အခန်း ၁၆၅
Vol. 17 Ch. 165
အခန်း (၁၆၅) အခုချက်ချင်း ထွက်သွားစမ်း
ပုရှန်း မီဒီယာကုမ္ပဏီ ၏ ရုံးခန်းအတွင်း
ဖန်ပုရှန်းသည် သူ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ရွှီချင်းချန် ကို ကြည့်ကာ အေးစက်စွာ ပြောဆိုလိုက်၏။
"ကဲ ရွှီချင်းချန်... မင်းကို နာမည်ကြီးလာအောင် ကုမ္ပဏီက အရင်းအမြစ်တွေ အများကြီး သုံးခဲ့ရတယ်..."
"မင်းက ကုမ္ပဏီကို ဘယ်လို ကျေးဇူးဆပ်မလဲ... ငါ့ကိုကော ဘယ်လို ကျေးဇူးဆပ်မှာလဲ..."
"ဒီဟာလည်း မသရုပ်ဆောင်ဘူး... ဟိုဟာလည်း မသရုပ်ဆောင်ဘူး..."
"ငါစီစဉ်ပေးတဲ့ ပွဲတွေကိုတောင် မင်းက မတက်ဘူး... မင်းက အတိအကျ ဘာလိုချင်နေတာလဲ..."
ယနေ့ ရွှီချင်းချန် သည် သာမန် ပေါ့ပေါ့ပါးပါး အဝတ်အစားများကိုသာ ဝတ်ဆင်ထားခဲ့ပေသည်။
ဘာပဲဖြစ်ဖြစ် ရုပ်ရှင်မရိုက်ရတာ ကြာပြီဖြစ်ရာ သက်တောင့်သက်သာရှိမည့် အဝတ်အစားကိုသာ သူမ ဝတ်ဆင်ထားခြင်း ဖြစ်၏။
သို့သော် ထိုသို့ဖြစ်လျှင်ပင်
သူမ၏ ရုပ်ရည်မှာ တကယ်ကို ရင်သပ်ရှုမောဖွယ်ကောင်းလှပေသည်။
ချယ်ရီသီးလေးကဲ့သို့ နှုတ်ခမ်းများနှင့် ဖြူဝင်းသော အသားအရေဖြင့် သူမသည် လတ်ဆတ်ပြီး ကြော့ရှင်းသော ခံစားချက်ကို ပေးစွမ်းနေ၏။
ရွှီချင်းချန် သည် မျက်မှောင်အနည်းငယ် ကုတ်လိုက်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
"စီအီးအိုဖန်... ကုမ္ပဏီက ကျွန်မအပေါ် အရင်းအမြစ်တွေ ဘယ်လောက် ရင်းနှီးမြှုပ်နှံထားတယ်ဆိုတာကို ကျွန်မထက် ရှင်က ပိုသိပါတယ်... ကျွန်မ ရှင်းပြနေဖို့ လိုသေးလို့လား..."
"ကျွန်မရဲ့ နာမည်ကျော်ကြားမှုက ကုမ္ပဏီရဲ့ ကျေးဇူးကြောင့်ဆိုတာကိုတော့ ကျွန်မ ဝန်ခံပါတယ်..."
"ဒါပေမဲ့ အဲဒါက ကျွန်မရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ရယူခဲ့တာလေ..."
"ကျွန်မက သရုပ်ဆောင်တဲ့ အလုပ်ကိုပဲ သေချာလုပ်ချင်တာ... အရက်သောက်ပွဲတွေ ဒါမှမဟုတ် ညနက်ပိုင်း ဇာတ်ညွှန်းဆွေးနွေးပွဲတွေကို ကျွန်မ လုံးဝ မတက်နိုင်ဘူး..."
"တကယ်လို့ ရှင်က ကျွန်မရဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ပစ်ချင်ရင်လည်း ဖြတ်ပစ်လိုက်... ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့ စာချုပ်က နောက်ထပ် ခြောက်လလောက်ပဲ လိုတော့တာပဲ..."
