← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈) သမီးဖြစ်သူကို

လှည့်စားခြင်း

ညနေ ၆ နာရီခန့်တွင် ချန်ဖုန်းသည် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ၏ ကိစ္စများကို နောက်ဆုံးတွင် ကိုင်တွယ်ဖြေရှင်းပြီးစီးခဲ့သည်။

သူက ရွှီချင်းချန် ထံ ဖုန်းခေါ်ဆိုလိုက်ပြီး မကြာမီ နှစ်ယောက်သား ဓာတ်လှေကားဖြင့် အောက်ထပ်သို့ အတူတူ ဆင်းလာခဲ့ကြ၏။

"မစ္စတာချန်... ပြီးခဲ့တဲ့တစ်ခေါက်က ရှင်ပြောထားတဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြား ကုမ္ပဏီအတွက် အစီအစဉ်ကို ကျွန်မ ပြင်ဆင်ပြီးသွားပါပြီ... တကယ်လို့ အချိန်ရရင် ရှင် ကြည့်လို့ရပါတယ်..."

ရွှီချင်းချန် ကပြုံးရင်း ပြောလိုက်သည်။

ထို့အပြင် အလိုအလျောက်ပင် သူမသည် ချန်ဖုန်း၏ အနီးသို့ တိုးကပ်သွားလေ၏။

ခပ်သင်းသင်း ရနံ့တစ်ခုကို ရှူရှိုက်လိုက်ရသဖြင့် ချန်ဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။

သူ၏ ရင်ထဲရှိ မကောင်းဆိုးဝါး အတွေးများကို တတ်နိုင်သမျှ မြန်မြန် ဖိနှိပ်ထားလိုက်၏။

ချန်ဖုန်းက လည်ချောင်းတစ်ချက် ရှင်းကာ ပြောလိုက်သည်။ "ငါ့ဆီ အီးမေးလ် အရင်ပို့ထားလိုက်... အားတဲ့အချိန်ကျရင် ငါကြည့်လိုက်မယ်... ချင်းချန်... ငါလည်း ဖျော်ဖြေရေးလောကအကြောင်း သိပ်နားမလည်ပါဘူး... ပြီးတော့ သိပ်လည်း စိတ်မပူချင်ဘူး..."

"တကယ်လို့ မင်းသာ ဆန္ဒရှိရင် ငါကုမ္ပဏီတည်ထောင်တဲ့အခါ မင်းက ကူညီပြီး စီမံပေးပါလား... ဘယ်လိုလဲ..."

"ရှင်..."

ရွှီချင်းချန် ရုတ်တရက် ဆွံ့အသွားရပေသည်။

ချန်ဖုန်း ရုပ်ရှင်ကုမ္ပဏီ တည်ထောင်ဖြစ်ခဲ့လျှင် သူမက သူနှင့် စာချုပ်ချုပ်ဆိုနိုင်မည်ဟု အစက သူမ တွေးထားခဲ့ခြင်း ဖြစ်၏။ ချန်ဖုန်း၏ စရိုက်အရဆိုလျှင် သူမကို နစ်နာအောင်တော့ မလုပ်လောက်ဘူးလေ…

ဒါပေမဲ့ အခုတော့ တစ်ဖက်လူက သူမကို ရုပ်ရှင်ကုမ္ပဏီ စီမံခိုင်းနေတာပဲ...

‘အို ဘုရားရေ…’ရွှီချင်းချန်မှာ အနည်းငယ် မှင်တက်သွားရသည်။

"မစ္စတာချန်…ကျွန်မ... ကျွန်မလည်း ရှင့်ကို ကူညီပြီး စီမံပေးချင်ပါတယ်... ဒါပေမဲ့ ကျွန်မကိုယ်တိုင်လည်း ဘာမှမသိဘူးလေ... ဖျော်ဖြေရေးလောကရဲ့ စည်းမျဉ်းလေး နည်းနည်းလောက်ပဲ သိတာ...သေချာ မစီမံနိုင်မှာကို ကျွန်မ စိုးရိမ်မိတယ်..."

"ရပါတယ်..."

ချန်ဖုန်းက ဂရုမစိုက်စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်၏။

ဖျော်ဖြေရေးလောကမှာ အခုလောလောဆယ် သူ ယုံကြည်ရမယ့်သူဆိုလို့ ရွှီချင်းချန် တစ်ယောက်တည်း ရှိတာလေ...

ကျန်တဲ့သူတွေကတော့...

