အခန်း ၁၆၇
Vol. 17 Ch. 167
အခန်း (၁၆၇) လွတ်လပ်ခွင့်
သခင်လေးယွီ...
သူက ဒီလူကို သိရုံသာမကဘဲ အလွန် ရင်းနှီးကျွမ်းဝင်ခဲ့သူလည်း ဖြစ်သည်။
ချန်ရှောင်ရှောင် ၏ အရင်းအမြစ် အများအပြားမှာ သခင်လေးယွီ ၏ မိတ်ဆက်ပေးမှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အကြားတွင် ထုတ်ပြော၍မရနိုင်သော လျှို့ဝှက်ချက်အချို့ အမှန်တကယ် ရှိနေခဲ့ပေ၏။
ပြီးခဲ့သည့်အကြိမ်က သခင်လေးယွီ သည် တစ်စုံတစ်ယောက်ကို စော်ကားမိခဲ့သည်ဟု သူ ကြားခဲ့ရသည်။
တစ်နာရီအတွင်းမှာတင်…
ကောလာဟလတွေ ဖော်ထုတ်ခံရတယ်…
ကုမ္ပဏီက စုံစမ်းစစ်ဆေးခံရတယ်…
အကောင့်တွေ ပိတ်ဆို့ခံရတယ်…
စီးပွားရေးလုပ်ဖော်ကိုင်ဖက် အားလုံးကလည်း ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်းလိုက်တယ်။ နောက်ဆုံးမှာတော့ သခင်လေးယွီ ဟာ ပြစ်မှုအချို့ ကျူးလွန်မှုနဲ့ အဖမ်းခံခဲ့ရပြီး သူ့ရဲ့ဖခင် ယွီဝမ်ကျိုး နဲ့ သူ့နောက်ကွယ်က အင်အားစုတွေတောင် ဘာမှမတတ်နိုင်ခဲ့ဘူးလေ...
ဖန်ပုရှန်းက ကောင်းစွာ သိရှိထားပေသည်။
သခင်လေးယွီ ၏ နောက်ကွယ်တွင် တရားဝင် ကျောထောက်နောက်ခံ ရှိပြီး သာမန်လူများက သူ့ကို ထိခိုက်အောင် မလုပ်နိုင်ချေ။
ပြီးတော့ အမှန်တရားက ဘာလဲ…
ထိုအချိန်၌ သူသည် သူ၏ရှေ့ရှိ ချန်ဖုန်းအား ရုတ်တရက် ကြည့်လိုက်၏။
သူ၏ ကျောပြင်တစ်ခုလုံးတွင် ချွေးစေးများ ထွက်လာပြီး သူ၏ နဖူးမှ ချွေးသီးချွေးပေါက်ကြီးများ စီးကျလာခဲ့လေသည်။
သူ တကယ်ကို ကြောက်လန့်သွားခဲ့ပြီ။
သခင်လေးယွီ တောင်မှ သူ့ကို
မယှဉ်နိုင်ဘူးဆိုရင် သူကရော ချန်ဖုန်းကို တိုက်ခိုက်ဖို့ ဘာတွေရှိနေလို့လဲ...
တစ်ဖက်လူက သခင်လေးယွီ နဲ့ ပတ်သက်တဲ့ အရှုပ်တော်ပုံတွေကိုတောင် ဖော်ထုတ်နိုင်ခဲ့တာပဲ။
ဒါဆိုရင် သူ့ကိုယ်သူနဲ့ ကုမ္ပဏီက လူတွေအကုန်လုံး ပါဝင်နေတဲ့ အရှုပ်တော်ပုံတွေကို သေချာပေါက် ဖော်ထုတ်ခံရမှာပေါ့…
ဒါက သူ့ကုမ္ပဏီကိုယ်လေ...
ရွှီချင်းချန် ကလွဲရင် တကယ် သန့်ရှင်းတဲ့သူ ရှိလို့လား...
အရေးအကြီးဆုံး အချက်ကတော့...
တစ်ဖက်လူမှာ သေချာပေါက် အဆက်အသွယ်တချို့ ရှိနေတာပဲ...
