အခန်း ၃၇၇
Vol. 26 Ch. 377
အခန်း(၃၇၇)
သူက အမွေအနှစ်လျှောက်လမ်းကို ပြီးမြောက်သွားသော်လည်း ကောင်းကင်မိစ္ဆာအရှင်၏ ရတနာသိုက်ဆီသို့ တည်နေရာမပြောင်းရွှေ့သွားပေ။
သို့ဖြစ်၍ သူ့အထင်မမှားလျှင် သူ့အရှေ့မှာ နောက်ထပ် စမ်းသပ်မှုတစ်ခု ရှိနေဦးလိမ့်မည်။
တစ်နည်းဆိုရသော် အမွေအနှစ်လျှောက်လမ်းမှာ စုစုပေါင်း စမ်းသပ်မှုငါးခုရှိခြင်း မဟုတ်ပေ။ ယင်းအစား စမ်းသပ်မှုခြောက်ခု ဖြစ်သည်။
ထိုနောက်ဆုံးစမ်းသပ်မှုသည်တော့… ။
စက်ကရာ၏ မျက်လုံးထဲမှာ ယုံကြည်မှုရှိသော အလင်းရောင် ထွက်ပေါ်လာသည်။ သူ၏ မျက်နှာက ပုံမှန်အတိုင်း စိတ်ခံစားချက်ကင်းမဲ့သွားသည်။ အေးစက်မှုနှင့် တည်ငြိမ်မှုက သူ့မျက်နှာပေါ်မှာ ပြန်ပေါ်လာသည်။ သူက သူ့အရှေ့မှ နတ်ဘုရားအလင်းတိုင်လုံးကို ကြည့်လိုက်သည်။
ထူးဆန်းသည်မှာ ဤတစ်ကြိမ်တွင် သူ့အရှေ့၌ အနက်ရောင်နတ်ဘုရားအလင်းတိုင်လုံးတစ်ခုတည်း ရှိနေသည်။ ယင်းက ထွက်ခွာသော လမ်းကြောင်း ဖြစ်သည်။
“ ဂလု ”
သီရှီထျန်သည် ဝိုင်နတ်ဘုရားဘူးသီးခြောက်ကို ဖွင့်လိုက်ပြီး ဝိုင်ကို လည်ချောင်းအပြည့် မော့သောက်လိုက်သည်။ ထို့နောက် သူက အနက်ရောင်နတ်ဘုရားအလင်းတိုင်ထဲသို့ တန်းမတ်စွာ လျှောက်သွားသည်။
“ နောက်ဆုံးစမ်းသပ်မှု… ငါသီရှီထျန် လာပြီ ”
… … …
“ ဟား ဟား… ဟိုဘက်ကျွန်းစုမှာ လူသားတစ်ယောက်ကိုတောင် ငါမမြင်ပါလား… မဟုတ်မှလွဲရော ဓားတောင်နဲ့ မီးပင်လယ်က မသေမျိုးကျင့်ကြံသူအားလုံးကို သုတ်သင်ပစ်လိုက်ပြီလား… ဒီလိုဆိုရင် ယင်ယန်ကောင်းကင်တံတားပေါ်မှာ ငါတို့တွေ အသက်စတေးပြီး တိုက်ခိုက်စရာမလိုတော့ဘူးပေါ့ ”
“ ကျင့်ကြံသူအားလုံး သေဆုံးသွားဖို့ ငါဆုတောင်းတယ် ”
“ ကိုယ့်လူ… မင်းက ဘာကို ကြောက်နေတာလဲ… ငါတို့ဆီမှာ လူတစ်သောင်းကျော်ပဲရှိပေမဲ့ ယင်ယန်ကောင်းကင်တံတားဆီ ရောက်တဲ့အခါ ငါတို့ရဲ့ ကျင့်ကြံခြင်းအားလုံး ချိပ်ပိတ်ခံရလိမ့်မယ်… လူသားတွေရဲ့ ရုပ်ခန္ဓာက ငါတို့မိစ္ဆာတွေကို ဘယ်ယှဉ်နိုင်မှာလဲ… ငါ လက်တစ်ဖက်ဝှေ့ယမ်းရုံနဲ့ ကျင့်ကြံသူခုနစ်ယောက် ရှစ်ယောက်ကို တစ်ခါတည်း သတ်ပစ်နိုင်တယ်… ငါတို့နဲ့ ရုပ်ခန္ဓာကိုယ်ချင်း ယှဉ်ပြိုင်ချင်တယ်ဆိုရင် မိခင်ရဲ့ ဝမ်းဗိုက်မှာကတည်းက သူတို့နို့သောက်လာမှပဲ ရမယ် ”
