အခန်း ၁၇၀
Vol. 17 Ch. 170
အခန်း (၁၇၀) စောင်အောက်တွင် အခြားတစ်ယောက် ရှိနေသည်
ရွှီချင်းချန်၏ အခန်းမှာ အဓိကအားဖြင့် အဖြူရောင်ဖြစ်ပြီး အပြင်အဆင်က အလွန် သက်တောင့်သက်သာ ရှိလှသည်။
အခန်းတစ်ခုလုံး သန့်ရှင်းသပ်ရပ်နေသည်ဟု ခံစားရ၏။
အထူးသဖြင့် အခန်းထဲတွင် သင်းပျံ့သော ရနံ့လေးတစ်ခု ဖုံးလွှမ်းနေပြီး အမှိုက်ပုံးလေးကပင် အနံ့မွှေးနေပေသည်။
အမျိုးသမီး နာမည်ကျော်များပဲဖြစ်ဖြစ် တက္ကသိုလ်က ကျောင်းသူအလှလေးတွေပဲဖြစ်ဖြစ် အားလုံးက သူတို့အခန်းကို အနံ့မွှေးနေအောင် လုပ်ထားရတာကို သဘောကျပုံရသည်။
ဤအချိန်၌ ချန်ဖုန်း၏ အကြည့်များက အနီးရှိ အဝတ်ဗီရိုဆီသို့ ရောက်ရှိသွားခဲ့၏။
အဝတ်ဗီရိုတံခါးမှာ ပွင့်နေပြီး အတွင်းဘက်ရှိ အဝတ်အစားများကို မြင်တွေ့နိုင်ကာ ဇာနားကွပ်ထားသော အတွင်းခံအချို့ကိုပင် ချိတ်ဆွဲထားသည်ကို တွေ့ရပေသည်။
ရှောင်ယွီဟယ်က အဝတ်ဗီရိုတံခါးကို အေးအေးဆေးဆေးပင် ပိတ်လိုက်သည်။
သူမက ပြုံးလျက် ပြောဆိုလိုက်သည်။ "ဒီအိပ်ခန်းက အကြီးဆုံးပဲ... မူလကတော့ အဲဒီ ချင်းချန် ကောင်မလေးက အမြဲ ဒီမှာ အိပ်တာ... ဒီနေ့ မင်းက ဧည့်သည်ဆိုတော့ လောလောဆယ် ဒီမှာပဲ အိပ်လိုက်ပါ..."
"ဟင်..."
ချန်ဖုန်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သူက အလိုအလျောက် မေးလိုက်သည်။ "ဒါဆို ချင်းချန်က ဘယ်မှာ အိပ်မှာလဲ..."
"စိတ်မပူပါနဲ့... သူ အိပ်ဖို့ နေရာရှိပါတယ်... ရှောင်ချန်... မင်း ဒီနေ့ တစ်နေကုန် အလုပ်ရှုပ်နေခဲ့တာလေ... မြန်မြန် အနားယူလိုက်ပါ... ခဏနေရင် ရေသွားချိုးလိုက်... မင်းရဲ့ အဝတ်အစားတွေကို ငါ လျှော်ပေးမယ်..."
"ဟား... မလိုပါဘူး... မလိုပါဘူး..."
ချန်ဖုန်းက အလျင်အမြန် လက်ဝှေ့ယမ်းလိုက်သည်။ ဘယ်လို နောက်ပြောင်မှုကြီးလဲ
အဝတ်တွေ လျှော်လိုက်ရင် သူက လုံးဝ ကိုယ်လုံးတီး ဖြစ်သွားမှာ မဟုတ်ဘူးလား။
"အန်တီ... အန်တီ့အလုပ်တွေ သွားလုပ်ပါ... ကျွန်တော့်အတွက် စိတ်မပူပါနဲ့..."
"ကောင်းပြီ... ကောင်းပြီ..."
ရှောင်ယွီဟယ်က ပြုံးလျက် အခန်းထဲမှ ထွက်သွားလေ၏။
အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက်
ရွှီချင်းချန် အလျင်အမြန် ပြေးလာပြီး မိခင်၏ လက်မောင်းကို ကိုင်ကာ သနားစရာကောင်းသော မျက်နှာဖြင့် ပြောလိုက်သည်။
"အမေ... ချန်ဖုန်းက အမေ့ရဲ့ သားအရင်းလား... သမီးက အမေ့ရဲ့ သမီးအရင်းလား..."
