အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆) မင်း ထွက်သွားရဲလား
တစ်ဖက်လူက စာချုပ်ဖောက်ဖျက်ကြေး ယွမ် တစ်သန်း ပေးမည်ဟု ဆိုသော်လည်း
ဖန်ပုရှန်းအတွက်တော့ ယွမ် တစ်သန်းက ဘာမှမဟုတ်ပါဘူး။
သူက ပိုက်ဆံကို မလိုချင်ဘူးလေ...
အဲဒီအစား ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မှာ ကုမ္ပဏီကို ဆက်လက်လည်ပတ်ခွင့် ရချင်တာပါ...ဘာပဲဖြစ်ဖြစ်
ဒီနေရာက ပြည်နယ်မြို့တော်ရဲ့ စီးပွားရေး ဗဟိုချက်မလေ...
ဒီနေရာမှာ ကုမ္ပဏီဖွင့်ထားတာက မျက်နှာပန်းလှရုံသာမကဘဲ နာမည်ကြီး ပုဂ္ဂိုလ်တွေနဲ့ အချက်အလက်လမ်းကြောင်းတွေကို ပိုပြီး လက်လှမ်းမီနိုင်တယ်လေ…
ဖန်ပုရှန်း အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူ၏ မကျေနပ်မှုကို အတင်းအကျပ် ဖိနှိပ်ထားကာ ပြောလိုက်သည်။ "ဥက္ကဋ္ဌချန်... ခင်ဗျားရဲ့ စာချုပ်ဖောက်ဖျက်ကြေးကို ကျွန်တော် မလိုချင်ပါဘူး... ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ရဲ့ ပိုင်ရှင်အနေနဲ့ စာချုပ်ကို လေးစားဖို့ မျှော်လင့်ပါတယ်..."
"ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မှာ လာဖွင့်ထားတဲ့ ကုမ္ပဏီပေါင်း ရာကျော်ရှိတယ်... ခင်ဗျားက အခုလို ပေါ့ပေါ့ဆဆ စာချုပ်ဖောက်ဖျက်နေမယ်ဆိုရင်..."
"သူတို့က ဘယ်လိုတွေးကြမလဲ..."
"ဒါက ကျွန်တော်ရော ခင်ဗျားအတွက်ပါ မကောင်းဘူးဆိုတာ ခင်ဗျား သိမယ်ထင်တယ်..."
"ငါက ဆန္ဒရှိတယ်လေ... ပိုက်ဆံပိုရတာ မကောင်းဘူးလား..."
ချန်ဖုန်းက အနည်းငယ် နောက်သို့ မှီထိုင်လိုက်ပြီး တစ်ဖက်လူ၏ စကားကို လုံးဝ ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်၏။ "ကမ္ဘာ့ကုန်သွယ်ရေးစင်တာ က ငါ့ဟာပဲ... ငါလုပ်ချင်တာ ငါလုပ်လို့ရတယ်..."
"ဒီနေရာရဲ့ တည်နေရာနဲ့ အနေအထားအရဆိုရင်..."
"ငါက နေ့တိုင်း စာချုပ်ဖောက်ဖျက်နေရင်တောင် ဒီမှာလာဖွင့်ချင်လို့ တောင်းဆိုနေမယ့်သူတွေ အများကြီးပဲ..."
"စီအီးအိုဖန်... မင်းကို အချိန်သုံးရက် ပေးမယ်..."
"သုံးရက်အတွင်း မထွက်သွားဘူးဆိုရင် ငါက အတင်းမောင်းထုတ်ပစ်မယ်..."
"ခင်ဗျား..."
ဖန်ပုရှန်း ဒေါသတကြီး အံကြိတ်လိုက်၏။ သူ့ခင်မျာ ဒေါသထွက်လွန်းလို့ တစ်ဖက်လူကို သေအောင် ရိုက်ပစ်ချင်စိတ်တွေ ပေါ်လာရသည်။
"ဥက္ကဋ္ဌချန်... ကျွန်တော်တို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူးနော်... စောစောက လေယာဉ်ပေါ်မှာ ကျွန်တော်က သခင်မလေးချင် ရဲ့ အဆက်အသွယ်ကို တောင်းခဲ့မိလို့လား... စိတ်မပူပါနဲ့... အဲဒီအဆက်အသွယ်ကို ဖျက်လိုက်ပါ့မယ်..."
