အခန်း ၃၇၉
Vol. 26 Ch. 379
အခန်း(၃၇၉)
“ လမ်းဖယ်စမ်း… လမ်းဖယ်ကြစမ်း… ငါတို့ညီအကိုတွေ အရှေ့ကို သွားချင်တယ်… လျှို့ဝှက်နယ်မြေ ဖွင့်လှစ်တဲ့အခါတိုင်း မိစ္ဆာတွေအများကြီး ရောက်လာတယ်လို့ ငါကြားဖူးတယ်… မိစ္ဆာတွေကို ငါမြင်ချင်တယ် ”
ကျယ်လောင်သော အော်သံက အနောက်မှ ပဲ့တင်ထပ်လာသည်။ ထို့နောက် ကျယ်လောင်သော လမ်းလျှောက်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။ ဤသည်မှာ ဘီလူးတစ်ကောင်က လမ်းလျှောက်နေသည့်အလားပင်။ အရှိန်အဟုန်က အလွန်အံ့ဖွယ်ကောင်းသည်။
“ ဝုန်း ”
ကျယ်လောင်သော အော်သံနှင့်အတူ လမ်းပွင့်သွားသည်။ လမ်းပွင့်သွားသည့်အခိုက် သူတို့မြင်လိုက်ရသည်မှာ ထွားကြိုင်းသန်မာသော လူသန်ကြီးသုံးယောက်က အရှေ့သို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်လာနေခြင်း ဖြစ်သည်။
သို့သော်လည်း လမ်းဖယ်ပေးလိုက်ကြသော ကျင့်ကြံသူများသည် ထိုလူသန်ကြီးသုံးယောက်ကို အံ့ဩစွာ၊ ရိုသေလေးစားစွာ ကြည့်လိုက်ကြသည်။ သူတို့အံ့ဩသွားခြင်းမှာ မယုံကြည်နိုင်စရာကောင်းသောအရာကို မြင်လိုက်ရသောကြောင့်ပင်။ အရှေ့သို့ အမြန်လျှောက်သွားနေကြသော လူသန်ကြီးသုံးယောက်ကို ကြည့်လိုက်သည့်အခါ သူတို့က ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရသည်။
“ အကိုကြီး… သူတို့က ငါတို့ကို ဝိုင်းကြည့်နေကြတယ် ”
လူသန်ကြီးသုံးယောက်သည် ထွားကြိုင်းသန်မာရုံသာမက အရပ်ရှည်ကြသည်။ သူတို့ထဲတွင် အငယ်ဆုံးဖြစ်သော လူသန်ကြီးက စိုးရိမ်ကြောက်ရွံ့သော လေသံဖြင့် ပြောသည်။
“ မင်းက ဘာကို ကြောက်နေတာလဲ… ငါတို့ရဲ့ ချောမောခန့်ညားတဲ့ အသွင်သဏ္ဍာန်ကြောင့် သူတို့အံ့ဩမှင်သက်သွားတာနေမှာပေါ့… ဒီဟာက သခင်မလေး ငါတို့အတွက် ပြင်ဆင်ပေးထားတဲ့ အထူးဝတ်စုံပဲ… ဝတ်စုံက ငါတို့ကို ပိုပြီးချောမောခန့်ညားစေတယ်… ဘာလို့ ငါတို့ညီအကိုသုံးယောက် ဒီတောသားတွေ အမြင်ကျယ်သွားအောင် မလုပ်ပေးတာလဲ ”
ပိုပြီးကျယ်လောင်သော အသံက ထွက်ပေါ်လာသည်။
“ ကောင်းပြီ ”
စကားဆုံးသွားသည်နှင့်ချက်ချင်း အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူသန်ကြီးတစ်ယောက်က ရုတ်တရက် အရှေ့သို့ ခုန်လိုက်ပြီး မြေကြီးပေါ်သို့ အကြမ်းပတမ်း ပြုတ်ကျသွားသည်။ ယင်းက ဧရာမကျောက်တုံးတစ်တုံး အောက်သို့ ပြုတ်ကျလာခြင်းနှင့် ဆင်တူသည်။ ကျယ်လောင်သော မြည်သံ ပဲ့တင်ထပ်သွားသည်။ ထိုလူသန်ကြီး ဝတ်ဆင်ထားသော အနက်ရောင်သံချပ်ကာက အလွန်ထူးဆန်းသည်။ သူက ခေါင်းအစခြေအဆုံး သံချပ်ကာ ဝတ်ဆင်ထားသည်။ ထိုသံချပ်ကာသည် သာမန်ကျင့်ကြံသူများ ဝတ်ဆင်သော သံချပ်ကာနှင့် မတူပေ။ သံချပ်ကာသည် မထူဘဲ နူးညံ့ပျော့ပျောင်းသည်။ ယင်းက ရှေးခေတ်စစ်မြေပြင်မှာ စစ်သည်တော်များ ဝတ်ဆင်သော ကိုယ်အပြည့်သံချပ်ကာနှင့် ဆင်တူသည်။