"သူ့ကို သမီးအခန်းမှာ အိပ်ခိုင်းတယ်ဆိုတော့ သမီးက... သမီးက ဘယ်မှာ အိပ်ရမှာလဲ..."
"သမီးကို သူနဲ့ အတူတူ သွားအိပ်ခိုင်းလို့ မရဘူးလေ ဟုတ်တယ်မလား..."
ထိုသို့ ပြောနေရင်း သူမ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားခဲ့ပေ၏။
ရှောင်ယွီဟယ်က ဧည့်ခန်းရှိ ဆိုဖာကို လက်ညှိုးထိုးကာ ပြုံးလျက် ပြောလိုက်သည် "သမီးလိမ္မာလေး... ဒီည သမီး ဆိုဖာပေါ်မှာပဲ ဖြစ်သလို အိပ်လိုက်ပါ... ချန်ဖုန်းက သမီးရဲ့ ကျေးဇူးရှင်ကြီးလေ... သူ့ကို ဆင်းရဲဒုက္ခ ခံခိုင်းလို့ မဖြစ်ဘူးပေါ့..."
"သမီး..."
ရွှီချင်းချန်မှာ သူမကိုယ်သူမ ကောက်ရလာသည့် ကလေးတစ်ယောက်လို ပိုပိုပြီး ခံစားလာရသည်။
သူမ နှုတ်ခမ်းဆူကာ ပြောလိုက်သည်။
"အခန်းတစ်ခန်း ကျန်သေးတယ် မဟုတ်ဘူးလား... သမီး အခြားအခန်းမှာပဲ အိပ်လိုက်လို့ ရတယ်လေ... အဆင်ပြေလား..."
"ရှိတော့ ရှိတယ်... ဒါပေမဲ့ အရေးကြီးတာက အဲဒီအခန်းကို မပြင်ရသေးဘူး... ပြီးတော့ အပိုစောင်တွေလည်း မရှိတော့ဘူးလေ..."
ရှောင်ယွီဟယ်က သမ်းဝေလျက် လက်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"ရေချိုးရင် အပြင်က ရေချိုးခန်းကိုပဲ သုံးလိုက်... သမီး ညအိပ်ဝတ်စုံကို အပြင်ထုတ်ပေးထားတယ်... အမေ အရင်သွားအိပ်တော့မယ်..."
"အမေ... အမေ..."
မိခင်ဖြစ်သူ လျင်မြန်စွာ ထွက်ပြေးသွားသည်ကို ကြည့်ရင်း ရွှီချင်းချန်မှာ စိတ်ပျက်စွာ ခြေဆောင့်လိုက်မိပေ၏။
သူမ၏ အိပ်ခန်းဆီသို့ သူမ လှမ်းကြည့်လိုက်သည်။ သူမ တစ်ခုခု ပြောချင်နေသော်လည်း အပြင်သို့ ထုတ်မပြောခဲ့ချေ။
‘ဟွန့်... ရှင်တော့ အမြတ်ထွက်သွားပြီ…’
ရွှီချင်းချန် ရေချိုးခန်းဆီသို့ လျှောက်သွားချိန်တွင် သူမ မိခင်၏ ညအိပ်ဝတ်စုံ ထားရစ်ခဲ့သည်ကို တွေ့လိုက်ရ၏။ တစ်ဝက် ဖောက်ထွင်းမြင်ရတဲ့ ပိုးသားညအိပ်ဝတ်စုံတဲ့လား။
‘အို ဘုရားရေ...