လုပ်စရာတွေ အရမ်းများနေတာ ဒါမှမဟုတ် ဖျော်ဖြေရေးလောကအကြောင်း ဘာမှနားမလည်တာမျိုးပေါ့…

ဥပမာ ယွင်ထင် လိုမျိုးလေ…

ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီလီမိတက်၊ ဟွာရှန်းဆေးရုံ နဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ က ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရှိနေတယ်လေ…

ရှန်ယန်းယန်း အကြောင်း ပြောရမယ်ဆိုရင်...

အခုကစပြီး ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ ကို သူမဆီ သေချာပေါက် လွှဲပေးရတော့မှာပဲ... ဘာပဲဖြစ်ဖြစ် သူမက ရှန်ကျွင်း ရဲ့ သမီးလေ…

ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလုပ်ငန်းကတော့ ရွှီချင်းချန် ကိုပဲ အားကိုးလို့ ရတော့မယ်…

"စိတ်မပူပါနဲ့... ငါ့မှာ တခြားစွမ်းရည်တွေ မရှိပေမဲ့ ပိုက်ဆံတော့ နည်းနည်းရှိတယ်... မင်းက ဘယ်လိုစီမံရမလဲ မသိဘူးဆိုရင် သင်ပေးဖို့ တစ်ယောက်ယောက်ကို ပိုက်ဆံပေးပြီး ငှားလိုက်လေ... ပိုက်ဆံနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမှန်သမျှက ဘာမှမဟုတ်ပါဘူး..."ချန်ဖုန်းကမူ အလွန်မောက်မာသော မျက်နှာဘေးဖြင့် ပြောလိုက်သည်။

"ရှင်..."

ရွှီချင်းချန် က သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ပုတ်ခတ်ပုတ်ခတ် လုပ်နေမိ၏။ ဒီလောက် မောက်မာတဲ့သူမျိုးကို သူမ တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း သူမ စိတ်သက်သာရာ ရသွားတယ်။

တစ်ဖက်လူ ပိုင်ဆိုင်တဲ့ ဟိုင်ထျန် ဉာဏ်ရည်တုနည်းပညာ ကုမ္ပဏီ တစ်ခုတည်းကတင် သူ့ကို ကြီးမားတဲ့ ဓနဥစ္စာတွေ ပေးစွမ်းနိုင်ဖို့ လုံလောက်နေပြီလေ...

အခု ဟိုလိုဂရမ် ရုပ်လုံးကြွ ပရိုဂျက်ရှင်နည်းပညာ စမတ်နာရီတွေက အကြိုရောင်းချမှုတွေ စတင်နေပြီဆိုတော့ မကြာခင်မှာ ရေပန်းစားလာဖို့ သေချာသလောက်ပဲ…

"ဒါဆို... ကုမ္ပဏီနာမည်ကိုရော ဆုံးဖြတ်ပြီးပြီလား..."

ရွှီချင်းချန် က ခေါင်းလေးစောင်းကာ သူ့အား စိတ်ဝင်တစား ကြည့်လျက် မေးလိုက်သည်။

"Awesome ရုပ်ရှင်ကုမ္ပဏီ လေ..."

(T/N – Awesome : အံ့ဩစရာကောင်းသော/မိုက်သော)

"ရှင်..."

"Awesome ရုပ်ရှင်ကုမ္ပဏီ လို့..."

"ကျွန်မ..."

ရွှီချင်းချန် လုံးလုံးလျားလျား ဆွံ့အသွားရပေသည်။

အဲဒီနာမည်က တကယ်ကို ပေါ့ပေါ့ဆဆ ပေးထားတာပဲ...

ထင်တဲ့အတိုင်းပဲ...

ပိုက်ဆံရှိတဲ့သူတွေက သူတို့လုပ်ချင်တာကို လုပ်လို့ရတာကိုး...

ရွှီချင်းချန် လည်း ထပ်မပြောချင်တော့ချေ။

ဘာပဲဖြစ်ဖြစ် ကုမ္ပဏီက ချန်ဖုန်း ဟာဖြစ်ပြီး သူကိုယ်တိုင်တောင် ဂရုမစိုက်တာကို သူမက ဘာများ ညည်းညူစရာ ရှိဦးမှာလဲ...

ဓာတ်လှေကားက ဒသမထပ်သို့ ရောက်ရှိသွားချိန်တွင် ရုတ်တရက် လူတစ်ယောက် ဝင်လာခဲ့၏။

ချင်ယောင်…

ယခုအချိန်တွင် ချင်ယောင်သည် ရုံးသုံးဝတ်စုံကို ဝတ်ဆင်ထားသည်။

သူမ ဒီကိုရောက်နေတာက အလုပ်ရှာဖို့လေ...အရင်က ကုမ္ပဏီတစ်ခုမှာ အလုပ်သင်ဆင်းခဲ့ပေမဲ့ လစာအရမ်းနည်းလို့ အလုပ်ထွက်ခဲ့တာ။

ပြည်နယ်မြို့တော်ရဲ့ ဗဟိုဧရိယာဖြစ်တဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မှာရှိတဲ့ ကုမ္ပဏီတွေက လစာပိုများတယ်လေ...