"မင်း..."
ဖန်ပုရှန်း အနည်းငယ် ဒေါသထွက်သွားခဲ့သည်။
ဤမိန်းမက တကယ်ကို ခေါင်းမာပြီး တဇွတ်ထိုးနိုင်လွန်းလှပေ၏။ သူ၏ အကြည့်များက ရွှီချင်းချန် ၏ ကိုယ်ပေါ်သို့ ဖြတ်ပြေးသွားပြီး ယနေ့ ဤမိန်းမကို ရအောင်ယူရန် သူ သန္နိဋ္ဌာန် ချထားခဲ့သည်။
သူ၏ ရင်ထဲရှိ ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ပြီး သူ၏ လေသံကို အနည်းငယ် လျှော့ချလိုက်၏။
"ချင်းချန်... ငါဒီလိုလုပ်တာတွေ အကုန်လုံးက မင်းကောင်းဖို့အတွက်ချည်းပါပဲ..."
"စဉ်းစားကြည့်ပါဦး... မင်းရဲ့ရုပ်ရည်မျိုးနဲ့ဆိုရင် အဲဒီဒါရိုက်တာတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို စည်းရုံးနိုင်သရွေ့..."
"မင်းရှေ့မှာ အရင်းအမြစ်တွေ အများကြီး ရှိလာမှာပဲ... တစ်နှစ်အတွင်း မင်းကို ထိပ်တန်းအဆင့် မင်းသမီးတစ်လက် ဖြစ်လာစေရမယ်လို့ ငါ အာမခံတယ်..."
"အဲဒီအခါကျရင် ကျော်ကြားမှုတွေ... ဓနဥစ္စာတွေနဲ့ တခြားအရာတွေ အကုန်လုံး ရလာမှာပေါ့..."
"အလုပ်မလုပ်ရတာ ခြောက်လလောက်ရှိနေပြီး စုဆောင်းထားတဲ့ ပိုက်ဆံတွေလည်း ကုန်လုနီးပါး ဖြစ်နေတဲ့ အခုလက်ရှိ မင်းရဲ့အခြေအနေနဲ့ မတူဘူးလေ..."
"ချန်ရှောင်ရှောင် ကို ပြန်ကြည့်လိုက်စမ်းပါ..."
"သူမက ဒီနှစ်ထဲမှာ ရိုက်ကူးရမယ့် ဇာတ်လမ်း သုံးကားရှိသလို ဖျော်ဖြေရမယ့် ဇာတ်လမ်းတွဲ နှစ်ခုလည်း ရှိတယ်... ထိပ်တန်းအဆင့် မင်းသမီးတွေနဲ့ ရင်ပေါင်တန်းနိုင်တဲ့ အရင်းအမြစ်တွေလေ..."
စကားပြောနေစဉ်…
ဖန်ပုရှန်းသည် ရွှီချင်းချန် ၏ အနီးသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။
ထို့နောက် သူမ၏ နားနားသို့ ကပ်ကာ တီးတိုးပြောလိုက်၏။
"ချင်းချန်... တကယ်တော့ ငါက မင်းကို ပိုယုံကြည်တယ်... မင်းသာ ငါ့အစီအစဉ်တွေကို သဘောတူမယ်ဆိုရင် ဒီအရင်းအမြစ်တွေ အကုန်လုံးကို မင်းဆီ ပေးလို့ရတယ်..."
"ကျွန်မ မလိုချင်ဘူး..."