အမေ့ခေါင်းက တံခါးနဲ့ ညပ်သွားတာများလား…
အိမ်မှာ အပြင်လူ ရှိနေတာတောင် ဒီညအိပ်ဝတ်စုံကို ထုတ်ပေးထားတယ်ပေါ့…’
သူမမှာ စကားပြောစရာပင် မရှိတော့ချေ။
ချန်ဖုန်းသည် မွှေးကြိုင်နေသော ကုတင်ကြီးပေါ်တွင် လှဲလျောင်းနေခဲ့၏။
သူ အထဲတွင် ရေချိုးခဲ့ပြီး သူ၏ အဝတ်အစားများကို ပြန်ဝတ်ထားခဲ့သည်။
ကိုယ်လုံးတီး အိပ်လို့ မရဘူးလေ ဟုတ်တယ်မလား။
လွန်ခဲ့သော နှစ်ရက်က ကျန်းထျန်ရှန်း သူ့ကို လာမရှာခဲ့ချေ။ ကြည့်ရသည်မှာ နယ်စပ်က ယခုအခါ လုံခြုံသွားပြီ သို့မဟုတ် ပြဿနာများ မပေါက်ကွဲသေးခြင်း ဖြစ်ပုံရပေသည်။
ဘာပဲဖြစ်ဖြစ် သူတို့ကို ကြိုတင်အသိပေးထားခဲ့ပြီး မျိုးဆက်သစ် တိုက်ခိုက်ရေး ဝတ်စုံကိုလည်း ရရှိထားခဲ့ကြလေ၏။ နယ်စပ်ရှိ အကျပ်အတည်းမှာ သိသာထင်ရှားမှု မရှိသင့်ချေ။
မကြာသေးမီက သူ အရမ်း အလုပ်ရှုပ်နေသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ချန်ဖုန်း ချက်ချင်းပင် အိပ်ပျော်သွားခဲ့ပေသည်။
သူ အိမ်မက်များစွာ မက်ခဲ့၏။
နယ်စပ်သို့သွားကာ စစ်မြေပြင်တွင် ရဲရင့်စွာ တိုက်ပွဲဝင်ရင်း စစ်သည်တစ်သန်း၏ ခေါင်းဆောင် ဖြစ်လာကြောင်းကို အိမ်မက်မက်ခဲ့သည်။
ရှန်ကွမ်ယွဲ့ကို ဆွဲဆောင်နိုင်ခဲ့တယ်လို့လည်း အိမ်မက်မက်ခဲ့သေးတယ်။
အကောင်းဆုံး အိမ်မက်မက်နေချိန်မှာပင် ဆီးသွားချင်စိတ်ကြောင့် သူ နိုးလာခဲ့ရလေ၏။
"လခွမ်းထဲမှကွာ..."
ထလာစဉ် ချန်ဖုန်းက ကျိန်ဆဲလိုက်သည်။
သူ ဆီးသွားတော့မည့် အချိန်မှာပင် ရေချိုးခန်းထဲတွင် ရေမရှိကြောင်း တွေ့ရှိလိုက်ရ၏။ ရေပြတ်သွားတာလား
အခြားရွေးချယ်စရာ မရှိတော့သဖြင့် အပြင်ဘက်ရှိ ရေချိုးခန်း ပုံမှန် ဟုတ်၊ မဟုတ် စစ်ဆေးရန် သူ အိပ်ခန်းထဲမှ ထွက်လာခဲ့ရပေသည်။
တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် ဆိုဖာပေါ်တွင် အိပ်ပျော်နေသော ရွှီချင်းချန်ကို သူ မြင်တွေ့လိုက်ရသည်။
သူမသည် တစ်ဝက်ဖောက်ထွင်းမြင်ရသော ပိုးသားညအိပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး မြေပြင်ပေါ်သို့ ကန်ချထားသော စောင်ကြောင့် သူမ၏ ရင်ဘတ်ကောက်ကြောင်းများ ပေါ်လွင်နေပေ၏။ ဖြူဖွေးပြီး ရှည်လျားသော ခြေတံများနှင့် သွယ်လျသော ကိုယ်လုံးလေးကို မြင်တော့
ချန်ဖုန်းမှာ တံတွေးမြိုချရုံသာ ရှိတော့သည်။
‘ကျစ်...
