အခန်း ၃၇၈
Vol. 26 Ch. 378
အခန်း(၃၇၈)
ရှေးဟောင်းတံတားသည် ပေါင်းကူးတံတားတစ်စင်း ဖြစ်သည်။ ထိုတံတားကို မည်သည့်အရာဖြင့် ဆောက်လုပ်ထားကြောင်း မသိရပေ။ လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါက တံတားပေါ်မှာ အမြဲတမ်း ရွေ့လျားစီးဆင်းနေသည်။ ယင်းက တံတားကို အံ့ဖွယ်ထူးခြားစေပြီး လျှို့ဝှက်ဆန်းကြယ်စေသည်။ ရှင်းလင်းစွာပင် ယင်းက သာမန်ပစ္စည်းမဟုတ်ပေ။
“ ဟုတ်တယ်… အဲ့ဒါက ယင်ယန်ကောင်းကင်တံတားပဲ… အချိန်ကျလာတဲ့အခါ မြစ်တစ်စင်းက မင်းရဲ့ အရှေ့မှာ ထွက်ပေါ်လာလိမ့်မယ်… အဲ့ဒါကို ဟွမ်ချွမ်းမြစ်လို့ ခေါ်တယ် ”
ငွေဆံရှည်က စိတ်ခံစားချက်ဖြင့် ပြောသည်။
“ နှစ်တစ်ထောင်ကြာသွားပြီဆိုပေမဲ့ ဟွမ်ချွမ်းမြစ် ထွက်ပေါ်လာတုန်းက အဖြစ်အပျက်ကို အခုချိန်ထိ ရှင်းရှင်းလင်းလင်း ငါမှတ်မိနေသေးတယ်… မြစ်က အရမ်းခမ်းနားထည်ဝါတယ်… အဲ့ဒါကို ဒီတစ်သက်မေ့ပျောက်ဖို့ မဖြစ်နိုင်ဘူး… နောက်တစ်ကြိမ် ထပ်မြင်ရဖို့ ငါမစောင့်နိုင်တော့ဘူး ”
ဟွမ်ချွမ်းမြစ်အကြောင်း ပြောနေစဉ် မျှော်လင့်တောင့်တသော အကြည့်က ငွေဆံရှည်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
အကယ်၍ အနီးကပ် သေချာကြည့်မည်ဆိုလျှင် ယခုအချိန်မှာ ရှေးဟောင်းတံတားတစ်စင်းသာ ရှိနေကြောင်း မြင်ရလိမ့်မည်။ တံတားအောက်တွင် မည်သည့်မြစ်မှ မရှိပေ။ တံတားသည် ဟင်းလင်းပြင်ထဲမှာ ဆန့်တန်းနေသည်။ သို့ဖြစ်၍ အကယ်၍ မြစ်ထွက်ပေါ်လာမည်ဆိုလျှင် ယင်းက ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာလိမ့်မည်။ ထိုသို့မြင်ကွင်းသည် အမှန်တကယ် အံ့ဖွယ်ထူးခြားပြီး ရင်သပ်ရှုမောဖွယ်ကောင်းလိမ့်မည်။
ဒဏ္ဍာရီထဲတွင် ဖော်ပြထားသည်မှာ ဟွမ်ချွမ်းမြစ်သည် ဟင်းလင်းပြင်ထဲမှာ ရွေ့လျားစီးဆင်းနေသော နတ်ဘုရားမြစ်တစ်စင်း ဖြစ်သည်။ မြစ်ထဲမှ ရေသည် ကြယ်တစ်လုံးဖြစ်သည်။ သို့ဖြစ်၍ ဟွမ်ချွမ်းမြစ်သည် ဖော်မပြနိုင်အောင် လှပသည်။ ယင်းက မိုးမြေကြားမှာ တည်ရှိနေသော အံ့ဖွယ်အချင်းအရာများအနက် တစ်ခုဖြစ်သည်။
“ ဟိုဘက်ခြမ်းက ကျွန်းစုက လူသားမသေမျိုးကျင့်ကြံသူတွေ အနားယူတဲ့နေရာလား ”
သီရှီထျန်သည် ဆန့်ကျင်ဘက်မှ ကျွန်းစုကို ကြည့်လိုက်ပြီး မေးသည်။
“ ဟုတ်တယ်… ငါတို့ရဲ့ ကျွန်းစုရယ် ဆန့်ကျင်ဘက်ကျွန်းစုရယ်က ယင်ယန်ကောင်းကင်တံတားနဲ့ ချိတ်ဆက်နေတယ်… ရှေးဟောင်းတံတားဖွင့်လှစ်တဲ့အခါ နှစ်ဖက်စလုံးက ရှေးဟောင်းတံတားပေါ်ကို တစ်ပြိုင်နက် တတ်လှမ်းနိုင်ကြလိမ့်မယ်… အဲ့ဒီအချိန်ကျရင် သွေးလွှမ်းတိုက်ပွဲ စတင်လိမ့်မယ် ”