ရွှီချင်းချန် သည် သူမ၏ ခန္ဓာကိုယ်ကို ဘေးဘက်သို့ ရုတ်တရက် ရွှေ့လိုက်သည်။
စောစောက တစ်ဖက်လူသည် သူမ၏ ကိုယ်သင်းရနံ့ကို ရှူရှိုက်နေသည်ကို သူမ ခံစားလိုက်ရသဖြင့် အနည်းငယ် နေရခက်သွားရပေ၏။
ဖန်ပုရှန်း၏ မျက်နှာပေါ်ရှိ အပြုံးများ ထပ်မံ ပျောက်ကွယ်သွားလေသည်။
သူသည် သူ၏ စားပွဲဆီသို့ လျှောက်သွားကာ ဇာတ်ညွှန်းနှစ်ခုကို ထုတ်ယူပြီး လှမ်းပစ်ပေးလိုက်၏။
"ကောင်းပြီလေ... မင်းကို အပြင်ပွဲတွေ မတက်ခိုင်းတော့ဘူး... မင်းက သရုပ်ဆောင်ရတာကို နှစ်သက်တယ် မဟုတ်လား..."
"ငါ့ဆီမှာ ဇာတ်ညွှန်း နှစ်ခုရှိတယ်... ကိုယ့်ဘာသာ ကြည့်လိုက်... မနက်ဖြန် အလုပ်စဖို့ ငါတို့ ပြင်ဆင်နေပြီ..."
ဟင်...
ရွှီချင်းချန် အနည်းငယ် အံ့အားသင့်သွားရသည်။
သူမ၏ စာချုပ်သက်တမ်းမှာ ခြောက်လသာ လိုတော့သဖြင့် သူမ၏ အရင်းအမြစ်များ ဖြတ်တောက်ခံရမည်ကို သူမ ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပေ၏။
အကယ်၍ ချန်ဖုန်း၏ ရုပ်ရှင်ကုမ္ပဏီသာ တည်ထောင်ပြီးသွားပါက...
အဆိုးဆုံးအနေဖြင့် ချန်ဖုန်း ထံသို့သာ သွားရောက်ပူးပေါင်းလိုက်မည်။
သူမ၏ အပျိုစင်ဘဝကို ဆုံးရှုံးရမည်ဆိုလျှင်ပင်...
ချန်ဖုန်းကိုသာ သူမ ရွေးချယ်မည်ဖြစ်ပြီး ဖန်ပုရှန်းကိုတော့ ဘယ်တော့မှ အောင်မြင်ခွင့် ပေးမည်မဟုတ်ချေ။
သို့သော် ယခုအခါ
ဘာအကြောင်းကြောင့်များ တစ်ဖက်လူက ဇာတ်ညွှန်းနှစ်ခုကို ပေးရသနည်း။
ရွှီချင်းချန် သည် ဇဝေဇဝါဖြစ်နေသော အမူအရာဖြင့် ဇာတ်ညွှန်းကို ယူလိုက်သည်။
ပါဝင်သော အကြောင်းအရာများကို ဂရုတစိုက် လေ့လာကြည့်ရှုလိုက်၏။
နောက်တစ်စက္ကန့်တွင်
သူမ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားလေတော့သည်။ထို့နောက်
ထိုင်ခုံမှ ရုတ်တရက် ထရပ်လိုက်၏။
သူမက ဖန်ပုရှန်းကို ဒေါသတကြီး စိုက်ကြည့်လျက် ပြောလိုက်သည်။
"ဒီလိုဇာတ်ညွှန်းမျိုးမှာ ကျွန်မ မသရုပ်ဆောင်နိုင်ဘူး..."
"ဘာဖြစ်လို့လဲ..."
ဖန်ပုရှန်းက လှောင်ပြောင်သော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းက သရုပ်ဆောင်ရတာကို နှစ်သက်တယ် မဟုတ်ဘူးလား... ဇာတ်ညွှန်းကို ငါ ပေးပြီးပြီလေ... ပြီးတော့ မင်းက ခေါင်းဆောင်မင်းသမီးဆိုတော့ တခြားပွဲတွေကိုလည်း တက်စရာ မလိုတော့ဘူး..."
"ဘယ်လောက် ကောင်းတဲ့ ကိစ္စလဲ... တခြားသူတွေဆို လိုချင်တာတောင် မရနိုင်ကြဘူး..."