“ မင်းပြောတာ မှန်တယ်… လူသားမျိုးနွယ်ရဲ့ သိုင်းပညာကျင့်ကြံသူတွေက ငါတို့ရဲ့ မိစ္ဆာခန္ဓာကိုယ်ကို အတုခိုးထားတာလို့ ပြောကြတယ်… သူတို့က ဘယ်လိုလုပ် ငါတို့ကို ယှဉ်နိုင်မှာလဲ… ဘာမှမစိုးရိမ်နဲ့… ယင်ယန်ကောင်းကင်တံတားဆီ ငါတို့ရောက်တဲ့အခါ ရှေးဟောင်းတံတားကို မသေမျိုးကျင့်ကြံသူတွေရဲ့ သွေးတွေ စွန်းထင်စေရမယ် ”
“ ဟား ဟား… မှန်လိုက်လေကွာ… မသေမျိုးကျင့်ကြံသူတွေရဲ့ ဦးခေါင်းတချို့ကို ဖြုတ်ယူလာခဲ့မယ်လို့ ဒီကို ငါမလာခင် ငါ့ရဲ့ ကလေးတွေကို ကတိပေးခဲ့တယ်… အိမ်ပြန်ရောက်တဲ့အခါ သူတို့ရဲ့ ဦးခေါင်းခွံတွေနဲ့ ဝိုင်ခွက်လုပ်ပစ်မယ်… လူသားဦးခေါင်းခွံတွေနဲ့ ဖန်တီးထားတဲ့ ဝိုင်ခွက်ကို အသုံးပြုပြီး ဝိုင်သောက်တာက ပိုမွှေးပြီး ပိုအရသာရှိတယ်လို့ ငါကြားဖူးတယ် ”
မိစ္ဆာများစုဝေးရှိနေသော ကျွန်းစုပေါ်တွင် မိစ္ဆာအများအပြားက အားတတ်သရော် ဆွေးနွေးနေကြသည်။ မိစ္ဆာများသည် စိတ်လှုပ်ရှားနေကြသည်။ ဤသည်မှာ သူတို့က မကြာခင် ဖြစ်ပွားလာတော့မည် တိုက်ပွဲကို စောင့်မျှော်နေကြသည့်အလားပင်။ သူတို့စကားပြောနေစဉ် စိတ်လှုပ်ရှားသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ပေါ်လွင်ထင်ရှားနေသည်။
ယင်းက အံ့ဩစရာမဟုတ်ပေ။ မိစ္ဆာများသည် ပုံမှန်အခြေအနေမျိုးတွင် ခရမ်းရွှေကုန်းမြေ၏ တောင်တန်းဒေသအသီးသီးမှာ ပြန့်ကျဲနေထိုင်ကြသည်။
သူတို့သည် နှစ်တစ်ထောင်နေမှ တစ်ကြိမ်သာလျှင် ယခုကဲ့သို့ စုဝေးသွားကြလိမ့်မည်။ သူတို့မှာ အင်အားအနည်းငယ် ရှိသော်လည်း မသေမျိုးကျင့်ကြံခြင်းလောကမှ ကျင့်ကြံသူများ၏ ဖိနှိပ်မှုကို နှစ်ပေါင်းများစွာကြာအောင် ခံခဲ့ရသည်။ သူတို့က အသက်မရှူနိုင်လုနီးပါး မွန်းကျပ်ခဲ့ကြသည်။ သို့သော်လည်း သူတို့၏ ဒေါသက မည်သည့်အခါမှ မပျောက်ကွယ်ခဲ့ပေ။ ယင်းအစား သူတို့၏ မကျေမချမ်းမှုနှင့် ဒေါသက သူတို့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှာ မြှုပ်ကွယ်သွားသည်။
အချိန်ကျလာသည့်အခါ ယင်းက အစုလိုက်အပြုံလိုက် ပေါက်ကွဲထွက်လာလိမ့်မည်။
ဤနေရာတွင် စုဝေးနေကြသည်မှာ သာမန်ညောင်ည မိစ္ဆာများ မဟုတ်ကြချေ။ ယင်းအစား မိစ္ဆာမျိုးနွယ်စု၏ လက်ရွေးစင်များ ဖြစ်ကြသည်။ အနယ်နယ်အရပ်ရပ်မှ မိစ္ဆာများ အတူတကွ စုဝေးသွားသည့်အခါ သူတို့က စိတ်ဓာတ်နိုးကြားသွားကြသည်။ ရဲစွမ်းသတ္တိက သူတို့၏ အသွေးအသားများထဲမှာ အလိုအလျောက် ထွက်ပေါ်လာသည်။