ငွေဆံရှည်သည် ဝိုင်ကို သူ့ပါးစပ်ထဲသို့ လောင်းထည့်လိုက်ပြီး ဆန့်ကျင်ဘက်မှ ကျွန်းစုကို ကြည့်လိုက်သည်။ အေးတိအေးစက် အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ရှင်းလင်းစွာပင် မကြာခင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားလာတော့မည်။
ထိုစဉ် သီရှီထျန်က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ သူက လေးနက်သော အသံဖြင့် ပြောသည်။
“ အဲ့ဒီကို ကြည့်… ဆန့်ကျင်ဘက်ကျွန်းစုမှာ လူသားကျင့်ကြံသူတွေ ထွက်ပေါ်လာပြီ ”
အမှန်တကယ်ပင် အစက ဟာလာဟင်းလင်းဖြစ်နေသော ကျွန်းစုပေါ်မှာ နတ်ဘုရားအလင်းတန်းများ ရုတ်တရက် ဆင်းသက်လာကြသည်။ မကြာမီ လူသားကျင့်ကြံသူများက နတ်ဘုရားအလင်းတန်းများထဲမှ ထွက်လျှောက်လာကြသည်။ ပထမဆုံး ထွက်လာသူသည် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အဖိုးအိုတစ်ယောက် ဖြစ်သည်။ ထို့နောက် တခြားလူသားကျင့်ကြံသူများက တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြသည်။
သူတို့၏ အလျင်က အလွန်မြန်ဆန်ပြီး သူတို့၏ အရှိန်အဝါက ပင်လယ်ကြီးတမျှ ကျယ်ပြောသည်။ အစက ဟာလာဟင်းလင်းဖြစ်နေသော ကျွန်းစုပေါ်မှာ ကျင့်ကြံသူရာပေါင်းများစွာက တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။ သူတို့ထဲမှ အများစုက တူညီသော ဝတ်စုံကို ဝတ်ဆင်ထားကြသည်။
ရှင်းလင်းစွာပင် သူတို့က ဂိုဏ်းတစ်ခုတည်းမှ သို့မဟုတ် ကျင့်ကြံခြင်းမိသားစုတစ်ခုတည်းမှ အတူတူ ဆင်းသက်လာကြခြင်း ဖြစ်သည်။ ထိုသို့အုပ်စုသည် အလွန်အားကောင်းသည်။
မျက်စိတစ်မှိတ်အတွင်းမှာ လူသားကျင့်ကြံသူတစ်သောင်းကျော်က ကျွန်းစုပေါ်မှာ စုဝေးသွားကြသည်။ ထို့ပြင် ကျင့်ကြံသူအရေအတွက်က ရပ်တန့်မသွားဘဲ အဆက်မပြတ် တိုးပွားလာနေသည်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ကျင့်ကြံသူအရေအတွက်က နှစ်သောင်းကျော်သွားသည်။
“ အမ် ”
သီရှီထျန်က အလန့်တကြား ရေရွတ်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဇဝေဇဝါဖြစ်သော အကြည့် ထွက်ပေါ်လာသည်။
“ ဘာလို့ သူတို့က ဒီရောက်နေတာလဲ ”
သူက တီးတိုးပြောသည်။ သူ၏ စကားထဲမှာ စိတ်ရှုပ်ထွေးမှု ပါဝင်နေကြောင်း ထင်ရှားပေသည်။
