← Chapters

အခန်း ၃၈၀

Vol. 26 Ch. 380

အခန်း ၃၈၀

Vol. 26 Ch. 380

အခန်း(၃၈၀)

အမှန်မှာ မသေမျိုးကျင့်ကြံသူများသည် ယင်ယန်ကောင်းကင်တံတား၏ ထူးခြားဆန်းကြယ်မှုကို ဟိုးယခင်ကတည်းက သိထားကြသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူတို့က ယင်းကို ရင်ဆိုင်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာတွေ့သွားကြသည်။

“ ခေါင်းဆောင်ရဲ့ ပြောစကားအရ ရှေးဟောင်းတံတားကို ဖြတ်ကျော်နိုင်တဲ့ လူတွေက ကံကြမ္မာကောင်းနဲ့ တွေ့ကြုံရလိမ့်မယ်… အဲ့ဒါ ဘယ်မျိုးနွယ်စုပဲဖြစ်ဖြစ် ကြီးမားတဲ့ အကျိုးကျေးဇူးတွေကို ရရှိကြလိမ့်မယ်… အတိတ်မှာ ခေါင်းဆောင်က လျှို့ဝှက်နယ်မြေထဲမှာ ကံကြမ္မာကောင်းနဲ့ တွေ့ကြုံခဲ့တယ်… ဒါကြောင့် သူ့ရဲ့ ကျင့်ကြံခြင်းက မြန်ဆန်စွာ တိုးမြှင့်သွားခဲ့တယ်… အခု သူက မဟာမိစ္ဆာဘုရင်ရှစ်ပါးထဲမှာ အသန်မာဆုံး ဖြစ်လာပြီ… ဒါပေမဲ့ ကံမကောင်းတာက ခေါင်းဆောင်က လျှို့ဝှက်နယ်မြေအကြောင်း ဘာတစ်ခွန်းမှမပြောခဲ့ဘူး… ငါတို့ကို ကိုယ့်ဘာသာ တွေ့ကြုံကြည့်ဖို့ ပြောတယ်… ဒီတစ်ကြိမ်တော့ ဘာပဲဖြစ်ဖြစ် တံတားကို ငါတို့သေချာပေါက် ဖြတ်ကျော်နိုင်ရမယ် ”

သူတို့၏ စကားကို နားထောင်ကြည့်လျှင် သူတို့လေးယောက်က အတူတကွ လက်တွဲကြတော့မည့်ဟန် ရ၏။ အကယ်၍ သူတို့လေးယောက်သာ အတူလက်တွဲသွားကြမည်ဆိုလျှင် တံတားပေါ်မှာ မည်သူမှ သူတို့ကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့က နေရာလေးနေရာကို အရယူရန် စိတ်ဆုံးဖြတ်ထားကြသည်။

“ ဝုန်း ”

ထိုစဉ် ကျယ်လောင်သော မြည်သံက မိုးကုပ်စက်ဝိုင်းမှ ထွက်ပေါ်လာသည်။ ထိုအသံသည် အလွန်ကြောက်စရာကောင်းသည်။ ဤသည်မှာ တစ္ဆေစစ်တပ်က ဟင်းလင်းပြင်ထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည့်အလားပင်။ ထိုအသံက စိတ်မသက်မသာ ခံစားရစေသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ လူသားမသေမျိုးကျင့်ကြံသူများဖြစ်စေ မိစ္ဆာများဖြစ်စေ သူတို့အားလုံးက အသံထွက်ပေါ်လာရာ အရပ်ဆီသို့ လှည့်ကြည့်လိုက်ကြသည်။