ထို့ပြင် ယင်ယန်ကောင်းကင်တံတား၏ အံ့ဖွယ်ထူးခြားမှုက သူတို့ကို ပိုပြီးစိတ်လှုပ်ရှားစေသည်။ ရှေးဟောင်းတံတားပေါ်သို့ ခြေချလိုက်သည့်အခါ မည်သူမဆို သူတို့၏ ကျင့်ကြံခြင်းစွမ်းအားကို ယာယီဆုံးရှုံးသွားကြလိမ့်မည်။ ကောင်းကင်မိစ္ဆာထက် ကျင့်ကြံခြင်းနယ်ပယ် ပိုပြီးမမြင့်မားသရွေ့ ထိုနိယာမကို မည်သူမှ ချိုးဖြတ်နိုင်လိမ့်မည်မဟုတ်ချေ။
ယင်ယန်ကောင်းကင်တံတားပေါ်တွင် သူတို့က ရုပ်ခန္ဓာကိုယ်ကိုသာ အသုံးပြုနိုင်ကြလိမ့်မည်။ မသေမျိုးကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအားနှင့် အစစ်အမှန်ချီ၏ အားဖြည့်ပေးမှုကြောင့် သေမျိုးလူသားများထက် ပိုပြီးသန်စွမ်းသော ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြသည်။
သို့သော်လည်း သူတို့၏ ရုပ်ခွန်အားက သာမန်လူများထက် အနည်းငယ် ပိုသန်မာရုံသာဖြစ်၏။ မိစ္ဆာများ၏ အရှေ့တွင်မူ သူတို့၏ ရုပ်ခန္ဓာကိုယ်က သာမန်လူသားများနှင့် ဘာမှမခြားနားပေ။
သို့ဖြစ်၍ ယင်ယန်ကောင်းကင်တံတားပေါ်တွင် အခြေအနေက ပြောင်းပြန်ဖြစ်သွားလိမ့်မည်။
ပုံမှန်အခြေအနေမျိုးတွင် သူတို့က အစွမ်းထက်သော မသေမျိုးကျင့်ကြံသူများကို ရန်ပြုဝံ့ကြလိမ့်မည် မဟုတ်ချေ။ သို့သော်လည်း ယင်ယန်ကောင်းကင်တံတားပေါ်တွင် သူတို့က မသေမျိုးကျင့်ကြံသူများကို သတ်ပစ်ရန် အခွင့်အရေးတစ်ခု ရရှိသွားလိမ့်မည်။
သူတို့သည် နှစ်ပေါင်းများစွာကြာအောင် မျိုသိပ်ထားခဲ့သော ဒေါသကို ယနေ့မှာ အကုန်အစင် ဖောက်ခွဲပစ်နိုင်တော့မည်။ သို့ဖြစ်လေရာ ယခုအချိန်မှာ သူတို့သည် မည်သို့ကြောင့် စိတ်မလှုပ်ရှားဘဲနေမည်နည်း။
ထိုစဉ် သီရှီထျန်က မိစ္ဆာအုပ်စုတစ်စုကြားထဲမှာ လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာကြောင်း မည်သူမှ သတိမထားမိကြချေ။ သူက လေထဲမှာ ဘွားခနဲ ထွက်ပေါ်လာပုံမပေါ်ချေ။ ယင်းအစား သူ၏ ထွက်ပေါ်လာပုံက အလွန်သဘာဝကျသည်။
သီရှီထျန်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း ဘေးပတ်ဝန်းကျင်မှ မိစ္ဆာများ၏ စကားဝိုင်းကို ကြားသွားသည်။ သူက ညင်သာစွာ ခေါင်းယမ်းလိုက်ပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