ဒါပေမဲ့ ချင်ယောင် စိတ်ပျက်ခဲ့ရတာက သူမက ဘွဲ့မရသေးသလို ဘွဲ့လက်မှတ်လည်း မရသေးတဲ့အတွက် သူမ အင်တာဗျူးသွားဖြေတဲ့ ကုမ္ပဏီတွေက လစာအနည်းငယ်ပဲ ပေးကြတာပဲ...တကယ်တော့ သူမမိသားစုကလည်း ကုမ္ပဏီတစ်ခု ဖွင့်ထားပေမဲ့ တော်တော်လေး သေးငယ်ပါတယ်။

ဒါကြောင့်မလို့… အချိန်အတော်ကြာသည်အထိ ချင်ယောင်သည် အခြား အတန်းဖော်များထက် အမြဲတမ်း သာလွန်သည်ဟု ခံစားခဲ့ရ၏။

ပြီးတော့ အတိအကျ ပြောရရင် ဒါကြောင့်ပဲ...ချန်ဖုန်း သူမကို လိုက်ခဲ့တုန်းက သူမက သူ့ကို အထင်သေးခဲ့တာလေ…

အခုတော့ သူမ နောင်တရနေလေပြီ...

ချင်ယောင် ဓာတ်လှေကားထဲ ဝင်လာသည်နှင့် တစ်ပြိုင်နက် အတွင်း၌ ရပ်နေသော ချန်ဖုန်းကို တွေ့လိုက်ရပေသည်။

ရုတ်တရက် သူမ၏ ရင်ထဲတွင် ဝမ်းသာသွား၏။"ချန်ဖုန်း... နင် ငါ့ကို လာရှာတာလား..."

ချန်ဖုန်းက သူမကို အေးစက်စွာ ကြည့်လိုက်သော်လည်း ဘာမှမပြောခဲ့ချေ။

ထိုအချိန်၌ ချင်ယောင်သည် ဘေးနားတွင် ရပ်နေသော ရွှီချင်းချန် ကို ယခုမှသာ သတိပြုမိသွားတော့၏။

တစ်ဖက်လူသည် သာမန်အဝတ်အစားများကို ဝတ်ဆင်ထားပြီး မိတ်ကပ် သိပ်မလိမ်းထားသော်လည်း အလွန် ကြော့ရှင်းသော အငွေ့အသက်ကို ပေးစွမ်းနေပေသည်။

ရုပ်ရည်ပိုင်းကို ပြောရမယ်ဆိုရင်...

ခံယဉ်မှုကို ပြောရမယ်ဆိုရင်...

ခန္ဓာကိုယ် အချိုးအစားကို ပြောရမယ်ဆိုရင်...

အရာအားလုံးက သူမထက် သာလွန်နေတာပဲ...

သူမကို ပိုပြီး အံ့အားသင့်စေတာက။

တစ်ဖက်လူက ဖျော်ဖြေရေးလောကမှာ အတော်လေး နာမည်ကြီးနေတဲ့ ရွှီချင်းချန် ဖြစ်နေတာပဲ…

နာမည်ကြီး အနုပညာရှင်လေ...

ချင်ယောင်၏ နှလုံးသားထဲတွင် ရုတ်တရက် တုန်လှုပ်သွားရပေသည်။

အခု ချန်ဖုန်း က အရမ်းချမ်းသာနေပြီလေ...

သူ့ဘေးနားမှာ ပေါ်လာတဲ့ မိန်းကလေးကလည်း နာမည်ကြီး... သူမထက်လည်း ပိုလှတယ်... ခန္ဓာကိုယ် အချိုးအစားကလည်း ပိုကောင်းတယ်...

သူမအတွက် တကယ်ပဲ မျှော်လင့်ချက် ကျန်သေးရဲ့လား...

သူမ အနည်းငယ် စိတ်ပျက်သွားမိ၏။

ဓာတ်လှေကားက ပထမထပ်သို့ အလျင်အမြန် ရောက်ရှိသွားသည်။

ချန်ဖုန်းက ချင်ယောင်ကို စကားတစ်ခွန်းမျှ မဆိုဘဲ ရွှီချင်းချန် နှင့်အတူ တိုက်ရိုက် ထွက်ခွာသွားလေ၏။

‘အဲဒီတုန်းက နင်က ငါ့ကို အထင်သေးခဲ့တယ်... ဒါပေမဲ့ အခုတော့ နင်က ငါ့ကို မမီနိုင်တော့ဘူးလေ’

"ဟေ့... ခုနက လူက ငါတို့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ရဲ့ ပိုင်ရှင်အသစ် မဟုတ်ဘူးလား..."

