အခန်း ၃၇၆
Vol. 26 Ch. 376
အခန်း(၃၇၆)
“ အမရှင်း… ဒီကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက အရမ်းကြောက်ဖို့ကောင်းတယ်… စောစောက ဓားတောင်မှာ ကျင့်ကြံသူထောင်ပေါင်းများစွာက အဆုံးမဲ့တဲ့ ဓားချီကြောင့် အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ရတယ်… သူတို့က ဓားချီအောက်မှာ ကြက်ကလေး ငှက်ကလေးတွေလို အသတ်ခံလိုက်ရတယ်… အရမ်းကြောက်ဖို့ကောင်းတာပဲ… ဓားတောင်ကို ဖြတ်ကျော်ဖို့ ငါတို့တွေ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမဲ့ အခု မီးပင်လယ်က ငါတို့အရှေ့မှာ ထပ်ထွက်ပေါ်လာပြန်ပြီ… မီးပင်လယ်က အရမ်းပူတာပဲ ”
လင်းသွဲ့သည် သူ၏ နဖူးပေါ်မှ ချွေးစေးများကို လက်ဖြင့် သုတ်၍ ညည်းညူလိုက်သည်။
သူတို့၏ ဘေးပတ်ဝန်းကျင်တွင် ကျင့်ကြံသူအများကြီး ရှိသည်။ အကြည့်တစ်ချက်ဖြင့် ဤနေရာမှာ ကျင့်ကြံသူမည်မျှရှိနေကြောင်း ပြောရန် မလွယ်ကူပေ။ အလွယ်ပြောရလျှင် မရေမတွက်နိုင်အောင် များသည်။ ဓားတောင်က မည်မျှအန္တရာယ်များပါစေ လူသားကျင့်ကြံသူအများကြီးကို မသုတ်သင်နိုင်ခဲ့ပေ။ သို့တိုင် ဓားတောင်ပေါ်မှာ သေဆုံးသွားသော ကျင့်ကြံသူများသည် အနည်းဆုံး အရေအတွက်သုံးလေးသောင်း ရှိသည်။ မှန်ပေသည်။ သေဆုံးသွားသော ထိုကျင့်ကြံသူများသည် အတွေ့အကြုံနည်းပြီး ကျင့်ကြံခြင်းအဆင့် မမြင့်မားသော သာမန်ကျင့်ကြံသူများသာ ဖြစ်ကြသည်။
အကယ်၍ သူတို့မှာ အကူအညီပေးမည့် မိတ်ဆွေများ သို့မဟုတ် ဆရာများ ရှိမည်ဆိုလျှင် ဓားတောင်ကို ဖြတ်ကျော်နိုင်လောက်၏။ သို့မဟုတ်လျှင် သူတို့ကို စောင့်ကြိုနေမည်မှာ မရဏလမ်းဖြစ်သည်။
ကျင့်ကြံသူသုံးလေးသောင်းက နည်းပါးသော အရေအတွက်မဟုတ်သော်လည်း ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်လာသော ကျင့်ကြံသူသိန်းပေါင်းများစွာနှင့် နှိုင်းယှဉ်လျှင် ယင်းက မပြောပလောက်သော ပမဏ ဖြစ်သည်။
ယင်းက လူသားမျိုးနွယ်ကျင့်ကြံသူများ၏ အလုံးစုံအင်အားကို ကြီးကြီးမားမား မထိခိုက်စေနိုင်ပေ။