ရွှီချင်းချန် ၏ မျက်နှာမှာ ဒေါသကြောင့် နီရဲသွားခဲ့ပေသည်။
ဇာတ်ညွှန်းထဲတွင် ဖော်ပြထားသော မြင်ကွင်းများကို တွေးလိုက်မိရုံဖြင့် သူမ၏ နှလုံးခုန်မြန်လာစေ၏။
"ဒီလို ရုပ်ရှင်မျိုးမှာ သရုပ်ဆောင်ဖို့ ကျွန်မ မလုပ်ဘူး.. ဒါက အရမ်းကို ပေါ်လွင်လွန်းတယ်... အခြေခံအားဖြင့် အိပ်ခန်းထဲက မြင်ကွင်းတွေချည်းပဲ..."
ရွှီချင်းချန် သည် စကားပြောရန်ပင် ခက်ခဲနေခဲ့သည်။
ဖန်ပုရှန်းက ရယ်မောလိုက်၏။
‘ဒါက အိပ်ခန်းထဲက မြင်ကွင်းသက်သက် မဟုတ်ဘူးကွ...
ရုရှားကစားဝိုင်းထက်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းသေးတယ်’ဟုသူတွေးလိုက်သည်။
"ရွှီချင်းချန်... မင်းနဲ့ ငါနဲ့ စာချုပ်ချုပ်ထားတာကို မမေ့နဲ့နော်... တကယ်လို့ သရုပ်ဆောင်ဖို့ ငြင်းဆန်မယ်ဆိုရင် စာချုပ်ဖောက်ဖျက်ကြေး ပေးရလိမ့်မယ်... စာချုပ်ဖောက်ဖျက်ကြေးကလည်း သိပ်မများပါဘူး... ယွမ် သန်း ၁၀၀ ကျော်လေးပါ..."
"တကယ်လို့ မင်းက ယွမ် သန်း ၁၀၀ ကျော်ကို ထုတ်ပေးနိုင်မယ်ဆိုရင် မင်းရဲ့ စာချုပ်ကို အခုချက်ချင်း ဖျက်သိမ်းပေးနိုင်တယ်..."
"တကယ်လို့ အဲဒီလောက် ပိုက်ဆံ အများကြီး မထုတ်ပေးနိုင်ဘူးဆိုရင်တော့ သေချာလေး သရုပ်ဆောင်လိုက်ပေါ့..."
"ကျွန်မ..."
ရွှီချင်းချန် ၏ ခေါင်းထဲတွင် ထူပူသွားလေ၏ ။အခုမှ သူမ မှတ်မိသွားသည်။ စာချုပ်ချုပ်ဆိုစဉ်က ထိုကဲ့သို့သော အချက်တစ်ခု အမှန်တကယ် ပါဝင်ခဲ့ပေသည်။
သရုပ်ဆောင်ဖို့ ငြင်းဆန်လို့ မရဘူးလေ...
သို့သော် နှစ်များတစ်လျှောက်လုံး သူမတွင် စုဆောင်းငွေ ယွမ်သန်းဆယ်ဂဏန်းခန့်သာ ရှိခဲ့သည်။
ယခုအခါ ယွမ်သန်း ၂၀ ကျော်သာ ကျန်ရှိတော့ပေ၏။ ယွမ် သန်း ၁၀၀ ကျော်ကို ဘယ်ကနေ သွားရှာရမှာလဲ…
သူမ မရှာနိုင်ဘူးလေ…အဲဒီတော့ သရုပ်ဆောင်ရတော့မှာပေါ့...
ရွှီချင်းချန် သည် ထိုမြင်ကွင်းကို ကြိုမြင်နေရသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ အဝတ်အစားများ အပိုင်းပိုင်းအစစ ဆုတ်ဖြဲခံရပြီးနောက် တစ်ဖက်လူက သူမအပေါ်သို့ ခုန်အုပ်လာမည်။
ဒါက ဇာတ်ညွှန်း လုံးဝ မဟုတ်ဘူး...
အခြေခံအားဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုပဲ…
"ဖန်ပုရှန်း... ရှင် တကယ် အရှက်မရှိတာပဲ..."
"အရှက်မရှိဘူး ဆိုတာက ဘာအဓိပ္ပာယ်လဲ... စာချုပ်မှာ အဖြူပေါ် အမည်းနဲ့ ရေးထားပြီးသားလေ... မင်းဘာသာ မဖတ်ခဲ့ဘူးဆိုရင် တခြားဘယ်သူ့ကို သွားအပြစ်တင်လို့ရမှာလဲ..."
ဖန်ပုရှန်းက ဂုဏ်ယူစွာ ပြုံးလိုက်သည်။
"ချင်းချန်... မင်းရဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တော့လေ..."
"ကျွန်မ..."
ရွှီချင်းချန် အနည်းငယ် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရ၏။
ထိုအချိန်၌ သူမသည် ချန်ဖုန်းကို ရုတ်တရက် သတိရသွားသည်။
တကယ်လို့ သူမက ချန်ဖုန်းဆီက ပိုက်ဆံချေးမယ်ဆိုရင် သူက ချေးပါ့မလား...
ဘယ်သူသိမှာလဲ...
မချေးလောက်ဘူးထင်တယ်…
ထိုအချိန်မှာပင် ပုံရိပ်တစ်ခု ရုတ်တရက် ဝင်ရောက်လာခဲ့ပေသည်။ ဘေးနားရှိ ထိုင်ခုံပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်လိုက်ရင်း လှောင်ပြောင်သော အမူအရာဖြင့် ပြောဆိုလိုက်သည်။
"စီအီးအိုဖန် က တကယ်ကို ဉာဏ်ကောင်းတဲ့ လှည့်ကွက်တွေ ရှိတာပဲ... သခင်မလေးရွှီ ဘာပဲရွေးရွေး ခင်ဗျားက အနိုင်ရမယ့်သူ ဖြစ်နေတာကိုး..."
ရင်းနှီးနေသော ထိုအသံကို ကြားလိုက်ရသဖြင့် ရွှီချင်းချန် ရုတ်တရက် မော့ကြည့်လိုက်သည်။ ထို့နောက်
အံ့အားသင့်စွာ အော်ဟစ်လိုက်၏။
"ချန်... မစ္စတာချန်..."
ဖန်ပုရှန်းမှာလည်း မျက်မှောင်အနည်းငယ် ကုတ်သွားသည်။
"ဥက္ကဋ္ဌချန်..."
ထိုအချိန်၌ လက်ထောက်တစ်ဦးက အပြေးအလွှား ဝင်လာပြီး စိုးရိမ်တကြီး ပြောဆိုလိုက်၏။
"ဖန်... စီအီးအိုဖန်... ဒီလူကြီးမင်းက အတင်းဝင်လာတာမို့လို့... ကျွန်တော် တားလို့မရလိုက်ဘူး..."
"ရပြီ... မင်း သွားလို့ရပြီ..."
ဖန်ပုရှန်း၏ မျက်နှာမှာ မှောင်မိုက်သွားလေသည်။
ချန်ဖုန်း ရုတ်တရက် ပေါ်လာလိမ့်မည်ဟု သူ တကယ်ကို မထင်မှတ်ထားခဲ့ချေ။
သူ၏ အကြည့်များက ချန်ဖုန်းနှင့် ရွှီချင်းချန် အကြား ရုတ်တရက် ကူးလူးဖြတ်ပြေးသွားပြီး ထိုနှစ်ယောက်က အချင်းချင်း သိနေကြပုံရလေသည်။
‘ဒါကတော့ မကောင်းတော့ဘူး’
ထိုအချိန်၌ မန်နေဂျာ ရွှီခယ်ဝေ့ သည်လည်း ဖြည်းညင်းစွာ ဝင်ရောက်လာခဲ့သည်။
ဖန်ပုရှန်းအား နှုတ်ဆက်ပြီးနောက် ချန်ဖုန်း၏ ဘေးတွင် ရိုသေစွာ ရပ်နေလိုက်၏။
ရုံးခန်းတစ်ခုလုံးရှိ လေထုမှာ အနည်းငယ် တင်းမာနေခဲ့သည်။
ဖန်ပုရှန်းက မှောင်မိုက်နေသော မျက်နှာအမူအရာဖြင့် ပြောဆိုလိုက်သည်။
"ဥက္ကဋ္ဌချန်... စောစောက လေယာဉ်ပေါ်မှာ ကျွန်တော်တို့ တွေ့ခဲ့ကြတယ်နော်... ဒီလောက် မြန်မြန် ထပ်တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး..."