"နည်းနည်းတော့ တူတယ်... မွန်းတည့်ချိန်တုန်းက ဥက္ကဋ္ဌရွှီ က လူတွေခေါ်ပြီး လာကြိုသေးတယ်... အဲဒီတုန်းက ငါကိုယ်တိုင် မြင်လိုက်တာ... ခုနက လူပဲ..."

"ငါ တကယ်ကို ထင်မထားခဲ့ဘူး... ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ ကို ပိုင်ဆိုင်နေပြီဆိုတာ..."

ချင်ယာင်သည် အနီးနားရှိ လူတစ်စု၏ ဆွေးနွေးသံများကို ကြားလိုက်ရပြီး သူမ အံ့အားသင့်သွားရပေသည်။ အရင်တုန်းက တုန်းယောင် လေကြောင်းလိုင်း ရဲ့ ရှယ်ယာ ယွမ် ၇ ဒသမ ၅ ဘီလီယံဖိုးကို ပိုင်ဆိုင်ထားတယ်...

အခုကျတော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ... ယွမ် ဘီလီယံဆယ်ဂဏန်းကျော် တန်ဖိုးရှိတာ။

‘အို ဘုရားရေ...

သူက ဒီလောက်ထိ ချမ်းသာနေတာလား’

ချင်ယောင်၏ နှလုံးသားထဲတွင် ပွက်လောရိုက်နေပြီ ဖြစ်၏။

သူမ ဆုံးရှုံးလိုက်ရတာက ချန်ဖုန်း တစ်ယောက်တည်း မဟုတ်ဘဲ ပိုင်ဆိုင်မှု ယွမ် ဘီလီယံဆယ်ဂဏန်းကျော်ကို ဆုံးရှုံးလိုက်ရတာပဲ…

…

ရွှီချင်းချန် ၏ အိမ်သည် ကမ္ဘာ့ကုန်သွယ်ရေးစင်တာ မှ ကားဖြင့် ဆယ့်ငါးမိနစ်ခန့် အကွာတွင် ရှိပေသည်။ သူမ နေထိုင်သော အသိုင်းအဝိုင်းမှာ အလယ်အလတ်တန်းစား ဧရိယာတွင်ရှိပြီး တိုက်ခန်းတစ်ခန်း၏ ဈေးနှုန်းမှာ ယွမ် တစ်သန်းကျော်ခန့် ရှိလေ၏။

သူမက များသောအားဖြင့် တစ်ယောက်တည်း နေလေ့ရှိသည်။

ဒီကာလအတွင်းမှာ သူမရဲ့ စာချုပ်ကိစ္စကြောင့် မိခင်ဖြစ်သူလည်း လာနေတာဖြစ်၏။

အဓိကအားဖြင့် နေ့စဉ်ဘဝနှင့် အစားအသောက်များကို တာဝန်ယူပေးရန် ဖြစ်ပေသည်။

အိမ်အကျယ်အဝန်းမှာ စတုရန်းမီတာ ၁၅၀ ခန့်ရှိသော်လည်း အလှဆင်ထားမှုမှာ အတော်လေး အဆင့်မြင့်လှ၏။

ဘာပဲဖြစ်ဖြစ် ရွှီချင်းချန် က ဒုတိယအဆင့် မင်းသမီးတစ်လက်လေ...

သူမမှာ ကြွယ်ဝမှု အနည်းငယ်တော့ ရှိသေးတာပေါ့…

သို့သော် ပိုက်ဆံရသည်နှင့် ဇိမ်ခံအိမ်များနှင့် စံအိမ်များကို ဝယ်ယူလေ့ရှိသော အခြားနာမည်ကြီးများကဲ့သို့ သူမက ထိုသို့မလုပ်ခဲ့ချေ။

အိမ်ရာနဲ့ ပတ်သက်လာရင်တော့ နေဖို့လုံလောက်ရင် ရပါပြီ…

"ရှောင်ချန်... မြန်မြန် ထိုင်ပါဦး..."