သံချပ်ကာသည် မပေါ့ပါးချေ။ ယင်းအစား အလွန်လေးလံသည်။ သူ၏ ဦးခေါင်းမှာပင် သံချပ်ကာစွပ်ထားသည်။ သံချပ်ကာခေါင်းစွပ်သည် မျက်လုံးနှစ်လုံးနှင့် ပါးစပ်ပေါက်ကိုသာ ဖွင့်ပေးထားသည်။ နေရာလွတ်များကို ထူးဆန်းသော သလင်းကျောက်တစ်ခုဖြင့် ဖုံးအုပ်ထားသည်။ သူက သံမဏိလူသားအဖြစ် ပြောင်းလဲသွားဟန် ရ၏။ သူ့ကို တိုက်ခိုက်ရန် ဟာကွက်မရှိပေ။
သံမဏိလူသားသည် ခေါင်းမော့လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ငါက အဖွဲ့ခေါင်းဆောင် ချင်းချီ… ငါ့တစ်ကိုယ်လုံးကို သံမဏိနဲ့ ဖုံးအုပ်ထားတယ်… ငါ့ကို ဘာနဲ့မှ မဖျက်ဆီးနိုင်ဘူး ”
သံချပ်ကာဝတ်စုံပေါ်တွင် မရေမတွက်နိုင်သော ထူးထူးဆန်းဆန်း မှော်သင်္ကေတများရှိသည်။ ယင်းတို့က ကြမ်းတမ်းလေးလံသော ရှေးဟောင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ယင်းက မဖျက်ဆီးနိုင်အောင် အမှန်တကယ် သန်မာသည်။
ဒုတိယလူသန်ကြီးက အရှေ့သို့ ခုန်လိုက်သည်။ သူ၏ လက်ထဲတွင် မီးဖိုချောင်သုံးဓားမနှစ်လက် ထွက်ပေါ်လာသည်။ ဓားမနှစ်လက်သည် ရွှေရောင်တောက်ပပြီး အလွန်အံ့ဖွယ်ကောင်းသည်။ သူက ဓားမနှစ်လက်ကို အပြန်အလှန် ပွတ်တိုက်ပြီးလျှင် လေးနက်သော မျက်နှဖြင့် အော်ပြောလိုက်သည်။
“ ငါက ဒုတိယညီလေး ချင်းရှန့်… ငါ့ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက်ပဲ မြင့်မားနေပါစေ ငါ့လက်ထဲက မီးဖိုချောင်သုံးဓားမနှစ်လက်ကိုတော့ ကြောက်နေရတုန်းပဲ ”
ဟင်းသီးဟင်းရွက်များ လှီးခုတ်သော ဓားမနှစ်လက်၏ အသွားက အေးစက်စက်အလင်းကို ထုတ်လွှတ်နေသည်။ ထိုအလင်းက ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို နှလုံးတုန်ယင်သွားစေသည်။
နောက်ဆုံးလူသန်ကြီးသည် တုံ့ဆိုင်းမနေဘဲ အရှေ့ထွက်လာသည်။ သူက အနက်ရောင်အုတ်ခဲတစ်လုံးကို လက်ထဲမှာ ကိုင်ထားရင်း အော်ပြောလိုက်သည်။
“ ငါက တတိယညီလေး ချင်းရှန်း… ငါ့လက်ထဲက ရတနာကို မင်းတို့မြင်တယ်မလား… မင်းတို့ ဘယ်လောက်ပဲ သန်မာပါစေ ဒီအုတ်ခဲနဲ့ မင်းတို့ကို သတိမေ့သွားအောင် ငါဆော်နိုင်တယ် ”
“ ဟား ဟား ဟား… ”