ဖန်ပုရှန်း၏ ဖြောင့်မတ်နေသော ကျောပြင်သည် ရုတ်တရက် ကွေးညွတ်သွားပြီး သူသည် လေလျော့သွားသော ပူဖောင်းတစ်လုံးကဲ့သို့ ဖြစ်သွားလေ၏။
သူ၏ မျက်နှာပေါ်တွင် ပြာယာခတ်နေသော အမူအရာတစ်ခု ပေါ်လာရင်း ပြောလိုက်သည်။
"ချန်... ဥက္ကဋ္ဌချန်... ခုနက ကျွန်တော့်အမှားတွေပါ... ကျွန်တော်က မျက်ကန်းဖြစ်ပြီး ကုမ္ပဏီရဲ့ အရေးပါမှုကို နားမလည်ခဲ့မိဘူး... ကျွန်တော့်ကို အပြစ်မယူပါနဲ့ဗျာ... ကျွန်တော် မနက်ဖြန် ကုမ္ပဏီကနေ ပြောင်းပေးပါ့မယ်... အာ မဟုတ်ဘူး... ဒီနေ့ပဲ... ဒီနေ့ပဲ ပြောင်းပေးပါ့မယ်..."
"ငှားရမ်းခလည်း မလိုချင်တော့ဘူး... တစ်ပြားမှ မလိုချင်တော့ပါဘူး..."
စကားပြောနေစဉ်မှာပင် သူက အပြင်ဘက်ရှိ အမျိုးသမီးလက်ထောက်အား အလျင်အမြန် အော်ခေါ်လိုက်၏။
"ရှောင်ဟုန်... မြန်မြန် ချင်းချန် ရဲ့ စာချုပ်ကို သွားယူခဲ့စမ်း..."
"စီအီးအိုဖန်... စာချုပ်က မှတ်တမ်းခန်းထဲမှာပါ..."
"ဒါဆို မြန်မြန်သွားရှာလေ... ဘာလို့ အရူးလို ရပ်နေရတာလဲ..."
ဖန်ပုရှန်းသည် လက်ထောက်အား ကန်ထုတ်ပစ်ချင်စိတ် ပေါ်လာရသည်။
ပုံမှန်ဆိုရင်တော့ လက်ထောက်က နှေးကွေးတာကို သူ လက်ခံပေးလို့ ရပါသေးတယ်။
အနည်းဆုံးတော့ သူမက အိပ်ရာပေါ်မှာ တော်သေးတယ်လေ...ဒါပေမဲ့ အခုတော့
‘ချီးပဲ... အခုချိန်မှာ နှောင့်နှေးရဲသေးတယ်ပေါ့…’
"ဖယ်စမ်း... လမ်းမပိတ်နဲ့..."
သူသည် အမျိုးသမီးလက်ထောက်အား ဘေးသို့ ဆွဲဖယ်လိုက်ပြီး မှတ်တမ်းခန်းထဲသို့ အပြေးအလွှား ဝင်သွားလေ၏။
ငါးမိနစ်အကြာတွင်…
ဖန်ပုရှန်းသည် စာချုပ်တစ်ခုကို ကိုင်ဆောင်လျက် အလျင်အမြန် ပြေးဝင်လာခဲ့သည်။
"ချန်... မစ္စတာချန်... ဒါက ရွှီချင်းချန် ရဲ့ စာချုပ်ပါ... ကျွန်တော် စာချုပ်ဖောက်ဖျက်ကြေး တစ်ပြားမှ မလိုချင်တော့ဘူး... ဒီနေ့ကစပြီး ရွှီချင်းချန် လွတ်လပ်သွားပါပြီ..."
ဘေးနားတွင် ရပ်နေသော ရွှီချင်းချန် လုံးလုံးလျားလျား ဆွံ့အသွားရပေသည်။
အချိန်အတော်ကြာအောင် သူမသည် ဖန်ပုရှန်းထံမှ စာချုပ်ကို ပြန်ရရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သည်။
သို့သော် မည်သည့်နည်းလမ်းများ သုံးသည်ဖြစ်စေ အချည်းနှီးသာ ဖြစ်ခဲ့၏။
ယခုတော့ ချန်ဖုန်းက စကားတစ်ခွန်းတည်းနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်…ပြီးတော့ ဖန်ပုရှန်းက စာချုပ်ဖောက်ဖျက်
ကြေးတောင် မတောင်းဘူးလေ...