ဓားတောင်ကို ဖြတ်ကျော်ပြီးနောက် နောက်တစ်ဆင့်တွင် သူတို့ကို စောင့်ကြိုနေသည်မှာ မီးပင်လယ် ဖြစ်သည်။
မှန်ပေသည်။ သူတို့၏ အရှေ့မှာ မီးပင်လယ် ဖြစ်သည်။ ထိုမီးတောက်က အလွန်ထူးဆန်းသည်။ မီးတောက်က အနက်ရောင်ဖြစ်သည်။ ထိုအနက်ရောင်မီးတောက်က ကျင့်ကြံသူအများအပြားကို နှလုံးတုန်သွားစေသည်။
မီးတောက်မီးလျှံများက မြေကြီးထဲမှ မြှောက်တတ်နေသည်။ ယင်းက မီးတောက်ပေါက်ကွဲမှုနှင့် ဆင်တူသည်။ မီးတောက်လှိုင်း တစ်ခုပြီးတစ်ခုက ဆက်တိုက် ထွက်ပေါ်လာသည်။ ယင်းက အဆုံးမရှိပေ။
ထူးဆန်းသည်မှာ ကျင့်ကြံသူသိန်းပေါင်းများစွာက အနက်ရောင်မီးပင်လယ်ထဲမှာ ရပ်နေကြသည်။ သူတို့ထဲမှ တချို့က မီးတောက်မီးလျှံများဖြင့် ဖုံးလွှမ်းခံထားရသည်။ ထိုမြင်ကွင်းက အလွန်ကျောချမ်းဖွယ်ကောင်းသည်။
သို့သော်လည်း ထူးဆန်းသည်မှာ အနက်ရောင်မီးတောက်သည် သူတို့၏ အဝတ်အစားကို မဆိုထားနှင့် သူတို့၏ ဆံခြည်မျှင်တစ်မျှင်ကိုပင် မလောင်ကျွမ်းစေပေ။
ကြည့်ရသည်မှာ ထိုမီးပင်လယ်က ပုံရိပ်ယောင်တစ်ခုဖြစ်ဟန် ရ၏။ မီးပင်လယ်က အတုဖြစ်ပြီး မီးတောက်သည်လည်း အတုဖြစ်သည်။ ယင်းက ကျင့်ကြံသူများကို လှည့်စားရန်သက်သက် ဖန်တီးထားခြင်း ဖြစ်ဟန် ရ၏။ ထို့ပြင် ကျင့်ကြံသူအများစုက မီးပင်လယ်ထဲမှာ အရှေ့သို့ ဆက်လျှောက်သွားနေကြသည်။ မီးပင်လယ်ပေါ်တွင် ပျံသန်းခြင်းကို တားမြစ်ထားသော ကန့်သတ်ချက် ရှိသည်။ ယင်းက ဓားတောင်မှာကဲ့သို့ပင်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်သည် မီးပင်လယ်ကို ဖြတ်ကျော်ချင်လျှင် မီးပင်လယ်ကို မဖြစ်မနေ ဖြတ်လျှောက်ရလိမ့်မည်။
“ ရှောင်သွဲ့… သတိမပေါ့ဆနဲ့… ဓားတောင်နဲ့ မီးပင်လယ်က ကောင်းကင်မိစ္ဆာ စီစဉ်ထားခဲ့တဲ့ စမ်းသပ်မှုတွေပဲ… ဓားတောင်မှာ ကျင့်ကြံသူသုံးလေးသောင်း သေဆုံးသွားခဲ့ကြတယ်… ဒါကြောင့် ဒီမီးပင်လယ်လည်းပဲ ဘယ်နည်းနဲ့မှ ရိုးရှင်းမှာမဟုတ်ဘူး ”
ကိုတိုမီက လေးနက်စွာ ပြောသည်။ သူ၏ အမူအရာက အေးဆေးတည်ငြိမ်သည်။ သူ့အရှေ့မှာ တောင်ပြိုလျှင်ပင် သူက အံ့ဩထိတ်လန့်သွားလိမ့်မည် မဟုတ်ချေ။ ယင်းကို ကြည့်ခြင်းအားဖြင့် သူ၏ စိတ်အခြေအနေက မည်မျှမြဲမြံကြောင်း မှန်းဆနိုင်ပေသည်။