ဤနေရာတွင် ကျွန်းစုနှစ်ခုတည်ရှိပြီး ရှေးဟောင်းတံတားတစ်စင်းက ကျွန်းစုနှစ်ခု၏ အလယ်မှာ ဆန့်တန်းနေသည်။ ကျွန်းစုနှစ်ခု၏ အပြင်ဘက်တွင် အနက်ရောင်မြူခိုးထုက လွင့်မျောနေသည်။ မြူခိုးထုက သူတို့၏ အမြင်အာရုံကို တားဆီးပိတ်ဆို့ထားသည်။ သို့သော်လည်း ယခုအချိန်မှာ အဆုံးမဲ့သော မြူခိုးထုက တဖြည်းဖြည်း လွင့်ပြယ်သွားသည်။

ဤသည်မှာ တောက်ပသော လရောင်ခြည်က အမှောင်ထုကို တဖြည်းဖြည်း ဖယ်ရှားပစ်လိုက်သည့်အလားပင်။

မြူခိုးလွင့်ပြယ်သွားသည့်အခိုက် ကြီးကျယ်မြင့်မြတ်သော ရှေးဟောင်းတံတားက သူတို့၏ မျက်စိအရှေ့မှာ ထင်ထင်ရှားရှား ထွက်ပေါ်လာသည်။ ရှေးဟောင်းတံတားသည် အလွန်ရှည်လျားသည်။ အကြည့်တစ်ချက်ဖြင့် တံတားအဆုံးကို မြင်နိုင်ရန် မဖြစ်နိုင်ပေ။ တံတား၏ အခြားတစ်ဖက်ကို မြူခိုးထုက ဖုံးလွှမ်းထားသည်။ ယင်းက လျှို့ဝှက်ဆန်းကြယ်သောနေရာ ဖြစ်သည်။

တံတားသည် ကျောက်တုံးများဖြင့် ဆောက်လုပ်ထားသော ပေါင်းကူးတံတား ဖြစ်သည်။ ယခု မြူခိုးလွင့်ပြယ်သွားသည့်အခါ ဘေးပတ်ဝန်းကျင်မှ မြင်ကွင်းက တဖြည်းဖြည်း ကြည်လင်ထင်ရှားလာသည်။

မိုးကုပ်စက်ဝိုင်းတွင် အလွန်အမင်း ကြီးမားရှည်လျားသော မြစ်တစ်စင်းက ဟင်းလင်းပြင်ထဲမှာ ရွေ့လျားစီးဆင်းနေသည်။ မြစ်သည် အတော်လေး ကျယ်ပြောပြီး ဟင်းလင်းပြင်ထဲမှာ အတားအဆီးမဲ့စွာ ရွေ့လျားစီးဆင်းနေသည်။

မြစ်သည် အဝေးမှ စီးဆင်းလာနေသည်။ ယင်းက ကောင်းကင်ဘုံကိုးခုမှ ကျဆင်းလာနေသော နဂါးငွေ့တန်းနှင့် ဆင်တူသည်။

ထိုမြင်ကွင်းက အလွန်ခမ်းနားထည်ဝါသည်။ ရှည်လျားသော မြစ်သည် ဟင်းလင်းပြင်ထဲမှာ ရွေ့လျားစီးဆင်းနေပြီး ရှေးဟောင်းတံတားအောက်ထဲသို့ ဝင်ရောက်သွားသည်။

မြစ်သည် အလွန်ရှည်လျားပြီး ခမ်းနားထည်ဝါသည်။ ယင်းက အဆုံးမဲ့သော ဂုဏ်ကျက်သရေကို ထုတ်လွှတ်နေသည်။

ထိုမြစ်က မည်သည့်နေရာမှ ရောက်လာကြောင်း မည်သည့်နေရာမှာ အဆုံးသတ်သွားကြောင်း မည်သူမှမသိကြပေ။

မြစ်နှင့်ပတ်သက်၍ မျက်စိအဖမ်းစားနိုင်ဆုံးအရာက မြစ်ရေ ဖြစ်သည်။ မြစ်ရေ၏ အရောင်က အလွန်ထူးဆန်းသည်။ မြစ်ရေက အစိမ်းပုပ်ရောင် ဖြစ်သည်။ ထို့ပြင် အစိမ်းရောင်ရေငွေ့က မြစ်ရေမျက်နှာပြင်ပေါ်မှ မြှောက်တတ်နေသည်။ ထိုသို့မြစ်ရေထဲမှာ မည်သည့်သက်ရှိသတ္တဝါမှ အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။