အကယ်၍ တစ်စုံတစ်ယောက်က သီရှီထျန်၏ အကြည့်နောက်သို့ လိုက်ကြည့်မည်ဆိုလျှင် မိန်းကလေးနှစ်ယောက်က လူအုပ်ကြားထဲမှာ ရပ်နေကြောင်း မြင်ရလိမ့်မည်။
သူတို့၏ တမူထူးခြားသော အသွင်သဏ္ဍာန်နှင့် ကိုယ်ဟန်အမူအရာကြောင့် သူတို့က ကျီးကန်းများကြားထဲမှာ ရပ်နေသော ဒေါင်းများသဖွယ် ထင်းခနဲ မြင်သာပေသည်။ မည်သူမဆို သူတို့ကို အကြည့်တစ်ချက်ဖြင့် သတိထားမိနိုင်သည်။
သူတို့ထဲမှ မိန်းကလေးတစ်ယောက်သည် မျက်နှာကို ဇာပဝါဖြင့် ဖုံးအုပ်ထားသည်။ သို့တိုင် သီရှီထျန်က ထိုမိန်းကလေးကို အကြည့်တစ်ချက်ဖြင့် မှတ်မိသွားသည်။
ထိုမိန်းကလေးကို သူရင်းနှီးသိကျွမ်းသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့က တစ်နှစ်ကြာအောင် အတူတူ နေထိုင်ခဲ့ဖူးသောကြောင့်ပင်။ သူနှင့် နေ့တိုင်းနီးပါး အတူတူရှိနေခဲ့သော မိန်းကလေးကို မည်သို့ကြောင့် သူမေ့ပျောက်နိုင်မည်နည်း။ ထိုမိန်းကလေးအပေါ် လေးနက်သောအမြင် သူ့မှာ ရှိသည်။
“ ကိုတိုမီက ဘာလို့ ဒီရောက်နေတာလဲ… ငါမထွက်သွားခင် သူ့ကို မြစိမ်းကုချင်း ပေးခဲ့တယ်မဟုတ်ဘူးလား… တကယ်ဆိုရင် သူက ကုချင်းစံအိမ်ထဲမှာ ကုချင်းလေ့ကျင့်နေရမှာမဟုတ်ဘူးလား ”
စက်ကရာ၏ နှလုံးသားက ဇဝေဇဝါဖြစ်သွားသည်။
ကိုတိုမီကို သူမြင်သွားသည့်အခါ ကုချင်းချိုင့်ဝှမ်းထဲမှာ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကို ပြန်အမှတ်ရသွားသည်။ သူက မဏ္ဍပ်ထဲမှာ ထိုင်ပြီး သူ့အတွက် နှလုံးသားသန့်စင်ဗုဒ္ဓသီချင်းကို ကုချင်းတီးခတ်ပေးခဲ့သည်။
ညတစ်ညတွင် သူက အမတယဇ်မူးဝိုင်ကို အသုံးပြု၍ သူ၏ ရင်တွင်းခံစားချက်များကို ဖွင့်ပြောခဲ့သည်။
ချိုင့်ဝှမ်းထဲမှ သူထွက်သွားသည့်အချိန် ကိုတိုမီသည် မိသားစုစည်းမျဉ်းများကို လျစ်လျူရှုလျက် သူ့အား နှလုံးသားသန့်စင်ဗုဒ္ဓသီချင်း ကူးပေးခဲ့သည်။ ယခု ထိုမိန်းကလေးကို သူမြင်လိုက်ရသောအခါ အတိတ်မှာ ဖြစ်ပျက်ခဲ့သော ကိစ္စများက သူ၏ စိတ်ထဲမှာ ပြန်ပေါ်လာသည်။
ကိုတိုမီ၏ ခံစားချက်ကို သူနားမလည်ခြင်း မဟုတ်ပေ။ သို့သော်လည်း…
“ စိတ်မကောင်းစရာပဲ… ငါက မိစ္ဆာ၊ သူက လူသား… အတိတ်မှာတုန်းက ကောင်းကင်နတ်ဆိုးနန်းတော်ကနေ ထွက်လာဖို့ ငါ့ရဲ့ မူလအသွင်သဏ္ဍာန်ကို ထုတ်ဖော်ခဲ့ရတယ်… ငါ့ရဲ့ သရုပ်မှန်ကို နောက်ထပ် မဖုံးထားနိုင်တော့ဘူး… ငါတို့ပြန်တွေ့တဲ့အခါ ငါ့အပေါ် သူဓားရွယ်လိုက်လိမ့်မလား မသိဘူး ”