အထူးသဖြင့် ဖန်ပုရှန်း၏ ကြောက်ရွံ့နေသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရချိန်တွင် သူမ၏ နှလုံးသားထဲ၌ ခံစားချက်မုန်တိုင်းတစ်ခု တိုက်ခတ်သွားလေ၏။
‘သခင်လေးယွီ ရဲ့ မတော်တဆမှုက မစ္စတာချန် နဲ့ တကယ် ပတ်သက်နေတာပဲ…’
သခင်လေးယွီ က အဲဒီတုန်းက သူမကိုတောင် ပစ်မှတ်ထားခဲ့သေးတာလေ…
ရုပ်ရှင်ရိုက်ကူးရေး တစ်ခုအတွင်း
သခင်လေးယွီ သည် ရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် ရိုက်ကွင်းသို့ လာရောက်လည်ပတ်ခဲ့ပြီး သူမအား ရေပေးချိန်တွင် ရေထဲသို့ ဆေးခတ်ခဲ့ပေသည်။
အဲဒီအချိန်တုန်းက သူမရဲ့ လက်ထောက်ကသာ တစ်ခုခု မှားယွင်းနေတာကို သတိမထားမိခဲ့ဘူးဆိုရင်...
တစ်ဖက်လူ အောင်မြင်သွားမှာပဲ…
‘ကံကောင်းတာပေါ့...
အဲဒီလူကို မစ္စတာချန် က ရှင်းလင်းလိုက်လို့…’
ရွှီချင်းချန် သည် ချန်ဖုန်းအား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်ရာ ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလျက် စာချုပ်ကို ကမ်းပေးလာ၏။ "မင်း အခု လွတ်လပ်သွားပြီ... ဒီစာချုပ်က မင်းဟာပဲ... မင်းဘာသာ စီစဉ်လိုက်တော့..."
"ကျေးဇူးတင်ပါတယ်..."
ရွှီချင်းချန် ပန်းပွင့်လေးတစ်ပွင့်ကဲ့သို့ ပြုံးလိုက်သည်။ ထို့နောက်
စာချုပ်ကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်၏။
သူမ လွတ်လပ်သွားပြီလေ...
နောက်ထပ် ခြောက်လလောက် ဒုက္ခခံရဦးမယ်လို့ အစက ထင်ထားခဲ့တာ... ပြီးတော့ ဒီခြောက်လအတွင်းမှာ ဖန်ပုရှန်း ရဲ့ ဖိအားပေးမှုနဲ့ အနှောင့်အယှက်တွေကို သည်းခံရဦးမယ်လေ...
အခုတော့ သူမ တကယ် လွတ်လပ်သွားပြီ။
ချန်ဖုန်းက တစ်ပြားမှ မသုံးချင်ဘူးလို့ ပြောခဲ့တုန်းက သူမ ဇဝေဇဝါ ဖြစ်နေခဲ့သေးတယ်။
ဖန်ပုရှန်း လို အင်အားကြီးတဲ့သူက သူမကို ဘယ်လိုလုပ် လွယ်လွယ်ကူကူ ထွက်သွားခွင့် ပြုမှာလဲ...
အခုတော့ တကယ်ကြီး ဖြစ်လာခဲ့ပြီ။
ချန်ဖုန်းက ဖန်ပုရှန်းကို ထပ်မံ ကြည့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်၏။ "ငါပြောခဲ့တာကို မှတ်ထား... သုံးရက်အတွင်း မထွက်သွားဘူးဆိုရင်..."
"ဒီနေ့ ပြောင်းမယ်... ဒီနေ့ ပြောင်းမှာပါ..."
ဖန်ပုရှန်းက အလျင်အမြန် အာမခံလိုက်သည်။
ချန်ဖုန်းက ဆက်ပြောနေရန် စိတ်မဝင်စားတော့ချေ။
သူသည် ရွှီချင်းချန် နှင့်အတူ ပုရှန်း မီဒီယာကုမ္ပဏီ မှ ထွက်ခွာလာခဲ့၏။
လမ်းတစ်လျှောက်လုံး…ရွှီချင်းချန် သည် သူ၏နောက်မှ လိုက်ပါလာခဲ့သည်။
လမ်းလျှောက်နေရင်း ချန်ဖုန်းကို ရုတ်တရက် ဝင်တိုက်မိသဖြင့် သူမ လန့်ဖြတ်သွားပြီး အနောက်သို့ ခြေလှမ်းအနည်းငယ် အလျင်အမြန် ဆုတ်လိုက်ရ၏။
သူမက အလျင်အမြန် တောင်းပန်လိုက်သည်။ "ဆောရီး... ကျွန်မ... ကျွန်မ..."
ချန်ဖုန်းက လက်ဝှေ့ယမ်းပြလိုက်၏။ "တခြား တစ်ခုခု ရှိသေးလို့လား..."
"ရှိတယ်... ရှိတယ်..."
ရွှီချင်းချန် က အလျင်အမြန် ပြောလိုက်သည်။ "ပြီးခဲ့တဲ့တစ်ခေါက် ပေ့ဟူ မှာ မစ္စတာချန် က ကျွန်မကို အများကြီး ကူညီပေးခဲ့တယ်... အမေ သိသွားတော့ မစ္စတာချန် ကို ထမင်းတစ်နပ်လောက် သေချာပေါက် ကျွေးချင်နေတာ..."