“ အား… အား… ငါ့ကို ကယ်ပါ… ငါ့ကို ကယ်ပါ… ”

“ အား… နာလိုက်တာ… ပင်ပန်းဆင်းရဲလိုက်တာ… မြန်မြန်… ငါ့ကို အပေါ်ဆွဲတင်ပါ ”

မြစ်ထဲတွင် တစ္ဆေအော်ညည်းသံနှင့်ဆင်တူသော အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ထိုအော်သံများက ကျွန်းစုနှစ်ခုပေါ်မှ သက်ရှိသတ္တဝါများ၏ နားထဲသို့ ပျံ့လွင့်သွားသည်။ ထိုအခါ အရိုးခိုက်ခိုက်တုန်စေမည့် အအေးဓာတ်က သူတို့၏ ကျောရိုးတစ်လျှောက် ပျံ့နှံ့သွားသည်။

သူတို့က ကြက်သီးမွေးညင်းထသွားကြပြီး ဦးရေပြားစပ်ဖျင်းဖျင်း ခံစားသွားကြရသည်။

အကယ်၍ တစ်စုံတစ်ယောက်က အနီးကပ် သေချာကြည့်မည်ဆိုလျှင် မရေမတွက်နိုင်သော ဝိညာဉ်များက မြစ်ထဲမှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေကြပြီး အော်ဟစ်ညည်းတွားနေကြောင်း မြင်ရလိမ့်မည်။ သူတို့၏ အခြေအနေက အလွန်ဆိုးဝါးသည်။ ထိုမြင်ကွင်းက သတ္တိနည်းသော လူများကို ကြောက်ဒူးတုန်သွားစေရန် လုံလောက်သည်။ မြစ်ထဲတွင် ဝိညာဉ်များက အလွန်များပြားသည်။ အကြည့်တစ်ချက်ဖြင့် မမြင်နိုင်သော မြစ်အဆုံးထိပင် ဝိညာဉ်များက ပြန့်ကျဲနေကြသည်။ မြစ်ထဲမှာ ဝိညာဉ်မည်မျှရှိကြောင်း ပြောရန် မလွယ်ကူပေ။

တစ်သန်း၊ ဆယ်သန်း သို့မဟုတ် သန်းတစ်ရာ ဖြစ်နိုင်၏။

မည်သူမှ မြစ်ထဲမှ ဝိညာဉ်အရေအတွက် အတိအကျကို ရေတွက်နိုင်လိမ့်မည် မဟုတ်ချေ။ ဝိညာဉ်များသည် မြစ်ထဲမှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေကြပြီး ဆိုးဝါးစွာ ငရဲခံနေကြရသည်။ သူတို့က နာကျင်စွာ အော်ဟစ်ညည်းတွားနေကြပြီး ညှဉ်းပန်းနှိပ်စက်မှုအမျိုးမျိုး ခံစားနေကြရသည်။ ယင်းက ကျောချမ်းဖွယ်ကောင်းသော မြင်ကွင်း ဖြစ်သည်။

ထိုမြစ်သည် ဒဏ္ဍာရီလာ မြစ်ဝါမြစ်မှလွဲ၍ တခြားမဟုတ်ပေ။

ထိုမြစ်ကို မြင်လိုက်သောအခါ သီရှီထျန်က မျက်မှောင်ကြုတ်လိုက်သည်။ သူ့ဘေးမှ ငွေဆံရှည်သည်တော့ ဝိုင်ဘူးသီးခြောက်ကို တည်ငြိမ်စွာ ထုတ်လိုက်ပြီး တစ်ငုံသောက်လိုက်သည်။ ထို့နောက် သူက ပြောသည်။