အမှန်မှာ ယင်းက ထူးဆန်းသောကိစ္စ မဟုတ်ပေ။
ကိုတိုမီသည် ကုချင်းတီးခတ်ခြင်းကို နေ့စဉ်လုပ်ဆောင်၍ သူ၏ စိတ်အခြေအနေကို အထူးလေ့ကျင့်ထားခဲ့သည်။ သို့ဖြစ်၍ သာမန်ကိစ္စရပ်များက သူ၏ စိတ်အခြေအနေကို ယိမ်းယိုင်စေနိုင်လိမ့်မည် မဟုတ်ချေ။ အထူးသဖြင့် သူက ဂီတပညာရှင်တစ်ဦးဖြစ်လေရာ သူ၏ စိတ်ခွန်အားက တခြားကျင့်ကြံသူများထက် အများကြီး ပိုသန်စွမ်းသည်။ ထို့ကြောင့် ချင်မိသားစုထဲတွင် ကျင့်ကြံနေရင်း ရူးသွပ်သွားသော ပုဂ္ဂိုလ်များ တစ်ခါမှ မရှိခဲ့ပေ။ သူတို့၏ အပြုအမူနှင့် အကျင့်စရိုက်က သိမ်မွေ့နူးညံ့သော်လည်း သူတို့၏ စိတ်အခြေအနေက အလွန်သန်စွမ်းသည်။
ချင်မိသားစုဝင်များ၏ စိတ်စွမ်းအားသည် သူတို့၏ ကျင့်ကြံခြင်းနယ်ပယ်ထက် အမြဲတမ်း ပိုမြင့်မားသည်။
“ တူမလေးပြောတာ မှန်တယ်… ဒီမီးတောက်က သာမန်မီးတောက်မဟုတ်ဘူး… အဲ့ဒါကို ယင်မီးတောက်လို့ ခေါ်တယ်… အဲ့ဒါက ခန္ဓာကိုယ်အပြင်ပန်းကို မလောင်ကျွမ်းစေဘူး… အဲ့ဒီအစား ယင်မီးတောက်က ခန္ဓာကိုယ်ထဲ ဝင်ရောက်ပြီး ကိုယ်တွင်းအင်္ဂါတွေကို လောင်ကျွမ်းပစ်လိမ့်မယ်… အဲ့ဒါ အရမ်းကြောက်ဖို့ကောင်းတယ်… ယင်မီးတောက်ကို မတောင့်ခံနိုင်တော့တဲ့အခါ မီးတောက်က ခန္ဓာကိုယ်ထဲကနေ ပျံ့နှံ့ထွက်လာပြီး တစ်ကိုယ်လုံးကို အရှိန်အဟုန်ပြင်းပြင်းနဲ့ လောင်ကျွမ်းပစ်လိမ့်မယ်… ငါတို့ရဲ့ အရှေ့မှာ ယင်မီးတောက်က ပင်လယ်တစ်စင်းလို စုဝေးနေတယ်… အဲ့ဒါကို ဘာနဲ့မှ မတားဆီးနိုင်သလို ရှောင်တိမ်းလို့လည်း မရဘူး ”
“ ယင်မီးတောက်ကို တောင့်ခံဖို့ စိတ်ခွန်အားနဲ့ ကျင့်ကြံခြင်းစွမ်းအားကို အသုံးပြုရမယ်… ဒါမှမဟုတ် မင်းမှာ တမူထူးခြားတဲ့ ဓမ္မရတနာတစ်ခုရှိရမယ်… အဲ့လိုမဟုတ်ရင် ဟား ဟား… ဒီမီးပင်လယ်က ကျင့်ကြံသူသိန်းပေါင်းများစွာကို ပြာဖြစ်စေလိမ့်မှာ ငါစိုးရိမ်တယ် ”
သက်လတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ကျောင်းတော်သားက အရှေ့သို့ ကြည့်နေရင်း ရယ်လိုက်သည်။ မီးပင်လယ်သည် အတော်လေး ကျယ်ပြောသည်။ သို့ဖြစ်၍ မီးပင်လယ်ကို ဖြတ်ကျော်ရန် အချိန်ခဏလေးအတွင်း လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