သူမ၏ မိခင် ရှောင်ယွီဟယ် မှာ အလွန် ဖော်ရွေနေဆဲဖြစ်ပြီး ချန်ဖုန်းကို 'ဥက္ကဋ္ဌချန်' သို့မဟုတ် 'မစ္စတာချန်' ဟု ဘယ်သောအခါမှ မခေါ်ဝေါ်ခဲ့ချေ။

ဘာပဲဖြစ်ဖြစ် ချန်ဖုန်းရဲ့ အသက်က ငယ်ငယ်လေး ရှိသေးတာကိုး…

ထို့အပြင် သူ့ကို ရှောင်ချန် ဟုခေါ်ခြင်းက ပိုမို ရင်းနှီးစေပြီး သူတို့ကြားရှိ အကွာအဝေးကိုလည်း ပိုမို နီးကပ်လာစေမည် ဖြစ်၏။

ရွှီချင်းချန် ၏ မိခင်မှာ အသက် လေးဆယ်ကျော်အရွယ် ဖြစ်သော်လည်း အလွန် နုပျိုနေဆဲဖြစ်ပြီး သူမ၏ မျက်ခုံးများမှာ ရွှီချင်းချန် နှင့် အနည်းငယ် ဆင်တူနေပေသည်။ သူမ ငယ်ငယ်တုန်းက အရမ်းလှခဲ့မယ်ဆိုတာ သိသာပါတယ်။

အနာဂတ် သမက်ကို ကြည့်နေသကဲ့သို့ သူမမိခင်၏ စိတ်အားထက်သန်သော အကြည့်များကို မြင်တွေ့ရချိန်တွင် ရွှီချင်းချန် ၏ နှုတ်ခမ်းများ သိသိသာသာ တွန့်ကွေးသွားလေ၏။

‘ငါတို့တော့ သွားပြီပဲ...

အမေကများ တစ်ခုခုကို နားလည်မှုလွဲနေတာလား မသိဘူး…’

"အမေ... စာချုပ်ကိစ္စ ပြေလည်သွားပြီ... ကုမ္ပဏီနဲ့ ကျွန်မ အဆက်အသွယ် ပြတ်သွားပြီလေ... မစ္စတာချန် က ကျွန်မကို ကူညီဖြေရှင်းပေးခဲ့တာ..."

ရွှီချင်းချန် သည် မိခင်၏ အာရုံစိုက်မှုကို ရရှိရန် အကြောင်းအရာတစ်ခုကို မူလက ရှာဖွေချင်ခဲ့ခြင်း ဖြစ်၏။

မထင်မှတ်ဘဲ…ရှောင်ယွီဟယ် ၏ အပြုံးက ပိုမို ကျယ်ပြန့်လာခဲ့သည်။ "ရှောင်ချန်... ကြည့်ပါဦး ငါတို့ ချင်းချန် က မင်းကို အမြဲတမ်း ဒုက္ခပေးနေတယ်... ငါနည်းနည်းတော့ အားနာမိတယ်... အင်း... မင်းမှာ ချစ်သူရှိနေပြီလား..."

"ဘာလို့ ငါတို့ ချင်းချန် ကို တစ်ခါတည်း ခေါ်မထားလိုက်တာလဲ..."

"သူမဘေးမှာ မင်းရှိနေရင် ငါလည်း အနည်းဆုံးတော့ စိတ်အေးရပြီပေါ့..."

"အမေ... ဘာတွေပြောနေတာလဲ..."

ရွှီချင်းချန် ရှက်ရမ်းရမ်းကာ ခြေဆောင့်လိုက်၏။သူမမှာ ရှက်လွန်းလို့ မျက်နှာကိုအုပ်ထားလိုက်ရင်း မြေပြင်မှာ အက်ကွဲကြောင်းလေးတစ်ခုလောက် ရှာပြီး ဝင်ပုန်းချင်စိတ်အင် ပေါ်လာရ၏။

‘အမေကတော့လေ တကယ်ပါပဲ... သမီးဖြစ်သူကို ဘယ်လိုလုပ် တိုက်ရိုက်ကြီး ရောင်းစားနေရတာလဲ…’

ချန်ဖုန်း နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားခြင်းကို မတားဆီးနိုင်ခဲ့ချေ။

‘အန်တီက သမီးဖြစ်သူကို ကျွန်တော့်ဆီ အပြီးအပိုင် ပေးဖို့ အစီအစဉ်ရှိနေတာလား...

တကယ်လို့ ကျွန်တော် လက်ခံလိုက်ပြီး နောက်မှ သဘောမကျဘူးဆိုရင် ပြန်ပေးလို့ ရမလား…ဟီးးဟီးး’ ဒါပေါ့ စိတ်ထဲမှာပဲ တွေးရဲတာပါ တကယ်တမ်း ပြောလို့တော့ ဘယ်ဖြစ်ပါ့မလဲ။

All Chapters