"ဒီနေ့လည်း ကျွန်မကို ကူညီပေးခဲ့သေးတယ်ဆိုတော့ တကယ်လို့ အားမယ်ဆိုရင် ဒီည ကျွန်မအိမ်မှာ ရိုးရိုးရှင်းရှင်းလေး ထမင်းလာစားပါလား..."
"မင်းအိမ် ဟုတ်လား..."
ချန်ဖုန်း တစ်ခဏမျှ မှင်တက်သွားရသည်။
ရွှီချင်းချန် က ညင်သာစွာ ရယ်မောလိုက်၏။ "ကျွန်မအိမ်က ဒီကနေ သိပ်မဝေးဘူး... ရှင်ဒီကို ရောက်နေတယ်ဆိုတာ အမေသိရင် အရမ်းဝမ်းသာနေမှာ သေချာတယ်..."
"မစ္စတာချန်... ဒီနေ့သာ ရှင်မရှိခဲ့ဘူးဆိုရင် ဖန်ပုရှန်း ရဲ့ ကုမ္ပဏီကနေ ဒီလောက် လွယ်လွယ်နဲ့ ကျွန်မ ထွက်လာနိုင်မှာ မဟုတ်ဘူး..."
"ကျေးဇူးဆပ်တဲ့အနေနဲ့ အိမ်ထမင်း အိမ်ဟင်းလေး ကျွေးတယ်လို့ပဲ သဘောထားပေးပါ..."
"ကောင်းပြီလေ..."
ချန်ဖုန်းကလည်း မငြင်းတော့ချေ။
‘ဘာပဲဖြစ်ဖြစ် ညနေတောင် စောင်းနေပြီဆိုတော့ ငါ ဒီနေ့ ပေ့ဟူ ကို ပြန်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူးလေ...
ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မှာလည်း အခန်းတွေ ရှိတာပဲလေ…’
"ငါ ဒီမှာ ရှင်းစရာ ကိစ္စလေးတွေ ရှိသေးတယ်... မင်း ခဏလောက် လျှောက်ကြည့်နေဦး... ပြီးရင် မင်းဆီ လာခဲ့မယ်..."
"အင်းပါ..."
ရွှီချင်းချန် အလျင်အမြန် ခေါင်းညိတ်လိုက်၏။ သူမ၏ ရင်ထဲတွင်လည်း အလွန် ပျော်ရွှင်နေခဲ့သည်။
တစ်ချိန်တည်းမှာပင် ဖန်ပုရှန်းသည် ရုံးခန်းရှိ ကွန်ပျူတာကို အစိတ်စိတ်အမွှာမွှာ ဖြစ်အောင် ကန်ကျောက်ပစ်လိုက်၏။
သူ၏ ရင်ထဲတွင် အလွန် မွန်းကျပ်နေခဲ့သည်။
ရွှီချင်းချန် ရဲ့ စာချုပ်ကို အလကား ဆုံးရှုံးလိုက်ရရုံသာမကဘဲ ကုမ္ပဏီကလည်း ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ကနေ ပြောင်းရွေ့ပေးရဦးမယ်လေ...
သူ တစ်ချက်တည်းနဲ့ ယွမ် သန်း ၁၀၀ ကျော် ဆုံးရှုံးလိုက်ရတာပဲ...
အဲဒီ ချန်ဖုန်း က သေချာပေါက် အဆက်အသွယ်တွေ ရှိတာမို့လို့ တစ်ဖက်လူကိုလည်း သူ ဒုက္ခမပေးရဲဘူး...
စိတ်ပျက်စရာကောင်းလိုက်တာ...
ဒေါသထွက်စရာပဲ...
ရူးသွပ်ချင်စရာကောင်းလိုက်တာ...
ခံစားချက်မျိုးစုံက သူ၏ ခေါင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
ရုတ်တရတ် ဖန်ပုရှန်းသည် သူ၏ဖုန်းကို ထုတ်ယူကာ နံပါတ်တစ်ခုကို ခေါ်ဆိုလိုက်၏။
ဖုန်းဝင်သွားပြီးနောက် သူ၏ လေသံမှာ အလွန် ယဉ်ကျေးသွားသည်။ "ဦးလေးယွီ... ကျွန်တော် ရှောင်ဖန် ပါ... သခင်လေးယွီ ရဲ့ သူငယ်ချင်းလေ..."
