အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉) ရွှီချင်းချန်၏ အိမ်တွင် ညအိပ်ခြင်း
ရွှီချင်းချန်၏ ပြင်းပြင်းထန်ထန် တားဆီးမှုကြောင့် ရှောင်ယွီဟယ်မှာ နောက်ဆုံးတွင် ငြိမ်ကျသွားလေ၏။
ထို့နောက် သူမသည် ဟင်းချက်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။
စောစောက ရွှီချင်းချန် ကြိုတင်ဖုန်းဆက်ထားခဲ့သောကြောင့် ရှောင်ယွီဟယ်လည်း ဈေးကြိုဝယ်ထားခဲ့ပေသည်။
အားလုံးက အိမ်သုံးဟင်းလျာများသာ ဖြစ်၏။ သူမ၏ ဟင်းချက်လက်ရာကတော့ အလွန်ကောင်းမွန်နေဆဲပင်။
ဘာပဲဖြစ်ဖြစ် ဒီကာလအတွင်း ရွှီချင်းချန်၏ စားသောက်မှု အားလုံးကို ရှောင်ယွီဟယ်ကသာ စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။
ဤအချိန်၌ ရှောင်ယွီဟယ်သည် ဟင်းချက်နေရင်း ဤအနာဂတ်သမက်ဖြစ်သူကို မည်သို့ ဖမ်းဆွဲထားရမည်ကို တွေးတောနေခဲ့၏။
ဧည့်ခန်းအတွင်း၌…ရွှီချင်းချန်၏ မျက်နှာမှာ အနည်းငယ် နီရဲနေဆဲ ဖြစ်ပေသည်။
သူမသည် ချန်ဖုန်းအား ခိုးကြည့်လိုက်ပြီး ရှက်ရွံ့စွာ ပြောဆိုလိုက်သည် "ချန်... ချန်ဖုန်း... ခုနက ငါ့အမေက နောက်နေတာပါ... စိတ်ထဲ မထားပါနဲ့..."
ခုနက ဖြစ်ရပ်ပြီးနောက် ၎င်းတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ အနည်းငယ် ကျဉ်းမြောင်းသွားခဲ့လေပြီ။
သူမ ခေါ်ဝေါ်ပုံလေးကလည်း အနည်းငယ် ပြောင်းလဲသွားခဲ့၏။
"ကိစ္စမရှိပါဘူး..."
ချန်ဖုန်းက ခပ်ဖွဖွ ပြုံးလိုက်သည်။
ထို့နောက် သူက စကားလမ်းကြောင်း အမြန်လွှဲလိုက်သည် "မင်း ရေးဆွဲထားတဲ့ ရုပ်ရှင်ကုမ္ပဏီ အဆိုပြုလွှာကို ငါ ခုလေးတင် ကြည့်ပြီးပြီ... ယေဘုယျအားဖြင့်တော့ ဘာပြဿနာမှ မရှိဘူး... ပြည်နယ်မြို့တော်မှာ ငါ သိပ်ကြာကြာနေမှာ မဟုတ်ဘူး..."
"ကျန်တဲ့ကိစ္စတွေကို အခု အချိန်ရတုန်း ရှင်းလိုက်ရအောင်..."
သူက လူကြီးလူကောင်း တစ်ယောက်တော့ မဟုတ်ချေ။ အကယ်၍သာ သူ အချစ်ရဆုံးသူအတွက် သူ၏ ပထမဆုံးအကြိမ်ကို မထိန်းသိမ်းထားချင်ပါက သူ့ဘေးနားရှိ မိန်းမလှလေးများ အားလုံးနှင့် သူ လက်ထပ်ပြီးလောက်ပြီ ဖြစ်ပေသည်။
ယောက်ျားပဲလေ…
နေ့တိုင်း သူ့ဘေးနားမှာ လှပတဲ့ မိန်းမချောလေးတွေချည်း ဝိုင်းဝိုင်းလည်နေတာဆိုတော့ ဘယ်သူကများ ကိုယ့်ညီလေးကို ထိန်းချုပ်နိုင်မှာလဲ။
ရွှီချင်းချန်လည်း ချက်ချင်း တက်ကြွသွားခဲ့၏။
ယခင်က ၎င်းတို့နှစ်ဦးသည် ကုမ္ပဏီနာမည်ကိုသာ အတည်ပြုရသေးပြီး ကျန်သည့်ကိစ္စများကို တကယ်တမ်း မဆွေးနွေးရသေးချေ။
သူမသည် ခန္ဓာကိုယ်ကို ကိုင်းကာ ချန်ဖုန်းအနားသို့ အလျင်အမြန် တိုးကပ်သွားလေသည်။
ထိုအချိန်မှသာ ချန်ဖုန်းက စကားစလိုက်သည် "ရုပ်ရှင်ကုမ္ပဏီတစ်ခုရဲ့ ကနဦး စီစဉ်မှုတွေနဲ့ ကုမ္ပဏီမှတ်ပုံတင်တာတွေကို မင်း နည်းနည်းပါးပါး သိသင့်တယ်... အချိန်ကျရင် မင်းဘာသာမင်း သွားပြီး စီစဉ်လိုက်..."