"သခင်မလေးချင်...ဟုတ်လား"
ချန်ဖုန်းက လှောင်ပြောင်လိုက်သည်။ "အဲဒီမိန်းမက ငါနဲ့ ဘာမှမပတ်သက်ဘူး... မင်းကြိုက်သလို သွားလုပ်..."
"ဒါဆို ခင်ဗျားက ဘာလို့ ကျွန်တော့်ကို လိုက်ပစ်မှတ်ထားနေရတာလဲ..."
တစ်ဖက်လူက အဘယ်ကြောင့် သူ့ကို ပစ်မှတ်ထားနေရသနည်းဆိုတာကို ဖန်ပုရှန်း တကယ်ကို နားမလည်နိုင်အောင် ဖြစ်နေရ၏။
နောက်တစ်စက္ကန့်တွင်…သူ၏ အကြည့်များက ဘေးနားရှိ ရွှီချင်းချန် ထံသို့ ရုတ်တရက် ရောက်ရှိသွားလေသည်။
ထို့နောက် သူ၏ နှလုံးသားထဲတွင် တုန်ရီသွား၏။
ရွှီချင်းချန် ကြောင့်များလား...
ဒီနှစ်ယောက်က အသိမိတ်ဆွေတွေလောက်ပဲလို့ အစက သူထင်ခဲ့ပေမဲ့ အခုတော့ ကိစ္စတွေက ဒီလောက်မရိုးရှင်းဘူးဆိုတာကို သူ သဘောပေါက်သွားလေပြီ။
အခြေအနေတွေက တင်းမာသွားပြီဆိုတော့…
ဖန်ပုရှန်းလည်း သူ့ရဲ့ မျက်နှာဖုံးကို တိုက်ရိုက် ခွာချလိုက်တော့၏။
"ဥက္ကဋ္ဌချန်... မင်း ဆိုလိုတာကို ငါ သိပါပြီ... မင်းက ရွှီချင်းချန် အတွက် ရှေ့ထွက်ရပ်ပေးတာ မဟုတ်လား... မင်းက ငါ့ကို အေးအေးဆေးဆေး မနေခိုင်းဘူးဆိုရင် မင်းလည်း အေးအေးဆေးဆေး နေရမှာ မဟုတ်ဘူး..."
"ရွှီချင်းချန် ရဲ့ စာချုပ်က အခု ငါ့လက်ထဲမှာပဲ ရှိတယ်..."
"မင်းက သူမအတွက် လျော်ကြေးငွေ ယွမ် သန်း ၁၀၀ ကျော် ပေးလိုက်မလား... ဒါမှမဟုတ် သူမက လိမ္မာသေချာစွာနဲ့ ဒီရုပ်ရှင်ကို လက်ခံရိုက်ကူးမလား..."
သူ့အမြင်အရဆိုလျှင် ချန်ဖုန်းက ရွှီချင်းချန် ကို သေချာပေါက် မျက်စိကျနေခြင်း ဖြစ်ရမည်။ ကောင်းတာပေါ့...ချန်ဖုန်း အနေနဲ့ သူမကို ရဖို့ဆိုရင် ယွမ် သန်း ၁၀၀ ကျော်နဲ့ လဲလှယ်ရမှာပဲ...
ဘာပဲဖြစ်ဖြစ် အခုက ပြတ်စဲသွားပြီဆိုတော့ ရနိုင်တဲ့ အကျိုးအမြတ်တိုင်းက တန်ပါတယ်...
