင်းငြင်းလိုက်၏။
ဤအခွင့်အရေးကို အခြားသူများအား သူမ သေချာပေါက် ပေးမည်မဟုတ်ချေ။
"ဘဏ္ဍာရေး အစီရင်ခံစာတွေက သိပ်ပြဿနာ မရှိပါဘူး... ရန်ပုံငွေ စီးဆင်းမှုကလည်း တော်တော်လေး ကျိုးကြောင်းဆီလျော်ပါတယ်... ပြဿနာအသေးအမွှားလေး တချို့တော့ ရှိတယ်... ငွေတောင်းခံလွှာ တချို့ ပျောက်နေတာမျိုးပေါ့..."
"ဒါပေမဲ့ ဒီလိုပြဿနာတွေက ကုမ္ပဏီတိုင်းမှာ ဖြစ်တတ်တာပါပဲ..."
"ရှင့်ရဲ့ မစ္စတာရွှီ က တော်တော်လေး တာဝန်ယူမှု ရှိပါတယ်... အမှားကြီးကြီးမားမားတွေ ဘာမှမရှိပါဘူး..."
"ကောင်းပြီ... နားလည်ပြီ..."
ချန်ဖုန်းက ဖုန်းချလိုက်သည်။
အိမ်တွင် အမျိုးသမီး အနည်းငယ် ပိုရှိနေခြင်းက အကျိုးကျေးဇူးများ ရှိနေဆဲပင်၊ မည်သည့်ကိစ္စကိုမဆို ဖြေရှင်းနိုင်လေ၏။
ဖုန်း၏ အခြားတစ်ဖက်တွင်မူ ယွင်ထင်က နှုတ်ခမ်းကို စူထားလိုက်သည်။
သူဌေးစုတ်...
ကလေးပေါက်စလေး...
သူက သူမကို စကားနည်းနည်းလေးတောင် ပိုမပြောဘူး…
တစ်ချိန်တည်းမှာပင်…
ချန်ဖုန်းသည် သူ၏ရှေ့၌ ရိုသေလေးစားစွာ ရပ်နေသော မန်နေဂျာ ရွှီခယ်ဝေ့ ကို ကြည့်လိုက်၏။ သူက ဖျော့တော့စွာ ပြုံးလျက် ပြောလိုက်သည်။
"ဥက္ကဋ္ဌရွှီ... ခင်ဗျား ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ကို မကြာသေးခင်က တော်တော်လေး ကောင်းကောင်း စီမံနိုင်ခဲ့ပါတယ်... ဒီနေ့ကစပြီး ခင်ဗျားရဲ့ လစာကို ၃၀ ရာခိုင်နှုန်း တိုးပေးလိုက်မယ်... ကျန်တာတွေကိုတော့ အခြေအနေအရ ဆုံးဖြတ်ကြတာပေါ့..."
"ဗျာ..."
မန်နေဂျာ ရွှီခယ်ဝေ့ ချက်ချင်းပင် ဆွံ့အသွားရလေသည်။
ဒီသူဌေးအသစ်က ရာထူးတက်တက်ချင်းမှာပဲ သူ့ကို လစာတိုးပေးလိမ့်မည်ဟု သူ တကယ်ကို မထင်မှတ်ထားခဲ့ချေ။ သူ အလွန်အမင်း စိတ်လှုပ်ရှားသွားရပေ၏။
"သူဌေး... ကျွန်တော်..."
"ရပြီ... ခံစားချက်တွေ လွန်ကဲမနေနဲ့တော့..."
ယောက်ျားတစ်ယောက် စိတ်လှုပ်ရှားလွန်းနေသည်ကို မြင်ရခြင်းအား ချန်ဖုန်း သည်းမခံနိုင်ချေ။
တကယ်လို့ မိန်းမတစ်ယောက်ဆိုရင် အနည်းဆုံးတော့ ဖက်လိုက်လို့ ရသေးတယ်လေ... ယောက်ျားတစ်ယောက်က ဘာလုပ်လို့ရမှာလဲ…
"အခုကစပြီး အလုပ်တွေကို ခင်ဗျားပဲ တာဝန်ယူရမယ်... ပုံမှန်ဆိုရင် အရေးကြီးကိစ္စ မရှိဘဲနဲ့ ကျွန်တော့်ဆီ သတင်းပို့နေစရာ မလိုဘူး..."