"လိပ်စာအတွက်တော့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာကိုပဲ ရွေးလိုက်..."
"ငါ မစ္စတာရွှီကို အသိပေးလိုက်မယ်... နေရာကောင်းတဲ့ အထပ်တစ်ခုကို ရွေးပေးလိမ့်မယ်..."
"နားလည်ပါပြီ..."
ရွှီချင်းချန်သည် ကျောင်းသူလေးတစ်ယောက်အလား ပြုမူနေခဲ့၏။ သူမက ဖုန်းကိုထုတ်ကာ ချန်ဖုန်း ပြောသမျှ စကားလုံးတိုင်းကို မှတ်တမ်းတင်ထားလိုက်သည်။
ချန်ဖုန်းက ဆက်ပြောသည် "လူသစ်စုဆောင်းရေး အပါအဝင် အလုပ်ခေါ်တာတွေကို မင်းက တာဝန်ယူရမယ်... လောလောဆယ်တော့ နေရာထိုင်ခင်းကို အရင် အဆင်သင့်ဖြစ်အောင် လုပ်လိုက်..."
"နောက်ကျရင် ဇာတ်ညွှန်းတချို့ ရွေးချယ်ဖို့နဲ့ အနုပညာရှင်တွေ လက်မှတ်ထိုးဖို့ ငါ ကူညီပေးမယ်..."
"အဲဒါတွေ အကုန်လုံးက ပြဿနာ မရှိပါဘူး..."ရွှီချင်းချန်က ခေါင်းညိတ်ပြလိုက်၏။
ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူမက ထပ်ပြောသည် "ကနဦး ပြင်ဆင်မှုတွေ အကုန်လုံးကို ငါ ကိုင်တွယ်နိုင်ပေမဲ့ အရေးကြီးဆုံးက ရန်ပုံငွေပဲ..."
"မင်းရဲ့ ဘဏ်ကတ်နံပါတ် ပေး..."
"ဟင်..."
"အရင်ပေးလိုက်စမ်းပါ..."
ချန်ဖုန်း၏ မေးခွန်းထုတ်ခွင့်မပေးသော မျက်နှာအမူအရာကို မြင်ချိန်တွင် ရွှီချင်းချန်သည် သူမ၏ ကတ်နံပါတ်ကို အလျင်အမြန် ပြောပြလိုက်သည်။
ချက်ချင်းဆိုသလိုပင် ဘဏ် SMS အသိပေးချက်တစ်ခု ဝင်လာခဲ့၏။
"ဒါက..."
ရွှီချင်းချန်သည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အံ့အားသင့် မှင်တက်သွားလေသည်။
သူမ အမှန်တကယ်ပင် ယွမ် ၁ ဘီလီယံ လွှဲပြောင်းမှုကို လက်ခံရရှိလိုက်ခြင်း ဖြစ်ပေ၏။
ချန်ဖုန်းက ရယ်မောလျက် ပြောဆိုလိုက်သည် "ဘာတွေ အံ့သြစရာ ရှိလို့လဲ... အဲဒါက မုန့်ဖိုးလေးပါပဲ... ကုမ္ပဏီအကောင့် မဖွင့်ရသေးလို့ နောက်ကျရင် မေ့သွားမှာစိုးလို့ မင်းဆီ အရင် လွှဲပေးထားတာ..."
"ဒါက ကုမ္ပဏီရဲ့ လုပ်ငန်းလည်ပတ်ငွေအတွက် လုံလောက်တယ် မဟုတ်လား..."