ယင်မီးတောက်အကြောင်း ပြောရလျှင် ယင်းက အမှန်တကယ် ထူးခြားသည်။ အကယ်၍ သီရှီထျန်သာ ဤနေရာမှာ ရှိနေမည်ဆိုလျှင် သူက ယင်မီးတောက်ကို ချက်ချင်း မှတ်မိသွားလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် “ အနောက်အရပ်သို့ ခရီးသွားခြင်း ”ဇာတ်လမ်းတွဲထဲတွင် ဗုဒ္ဓက စွန်းဝူခုံးကို ကပ်ဘေးသုံးမျိုးအကြောင်း မိန့်ကြားခဲ့သည်။ ထိုထဲမှ ကပ်ဘေးတစ်မျိုးက ယင်မီးတောက်ဖြစ်သည်။
ဗုဒ္ဓက ဤသို့မိန့်ကြားသည်။
“ ထာဝရအသက်ရှည်ခြင်းဆိုတာ အင်မတန် ခက်ခဲတဲ့ လမ်းစဉ် ဖြစ်တော်မူတယ်… ရှင်သန်ခြင်းဆိုတာ မိုးမြေရဲ့ ကံကောင်းခြင်း၊ နေနဲ့လရဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို လုယက်ခြင်း ဖြစ်တယ်… အမြူတေဓာတ်လုံး ဖွဲ့စည်းပြီးတဲ့အခါ ငယ်ရွယ်မှုကို ထိန်းသိမ်းနိုင်ပြီး ထာဝရအသက်ရှည်ခြင်းကို ပိုင်ဆိုင်နိုင်လိမ့်မယ်… ဒါပေမဲ့ ပထမအနှစ်ငါးရာကြာပြီးရင် မိုးကြိုးတွေ၊ လျှပ်စီးတွေက ကောင်းကင်ပေါ်ကနေ ကျဆင်းလာလိမ့်မယ်… အဲ့ဒါကို မခုခံနိုင်ရင် မင်းသေဆုံးလိမ့်မယ်… နောက်ထပ် အနှစ်ငါးရာကြာပြီးရင် မီးတောက်မီးလျှံတွေက မြေကြီးထဲကနေ ထွက်ပေါ်လာလိမ့်မယ်… အဲ့ဒီမီးတောက်က ကောင်းကင်ဘုံမီးတောက် မဟုတ်သလို မြေကြီးမီးတောက်လည်း မဟုတ်ဘူး… အဲ့ဒါက ယင်မီးတောက် ဖြစ်တယ်… ယင်မီးတောက်က ကိုယ်တွင်းအင်္ဂါတွေကို အဓိကလောင်ကျွမ်းပစ်လိမ့်မယ်… ယင်မီးတောက်က နှစ်တစ်ထောင်ကျင့်ကြံခြင်းကို ချက်ချင်း ပြာဖြစ်စေလိမ့်မယ်… နောက်ထပ် အနှစ်ငါးရာကြာပြီးရင် ဘုံကိုးဘုံကနေ လေတိုက်ခတ်လာလိမ့်မယ်… အဲ့ဒီလေကို မရဏလေလို့ ခေါ်တယ်… မရဏလေက ကိုယ်တွင်းအင်္ဂါခြောက်ခု၊ ဒျန်တျန်၊ ဒွါရခုနစ်ပေါက်နဲ့ အသွေးအသားတွေကို ဖျက်ဆီးပစ်လိမ့်မယ်… ဒါကြောင့် မင်းသေချာပေါက် ရှောင်တိမ်းရမယ် ”
ယင်းက ဒဏ္ဍာရီလာ ကပ်ဘေးသုံးမျိုး ဖြစ်သည်။ ယင်မီးတောက်သည် ထိုထဲမှ တစ်မျိုးဖြစ်သည်။