"ဒါပေမဲ့ သုံးလတစ်ကြိမ်တော့ အလုပ်တွေကို စစ်ဆေးဖို့ လူလွှတ်ပေးမယ်..."
"စိတ်ချပါ သူဌေး... ကျွန်တော် အလုပ်မှာ လုံးဝ ပေါ့ပေါ့ဆဆ မနေဘဲ သတ်မှတ်ချက်တွေအတိုင်း တိတိကျကျ လိုက်နာပါ့မယ်..."
မန်နေဂျာ ရွှီခယ်ဝေ့ က ချက်ချင်း အာမခံလိုက်၏။
ချန်ဖုန်းက စားပွဲကို လက်နဲ့ခေါက်ရင်း တည်ငြိမ်စွာ မေးလိုက်သည်။
"ကမ္ဘာ့ကုန်သွယ်ရေးစင်တာ က အခု အကုန်လုံး ငှားပြီးသွားပြီလား..."
"သူဌေး... ဒီနေရာက ပြည်နယ်မြို့တော် တစ်ခုလုံးမှာ အကောင်းဆုံးနေရာလေ... ဝယ်လိုအား အရမ်းများတော့ အကုန်လုံး ငှားပြီးသွားတာ ကြာပါပြီ..."
"အော်..."
ချန်ဖုန်း မျက်မှောင်ကုတ်လိုက်၏။
ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ က တိုးတက်လာနေပြီး နောက်ဆုံးတွင် ပြည်နယ်မြို့တော် သို့မဟုတ် မြို့တော်အထိပင် တိုးချဲ့ရမည် ဖြစ်သည်။
သူ့အနေနဲ့ ကြိုတင်စီစဉ်ထားရမည်လေ။
"နောက်လအနည်းငယ်အတွင်းမှာ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ရဲ့ အကောင်းဆုံးနေရာက အထပ်သုံးထပ်ကို ရှင်းလင်းထားပေးပါ... အဲဒီအခါကျရင် ကျွန်တော် သုံးစရာ ရှိတယ်..."
"ဒါပေမဲ့... တချို့က ငှားရမ်းခ ပေးထားပြီးသားလေ..."
မန်နေဂျာ ရွှီခယ်ဝေ့ မှာလည်း အနည်းငယ် အခက်တွေ့သွားပေ၏။
သက်တမ်းကုန်တော့မည့် ငှားရမ်းမှုများအတွက်ဆိုလျှင် သက်တမ်းမတိုးရန် ရွေးချယ်နိုင်သော်လည်း ငှားရမ်းခ ပေးထားပြီးသူများအတွက်မူ များစွာ ပိုမို ခက်ခဲလှသည်။
ချန်ဖုန်းက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"သူတို့ရဲ့ ငှားရမ်းခကို ပြန်ပေးလိုက်ပြီး နေရာသစ်တစ်ခုကို ပြောင်းခိုင်းလိုက်ပေါ့... ဈေးနှုန်းကွာဟချက်ကို ကျွန်တော်တို့က စိုက်ထုတ်ပေးလိုက်... နည်းလမ်းတွေက အများကြီးပဲ... ဒီလောက်လေးကို ကျွန်တော် ကသင်ပေးနေရဦးမှာလား…
ဒီကိစ္စသေးသေးလေးကိုတောင် သေချာ မလုပ်နိုင်ဘူးဆိုရင် ခင်ဗျား ဘာမှလုပ်နေစရာ မလိုတော့ဘူး..."
"နားလည်ပါပြီ... နားလည်ပါပြီ..."