"လုံလောက်ပါတယ်... လုံလောက်ပါတယ်..."
ရွှီချင်းချန်မှာ လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေသည်။
အဲဒီအချိန်တုန်းက ဖန်ပုရှန်း၏ အေဂျင်စီတွင်ပင် အကောင့်ထဲ၌ ယွမ်သန်းဆယ်ဂဏန်းလောက်သာ ရှိခဲ့ခြင်း ဖြစ်၏။
ချန်ဖုန်းက အသေးအဖွဲလေးသာ ကစားမည်ဟု သူမ မူလက ထင်မှတ်ထားခဲ့သည်။
သူက ချက်ချင်းပင် ယွမ် ၁ ဘီလီယံ ရင်းနှီးမြှုပ်နှံလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ ဤသည်မှာ ရုပ်ရှင်နှင့် ရုပ်မြင်သံကြား နယ်ပယ်တွင် ကုမ္ပဏီကြီးတစ်ခုအဖြစ် သတ်မှတ်ခံရပေသည်။
မီးဖိုချောင်အတွင်း၌
၎င်းတို့နှစ်ဦး ထိုင်ကာ စကားပြောနေကြပြီး အလွန် ဟန်ချက်ညီသော မြင်ကွင်းကို ရှောင်ယွီဟယ် မြင်တွေ့လိုက်ရသည်။
သူမလည်း အလွန် ဝမ်းသာနေခဲ့၏။
ကြည့်ရတာ ဒီသမက်လေးက အခွင့်အရေး ရှိနေပုံပဲ။
နာရီဝက်ခန့် ကုန်ဆုံးသွားခဲ့သည်။
ရှောင်ယွီဟယ်သည် ချန်ဖုန်းကို အလွန် တန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် အရသာရှိသော အစားအစာများ အပြည့်တင်ထားသည့် စားပွဲကြီးတစ်ခုကို ပြင်ဆင်ထားခဲ့ပေ၏။
တကယ်တော့ ကျေးလက်ဒေသတွင် စကားပုံတစ်ခု ရှိလေသည်။
ယောက္ခမအိမ်သို့ ထမင်းစားသွားချိန်တွင် ဟင်းတစ်ခွက် နှစ်ခွက်သာ ကျွေးပါက ယောက္ခမဖြစ်သူက သမက်ကို သဘောမကျကြောင်း အဓိပ္ပာယ်ရသည်။
အကယ်၍ စားပွဲအပြည့် ပြင်ဆင်ထားပါက သဘောကျမှု အဆင့်သည် အတော်လေး သိသာထင်ရှားနေပြီ ဖြစ်ပေ၏။
"အန်တီ... ဒီလောက် အားနာနေစရာ မလိုပါဘူး..."
ချန်ဖုန်းမှာ အနည်းငယ် စကားပြောစရာမဲ့ ဖြစ်သွားရသည်။ သူ့အနေနဲ့ ဝံပုလွေဂူထဲ ဝင်လာသလိုမျိုး ခံစားနေရ၏။
"ရပါတယ်... ဟင်းရံလေးတွေပါပဲ..."
ရှောင်ယွီဟယ်၏ အပြုံးမှာ ပိုမိုကျယ်ပြန့်လာခဲ့သည်။
သူမသည် ဝိုင်ပုံးထဲမှ ဝိုင်နီတစ်ပုလင်းကို ထုတ်ယူကာ ပြောလိုက်သည် "ရှောင်ချန်... ဒီကို ပထမဆုံးအကြိမ် ရောက်လာတာဆိုတော့ အထူးတလည် ကျွေးစရာတော့ မရှိပါဘူး..."
"လိုအပ်တာရှိရင်သာ ပြောပါ... ကိုယ့်အိမ်လို သဘောထားပါနော်..."
စကားပြောနေရင်း သူမက ချန်ဖုန်းအတွက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်ပြီး ရွှီချင်းချန်အတွက်လည်း ဝိုင်တစ်ဝက် ငှဲ့ပေးလိုက်၏။
"အမေ... ညနက်ကြီးကို ဘာလို့ သောက်နေရတာလဲ..."