သို့ဖြစ်လေရာ ယင်မီးတောက်၏ အစွမ်းကို လျော့မတွက်သင့်ပေ။
“ အင်း… ယင်မီးတောက်အကြောင်းကို ရှေးဟောင်းစာအုပ်တွေထဲမှာ ရှင်းအာ ဖတ်ဖူးတယ် ”
ကိုတိုမီက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောသည်။
“ ယင်မီးတောက်က ခြေဖဝါးကနေစပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာတယ်… အရင်ဆုံး မီးတောက်က ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအားကို လောင်ကျွမ်းပစ်လိမ့်မယ်… ဝိညာဉ်စွမ်းအားထဲက မသန့်စင်မှုတွေက ယင်မီးတောက်အတွက်တော့ လောင်စာဖြစ်တယ်… ခန္ဓာကိုယ်ထဲမှာ မသန့်စင်မှုတွေ ပိုများလေ ယင်မီးတောက်က ပိုပြီးအစွမ်းထက်လေဖြစ်တယ်… ဒါ့အပြင် ယင်မီးတောက်ရဲ့ လောင်ကျွမ်းမှုကြောင့် ဝိညာဉ်စွမ်းအားက ဖရိုဖရဲဖြစ်လာပြီး ခန္ဓာကိုယ်ထဲမှာ ရုန်းရင်းဆန်ခတ် ရွေ့လျားသွားလိမ့်မယ်… တစ်စုံတစ်ယောက်မှာ အလုံအလောက်သန်မာတဲ့ စိတ်ခွန်အားမရှိရင် ယင်မီးတောက်က ခန္ဓာကိုယ်ကို ပေါက်ကွဲသွားစေလိမ့်မယ်… ယင်မီးတောက်က တကယ်ကြောက်စရာကောင်းတယ် ”
ကိုတိုမီသည် ယင်မီးတောက်အကြောင်း အနည်းအကျဉ်း သိထားပုံပေါ်သည်။ ချင်မိသားစုက သမိုင်းကြောင်းရှည်လျားသော ရှေးဟောင်းကျင့်ကြံခြင်းမိသားစုတစ်ခုဖြစ်လေရာ သူတို့ဆီမှာ ရှေးဟောင်းမှတ်တမ်းများ ရှိသည်။ သို့ဖြစ်၍ ကိုတိုမီသည် ဗဟုသုတကြွယ်ဝသည်။
“ ဟား ဟား… ရှင်းအာပြောတာ မှန်တယ်… တခြားလူတွေက ယင်မီးတောက်ကို ကြောက်ကြလိမ့်မယ်… ဒါပေမဲ့ ငါတို့ချင်မိသားစုကတော့ ယင်မီးတောက်ကို စိုးရိမ်ဖို့ မလိုဘူး… သွားကြစို့… ဒီမီးပင်လယ်က ငါတို့ကို ဒုက္ခအများကြီး ပေးနိုင်မှာ မဟုတ်ဘူး ”
သက်လတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ကျောင်းတော်သားက ရယ်လိုက်သည်။ သူက တုံ့ဆိုင်းမနေဘဲ မီးပင်လယ်ထဲမှာ အရှေ့သို့ ဆက်လျှောက်သွားသည်။ သူ၏ မျက်နှာပေါ်မှာ လွတ်လပ်ပေါ့ပါးသော အမူအရာရှိသည်။ ဤသည်မှာ ယင်မီးတောက်က သူ့အပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိသည့်အလားပင်။