လူသန်ကြီးသုံးယောက်၏ စကားဆုံးသွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများက သဘောကျစွာ ရယ်လိုက်ကြသည်။ သူတို့သည် အပြင်ပန်းအရကြည့်လျှင် ကြမ်းတမ်းခက်ထန်ပုံပေါ်သည်။ သို့သော် သူတို့၏ အတွင်းစိတ်က အလွန်နူးညံ့သည်။
ထိုလူသန်ကြီးသုံးယောက်သည် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ တစ်ခါထွက်ပေါ်လာဖူးသော ချင်းမိသားစုမှ ညီအကိုသုံးယောက် ချင်းချီ၊ ချင်းရှန့်နဲ့ ချင်းရှန်းတို့ ဖြစ်ကြသည်။
သူတို့သုံးယောက်သည် ရိုးသားကြပြီး ဉာဏ်တုံးကြသည်။ ထို့ကြောင့် သူတို့က မသေမျိုးကျင့်ကြံခြင်းလောကမှာ ပြက်လုံးအများကြီး လုပ်ဆောင်ခဲ့ကြသည်။ သို့သော်လည်း သူတို့၏ ကျင့်ကြံခြင်းက မဆိုးဝါးပေ။ သို့ဖြစ်၍ မည်သူမှ သူတို့ကို ရန်မပြုဝံ့ကြချေ။ သူတို့က ထိုညီအကိုသုံးယောက်ကို လူပြက်အဖွဲ့ဟုသာ သဘောထားကြသည်။
သူတို့ညီအကိုသုံးယောက် ရှိသည့်နေရာတိုင်း ပျော်ရွှင်စရာလေထု ရှိလိမ့်မည်။
ယခု သူတို့သည် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲသို့ ရောက်လာကြသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူတို့၏ အသွင်သဏ္ဍာန်က သိသိသာသာ ပြောင်းလဲသွားသည်။ အကိုအကြီးဆုံးက သံချပ်ကာကို တစ်ကိုယ်လုံးအပြည့် ဝတ်ဆင်ထားပြီး ဒုတိယညီလေးက မီးခိုချောင်သုံးဓားမနှစ်လက်ကို ကိုင်ထားသည်။ သူက ကျင့်ကြံသူနှင့်မတူပေ။ ယင်းအစား စားဖိုမှူးနှင့် ပိုတူသည်။ တတိယညီလေးသည်တော့ အုတ်ခဲတစ်လုံးကို ကိုင်ထားသည်။ သူတို့သုံးယောက်သည် အမှန်တကယ် လူပြက်အဖွဲ့ ဖြစ်သည်။
ဘေးပတ်ဝန်းကျင်မှ မသေမျိုးကျင့်ကြံသူများသည် သူတို့သုံးယောက်ကို ကြည့်နေရင်း တဟားဟား အော်ရယ်လိုက်ကြသည်။
ဘာကို သံမဏိခန္ဓာကိုယ်လဲ… ။
အဲ့ဒါက ဓမ္မရတနာတွေကို ခုခံနိုင်မှာမို့လို့လား… ။
မီးဖိုချောင်သုံးဓားမတွေလား… ။
ဟင်းသီးဟင်းရွက်လှီးခုတ်တဲ့ ဓားမတွေက လူသတ်နိုင်မှာမို့လို့လား… ။
မင်းက အုတ်ခဲနဲ့ လူရိုက်ချင်ရင်တောင် ပိုကောင်းတဲ့ဟာကို ရှာသင့်တယ်… ။
“ ဝုန်း ”
ထိုအခိုက်အတန့်မှာ ကျွန်းစုနှစ်ခုက ရုတ်တရက် တစ်ပြိုင်နက် တုန်ယင်သွားကြသည်။ ဤသည်မှာ ကျွန်းစုနှစ်ခုပေါ်တွင် ငလျင်လှုပ်ခတ်သွားသည့်အလားပင်။ လူအများစုသည် ရုတ်တရက် ဖြစ်ပေါ်လာသော ငလျင်ကြောင့် ယိမ်းယိုင်သွားကြသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ကျွန်းစုနှစ်ခုပေါ်သို့ တိုက်ရိုက် ဖုံးလွှမ်းသွားသည်။ ထိုအရှိန်အဝါက အလွန်ကြောက်စရာကောင်းသည်။ ချက်ချင်းဆိုသလိုပင် ဖိအားက ကျွန်းစုနှစ်ခုပေါ်သို့ ကျဆင်းသွားသည်။