“ အဲ့ဒါက ဒဏ္ဍာရီလာ ဟွမ်ချွမ်းမြစ်… ဟွမ်ချွမ်းမြစ်က ဘယ်လောက်ရှည်ပြီး ဘယ်လောက်နက်တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး… ဒါပေမဲ့ ဒီမြစ်က အရမ်းကြောက်စရာကောင်းတယ်… ဟွမ်ချွမ်းမြစ်ပေါ်မှာ ဘယ်သူမှ မပျံသန်းဝံ့ကြဘူး… မဟုတ်ရင် သူတို့က ဟွမ်ချွမ်းမြစ်ထဲ ဆွဲချခံကြရလိမ့်မယ် ”

“ ဘယ်သက်ရှိသတ္တဝါမှ မြစ်ထဲမှာ မတည်ရှိနိုင်ကြဘူး… ဟွမ်ချွမ်းမြစ်ရေက မြစ်ထဲ ဆွဲချခံလိုက်ရတဲ့ သက်ရှိတွေကို ချက်ချင်း ယိုယွင်းတိုက်စားပစ်တယ်… သူတို့ရဲ့ ခန္ဓာကိုယ် ပျက်စီးသွားရင်တောင် ဝိညာဉ်က ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ မဝင်ရောက်နိုင်ဘဲ မြစ်ထဲမှာ ထာဝရ ပိတ်လှောင်ခံထားရလိမ့်မယ်… ဒါ့အပြင် သူတို့က အဆုံးမဲ့တဲ့ နာကျင်မှုတွေနဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို တစ်သက်လုံး ခံစားကြရလိမ့်မယ်… တစ်ခဏတောင် အနားယူနိုင်မှာ မဟုတ်ဘူး… ဒဏ္ဍာရီထဲမှာ ပြောထားတာတော့ ဟွမ်ချွမ်းမြစ်က ဝိညာဉ်တစ်ကောင်ကို ဝါးမျိုလိုက်တဲ့အခါ အနည်းငယ် ပိုရှည်လျားသွားလိမ့်မယ်… ဝိညာဉ်အများအပြားကို ဝါးမျိုလေ ဟွမ်ချွမ်းမြစ်က ပိုပြီးရှည်လျားလာလေ ဖြစ်တယ်… အခု ဟွမ်ချွမ်းမြစ်က အတော်လေး ရှည်လျားသွားပြီ ”

ငွေဆံရှည်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်စွာ ပြောသည်။

“ ညီလေးသီ… ရှေးဟောင်းတံတားပေါ် မင်းခြေချလိုက်တဲ့အခါ မင်းရဲ့ ခန္ဓာကိုယ်ကို တံတားအပြင်ဘက်ဆီ မရောက်သွားဖို့ အထူးသတိထားပါ… မဟုတ်ရင် မင်းက ဘယ်လောက်ပဲအစွမ်းထက်ပါစေ ဟွမ်ချွမ်းမြစ်ရဲ့ ဆွဲချတာ ခံရလိမ့်မယ်… အဲ့ဒါက သေတာထက် ပိုပြီးဆိုးဝါးတဲ့ ငရဲပဲ ”

ငွေဆံရှည်၏ ပြောစကားက မမှားပေ။ ဟွမ်ချွမ်းမြစ်ထဲမှာ သူသေဆုံးသွားလျှင်ပင် သူ၏ ဝိညာဉ်က ပြန်လည်မမွေးဖွားနိုင်ဘဲ ထာဝရ ညှဉ်းပန်းနှိပ်စက်မှုကို ခံရလိမ့်မည်။ ထိုသို့အခြေအနေမျိုးတွင် တံတားပေါ်မှာ သူသေဆုံးသွားခြင်းက အများကြီး ပိုကောင်းလိမ့်မည်။

“ အခုလို သတိပေးတာ ကျေးဇူးတင်ပါတယ် ”