“ လူသားမျိုးနွယ်ကျင့်ကြံသူတွေက ဘာမှမပြင်ဆင်ထားဘဲ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေဆီ ဘယ်လိုလုပ် ဝင်လာရဲကြမှာလဲ… ဓားတောင်နဲ့ မီးပင်လယ်က သူတို့ရဲ့ အရေအတွက်ကို အများကြီး လျော့ချပေးလိုက်ရင်တောင် သူတို့ရဲ့ အလုံးစုံအင်အားက ကြီးကြီးမားမား လျော့နည်းသွားမှာ မဟုတ်ဘူး… ပြီးတော့ လူသားတွေက ဒီလောကမှာ ဉာဏ်အကောင်ဆုံး သတ္တဝါတွေ ဖြစ်ကြတယ်… သူတို့က ဘယ်လိုလုပ် သေမှာသေချာနေတဲ့ နေရာဆီ ဝင်လာကြမှာလဲ… တိုက်ပွဲစတင်တဲ့အခါ သတ်ဖြတ်ပွဲတော်ဖြစ်ပေါ်လာမှာ စိုးရိမ်ရတယ်… အဲ့ဒီတိုက်ပွဲမှာ မိစ္ဆာဘယ်နှစ်ကောင် အသက်ရှင်နိုင်မလဲ ငါသိချင်မိတယ်… ဒါပေမဲ့ သူတို့က လက်ရွေးစင်တွေထဲက လက်ရွေးစင်တွေ ဖြစ်ကြလိမ့်မယ် ”
သီရှီထျန်သည် မိစ္ဆာများ၏ တစ်ဖက်သတ်အမြင်ကို သဘောမတူပေ။ သို့သော်လည်း သူက မိစ္ဆာများ၏ စိတ်ဓာတ်နိုးကြားမှုကို မဖျက်ဆီးချင်သောကြောင့် ထိုအကြောင်းကို အပြင်မှာ ထုတ်မပြောပေ။ သူ၏ လက်ရှိအမြင်အာရုံအရ ကျွန်းစုပေါ်မှ အရာအများစုကို အကြည့်တစ်ချက်တည်းဖြင့် မြင်နိုင်သွားသည်။ မကြာမီ သူ၏ အကြည့်က အစွန်အဖျားနေရာတစ်နေရာဆီသို့ ရွှေ့ပြောင်းသွားသည်။
သူက ထိုနေရာမှာ ရင်းနှီးကျွမ်းဝင်သော ပုံရိပ်များကို မြင်တွေ့သွားသည်။
“ ရှပ်… ရှပ်… ”
သီရှီထျန်သည် တည်ငြိမ်သော ခြေလှမ်းများဖြင့် အရှေ့သို့ လျှောက်သွားသည်။ တည်ငြိမ်ရင့်ကျက်သော အရှိန်အဝါက သူ့ခန္ဓာကိုယ်ပေါ်မှာ သဘာဝအလျောက် ထွက်ပေါ်လာသည်။ သူ၏ ခြေတစ်လှမ်းနှင့် နောက်ခြေတစ်လှမ်းက အကွာအဝေးတူညီပြီး စည်းဝါးကိုက်သည်။ ဤသည်မှာ သူ၏ ခြေလှမ်းများတွင် မမြင်နိုင်သော ဆွဲဆောင်မှုတစ်မျိုး ရှိနေသည့်အလားပင်။
“ အမ် ”
သီရှီထျန်၏ ခြေလှမ်းသံများက ငွေဆံရှည်နှင့် တခြားမိစ္ဆာများ၏ နားထဲသို့ ပျံ့လွင့်သွားသည်။ သီရှီထျန်သည် သူ၏ ခြေလှမ်းသံကို တမင်တကာ မဖုံးကွယ်ခဲ့ပေ။ ထို့ကြောင့် ခြေလှမ်းသံကို ကြားသောအခါ ငွေဆံရှည်နှင့် တခြားမိစ္ဆာများက ဆတ်ခနဲ ခေါင်းလှည့်လိုက်ကြသည်။ စက်ကရာက သူတို့ဆီသို့ လျှောက်လာနေကြောင်း မြင်သောအခါ သူတို့က အံ့ဩသွားကြသည်။ သို့သော်လည်း လျှပ်တစ်ပြက်အတွင်းမှာ ငွေဆံရှည်က ပြုံးလိုက်ပြီး ခေါင်းညိတ်လိုက်သည်။ သူက နူးညံ့စွာ ပြောသည်။