ဒီလောက် ဆွဲဆောင်မှု မရှိဘဲ နေလို့မရဘူးလား…’ သူ အမြန်နှုန်း တိုးမြှင့်ကာ ရေချိုးခန်းထဲသို့ ပြေးဝင်သွားလိုက်၏။ တကယ်လို့ ဆက်ကြည့်နေရင် သူ ထိန်းထားနိုင်မှာ မဟုတ်ဘူး။
ကံကောင်းထောက်မစွာပင် အပြင်ဘက် ရေချိုးခန်းတွင် ရေရှိနေသဖြင့် ချန်ဖုန်း အလျင်အမြန် ဆီးသွားလိုက်ပြီးမှ သူ့ခင်မျာ ပေါ့ပါးပြီး အသက်ရူချောင်
သွားတော့သည်။
ရေချိုးခန်းထဲတွင် ဆယ်မိနစ်ခန့် နေခဲ့ပြီး…အိပ်ခန်းထဲသို့ သူ ပြန်ရောက်သွားချိန်တွင် သင်းပျံ့သော ရနံ့လေးတစ်ခုနှင့်အတူ စောင်အောက်တွင် အခြားတစ်ယောက် ရှိနေသည်ကို ရုတ်တရက် သတိပြုမိသွားပေ၏။
ချန်ဖုန်းက စောင်ကို ရုတ်တရက် ဆွဲဖယ်လိုက်သည်။
‘ကျစ်...ရွှီချင်းချန်... မင်းက ဘာလို့ ကုတင်ပေါ် ရောက်နေတာလဲ…သူမက ဘယ်လိုလုပ် ဒီမှာ ရှိနေတာလဲဟ’
သူ့မှာ တွေးရင် ချက်ချင်း မှင်တက်သွားတော့၏။
ကုတင်ပေါ်ရှိ ရွှီချင်းချန်မှာ ရှင်းလင်းစွာ အိပ်မောကျနေပုံရသည်။ ဒါမှမဟုတ် အိပ်နေရင်း လမ်းလျောက်တတ်တဲ့ အကျင့်များရှိနေလို့လား။ စောစောက သူ အိပ်ခန်းထဲ ပြန်ဝင်လာချိန်တွင် ဆိုဖာပေါ်၌ လူရှိ၊ မရှိကိုပင် သတိမထားမိခဲ့ချေ။
ပူနွေးသော ခန္ဓာကိုယ်လေးက သူ့ကို ဖိကပ်လာသည်ကို သူ ခံစားလိုက်ရပြီး အထူးသဖြင့် ဘေးတိုက်အိပ်နေသော ကိုယ်ဟန်အနေအထားက ပြီးပြည့်စုံသော ကောက်ကြောင်းကို ပုံဖော်ပေးနေပေသည်။
ချန်ဖုန်း ကုတင်ပေါ်မှ အလျင်အမြန် ဆင်းလိုက်၏။ တကယ်လို့ တစ်ဖက်လူရဲ့ အိမ်မှာ ရောက်နေတာ မဟုတ်ပဲ သူ့ကုတင်ပေါ်မှာ ဆိုရင်တော့ သူ လုပ်မိမှာပဲ။ ကောင်းပြီလေ... အဲဒါဆိုလည်း မေ့လိုက်တော့
သူ ခြေဖျားထောက်ကာ အိပ်ခန်းထဲမှ ထွက်လာပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။
သို့သော် ယခုလေးတင် ထိုအခိုက်အတန့်၌
သူ၏ မျက်လုံးထောင့်မှနေ၍ ရှောင်ယွီဟယ်၏ တံခါးလှုပ်ရှားသွားသည်ကို သူ မြင်တွေ့လိုက်ရပေ၏။
သူ၏ ရင်ထဲတွင် ခါးသီးစွာ မပြုံးဘဲ မနေနိုင်ခဲ့ချေ။ ဒီသမီးကို ရောင်းစားတဲ့ နည်းလမ်းက တကယ်ကို ပြည့်စုံလွန်းနေတယ် မဟုတ်ဘူးလား။
နောက်တစ်နေ့…
ရွှီချင်းချန် နိုးလာချိန်တွင် သူမကိုယ်သူမ ကုတင်ပေါ် ရောက်နေသည်ကို တွေ့လိုက်ရပြီး ထိုနေရာသို့ ဘယ်လို ရောက်သွားမှန်း သူမကိုယ်တိုင်ပင် မသိခဲ့ချေ။ အဝတ်အစားများ လဲလှယ်ပြီးနောက် သူမ အိပ်ခန်းထဲမှ ထွက်လာခဲ့သည်။
ချန်ဖုန်းလည်း ထနေပြီ ဖြစ်၏။
ညသန်းခေါင်ကျော်တွင် သူ ဆိုဖာပေါ်၌ အိပ်နေခဲ့ခြင်း ဖြစ်သည်။
ရှောင်ယွီဟယ်က ရွှီချင်းချန် ကို ဘေးသို့ဆွဲခေါ်သွားပြီး တီးတိုးပြောလိုက်သည်။ "သမီး... မနေ့ညက သမီးမှာ အရမ်းကောင်းတဲ့ အခွင့်အရေးကြီး ရှိနေတာကို ဘယ်လိုလုပ် ဆုပ်မကိုင်ခဲ့ရတာလဲ... အာ... တကယ်ပါပဲ..."