မန်နေဂျာ ရွှီခယ်ဝေ့ ချွေးစေးများ ထွက်လာခဲ့လေ၏။
ယခုမှသာ သူ နားလည်သွားတော့သည်။
သူ၏ မျက်စိရှေ့ရှိ သူဌေးသည် ငယ်ရွယ်ပုံရသော်လည်း လှည့်စား၍ရလောက်အောင် လုံးဝ မလွယ်ကူချေ။
သူက အလျင်အမြန် ပြောလိုက်သည်။
"စိတ်ချပါ သူဌေး... တစ်လအတွင်း ဒီကိစ္စကို သေချာပေါက် ပြီးအောင် လုပ်ပေးပါ့မယ်... နောက်ထပ် ကိစ္စတစ်ခု ရှိပါသေးတယ်... ဝင်ရောက်ဖွင့်လှစ်ထားတဲ့ ကုမ္ပဏီသူဌေး တချို့က သူဌေး ဒီနေ့လာမယ်ဆိုတာ သိနေကြတယ်..."
"သူဌေးကို လာတွေ့ချင်နေကြလို့... သူဌေး အချိန်ရမလား..."
"ဒီလောက် ဒုက္ခခံနေစရာ မလိုပါဘူး... ကျွန်တော်လည်း ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ကို လိုက်ကြည့်ချင်နေတာနဲ့ အတော်ပဲ... ကျွန်တော်နဲ့ လိုက်ခဲ့..."
ထိုအခါမှသာ ချန်ဖုန်းသည် သူ၏ ထိုင်ခုံမှ ထရပ်လိုက်၏။
ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တွင် စုစုပေါင်း အထပ် ၆၅ ထပ်နှင့် ကုမ္ပဏီပေါင်း တစ်ရာကျော် ရှိပေသည်။
တစ်ခုပြီးတစ်ခု လိုက်လံကြည့်ရှုရန် သူ့တွင် ခွန်အားမရှိချေ။
‘ဘယ်သွားသွား အတူတူပဲလေ...
ပေါ့ပေါ့ပါးပါးပဲ သူတို့ကို သိကျွမ်းအောင် လုပ်လိုက်မယ်…’
ထို့အပြင် ချန်ဖုန်းသည် အတော်လေး အေးအေးဆေးဆေး နေတတ်သူဖြစ်ပြီး လာရောက်ကြည့်ရှုသူ များပြားလွန်းခြင်းကို မလိုလားချေ။
ကုမ္ပဏီအနည်းငယ်ကို ပေါ့ပေါ့ပါးပါး လိုက်လံကြည့်ရှုပြီးနောက် သူသည် ဆယ့်ရှစ်ထပ်သို့ ရောက်ရှိသွားခဲ့သည်။
"ပုရှန်း မီဒီယာကုမ္ပဏီ လား..."
"ဒါက အေဂျင်စီ ကုမ္ပဏီတစ်ခုပါ..."
မန်နေဂျာ ရွှီခယ်ဝေ့ က အလျင်အမြန် ပြောလိုက်သည်။
"ဒီကုမ္ပဏီရဲ့ ပိုင်ရှင်က အသက် ၃၀ လောက်ရှိတဲ့ ဖန်ပုရှန်း ပါ... သူ တည်ထောင်ထားတဲ့ ကုမ္ပဏီက တော်တော်လေး အတိုင်းအတာတစ်ခုအထိ ရှိပါတယ်..."
"ချန်ရှောင်ရှောင်... ရွှီချင်းချန် နဲ့ ဝမ်ရော့ဟန် လိုမျိုး ဒုတိယအဆင့် မင်းသမီး တချို့ကို ပျိုးထောင်ပေးနိုင်ခဲ့တယ်လေ..."
"ဒီလောကထဲမှာတော့ အတော်လေး နာမည်ကြီးပါတယ်..."
"အော်..."
ချန်ဖုန်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေခဲ့၏။
"အထဲဝင်ပြီး သွားကြည့်ကြရအောင်..."
ထိုသို့ပြောပြီးနောက် သူသည် အတွင်းသို့ ဝင်ရောက်သွားလေသည်။