ရွှီချင်းချန် မျက်လုံးလှန်မကြည့်ဘဲ မနေနိုင်တော့ချေ။
‘အမေက အရင်တုန်းက အရက်သောက်တာကို မကြိုက်ဘူး မဟုတ်လား ဒီဝိုင်ကိုတောင် အဖေ့အတွက် သူမကိုယ်တိုင် ဝယ်ပေးခဲ့တာဖြစ်ပေမဲ့ အမေက သူမကို မသောက်ခိုင်းဘဲ သိမ်းထားခဲ့တာလေ ဒီနေ့တော့ အမေက ချွင်းချက်အနေနဲ့ ခွင့်ပြုလိုက်တာလား’ဟု သူမမှာ မတွေးပဲ မနေနိုင်တော့ချေ။
"ရှောင်ချန် လာတာလေ... ငါ မပျော်ရဘူးလား..."
ရှောင်ယွီဟယ်က သူမကိုယ်တိုင်လည်း ဝိုင်တစ်ဝက် ငှဲ့လိုက်သည်။ "လာ... ရှောင်ချန်... ငါ မင်းကို ဂုဏ်ပြုဆုတောင်းပေးပါရစေ... ချင်းချန်ကလည်း ပြဿနာရှာတတ်တဲ့ ကောင်မလေးပါ... တကယ်လို့ မင်းသာ သူ့ကို မကူညီခဲ့ရင် သူ အလှည့်စားခံရတာ ကြာလောက်ပြီ..."
"အန်တီ... အရမ်း အားနာလွန်းနေပါပြီ..."
တစ်ဖက်လူက တစ်ကျိုက်တည်း မော့သောက်လိုက်သည်ကို မြင်လိုက်ရသောအခါ…
သူ၏ အရက်ခံနိုင်ရည်မှာ အတော်လေး ကောင်းမွန်နေသဖြင့် မသောက်လျှင် အားနာစရာကောင်းမည်ဟု ချန်ဖုန်း ခံစားလိုက်ရ၏။
‘မထူးတော့ပါဘူး… သောက်လိုက်တာပေါ့’
တစ်ညလုံး သူတို့သုံးဦးမှာ အစားအစာကို သိပ်မစားဘဲ အရက်ကိုသာ သောက်နေခဲ့ကြပေသည်။
ရှောင်ယွီဟယ်က ဘာပဲဖြစ်ဖြစ် လူကြီးတစ်ယောက် ဖြစ်လေ၏။
နောက်ပိုင်းတွင် တစ်ဖက်လူက တစ်ငုံသောက်လိုက်ချိန်၌ ချန်ဖုန်းက တစ်ခွက်လုံး သောက်ချင်လာခဲ့သည်။
ရှောင်ယွီဟယ်ကို ဇဝေဇဝါ ဖြစ်စေခဲ့သည်မှာ
ချန်ဖုန်းက ဝိုင်နီ သုံးပုလင်းတောင် သောက်ပြီးသွားပြီဖြစ်ပေမဲ့ ဘယ်လိုလုပ် လုံးဝ မမူးရတာလဲ။ သူက အရက်ကို ဒီလောက်တောင် ခံနိုင်ရည်ရှိတာလား။
ထမင်းစားချိန်မှာ တစ်နာရီကျော်ကြာမြင့်ခဲ့ပြီး စားပြီးချိန်တွင် မှောင်နေပြီ ဖြစ်ပေသည်။
ချန်ဖုန်း ထွက်သွားတော့မည်ကို မြင်ချိန်တွင်…ရှောင်ယွီဟယ်က သူ့ကို ဤနေရာတွင် နေရန် အတင်းအကျပ် တားဆီးလေ၏။
"ရှောင်ချန်... အရက်သောက်ပြီး အပြင်ထွက်ရတာ ငါ စိတ်မချဘူး... ပြီးတော့ ချင်းချန်ကလည်း သောက်ထားတော့ မင်းကို လိုက်မပို့ပေးနိုင်လောက်ဘူး... ဘာလို့ ဒီမှာပဲ ညအိပ်မသွားတာလဲ..."
"အိမ်မှာလည်း အပိုအခန်းတွေ ရှိနေတာပဲ... ပြီးတော့ မင်းက ချင်းချန်ကို အရမ်း ကူညီပေးခဲ့တာလေ..."
"ဒီလောက် ညနက်မှ ပြန်သွားရင် ငါ အရမ်း အားနာမိမှာပေါ့..."