အမှန်မှာ ငွေဆံရှည် သူ့အား သတိပေးရန် မလိုပေ။ ဟွမ်ချွမ်းမြစ်ထဲမှ ဝိညာဉ်များကို သူမြင်လိုက်ကတည်းက ဟွမ်ချွမ်းမြစ်က မည်မျှကြောက်စရာကောင်းကြောင်း ချက်ချင်း နားလည်သွားသည်။

တစ်ခုသိထားရမည်မှာ သူ၏ အတိတ်ဘဝမှ ဒဏ္ဍာရီများထဲတွင် မြစ်ဝါမြစ်ဟုခေါ်သော မြေအောက်လောကမှ မြစ်တစ်စင်းရှိသည်။ မြစ်ဝါမြစ်သည် အလွန်ကြောက်စရာကောင်းသည်။ ယင်း၏ ကြောက်စရာအကောင်းဆုံးအရာက မြစ်ရေ ဖြစ်သည်။ ယခု သူကြည့်လိုက်သည့်အခါ ဟွမ်ချွမ်းမြစ်ရေက မြစ်ဝါမြစ်ရေထက် မလျော့ကြောင်း နားလည်သွားသည်။

“ ဗုန်း ”

ဟွမ်ချွမ်းမြစ် ထွက်ပေါ်လာသည့်အခါ ရှေးဟောင်းတံတားက ချက်ချင်း ပြောင်းလဲသွားသည်။ ပထမဆုံးအနေနှင့် တံတားအရှေ့မှ ဧရာမကျောက်ပြားက လျှို့ဝှက်ဆန်းကြယ်စွာ လှုပ်ယမ်းသွားသည်။ ထို့နောက် ယင်းက နတ်ဘုရားအလင်းကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။ နတ်ဘုရားအလင်းအောက်မှာ ကျောက်ပြားက လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားသည်။ ကျောက်ပြား ပျောက်ကွယ်သွားသည့်အခိုက် ရှေးဟောင်းမှော်သင်္ကေတများက လေထဲမှာ ထွက်ပေါ်လာကြပြီး အတူတကွ ပေါင်းစည်းသွားကြသည်။ ရှေးဟောင်းမှော်သင်္ကေတများက အလွန်များပြားလေရာ ယင်းတို့ကို ရေတွက်ရန် မဖြစ်နိုင်ပေ။

ထိုရှေးဟောင်းမှော်သင်္ကေတများက အဆုံးမဲ့သော နတ်ဘုရားအလင်းကို ထုတ်လွှတ်နေသည်။ ယင်းတို့က ညကောင်းကင်ယံမှ ကြယ်များနှင့် ဆင်တူသည်။ ယင်းတို့က ဧရာမနဂါးတစ်ကောင်သဖွယ် ဖွဲ့စည်းသွားကြပြီး ရှေးဟောင်းတံတားကို ရစ်ပတ်လိုက်သည်။ ထိုအခါ မှော်ဆန်သော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

မှော်သင်္ကေတများသည် ရှေးဟောင်းတံတား၏ နေရာတိုင်းတွင် ပျံ့နှံ့သွားကြပြီး ရှေးဟောင်းတံတားထဲသို့ လျှို့ဝှက်ဆန်းကြယ်စွာ ဝင်ရောက်သွားကြသည်။

ရှေးဟောင်းတံတားထဲသို့ မှော်သင်္ကေတတစ်ခု ဝင်ရောက်သွားသည့်အခါတိုင်း ရှေးဟောင်းတံတားက ထွန်းလင်းတောက်ပလာသည်။ သာမန်ကျောက်တုံးတံတားဖြစ်ပုံပေါ်သော ယင်ယန်ကောင်းကင်တံတားက ဤအခိုက်အတန့်မှာ ရောင်ဝါထွန်းလင်းလာသည်။ ရှေးဟောင်းတံတားပေါ်မှ ကျောက်တုံးများက တစ်တုံးပြီးတစ်တုံး ထွန်းလင်းတောက်ပသွားသည်။