တခြားကျင့်ကြံသူများသည်လည်း စတင်ရွေ့လျားသွားကြသည်။ မီးတောက်ပင်လယ်ထဲတွင် ကျင့်ကြံသူများက မည်သည့်နေရာမှာ ရှိနေပါစေ သူတို့အတွက် ဦးတည်ချက်က တစ်ခုတည်းသာ ဖြစ်၏။ ကွာခြားမှုကြီးကြီးမားမား မရှိပေ။
လူသားကျင့်ကြံသူများသည် ကောင်းကင်မိစ္ဆာအရှင် သူတို့ကို ရှင်းလင်းသုတ်သင်ရန် စီစဉ်ထားသော မီးပင်လယ်ထဲမှာ အရှေ့သို့ ရွေ့လျားနေကြသည်။ ထိုမီးပင်လယ်ကို သူတို့ဖြတ်ကျော်နိုင်သွားမည်ဆိုလျှင် ယင်ယန်ကောင်းကင်တံတား၏ အခြားတစ်ဖက်မှာရှိသော လူသားမျိုးနွယ်ကျွန်းစုပေါ်သို့ ရောက်ရှိသွားကြလိမ့်မည်။
ယင်း၏ ဆိုလိုရင်းမှာ လူသားမျိုးနွယ်စုနှင့် မိစ္ဆာမျိုးနွယ်စုသည် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲမှာ သေချာပေါက် ထိပ်တိုက် တွေ့ဆုံသွားကြလိမ့်မည်။
… … …
“ ဝှစ် ”
ကျွန်းစုတစ်ခုပေါ်မှ စင်မြင့်ပေါ်တွင် နတ်ဘုရားအလင်းတန်းတစ်ခု ရုတ်တရက် ဆင်းသက်လာသည်။ နတ်ဘုရားအလင်းတန်းထဲတွင် သီရှီထျန်၏ ပုံရိပ်က ပြန်ပေါ်လာသည်။ သူက စင်မြင့်ပေါ်မှာ ယခင်အခေါက်များနည်းတူ မျက်လုံးမှိတ်လျက် မတ်တတ်ရပ်နေသည်။ သူက စတုတ္ထစမ်းသပ်မှုထဲမှ ရရှိခဲ့သော အကျိုးအမြတ်များကို တိတ်တဆိတ် ချေဖျက်နေသည်။ ထို့နောက် သူက မျက်လုံးပြန်ဖွင့်လိုက်ပြီး ဝိုင်ကို တစ်ကျိုက်ပြီးတစ်ကျိုက် မော့သောက်လိုက်သည်။ ထို့နောက် သူက နောက်ဆုံးခရမ်းရောင်နတ်ဘုရားအလင်းတိုင်ထဲသို့ ဝင်ရောက်သွားသည်။
ယင်းက ပဉ္စမစမ်းသပ်မှု ဖြစ်သည်။
နှစ်နာရီကြာပြီးနောက် သီရှီထျန်၏ ပုံရိပ်က ကျွန်းစုတစ်ခုပေါ်မှ စင်မြင့်ပေါ်မှာ ပြန်ထွက်ပေါ်လာသည်။
“ ဟား ဟား… အမွေအနှစ်လျှောက်လမ်း… နှလုံးသားရှာဖွေဘုရားကျောင်း… စမ်းသပ်မှုငါးမျိုး… ဟား ဟား… နောက်ဆုံးတော့ အမွေအနှစ်လျှောက်လမ်းကို ငါပြီးမြောက်သွားပြီ… လက်စသတ်တော့ စောစောက ငါရရှိခဲ့တာက ကောင်းကင်မိစ္ဆာအရှင်ရဲ့ အမွေအနှစ်ဆက်ခံခွင့်နဲ့ ရတနာသိုက်ဖွင့်လှစ်နိုင်တဲ့ သော့ပဲ… ငါနားလည်သွားပြီ ”