‘ကျစ်...အခုတော့ ငါ့အတွက် ဒီမှာ ထောင်ချောက်ဆင်ထားတာပဲ’
ချန်ဖုန်းက ပြုံးလိုက်သည် "အန်တီ... ကျွန်တော် ကားငှားလို့ ရပါတယ်... ဒုက္ခခံနေစရာ မလိုပါဘူး..."
တကယ်တော့ လူကြီးဖြစ်သူ ရှောင်ယွီဟယ်အပေါ် သူ၏ အမြင်မှာ အတော်လေး ကောင်းမွန်နေဆဲပင်။
သူမကိုယ်ပိုင်သမီးကို ထောင်ချောက်ဆင်သည်မှလွဲ၍ ကျန်သည့်အရာအားလုံးမှာ အတော်လေး ကောင်းမွန်ပြီး အလွန် သဘောကောင်းလှပေသည်။
"ဒုက္ခမများပါဘူး... ဒုက္ခမများပါဘူး..."
ရှောင်ယွီဟယ်က ဒေါသထွက်ဟန်ဆောင်လိုက်သည်။ "ရှောင်ချန်... မင်းက အန်တီ့နေရာကို သဘောမကျလို့လား... ငါတို့မိသားစု အခြေအနေက နည်းနည်းတော့ သာမန်ပါပဲ..."
"မဟုတ်ပါဘူး... ဘယ်လိုလုပ် သဘောမကျဘဲ နေမှာလဲ... အရင်တုန်းကဆို ကျွန်တော့် မိသားစု အခြေအနေက ပိုတောင် ဆိုးပါသေးတယ်..."
ဤတစ်ကြိမ်တွင် လူလတ်ပိုင်း အမျိုးသမီးများ၏ စွမ်းအားကို ချန်ဖုန်း တကယ်ပင် တွေ့ကြုံခံစားလိုက်ရ၏။
သူမက သူ့ကို မရမက ဆက်ထားချင်နေတော့
သူ ထွက်သွားဖို့ ဆင်ခြေတောင် ရှာလို့မရနိုင်တော့ဘူး။
‘ကောင်းပြီလေ’…အဓိကက ချန်ဖုန်းကိုယ်တိုင်လည်း နေချင်နေခဲ့တာပဲ။
‘ဟဲဟဲ… ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ’
အနီးတွင် ရပ်နေသော ရွှီချင်းချန်မှာ ရှက်ရွံ့မှုကြောင့် မျက်နှာများ နီရဲသွားခဲ့ပေ၏။ သူမ၏ ရင်ထဲတွင် မျှော်လင့်ချက်နှင့် အနည်းငယ် ထိတ်လန့်မှုများ ရောယှက်နေသည်ကို ခံစားလိုက်ရပြီး ဘာလုပ်ရမှန်းကို သူမ မသိတော့ချေ။
"အဲဒါဆို... မင်း နေဖို့ သဘောတူလိုက်ပြီပေါ့..."
ရှောင်ယွီဟယ်သည် အလွန် ဝမ်းသာသွားပြီး ချန်ဖုန်းကို အိပ်ခန်းဆီသို့ အလျင်အမြန် ဆွဲခေါ်သွားလိုက်သည်။ "ရှောင်ချန်... ဒီည မင်း ဒီအခန်းမှာ အိပ်နော်... မင်းအတွက် ငါ ကုတင်ပြင်ပေးထားပြီးပြီ..."
"အမေ... ဒါက သမီးရဲ့..."
ရွှီချင်းချန်က အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
သူမ မတားဆီးနိုင်မီမှာပင် အသက်အရွယ်ရနေပြီဖြစ်သော မိခင်က ချန်ဖုန်းကို အထဲသို့ ခေါ်သွားခဲ့လေပြီ။
ရှက်လွန်းသဖြင့် သူမသည် ဆိုဖာပေါ်တွင် မျက်နှာဝှက်ထားလိုက်၏။
သူမ ဘာပြောနေမှန်းမသိအောင် တီးတိုးရေရွတ်နေခဲ့သည်။
အခန်းထဲသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် ချန်ဖုန်း ရုတ်တရက် အေးခဲသွားပေ၏။
‘ဟ...စွကြိုးနဲ….ဒါက ရွှီချင်းချန်ရဲ့ အခန်း မဟုတ်ဘူးလားဟ…’