ကျွန်းစုနှစ်ခုပေါ်မှ မိစ္ဆာများနှင့် လူသားကျင့်ကြံသူများသည် သူတို့အပေါ်သို့ ဧရာမတောင်တစ်လုံး ကျဆင်းလာသည်ဟု ခံစားမိသွားကြသည်။
ယင်းက ကောင်းကင်ဘုံအင်အားမှလွဲ၍ တခြားမဟုတ်ပေ။
ကောင်းကင်ဘုံအင်အားကို ခုခံတားဆီးရန်သည် မဖြစ်နိုင်လုနီးပါးပင်။
ဖိအားသည် အလွန်သန်မာသည်။ ကျွန်းစုနှစ်ခုပေါ်မှ သက်ရှိအားလုံးသည် ဒူးကွေးသွားကြသည်။ သူတို့က မြေကြီးပေါ်မှာ ဒူးထောက်ရန် အတင်းအဓမ္မ ဖိအားပေးခံလိုက်ရသည်။ ဝိညာဉ်သန္ဓေတည်နယ်ပယ်မှ ကျင့်ကြံသူများဖြစ်စေ၊ ယွမ်ဝိညာဉ်နယ်ပယ်မှ ကျင့်ကြံသူများဖြစ်စေ သို့မဟုတ် ထိုထက် အဆင့်ပိုမြင့်သော ကျင့်ကြံသူများဖြစ်စေ သူတို့အားလုံးက ယခုအချိန်မှာ ဒူးထောက်လိုက်ကြရသည်။ ချွေးသီးချွေးပေါက်များက သူတို့၏ နဖူးပေါ်မှ ကျဆင်းလာသည်။
မိစ္ဆာများသည်လည်း အခြေအနေမကောင်းပေ။ အရေအတွက်များပြားသော မိစ္ဆာများက ဒူးထောက်သွားကြသည်။ သို့သော်လည်း သူတို့က လူသားကျင့်ကြံသူများကဲ့သို့ အတင်းအကျပ် ဖိအားပေးမခံရပေ။ ယင်းအစား သူတို့က ကိုယ့်သဘောဆန္ဒအရ ဒူးထောက်သွားကြသည်။
ထိုအရှိန်အဝါက အရေအတွက်များပြားသော မိစ္ဆာများပေါ်သို့ ကျရောက်သွားသည့်အခါ သူတို့က တမူထူးခြားသော ခံစားမှုကို ရရှိသွားကြသည်။ ဤသည်မှာ ထိုအရှိန်အဝါကို ထုတ်လွှတ်နေသူက သူတို့၏ ဘိုးဘေးတစ်ယောက် ဖြစ်သည့်အလားပင်။ ယင်းက ကြည်ညိုလေးစားဖွယ်ကောင်းသော အရှိန်အဝါဖြစ်သည်။ သို့ဖြစ်၍ မိစ္ဆာများသည် မြေကြီးပေါ်မှာ ချက်ချင်း ဒူးထောက်လိုက်ကြပြီး ဂါရဝပြုလိုက်ကြသည်။
သူတို့က မိစ္ဆာမျိုးနွယ်စု၏ ဘိုးဘေးများအပေါ် ဂါရဝပြုလိုက်ကြသည်။ အထူးသဖြင့် သူတို့က ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ခဲ့သော ကောင်းကင်မိစ္ဆာအပေါ် တလေးတစား အရိုအသေပေးလိုက်ကြသည်။
ယင်းက သူတို့၏ နှလုံးသားထဲမှ ဖြစ်ပေါ်လာသော ဆန္ဒဖြစ်သည်။
“ အဲ့ဒါက ကောင်းကင်မိစ္ဆာရဲ့ အကြွင်းအကျန်အရှိန်အဝါပဲ ”
သီရှီထျန်သည်လည်း မိုးမြေတစ်ခွင် ပြည့်နှက်နေသော ထိုအရှိန်အဝါကို ခံစားမိသွားသည်။ ထိုအရှိန်အဝါထဲမှာ လွမ်းဆွေးမှုနှင့် မိစ္ဆာမျိုးနွယ်စုအပေါ် ချစ်ခင်မှု ပါရှိနေကြောင်း သူခံစားမိသည်။ ဤသည်မှာ ဘိုးဘေးတစ်ယောက်က သူ၏ မြေးမြစ်များကို ချစ်ခင်ကြင်နာစွာ ကြည့်ရှုနေသည့်အလားပင်။ ယင်းက သူ့အား သက်တောင့်သက်သာ ရှိစေသည်။