ကံကောင်းစွာနဲ့ သူ့မှာ ရွှီချင်းချန် အပေါ် အသာစီးရထားတဲ့ အချက်တစ်ခု ရှိနေလို့ပေါ့... ဒါမှမဟုတ်ရင် သူ အရှုံးကြီး ရှုံးသွားမှာပဲ…
ရွှီချင်းချန် က မျက်မှောင်အပြင်းအထန် ကုတ်လိုက်၏။
ချန်ဖုန်း ဘာရွေးချယ်မလဲဆိုတာကို သူမ မသိသလို စိတ်ထဲမှာလည်း မသက်မသာ ဖြစ်နေမိသည်။
အခု သူမအနေနဲ့ ချန်ဖုန်းကို အားကိုးဖို့ပဲ ရွေးချယ်စရာ ရှိတော့တယ်။
ထိုအချိန်၌ ချန်ဖုန်းသည် ထိုင်ခုံမှ ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ဖျော့တော့စွာ ပြုံးရင်းပြောလိုက်၏။
"ငါ့ကို ခြိမ်းခြောက်နေတာလား..."
"ဥက္ကဋ္ဌချန် ကို ဆန့်ကျင်ဖို့ ငါ ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး..."
ဖန်ပုရှန်းသည် မတ်မတ်ရပ်ကာ အလွန် ယုံကြည်မှုရှိစွာဖြင့် ပြောဆိုလိုက်သည်။ "တကယ်လို့ ဥက္ကဋ္ဌချန် က ဒါကို ခြိမ်းခြောက်တာလို့ ထင်ရင်လည်း ခြိမ်းခြောက်တာပဲလို့ သဘောထားလိုက်ပါ..."
"ဘာပဲဖြစ်ဖြစ် မင်းက ငါ့ကို ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မှာ ဆက်နေခွင့်မပေးဘူးဆိုတော့ ငါက မင်းကို ခြိမ်းခြောက်ရင်ရော ဘာဖြစ်လဲ..."
"ဖန်ပုရှန်း..."
ဘေးနားမှ မန်နေဂျာ ရွှီခယ်ဝေ့ က အေးစက်စွာ အော်ဟစ်လိုက်၏။
"ဥက္ကဋ္ဌရွှီ... ဒီကိစ္စအတွက် ခင်ဗျား ကျွန်တော့်ကို အပြစ်တင်လို့ မရဘူးနော်... ခင်ဗျားရဲ့ သူဌေးက ရောက်ရောက်ချင်းပဲ ကျွန်တော့်ကို ဖိအားပေးခဲ့တာ... ဒါက ရွှီချင်းချန် ကိစ္စမှာ ကျွန်တော် အလျှော့ပေးလာအောင် သွယ်ဝိုက်ပြီး လုပ်နေတာ မဟုတ်ဘူးလား..."
"အခု ကျွန်တော် သဘောပေါက်ပြီ... ဒီနေ့ သူလာတဲ့ ရည်ရွယ်ချက်က ရွှီချင်းချန် စာချုပ်ဖျက်သိမ်းနိုင်ဖို့ ကူညီပေးချင်လို့ပဲ..."
"တကယ်လို့ စာချုပ်ဖျက်သိမ်းချင်တယ်ဆိုရင် ရပါတယ်... ဒါပေမဲ့ ယွမ် သန်း ၁၅၀ ထက် တစ်ပြားမှ လျှော့ပေးလို့ မရဘူး..."
"ဥက္ကဋ္ဌချန် ရဲ့ မိသားစုက ကြီးကျယ်ခမ်းနားပြီး ချမ်းသာကြွယ်ဝတယ်လို့ ထင်ပါတယ်... ဒီလောက် ပိုက်ဆံလေးကိုတော့ ဂရုစိုက်နေမှာ မဟုတ်ပါဘူးနော်..."
ဖန်ပုရှန်းသည် ပြည်နယ်မြို့တော်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်ပြီး လွယ်လွယ်ကူကူ အနိုင်ကျင့်လို့ရမည့်သူ မဟုတ်ချေ။
‘ငါ့ရဲ့ ငွေရှာတဲ့လမ်းကြောင်းကို မင်း ပိတ်ဆို့နေတယ်...
ဒါက ငါ့မိဘတွေကို သတ်တာနဲ့ အတူတူပဲ...
မင်းက ငါ့ကို ကောင်းကောင်းမွန်မွန် စကားပြောဦးမယ်လို့ ထင်နေတာလား...