သီရှီထျန်သည် ကိုတိုမီကို ကြည့်နေရင်း တစ်ခဏ တွေဝေသွားသည်။ အတိတ်မှ အဖြစ်အပျက်ကို သူပြန်မြင်ယောင်သွားသည့်အခါ ခါးသီးသော အပြုံးက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ကုချင်းချိုင့်ဝှမ်းမှ သူထွက်သွားခဲ့စဉ်က မည်သည့်ပြဿနာမှ မဖြစ်ခဲ့ပေ။ အားလုံးအဆင်ပြေခဲ့သည်။ သို့သော်လည်း ဝမ်ထောင်က သူ့အနောက်သို့ လိုက်လာပြီး သူ့ကို ကောင်းကင်နတ်ဆိုးနန်းတော်ထဲမှာ ချိပ်ပိတ်လိုက်သည်။ ကောင်းကင်နတ်ဆိုးနန်းတော်ကို ချိုးဖြတ်ရန်အလို့ငှာ သူက မူလခန္ဓာကိုယ်ကို မဖြစ်မနေ အသုံးပြုခဲ့ရသည်။ နတ်ဆိုးနန်းတော်မှ သူထွက်လာသည့်အချိန် ချင်ရွှမ်းနှင့် ကိုတိုမီက သူ့အနားမှာရှိနေကြောင်း မြင်သွားသည်။
သူ၏ သရုပ်မှန် ထွက်ပေါ်သွားပြီဖြစ်ကြောင်း သံသယရှိရန် မလိုပေ။ သူက သူတို့နှင့် မရင်ဆိုင်ချင်ပေ။ ထို့ကြောင့် သူက နေရာမှ အမြန်ဆုံး ထွက်ပြေးသွားသည်။
သူ၏ သရုပ်မှန် ပေါက်ကြားသွားပြီးနောက် သူ့အပေါ် ကိုတိုမီ၏ သဘောထား မည်သို့ပြောင်းလဲသွားလိမ့်မည်ကို တွေးမိသောအခါ ခါးသီးစွာ ပြုံးလိုက်သည်။
ကိုတိုမီကို ယနေ့ သူပြန်မြင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
လူသားကျင့်ကြံသူများ၏ ထွက်ပေါ်လာမှုက မိစ္ဆာများ၏ စိတ်ခံစားချက်များကို လှုံ့ဆော်လိုက်သည်။ သူတို့အားလုံးက ဆန့်ကျင်ဘက်ကျွန်းစုထံသို့ ကြည့်လိုက်ကြသည်။ သူတို့၏ မျက်လုံးထဲမှာ အမုန်းတရားနှင့် စက်ဆုပ်ရွံရှာမှု ထွက်ပေါ်လာသည်။ သူတို့က လူသားကျင့်ကြံသူများကို စိန်းစိန်းဝါးဝါး ကြည့်လိုက်ကြသည်။ မိစ္ဆာများထဲတွင် လူသားများကို မမုန်းတီးသောလူ မည်သူရှိမည်နည်း။ အခြားတစ်ဖက်မှ မသေမျိုးကျင့်ကြံသူများသည် လက်ရွေးစင်များထဲမှ လက်ရွေးစင်များ ဖြစ်ကြသည်။ သို့ဖြစ်လေရာ သူတို့က မည်သို့ကြောင့် ငြိမ်ခံနေမည်နည်း။ သူတို့က စူးစူးရဲရဲ ပြန်စိုက်ကြည့်လိုက်ကြသည်။
တိုက်ပွဲမစတင်မီ အင်အားစုနှစ်ခုက ဓားဆွဲထုတ်လိုက်ကြသည်။
မိစ္ဆာကျွန်းစုဘက်တွင် လူသားအသွင်သဏ္ဍာန် ပြောင်းလဲထားကြသော စက်ကရာ၊ ငွေဆံရှည်နှင့် တခြားမိစ္ဆာများသည် အစတွင် အများကြီး အာရုံစိုက်မခံရပေ။ ဤနေရာတွင် မိစ္ဆာသားရဲနယ်ပယ်မှ မိစ္ဆာများသည်သာ အများဆုံး စုဝေးနေကြသည်။ သို့ဖြစ်၍ သူတို့သည် အမြူတေဓာတ်လုံးဖွဲ့စည်းပြီးသော မိစ္ဆာများကို အနှောင့်အယှက်မပေးဝံ့ကြပေ။ သူတို့က ထိုပုဂ္ဂိုလ်များကို ရိုသေလေးစားစွာ၊ မနာလိုဖြစ်စွာ ကြည့်နေကြသည်။