“ ညီလေးသီလည်း ရောက်လာပြီလား… မင်းက ငါတို့ထက် နောက်ကျတာပဲ… မင်း အမွေအနှစ်လျှောက်လမ်းပေါ်မှာ စမ်းသပ်မှုဘယ်နှစ်ခုကို ဖြတ်ကျော်နိုင်ခဲ့လဲ ”
“ ဒုတိယစမ်းသပ်မှုကိုပဲ ကျုပ်ဖြတ်ကျော်နိုင်ခဲ့တယ်… တတိယစမ်းသပ်မှုမှာ ကျုပ်ကျရှုံးသွားပြီး ဒီကို အပို့ခံလိုက်ရတယ် ”
ငွေဆံရှည်နှင့် တခြားမိစ္ဆာများသည် သူနှင့်အတူ ဒုတိယစမ်းသပ်မှုကို ဖြတ်ကျော်ခဲ့ကြကြောင်း သီရှီထျန် သိသည်။ ထို့ပြင် သူက နောက်ကျမှ ရောက်လာသည်။ သို့ဖြစ်၍ သူက စမ်းသပ်မှုတစ်ခုထက်ပို၍ ဖြတ်ကျော်နိုင်ခဲ့ကြောင်း အရူးပင်လျှင် သိနိုင်ပေသည်။ အနည်းဆုံးတော့ သူက ဒုတိယစမ်းသပ်မှုကို သေချာပေါက် အောင်မြင်ခဲ့ရမည်။ ကျန်စမ်းသပ်မှုများကိုတော့ ခန့်မှန်းရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူက ဒုတိယစမ်းသပ်မှုကို အောင်မြင်သွားပြီး တတိယစမ်းသပ်မှုမှာ ကျရှုံးသွားသည်ဟု ပြောသည်။ သူက အမှန်ကို မပြောပေ။
ဤသို့စကားပုံရှိသည်။
“ အစားကို ကုန်အောင်စားပါ… စကားကို ကုန်အောင်မပြောနဲ့ ”
အမွေအနှစ်လျှောက်လမ်းနှင့် နှလုံးသားရှာဖွေဘုရားကျောင်းများက မည်မျှအရေးကြီးလိုက်သနည်း။ အကယ်၍ သူသာ စမ်းသပ်မှုငါးခုစလုံး အောင်မြင်ခဲ့ကြောင်း ပြောလိုက်မည်ဆိုလျှင် ငွေဆံရှည်နှင့် တခြားမိစ္ဆာများက သူ့ကို တခြားအမြင်ဖြင့် ကြည့်သွားကြလိမ့်မည်။ သူ့အပေါ် သူတို့၏ သဘောထားသည်ပင် ပြောင်းလဲသွားနိုင်လောက်၏။
“ ဒုတိယစမ်းသပ်မှုကို မင်းအောင်မြင်သွားတယ်လား ”
ယင်းကို ငွေဆံရှည်ကြားသောအခါ သူက အများကြီး အံ့ဩမသွားပေ။ ဒုတိယစမ်းသပ်မှုထဲသို့ သူသည်လည်း ဝင်ရောက်သွားခဲ့သည်။ သို့ဖြစ်၍ ယင်းက မည်မျှခက်ခဲကြောင်း သူသိသည်။ ကိုယ့်ကိုယ်ကိုယ် သရော်လှောင်ပြောင်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာပြီးလျှင် သူက ပြောသည်။
“ စိတ်မကောင်းစရာပဲ… ဒုတိယစမ်းသပ်မှုထဲ ငါလည်းပဲ ဝင်ရောက်သွားခဲ့ပေမဲ့ ကျရှုံးသွားခဲ့တယ်… ပိုပြီးဆိုးတာက ဒုတိယစမ်းသပ်မှုက ဘာကိုစမ်းသပ်တာလဲဆိုတာတောင် ငါမသိလိုက်ဘူး ”
သူ၏ စကားထဲမှာ စူးစမ်းသိလိုသော အရိပ်အမြွက်ပါရှိသည်။ သူက သီရှီထျန်ကို တစ်ချက်ကြည့်လိုက်သည်။ သို့သော်လည်း သူက တိုက်ရိုက် မမေးပေ။
သွေးနဂါးဘုရင်သည် သူ့ပါးစပ်ထဲမှာ မြက်ပင်ကို ကိုက်ထားလျက် ခေါင်းညိတ်လိုက်သည်။ သူသည်လည်း စူးစမ်းသိလိုစွာ ပြောသည်။