အိပ်မက်မက်နေလိုက်...
မင်းမှာ ပိုက်ဆံရှိတော့ရော ဘာဖြစ်လဲ... မင်းက လိမ္မာသေချာစွာနဲ့ ထုတ်ပေးရမှာပဲလေ…’
ရွှီချင်းချန် ၏ မျက်နှာအမူအရာမှာ အလွန် ရှုပ်ထွေးနေခဲ့၏။
တစ်ဖက်တွင် ဖန်ပုရှန်း၏ ထိန်းချုပ်မှုမှ လွတ်မြောက်နိုင်ရန် ချန်ဖုန်း၏ အကူအညီကို လိုချင်နေသော်လည်း အခြားတစ်ဖက်တွင်မူ ချန်ဖုန်းအား ငွေအမြောက်အမြား အကြွေးမတင်ချင်ပေ။
ယွမ် သန်း ၁၅၀ တောင်...
သူမ တစ်သက်လုံး ရှာရင်တောင် ရမှာမဟုတ်ဘူး...
ချန်ဖုန်းအတွက် ဒါက ဘာမှမဟုတ်ဘူးဆိုပေမဲ့ သူမက ဒီငွေကို ပြန်ဆပ်ရဦးမှာလေ…
ထိုအချိန်၌ ချန်ဖုန်းက ပြုံးလိုက်ရုံသာ ပြုံးနေခဲ့သည်။
ကုမ္ပဏီတွင် ရွှီချင်းချန် အကြောင်း ကြားလိုက်ရချိန်၌ သူက လာကြည့်ချင်ရုံသာ ဖြစ်သော်လည်း မထင်မှတ်ဘဲ ဖန်ပုရှန်းနှင့် ရွှီချင်းချန် တို့၏ စကားဝိုင်းကို ကြားခဲ့ရခြင်း ဖြစ်ပေ၏။
ယခုတော့ ရွှီချင်းချန် ကို စာချုပ်ဖျက်သိမ်းနိုင်ဖို့ သူ တကယ်ကို ကူညီပေးချင်နေပြီ။
"ဖန်ပုရှန်း... ယွမ် သန်း ၁၅၀ ဆိုတာ ငါ့အတွက်တော့ တကယ်ကို ဘာမှမဟုတ်ပါဘူး..."
ချန်ဖုန်းသည် လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် ပြုံးတစ်ဝက်ဖြင့် ပြောဆိုလိုက်၏။ "ဒါပေမဲ့ ငါက မင်းကို တစ်ပြားမှ မပေးချင်ဘူး... ဒါတင်မကသေးဘူး... ဒီနေ့ ရွှီချင်းချန် ကို စာချုပ်ဖျက်သိမ်းနိုင်အောင် ငါက ကူညီပေးရဦးမယ်..."
သူက ဖန်ပုရှန်းနှင့် မရင်းနှီးသော်လည်း...
စောစောက ၎င်းတို့၏ စကားဝိုင်းအရ ရှင်းလင်းနေပေသည်။
ဒီလူက စရိုက်အရမ်းဆိုးတယ်...
အထူးသဖြင့် သူ၏ ကုမ္ပဏီရှိ အနုပညာရှင်များထဲတွင် ၎င်းတို့၏ ခန္ဓာကိုယ်ကို ရောင်းချ၍ နာမည်မကြီးလာသူ မည်သူရှိသနည်း။
ဖန်ပုရှန်း ကိုယ်တိုင်တောင် ဝင်ပါဖူးကောင်း ပါပါလိမ့်မယ်။
တကယ်လို့ ရွှီချင်းချန် သာ ဒီကုမ္ပဏီမှာ ဆက်နေမယ်ဆိုရင် အနှေးနဲ့အမြန် ပြဿနာတက်မှာပဲလေ…
"ဟားဟားဟား..."