ယခု လူသားမျိုးနွယ်နှင့် မိစ္ဆာမျိုးနွယ်က တုတ်ဆွဲဓားဆွဲလိုက်သည့်အခါ သေးငယ်သော ထိုမိစ္ဆာဘုရင်အုပ်စုက အလိုအလျောက် အရှေ့ထွက်လာသည်။ သူတို့သည် အမြူတေဓာတ်လုံး ဖွဲ့စည်းထားပြီးသော မိစ္ဆာဘုရင်များ ဖြစ်ကြသည်။ သူတို့သည် မိစ္ဆာမျိုးနွယ်စု၏ ထိပ်သီးပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် မည်သည့်နေရာမှာ ရှိနေပါစေ လူအများ၏ အာရုံစိုက်မှုကို ရရှိကြလိမ့်မည်။
လူသားကျင့်ကြံသူများသည်လည်း ထိုမိစ္ဆာဘုရင်များကို အထူးတလည် အာရုံစိုက်လိုက်ကြသည်။
ငွေဆံရှည်၊ သွေးနဂါးဘုရင်နှင့် တခြားမိစ္ဆာဘုရင်များကို မြင်သောအခါ လူသားကျင့်ကြံသူများက မျက်နှာတည်ကြည်သွားကြသည်။
“ အမရှင်း… ဟိုးကို ကြည့်… အဲ့ဒါ အကိုသီမဟုတ်လား… တကယ် တကယ်ကြီး အကိုသီပဲ… ငါသိတယ်… ဒီလောက်ကြီးမားတဲ့ ပွဲကို အကိုသီက ဘယ်လိုလုပ် မရောက်လာဘဲနေမှာလဲ ”
ရှောင်သွဲ့နှင့် တခြားနှစ်ယောက်သည် တိတ်ဆိတ်သော နေရာတစ်နေရာကို ရှာဖွေပြီး ဆန့်ကျင်ဘက်ကျွန်းစုထံသို့ ကြည့်လိုက်ကြသည်။ ရှောင်သွဲ့သည် မိစ္ဆာများကို စစ်ဆေးကြည့်နေစဉ် သီရှီထျန်ကို ရုတ်တရက် မြင်တွေ့သွားသည်။ သူက ဝမ်းသာအားရ အော်ပြောလိုက်သည်။
သက်လတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ကျောင်းတော်သားနှင့် ကိုတိုမီသည် ယင်းကို ကြားသောအခါ ရှောင်သွဲ့ညွှန်ပြသော ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။
“ ရှီထျန်… တကယ်ပဲ ရှင်ရောက်လာတယ် ”
ကိုတိုမီ၏ အကြည့်က သီရှီထျန်အပေါ်သို့ ကျရောက်သွားသည့်အခါ သူ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ယင်သွားသည်။ ရေခဲကျောက်ဆောင်ပမာ အမြဲတမ်း တည်ငြိမ်ခဲ့သော သူ၏ စိတ်က ဤအခိုက်အတန့်မှာ တစ်စစီ ပြိုကွဲသွားသည်။ ရှုပ်ထွေးသော စိတ်ခံစားချက်က သူ့မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ ထိုခံစားချက်ကို အပြင်လူများထံ သူဖွင့်ပြောရန် အလွန်ခက်ခဲသည်။
သီရှီထျန်ကို ကိုတိုမီ ကြည့်လိုက်သည့်အခိုက် သီရှီထျန်သည်လည်း ကိုတိုမီကို ကြည့်လိုက်သည်။ ဤအခိုက်အတန့်မှာ သူတို့နှစ်ယောက်က အကြည့်ချင်းဆုံသွားသည်။ အကွာအဝေးလှမ်းနေသဖြင့် စကားမပြောနိုင်သော်လည်း တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်စဉ် စိတ်ချင်းဆက်သွယ်မှုက အလိုအလျောက် ထွက်ပေါ်လာသည်။ တစ်ဖက်လူ၏ မျက်လုံးထဲမှ အဓိပ္ပာယ်ကို အခြားလူက မြင်နိုင်ပေသည်။