“ ဟုတ်တယ်… ဒုတိယစမ်းသပ်မှုက ဘာကို စမ်းသပ်တာလဲဆိုတာ ငါသွေးနဂါးဘုရင်လည်း သိချင်တယ်… ငါသွေးနဂါးဘုရင်က အရမ်းတုံးတာပဲ… ငါဘာလို့ကျရှုံးသွားတယ်ဆိုတာတောင် အခုထိ မသိဘူး… ညီလေးသီ… ကျေးဇူးပြုပြီးတော့ ငါတို့စိတ်ထဲက သံသယကို ရှင်းလင်းပေးပါ ”
ဤနေရာမှာ စုဝေးနေကြသူများသည် ပထမစမ်းသပ်မှုကို အောင်မြင်ခဲ့သူများ ဖြစ်ကြသည်။ သူတို့အားလုံးက စင်မြင့်ပေါ်မှာ အတူတကွ တွေ့ဆုံခဲ့ကြသည်။ ကံမကောင်းစွာပင် သီရှီထျန်မှလွဲ၍ ကျန်အားလုံးက ဒုတိယစမ်းသပ်မှုမှာ ကျရှုံးသွားကြပြီး အပြင်သို့ ကန်ထုတ်ခံလိုက်ကြရသည်။ သို့ဖြစ်၍ သီရှီထျန်က ဒုတိယစမ်းသပ်မှုကို အောင်မြင်သွားခဲ့ကြောင်း သူတို့ကြားသောအခါ စူးစမ်းသိချင်သော အကြည့််က သူတို့၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူတို့အားလုံးက သီရှီထျန်ကို ဝိုင်းကြည့်လိုက်ကြသည်။ သူတို့က ပါးစပ်မှ တိုက်ရိုက် ထုတ်မပြောသော်လည်း သူတို့အားလုံး၏ ဆန္ဒက တစ်ခုတည်းသာ ဖြစ်သည်။
“ အဲ့ဒါက တကယ်တော့ ဘာမှမဟုတ်ပါဘူး ”
ယင်းကို မြင်သောအခါ သီရှီထျန်က ခပ်ရေးရေး ပြုံးလိုက်ပြီး ပြောသည်။
“ ဒုတိယစမ်းသပ်မှုက တာဝန်ယူမှုနဲ့ သစ္စာရှိမှုကို စမ်းသပ်တာပါ… အဲ့ဒါကို နောက်ကျမှ ကျုပ်လည်းပဲ သိခဲ့တာပါ ”
“ တာဝန်ယူမှုနဲ့ သစ္စာရှိမှုလား ”
ငွေဆံရှည်နှင့် တခြားမိစ္ဆာများသည် ယင်းကို ရေရွတ်လိုက်ကြပြီး နက်နဲစွာ တွေးတောလိုက်ကြသည်။ ထို့နောက် သူတို့၏ မျက်နှာအမူအရာက အစဉ်အမြဲ ပြောင်းလဲသွားသည်။ ရှင်းလင်းစွာပင် ယခုအချိန်မှာ သူတို့၏ စိတ်ခံစားချက်များက မုန်တိုင်းထန်သွားသည်။
“ မဟုတ်မှလွဲရော အဲ့ဒါက ဒဏ္ဍာရီလာ ယင်ယန်ကောင်းကင်တံတားလား ”
သီရှီထျန်သည် ခေါင်းလှည့်လိုက်ပြီး ကျွန်းစုနှစ်ခုကြားမှ ရှေးဟောင်းတံတားကို လှမ်းကြည့်လိုက်သည်။ သူက ထိုသို့မေးလိုက်သော်လည်း အဖြေကို သိနှင့်ပြီးပြီ ဖြစ်၏။ ရှေးဟောင်းတံတားသည် ရိုးရှင်းသော်လည်း ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
ကြည့်ရသည်မှာ ယင်းက လျှို့ဝှက်နယ်မြေထဲမှာ နှစ်ပေါင်းမရေမတွက်နိုင်အောင် တည်ရှိနေခဲ့ဟန် ရသည်။ ရှေးဟောင်းတံတား၏ အစွန်းတစ်ဖက်က ကျွန်းစုနှစ်ခုကြားမှာ တည်ရှိနေစဉ် အခြားအစွန်းတစ်ဖက်က အမည်မသိနေရာဆီသို့ ဆန့်တန်းနေသည်။