ဖန်ပုရှန်း အားရပါးရ ရယ်မောလိုက်၏။
ချန်ဖုန်း၏ စကားများကြောင့် သူ သိသိသာသာ ဒေါသထွက်သွားပြီး သူ၏ မျက်နှာ ချက်ချင်း မှောင်မိုက်သွားလေသည်။ "ချန်ဖုန်း... မင်းက နောက်နေတာလား... ဒီစာချုပ်က တရားဝင် အကျိုးသက်ရောက်မှု ရှိတယ်ကွ..."
"ပိုက်ဆံမပေးဘဲနဲ့ လူကို ခေါ်သွားချင်နေတာလား... ဖြစ်နိုင်မယ်လို့ မင်း ထင်နေတာလား..."
"ယုံမလား မယုံဘူးလား... သူမ ဒေဝါလီခံရတဲ့အထိ တရားစွဲပစ်လို့ ရတယ်..."
စကားပြောနေစဉ်မှာပင်…
သူ၏ အကြည့်များက ရွှီချင်းချန် ထံသို့ ရုတ်တရက် ရောက်ရှိသွားသည်။ "ပြောစမ်း... မင်း ထွက်သွားရဲလား..."
"ကျွန်မ..."
ရွှီချင်းချန် ၏ ရင်ထဲတွင် ခါးသီးမှုများကို ခံစားလိုက်ရ၏။
သူမ မထွက်သွားရဲဘူးလေ...
ချန်ဖုန်းက သူမ၏ ပခုံးကို ပုတ်ကာ ရွှီချင်းချန် ကို နှစ်သိမ့်ပေးလိုက်သည်။
သူက ဖျော့တော့စွာ ပြုံးလိုက်၏။ "ဖန်ပုရှန်း... ချန်ရှောင်ရှောင် က မင်းကုမ္ပဏီက အနုပညာရှင်တစ်ယောက်လို့ ငါ မှတ်မိတယ်နော်..."
"ဟုတ်တယ်လေ... အဲဒီတော့ ဘာဖြစ်လဲ..."
ဖန်ပုရှန်းက အေးစက်စွာ နှာမှုတ်လိုက်သည်။
ချန်ဖုန်းက ခေါင်းခါလိုက်၏။ "ပြည်နယ်မြို့တော်က သခင်လေးယွီ နဲ့ ပတ်သက်တဲ့ မကြာသေးခင်က အရှုပ်တော်ပုံကို မင်း မှတ်မိသေးလား... ကောလာဟလတွေထဲက တစ်ခုက ချန်ရှောင်ရှောင် နဲ့ အတူအိပ်ခဲ့တယ် ဆိုတာပဲ..."
"ဗီဒီယိုတစ်ခု တက်လာခဲ့ပေမဲ့ ချက်ချင်း ပြန်ဖျက်သွားတယ်လေ..."
"တကယ်လို့ ငါက ဒီသတင်းကို ထပ်ပြီး ဖော်ထုတ်လိုက်မယ်ဆိုရင် ချန်ရှောင်ရှောင် တော့ ပြီးပြီလို့ မင်း မထင်ဘူးလား..."
"ဒီနှစ်ထဲမှာ သူမက တီဗီဇာတ်လမ်းတွဲ သုံးကားနဲ့ ဖျော်ဖြေရေး အစီအစဉ် နှစ်ခုမှာ ပါဝင်ဖို့ ရှိတယ် မဟုတ်လား..."
"သူမက မင်းရဲ့ ငွေတွင်းကြီး မဟုတ်ဘူးလား..."
"တကယ်လို့ ချန်ရှောင်ရှောင် သာ တစ်ခုခု ဖြစ်သွားမယ်ဆိုရင် ဖန်ပုရှန်း... မင်းဆုံးရှုံးရမှာက အဲဒီ ယွမ် သန်း ၁၅၀ ထက် အများကြီး ပိုသွားလိမ့်မယ်..."
"မင်း..."
ဖန်ပုရှန်း၏ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားလေတော့သည်။
တကယ်လို့ ချန်ရှောင်ရှောင် သာ ဒီလို အရေးကြီးတဲ့အချိန်မှာ အရှုပ်တော်ပုံတွေ ထွက်လာမယ်ဆိုရင်...