စကားပြောနေစဉ်မှာပင် သူက အကြောင်းအရာကို ပြောင်းလိုက်၏။
"ဒါပေမဲ့ ခင်ဗျားက ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ရဲ့ ပိုင်ရှင်ဖြစ်နေရင်တောင် ကျွန်တော့်ကုမ္ပဏီထဲကို အတင်း ဝင်လာလို့မရဘူးလေ... ဘာပဲဖြစ်ဖြစ် ကျွန်တော်က ငှားရမ်းခ ပေးထားတာပဲ..."
ဘေးနားတွင် ရပ်နေသော ရွှီချင်းချန် မှင်တက်သွားရပေသည်။
ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ရဲ့ ပိုင်ရှင်လား...
အို ဘုရားရေ...
ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ကလည်း သူ့ဟာပဲလား...
ချန်ဖုန်းတွင် ပိုင်ဆိုင်မှု မည်မျှရှိသည်ကို သူမ တကယ်ကို စိတ်ကူးမယဉ်နိုင်အောင် ဖြစ်နေမိ၏။
ချန်ဖုန်းက မန်နေဂျာ ရွှီခယ်ဝေ့ ကို ရုတ်တရက် ကြည့်လိုက်သည်။
"ပုရှန်း မီဒီယာကုမ္ပဏီ ရဲ့ ငှားရမ်းမှု သက်တမ်းကုန်ဖို့ ဘယ်လောက် လိုသေးလဲ..."
"အဲဒါကို စစ်ဆေးဖို့ လိုပါတယ်..."
မန်နေဂျာ ရွှီခယ်ဝေ့ က စစ်ဆေးရန် သူ၏ ဖုန်းကို အလျင်အမြန် ထုတ်ယူလိုက်သည်။
မကြာမီ သူက အလျင်အမြန် ပြန်ဖြေလိုက်၏။
"သူဌေး... သူတို့မှာ သုံးလ လိုပါသေးတယ်..."
ချန်ဖုန်းက ထပ်မေးလိုက်သည်။
"စာချုပ်ဖောက်ဖျက်ကြေးက ဘယ်လောက်လဲ..."
"ငှားရမ်းခရဲ့ ၃၀ ရာခိုင်နှုန်းပါ..."
"အင်း..."
ချန်ဖုန်းက ခေါင်းညိတ်လိုက်ပြီးနောက် ဖန်ပုရှန်းအား ရုတ်တရက် ကြည့်လိုက်၏။
"မင်းရဲ့ ငှားရမ်းခက တစ်လကို နှစ်သိန်းဆိုတော့ သုံးလအတွက် ခြောက်သိန်းပေါ့... စာချုပ်ဖောက်ဖျက်ကြေး အပါအဝင်ဆို စုစုပေါင်း ခုနစ်သိန်းရှစ်သောင်းပဲ..."
"ငါ မင်းကို ယွမ်တစ်သန်း ပေးမယ်... အခုချက်ချင်း ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ထဲကနေ ထွက်သွားစမ်း..."
"ခင်ဗျား..."
ဖန်ပုရှန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားလေတော့သည်။