သီရှီထျန်သည် ဒူးမထောက်ပေ။ သူက ခါးကို ညွတ်၍ တလေးတစား ဂါရဝပြုလိုက်သည်။
အမွေအနှစ်လျှောက်လမ်းကို ဖြတ်ကျော်ပြီးနောက် သူ၏ စိတ်က ကြည်လင်သန့်စင်သွားသည်။ သူက အရိုးဖြူစွန့်ပစ်ကုန်းမြေထဲမှာ အထွတ်အထိပ်နယ်ပယ်ကို ထိတွေ့နိုင်ခဲ့သည်။ ထို့ပြင် အထွတ်အထိပ်မှာ ရပ်တည်နေသော စိတ်ခံစားချက်က သူ၏ အသိစိတ်ထဲမှာ တံဆိပ်ရိုက်ခတ်ခံထားရသည်။ ရံဖန်ရံခါ ထိုစိတ်ခံစားချက်က ထွက်ပေါ်လာပြီး သူ့အား လမ်းကြောင်းမှန်ကို ညွှန်ပြပေးလိမ့်မည်။
သို့ဖြစ်၍ ကောင်းကင်မိစ္ဆာအရှင်က အလွန်သန်စွမ်းသော်လည်း သူ့ကို ဒူးထောက်စေရန် မစွမ်းဆောင်နိုင်ပေ။
ကောင်းကင်မိစ္ဆာအရှင်သည် အတိတ်တွင် မိစ္ဆာမျိုးနွယ်စုတစ်ခုလုံး၏ အကျိုးအတွက် အများကြီး လုပ်ဆောင်ခဲ့သည်။ ကောင်းကင်မိစ္ဆာအရှင်သည် မရေမတွက်နိုင်သော မိစ္ဆာများ၏ ရိုသေလေးစားမှုကို ရရှိရန် အမှန်တကယ် ထိုက်တန်သည်။ သို့သော်လည်း သူက ဒူးမထောက်ပေ။ ဤဘဝတွင် သူက မိုးမြေနှင့် သူ့မိဘမှလွဲ၍ တခြားမည်သူကိုမှ ဒူးမထောက်ပေ။
တစ်ဖက်လူက မည်မျှအစွမ်းထက်ပါစေ သူ့အား ဒူးထောက်စေရန် မစွမ်းဆောင်နိုင်ပေ။
သူက တလေးတစား ဂါရဝပြုလိုက်သည်။ ကောင်းကင်မိစ္ဆာအရှင်အပေါ် သူ၏ ရိုသေလေးစားမှုက သူ့နှလုံးသားထဲမှ လာသည်။
သို့သော်လည်း ငွေဆံရှည်နှင့် တခြားမိစ္ဆာဘုရင်များက ထိုသို့မဟုတ်ပေ။ သူတို့က တခြားမိစ္ဆာများနည်းတူ မြေကြီးပေါ်မှာ ဒူးထောက်လိုက်ကြသည်။ သူတို့၏ မျက်နှာပေါ်မှာ ရိုသေလေးစားသော အမူအရာ ထွက်ပေါ်နေသည်။ ကောင်းကင်မိစ္ဆာအရှင်အပေါ် သူတို့၏ ရိုသေလေးစားမှုက အတုအယောင် မဟုတ်ပေ။
ငွေဆံရှည်သည် ဒူးထောက်ပြီးလျှင် ပြန်မတ်တတ်ရပ်လိုက်ပြီး သီရှီထျန်ကို တည်ကြည်လေးနက်စွာ ကြည့်လိုက်သည်။
“ ကောင်းကင်မိစ္ဆာက ငါတို့မိစ္ဆာမျိုးနွယ်စု အန္တရာယ်ကျရောက်နေတဲ့အချိန် လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ပြီး မိစ္ဆာမျိုးနွယ်စုတစ်ခုလုံး မျိုးတုန်းသတ်ဖြတ်ခံရမယ့် အန္တရာယ်ကနေ ကာကွယ်ပေးခဲ့တယ်… ဒီအကျိုးဆောင်မှုက မိုးလောက် ကြီးမားတယ်… ငါငွေဆံရှည်အတွက်တော့ ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေထဲ နှစ်ကြိမ်ဝင်ရောက်ပြီး ကောင်းကင်မိစ္ဆာကို ဂါရဝပြုနိုင်တာက ကြီးမားတဲ့ ဂုဏ်ယူဝမ်းမြောက်စရာ ကိစ္စဖြစ်တယ်… ဒါပေမဲ့ အတိတ်က မှတ်တမ်းတွေအရ မကြာခင်မှာ ဟွမ်ချွမ်းမြစ် ထွက်ပေါ်လာလိမ့်မယ်… အဲ့ဒီအချိန်ကျရင် ရှေးဟောင်းတံတား ဖွင့်လှစ်သွားလိမ့်မယ်… မင်း စိတ်မပျော့ညံ့ဖို့ မှတ်ထားပါ… တံတားကို ဖြတ်ဖို့အတွက် သွေးချွေးတွေကို စတေးရလိမ့်မယ်… တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် မင်း ယုအာကို ဂရုစိုက်ပေးပါ ”