"သမီး…”
ရွှီချင်းချန်သည် မနေ့ညက ဘာတွေဖြစ်ခဲ့မှန်း လုံးဝ မသိခဲ့ချေ။
တစ်နေ့ကျရင် သူမကိုတောင် မသိလိုက်ဘဲ သူမအမေက ရောင်းစားသွားတော့မည်ဟု သူမ ခံစားလိုက်ရပေ၏။
ကောင်းပြီလေ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူက ကိုယ့်အမေအရင်းပဲလေ။
ရှောင်ယွီဟယ်က ချန်ဖုန်းကို အလျင်အမြန် ပြန်လည်ဧည့်ခံလိုက်ပြီး ပြုံးလျက် ပြောဆိုလိုက်သည် "ရှောင်ချန်... မနေ့ညက အိပ်လို့ကောင်းရဲ့လား..."
"မဆိုးပါဘူး..."
ချန်ဖုန်းက အသံထွက်၍ ပြောဆိုလိုက်သည်။
ဒါပေမဲ့ သူ့အတွေးထဲမှာတော့…
‘မနေ့ညက ဘာဖြစ်ခဲ့တယ်ဆိုတာ အန်တီ အသိဆုံးပါ ခုမှ ဘယ်လိုလုပ် မသိချင်ယောင်ဆောင်နေတာလဲ…အန်တီ့
စကားကို ယုံမယ့်အစား…သရဲ စကားကိုပဲ
ယုံလိုက်မယ်…’
ရှောင်ယွီဟယ်က အနေရခက်စွာ အနည်းငယ် ရယ်မောလိုက်ပြီး တစ်ခုခုပြောရန် ပြင်လိုက်ချိန်တွင် ဖုန်းမြည်လာခဲ့၏။
ခဏတာ စကားပြောပြီးနောက် သူမ ချက်ချင်း ဖုန်းချလိုက်သည်။
သူမက ရွှီချင်းချန်အား ထူးဆန်းသော မျက်နှာအမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။ "သမီး... သမီးရဲ့ ဒုတိယအဒေါ် မကြာခင် ရောက်လာလိမ့်မယ်..."
"သူက ဒီကို ဘာလာလုပ်တာလဲ..."
ရွှီချင်းချန်မှာ အလွန် အံ့အားသင့်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် ပုံမှန်အခြေအနေများအောက်တွင် ဒုတိယအဒေါ်သည် သူမဆီသို့ လာလေ့မရှိသောကြောင့် ဖြစ်သည်။
ရှောင်ယွီဟယ်က ပြုံးလိုက်သည် "သမီး သရုပ်မဆောင်တာ ကြာပြီဖြစ်ပြီး ဖျော်ဖြေရေးလောကကနေ ထွက်တော့မယ်လို့ သမီးရဲ့ ဒုတိယအဒေါ် ကြားထားလို့လေ... အဲဒါကြောင့် သမီး အိမ်ထောင်ပြုနိုင်အောင် ချစ်သူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်လို့ စဉ်းစားထားတာ..."
စကားပြောနေရင်း သူမက ဘေးရှိ ချန်ဖုန်းကို တစ်ချက်ကြည့်လိုက်၏။
ထို့နောက် သူမက ပြောသည် "ငါ သူ့ကို မလိုဘူးလို့ ပြောလိုက်တယ်... သမီးမှာ ချစ်သူရှိနေပြီလို့... ဒါပေမဲ့ သမီးရဲ့ ဒုတိယအဒေါ်က မယုံဘဲနဲ့ သူမကိုယ်တိုင်တောင် ခေါ်လာခဲ့တယ်... သူတို့ မကြာခင် ရောက်လာလိမ့်မယ်..."
"ဟင်..."
ရွှီချင်းချန်မှာ အနည်းငယ် စကားပြောစရာမဲ့ ဖြစ်သွားရပေသည်။
ဘာပဲဖြစ်ဖြစ် သူမက နာမည်ကြီးတစ်ယောက်လေ... ချစ်သူ မရှာနိုင်မှာကို ဘာလို့ စိုးရိမ်နေရမှာလဲ။
‘ဟူး…’
ဒုတိယအဒေါ် ဘာတွေတွေးနေမှန်းကို သူမ တကယ် မသိတော့ပါဘူး။
သူမသည် ချန်ဖုန်း၏ မျက်နှာအမူအရာကို တိတ်တဆိတ် ကြည့်လိုက်ရာ မည်သည့် မကျေနပ်မှု အရိပ်အယောင်မှ မပြသသည်ကို တွေ့လိုက်ရ၏။
ထိုအချိန်မှသာ သူမ သက်ပြင်းတစ်ချက် ချနိုင်ခဲ့တော့သည်။