ရှားပါးသော အပြုံးက သီရှီထျန်၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူ၏ ဘယ်လက်ကို မြှောက်လိုက်သည့်အခါ သူ၏ လက်ဖဝါးပေါ်တွင် ထူးဆန်းသော အမှတ်အသားတစ်ခု ထွက်ပေါ်လာသည်။
ထိုအမှတ်အသားသည် ခရမ်းရောင်ကြာပန်းပုံစံ ရှိသည်။ ခရမ်းရောင်ကြာပန်းက အလွန်အနုပညာမြောက်လေရာ အမှန်တကယ် အသက်ဝင်နေဟန် အောက်မေ့ရ၏။ ကြာပန်းက သူ၏ လက်ဖဝါးပေါ်မှာ ကြီးထွားနေဟန် ရ၏။
“ အမွေအနှစ်လျှောက်လမ်းပေါ်က စမ်းသပ်မှုတွေက ရဲစွမ်းသတ္တိ၊ တာဝန်ယူမှုနဲ့ ဉာဏ်ပညာ အစရှိတာတွေ ဖြစ်တယ်… အဲ့ဒီစမ်းသပ်မှုငါးခုစလုံးက ဘုရင်တစ်ပါး ဒါမှမဟုတ် အရှင်သခင်တစ်ပါး မဖြစ်မနေ ပိုင်ဆိုင်ထားသင့်တဲ့ အရည်အချင်းတွေကို စစ်ဆေးတာ ဖြစ်တယ်… မိစ္ဆာတွေက ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲ ဝင်ရောက်သွားပြီးရင် အမွေအနှစ်လျှောက်လမ်းပေါ်က စမ်းသပ်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်… စမ်းသပ်မှုငါးခုစလုံးကို အောင်မြင်သွားရင် အမှတ်အသားတစ်ခု ရရှိလိမ့်မယ်… တကယ်လို့ ငါ့အထင်မမှားရင် နောက်ထပ် စမ်းသပ်မှုတစ်ခု ရှိဦးလိမ့်မယ် ”
စက်ကရာသည် သူ၏ လက်ဖဝါးပေါ်မှ ခရမ်းရောင်ကြာပန်းကို ကြည့်လိုက်သည်။ ခရမ်းရောင်ကြာပန်းတစ်ပွင့်က သူ၏ ခန့်မှန်းမှုကို အတည်မပြုပေးနိုင်ပေ။ သို့သော်လည်း သူက ငတုံးတစ်ယောက် မဟုတ်ပေ။ အမွေအနှစ်လျှောက်လမ်းပေါ်မှ အဖြစ်အပျက်တစ်ခုပြီးတစ်ခုကို သူပြန်စဉ်းစားလိုက်သည့်အခါ ဇာတ်လမ်းက ရုပ်လုံးပေါ်လာသည်။
သူပြောခဲ့သည့်အတိုင်းပင် နှလုံးသားရှာဖွေဘုရားကျောင်းငါးခုက ဘုရင်တစ်ပါး သို့မဟုတ် အရှင်သခင်တစ်ပါးမှာ ရှိသင့်ရှိထိုက်သော အရည်အချင်းများကို စမ်းသပ်ပေးသော နေရာများဖြစ်သည်။ စမ်းသပ်မှုငါးခုစလုံးကို သူအောင်မြင်သွားသည့်အခါ အမှတ်အသားတစ်ခုက သူ၏ လက်ဖဝါးပေါ်မှာ တိတ်တဆိတ် ထွက်ပေါ်လာသည်။ ယင်းက ကောင်းကင်မိစ္ဆာအရှင်၏ ရည်ရွယ်ချက်ကို သူ့အား အရိပ်အမြွက်နားလည်သွားစေသည်။ အကယ်၍ သူ့အထင်မမှားလျှင် ကောင်းကင်မိစ္ဆာအရှင်၏ အမွေအနှစ်ကို ပိုင်ဆိုင်ရန် ဤအမှတ်အသားက အဓိကအခရာ ဖြစ်လိမ့်မည်။ သို့မဟုတ် ယင်းက သော့တစ်ချောင်းဖြစ်နိုင်၏။