"ဖန်ပုရှန်း..."
ဖုန်း၏ အခြားတစ်ဖက်ရှိ ယွီဝမ်ကျိုး မျက်မှောင်အနည်းငယ် ကုတ်သွား၏။
သူလည်း ဤလူငယ်ကို အနည်းငယ် မှတ်မိနေသေးသည်။
သူ့သား သခင်လေးယွီ နဲ့ အမြဲ အတူတူ သွားလာလေ့ရှိတာလေ...
အခု သူ့သား အဖမ်းခံရပြီးကတည်းက အရင်သူငယ်ချင်း တချို့က အဆက်အသွယ် ဖြတ်သွားကြပြီ။
‘ဒီကောင်က ဘာလို့ ဖုန်းဆက်လာသေးတာလဲ မသိဘူး…’
ဖန်ပုရှန်းက စကားများကို စုစည်းကာ ယဉ်ကျေးစွာ ပြုံးလျက် ပြောဆိုလိုက်၏။ "ဦးလေးယွီ... ပြီးခဲ့တဲ့တစ်ခေါက် သခင်လေးယွီ အဖမ်းခံရတုန်းက တကယ်တော့ ကျွန်တော် အဆက်အသွယ်တချို့ကို သုံးပြီးတော့..."
"လိုရင်းကို ပြောစမ်း..."
"အော်... ဟုတ်ကဲ့... ပြီးခဲ့တဲ့တစ်ခေါက် သခင်လေးယွီ ကို ဘယ်သူ ပစ်မှတ်ထားခဲ့လဲဆိုတာ ကျွန်တော် သိတယ်... သူက ချန်ဖုန်း လို့ခေါ်တယ်... အခု ပြည်နယ်မြို့တော်ကို ရောက်နေတယ်... ကျွန်တော် ထင်တာကတော့ ဦးလေးအနေနဲ့..."
"ထွက်သွားစမ်း... မင်းရဲ့ ဖန်ပုရှန်း ကိုပဲ သွားလုပ်... မင်းသေချင်ရင်လည်း ငါ့ကို လာမဆွဲချနဲ့..."
ယွီဝမ်ကျိုး သည် ဖုန်းကို တိုက်ရိုက် ချပစ်လိုက်လေ၏။
ပြီးခဲ့တဲ့အကြိမ်က သူ့သားရဲ့ ပြဿနာကြောင့် သူတောင် ပါသွားလုနီးပါး ဖြစ်ခဲ့တာလေ...
ကုမ္ပဏီက အခြေအနေတချို့ ကောင်းမွန်လာပြီး ဒေဝါလီမခံရပေမဲ့လည်း
ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ခဲ့တာပဲ...တခြားသူတွေ နားမလည်နိုင်ပေမဲ့ သူ့စိတ်ထဲမှာတော့ သေချာပေါက် သိနေတယ်။
သားဖြစ်သူ ဒုက္ခရောက်ရုံတင်မကဘူး...
သူ့ရဲ့ တူအရင်းဖြစ်တဲ့ ဗိုလ်ချုပ်ယွီပါထျန် တောင် ပါဝင်ပတ်သက်နေလို့ စစ်ဘက်ဆိုင်ရာဌာန မှာ အပြစ်ပေးခံရတယ်လေ…
ဒီကိစ္စအတွက် သူ့ရဲ့ အစ်ကိုကြီးနဲ့တောင် ရန်သူလို ဖြစ်သွားခဲ့သေးတယ်...
ဒီကိစ္စကို နောက်ကွယ်ကနေ ဖြေရှင်းဖို့ ခွန်အားတွေ အများကြီး စိုက်ထုတ်ခဲ့ရတာကို ဒီငတုံး ဖန်ပုရှန်း က ပြဿနာတွေ လာရှာနေသေးတယ်…
“ချီးပဲ…”
ဒေါသထွက်နေသော ယွီဝမ်ကျိုး သည် ချက်ချင်းပင် နံပါတ်တစ်ခုကို ခေါ်ဆိုကာ အမိန့်ပေးလိုက်၏။"လူနည်းနည်းလောက် သွားရှာပြီး အဲဒီငတုံး ဖန်ပုရှန်း ကို သွားရိုက်လိုက်စမ်း..."
"နားလည်ပါပြီ..."
ဖုန်းလက်ခံဖြေကြားသူက ရိုသေစွာ တုံ့ပြန်လိုက်သည်။
ဖုန်းချပြီးနောက်မှသာ ယွီဝမ်ကျိုးက အနည်းငယ် သက်သာရာရသွားတော့၏။