“ အဲ့ဒါ သီရှီထျန်လား ”
သက်လတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ကျောင်းတော်သားသည် သီရှီထျန်ကို စိတ်ဝင်တစား ကြည့်လိုက်သည်။ သူတို့ကြားမှာ အကွာအဝေးတစ်ခု ခြားနေသော်လည်း တစ်ဖက်လူ ထုတ်လွှတ်နေသော အရှိန်အဝါနှင့် ကိုယ်ဟန်အနေအထားမှတဆင့် သတင်းအချက်အလက်တချို့ကို သူစူးစမ်းနိုင်ပေသည်။
သေချာဂရုတစိုက် အကဲခတ်ကြည့်ပြီးနောက် သက်လတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်ကျောင်းတော်သားက အံ့ဩသွားသည်။
“ ဒီကို ငါမလာခင် အကိုကြီးက ငါ့ကို သီရှီထျန်အကြောင်း တစ်ခုနှစ်ခု ပြောပြခဲ့တယ်… ကုချင်းချိုင့်ဝှမ်းမှာတုန်းက သူက လူသားအသွင်သဏ္ဍာန်နဲ့ ရှိနေပေမဲ့ သူ့ရဲ့ အရှိန်အဝါက အခြေတည်နယ်ပယ်ထက် နည်းနည်းပဲ သာလွန်တယ်… ဒါပေမဲ့ အခုချိန်မှာ သူထုတ်လွှတ်နေတဲ့ အရှိန်အဝါက လူသားအသွင်သဏ္ဍာန် ပြောင်းလဲထားပြီးတဲ့ မိစ္ဆာဘုရင်အရှိန်အဝါပဲ… ဒါဆို သူက နှစ်နှစ်အတွင်းမှာ မိစ္ဆာသားရဲတစ်ကောင်ကနေ မိစ္ဆာဘုရင်တစ်ပါး ဖြစ်လာခဲ့တာလား ”
ကွန်ဖြူးရှပ်ကျောင်းတော်သားက အံ့ဩတကြီး ရေရွတ်လိုက်သည်။ ကုချင်းချိုင့်ဝှမ်းမှ သီရှီထျန် ထွက်သွားခဲ့စဉ် သူက မိစ္ဆာသားရဲနယ်ပယ်မှာသာ ရှိသေးသည်။ သူက လူသားအသွင်သဏ္ဍာန် ပြောင်းလဲထားသော်လည်း ယင်းက လျှို့ဝှက်အတတ်ပညာတစ်ခု သို့မဟုတ် ရတနာတစ်ခုကြောင့် ဖြစ်နိုင်၏။ သူ့ခန္ဓာကိုယ်ထဲမှာ အမြူတေဓာတ်လုံး မရှိသေးပေ။
သို့သော်လည်း ဤအခိုက်အတန့်မှာ သူ့အရှေ့မှ သီရှီထျန်က အမြူတေဓာတ်လုံးကို ဖွဲ့စည်းထားပြီး စစ်မှန်သော မိစ္ဆာတစ်ကောင် ဖြစ်လာသည်။
“ စိတ်ဝင်စားစရာပဲ… ငါ့တူမလေးက မိစ္ဆာဘုရင်တစ်ပါးကို သဘောကျသွားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး ”
လေးနက်သော အမူအရာက သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ ဒါပေမဲ့ အဲ့ဒါက မလုံလောက်သေးဘူး… ငါတို့ချင်မိသားစုက မိစ္ဆာတွေအပေါ် မုန်းတီးမှုမရှိဘူး… ဒါပေမဲ့ မကြာသေးခင်ကမှ အမြူတေဓာတ်လုံး ဖွဲ့စည်းထားတဲ့ မိစ္ဆာဘုရင်တစ်ပါးက ချင်မိသားစုက မိန်းကလေးကို လက်ထပ်ဖို့ အရည်အချင်းမပြည့်မီသေးဘူး… မင်းက မြစိမ်းကုချင်းကို ပြန်ယူဆောင်ပေးခဲ့တယ်ဆိုရင်တောင် ငါစဉ်းစားရဦးမယ် ”
သူ၏ မျက်လုံးထဲမှာ အလင်းရောင်က မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ သူက အကြည့်ပြန်ရုပ်လိုက်ပြီး ခပ်ရေးရေး ပြုံးလိုက်သည်။