အသက်ပြင်းပြင်းရှူသွင်းပြီးနောက် ငွေဆံရှည်က အဝေးသို့ မော့ကြည့်လိုက်သည်။
“ ဟီး ဟီး ဟီး… နောက်ဆုံးတော့ ရောက်လာပြီ… အတိတ်မှာ ငါသွေးနဂါးက ရှေးဟောင်းတံတားပေါ်မှာ မသေမျိုးကျင့်ကြံသူတွေနဲ့ ညမိုးချုပ်တဲ့အထိ တိုက်ခိုက်ခဲ့တယ်… မရေမတွက်နိုင်တဲ့ ကျင့်ကြံသူတွေကို ငါသတ်ဖြတ်ခဲ့တယ်… ဒါပေမဲ့ ကံမကောင်းစွာပဲ ရှေးဟောင်းတံတားကို ငါမဖြတ်ကျော်နိုင်ခဲ့ဘူး… ထိပ်ဆုံးဆယ်နေရာကို ငါမလုယက်နိုင်ခဲ့ဘူး… ခုနစ်နေရာကို မသေမျိုးကျင့်ကြံသူတွေက သိမ်းပိုက်သွားခဲ့တယ်… ငါတို့မိစ္ဆာမျိုးနွယ်စုက သုံးနေရာပဲ သိမ်းပိုက်နိုင်ခဲ့တယ်… အတိတ်မှာ ငါ့ရဲ့ ကျင့်ကြံခြင်းက အားနည်းလို့ အများကြီး မကူညီနိုင်ခဲ့ဘူး… ဒီတစ်ကြိမ်မှာတော့ အဲ့ဒီမသေမျိုးကျင့်ကြံသူတွေကို သေချာပေါက် ငါအနိုင်ယူပစ်မယ် ”
သွေးနဂါးဘုရင်သည် မတ်တတ်ရပ်လိုက်ပြီး ရှေးဟောင်းတံတားကို စိုက်ကြည့်လိုက်သည်။ သွေးနီရောင်အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူ၏ စကားများက အတိတ်မှ အခြေအနေကို တစ်စိတ်တစ်ပိုင်း ဖော်ပြပေးသည်။ ယခင်တစ်ခေါက်တွင် ဖွင့်လှစ်ခဲ့သော ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေတွင် မသေမျိုးကျင့်ကြံသူခုနစ်ယောက်က ရှေးဟောင်းတံတားကို တကယ်ကြီး ဖြတ်ကျော်နိုင်ခဲ့ကြသည်။ အခြားတစ်ဖက်မှာတော့ သူတို့မိစ္ဆာမျိုးနွယ်စုက သုံးယောက်တည်း ဖြတ်ကျော်နိုင်ခဲ့ကြသည်။ ကွာခြားမှုက အလွန်ကြီးမားသည်။ ယင်းကို ကြည့်လျှင် မသေမျိုးကျင့်ကြံသူများသည် ကျင့်ကြံခြင်းစွမ်းအား ချိပ်ပိတ်ခံထားရသည့်တိုင် အလွန်သန်မာနေဆဲဖြစ်ကြောင်း သိနိုင်ပေသည်။
အမှန်တကယ်ပင် မသေမျိုးကျင့်ကြံသူများကို မလျော့တွက်သင့်ပေ။ သို့မဟုတ်လျှင် သူတို့က နေရာခုနစ်နေရာကို မည်သို့ သိမ်းပိုက်နိုင်ခဲ့မည်နည်း။
ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေကို ဖန်တီးခဲ့သူက မိစ္ဆာဖြစ်ပြီး ဤနေရာက အလွန်အန္တရာယ်များကြောင်း မသေမျိုးကျင့်ကြံသူများ သိထားကြသည်။ သို့သော်လည်း သူတို့က ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ဖွင့်လှစ်သည့်အခါတိုင်း အထဲသို့ ဝင်ရောက်လာကြသည်။ ယင်းက သေတွင်းထဲသို့ ကိုယ့်ဘာသာ ခုန်ဝင်သွားခြင်းနှင့် မတူဘူးလော။