လာမယ့် ရုပ်ရှင်တွေ၊ တီဗီဇာတ်လမ်းတွဲတွေနဲ့ ဖျော်ဖြေရေး အစီအစဉ်တွေကို သေချာပေါက် ထိခိုက်စေမှာပဲ...
သူ့ရဲ့ အစောပိုင်း ရင်းနှီးမြှုပ်နှံမှုတွေ အကုန်လုံးက အလဟဿ ဖြစ်သွားတော့မှာပဲ…
‘ချီးပဲ...ဒီကောင်က တကယ် ရက်စက်တာပ’
ချန်ဖုန်းက ဆက်ပြောလိုက်၏။
"ငါ့စွမ်းရည်တွေကို မသံသယဖြစ်နဲ့နော်... ငါ့ရဲ့ Douyin အကောင့်မှာ ဖော်လိုဝါ ဆယ်သန်းကျော် ရှိတယ်... သတင်းတစ်ပုဒ် တင်လိုက်တာနဲ့ လူပြောအများဆုံး စာရင်းထဲ ဝင်သွားမှာပဲ..."
"ပြီးတော့ အခု ငါ့ဆီမှာ အများဆုံး ရှိနေတာက ပိုက်ဆံပဲလေ..."
"လူပြောအများဆုံး အကြောင်းအရာ တချို့ကို ဖန်တီးဖို့ဆိုတာ လွယ်လွယ်လေး မဟုတ်ဘူးလား..."
"မင်းနဲ့ မင်းကုမ္ပဏီက အနုပညာရှင်တွေကို ဖျက်ဆီးပစ်ဖို့ဆိုတာ အရမ်းကို လွယ်ကူလွန်းပါတယ်..."
"တကယ်လို့ မင်းက တစ်ယောက်ယောက်ကို အပြစ်တင်ချင်တယ်ဆိုရင် မင်းရဲ့ မကောင်းတဲ့ အကျင့်စရိုက်ကိုပဲ အပြစ်တင်လိုက်... ကောက်ကျစ်တဲ့ နည်းလမ်းတွေကိုပဲ အမြဲ တွေးနေတာလေ..."
ဖန်ပုရှန်း အလွန် ဒေါသထွက်သွားခဲ့သည်။
သို့သော် သူ ဒေါသထွက်နေသော်လည်း ယခုအချိန်တွင် သူ လုပ်နိုင်စွမ်း ဘာမှမရှိတော့ချေ။
မျက်လုံးတစ်စုံက ချန်ဖုန်းအား စူးစူးရဲရဲ စိုက်ကြည့်ရင်းပြောလိုက်သည်။ "မင်းက အနိုင်ရဖို့ သေချာနေပြီလို့ ထင်နေတာလား... ငါက မင်းကို တကယ် ကြောက်နေမယ်လို့ ထင်နေတာလား... ငါ့ဆီမှာ အနုပညာရှင်ဆိုလို့ ချန်ရှောင်ရှောင် တစ်ယောက်တည်း ရှိတာမှ မဟုတ်တာ... သူမ မရှိလည်း ငါ့ကုမ္ပဏီက လည်ပတ်နေဦးမှာပဲ..."
"ဟုတ်လို့လား..."
ချန်ဖုန်းက သက်ပြင်းချလိုက်သည်။
"ပြည်နယ်မြို့တော်က သခင်လေးယွီ ပြီးခဲ့တဲ့တစ်ခေါက် ဒုက္ခရောက်သွားတာက ဘာလို့လဲလို့ မင်း ထင်လဲ... သူက ငါ့ကို စော်ကားမိလို့လေ..."
"မင်းလိုကောင်က သခင်လေးယွီ ထက် ပိုပြီး ခေါင်းမာတယ်လို့ ထင်နေတာလား..."
"ဒါမှမဟုတ် မင်းက သခင်လေးယွီ ထက်တောင် ပိုခိုင်မာတဲ့ အဆက်အသွယ်တွေ ရှိနေလို့လား..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်.ဖန်ပုရှန်းသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရလေတော့သည်။
သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော တုန်လှုပ်မှုတစ်ခု ဖြတ်ပြေးသွား၏။