ထိုအခါ တံတားက ကျောက်စိမ်းသဖွယ် ဖြူဖွေးသွားသည်။

ရှေးဟောင်းတံတားသည် နှစ်ပေါင်းများစွာကြာအောင် ဖုန်တတ်နေပြီးနောက် ယခု ယင်း၏ ထည်ဝါမှုကို ပြန်ပိုင်ဆိုင်သွားသည်။ အဝေးမှ လှမ်းကြည့်မည်ဆိုလျှင် ယင်းက လွင့်မျောတိမ်တိုက်တံတားနှင့် ဆင်တူကြောင်း မြင်ရလိမ့်မည်။ ယင်းက သေမျိုးလောကနှင့် လုံးဝ မသက်ဆိုင်သော အံ့ဖွယ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ မှော်သင်္ကေတများ ဝင်ရောက်လာသည့်အခိုက် တံတားက ရှည်လျားသော တိမ်တိုက်အစုအဝေးအဖြစ် ဖွဲ့စည်းသွားဟန် ရ၏။

ယင်းက အလွန်သန့်စင်ပြီး မွန်မြတ်ထည်ဝါသည်။ မည်သူမှ ယင်းပေါ်မှာ ညစ်ညမ်းမှုပြုလုပ်ရန် ဆန္ဒရှိကြလိမ့်မည် မဟုတ်ချေ။ သို့မဟုတ်လျှင် သူတို့က အပြစ်သားအဖြစ် သတ်မှတ်ခံရလိမ့်မည်။

ယင်းယန်ကောင်းကင်တံတားသည် အလွန်အမင်း ကျယ်ပြောသည်။ ယင်းက အဆုံးမဲ့စွာ ကျယ်ပြောသော အဖြူရောင်တိမ်တိုက်တံတားနှင့် ဆင်တူသည်။ တံတားသည် ဟင်းလင်းပြင်ထဲမှာ ဆန့်တန်းနေပြီး လျှို့ဝှက်ဆန်းကြယ်သော နေရာတစ်နေရာနှင့် ချိတ်ဆက်နေသည်။ တံတားအောက်တွင် မြစ်ဝါမြစ်က အဆုံးမဲ့စွာ စီးဆင်းနေသည်။ မရေမတွက်နိုင်သော ဝိညာဉ်များက မြစ်ရေမျက်နှာပြင်ပေါ်မှာ မြုပ်ချည်ပေါ်ချည် ဖြစ်နေကြပြီး အော်ဟစ်ညည်းညူနေကြသည်။ ယင်းကို ကြည့်လျှင် မြစ်ဝါမြစ်က သာမန်မဟုတ်ကြောင်း သိနိုင်လိမ့်မည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။

ဟွမ်ချွမ်းမြစ်က ဟင်းလင်းပြင်ထဲမှာ ကန့်လန့်ဖြတ် စီးဆင်းနေသည်။ ဟွမ်ချွမ်းမြစ်ပေါ်တွင် ပျံသန်းခြင်း မပြုနိုင်ပေ။ သို့ဖြစ်၍ တစ်စုံတစ်ယောက်က မြစ်ကို ဖြတ်ကျော်ချင်လျှင် ယင်ယန်ကောင်းကင်တံတားကို သေချာပေါက် ဖြတ်လျှောက်ရလိမ့်မည်။ အဖြူရောင် ယင်ယန်ကောင်းကင်တံတားက အလွန်ကျယ်ပြောလေရာ လူတစ်ရာကျော် တစ်ဆက်တည်း အတူမတ်တတ်ရပ်ရန် လုံလောက်သည်။ လူတစ်ရာကျော်က တံတားပေါ်မှာ တစ်ပြိုင်နက်တည်း လမ်းလျှောက်မည်ဆိုလျှင်ပင် ပြဿနာမဖြစ်နိုင်ပေ။ ယင်းက အမှန်တကယ် အံ့ဩဖွယ်ကောင်းသည်။

ယင်းကို တံတားဟု မဆိုနိုင်တော့ပေ။ ယင်းက ဧရာမလမ်းမကြီးတစ်ခု ဖြစ်သည်။ အကယ်၍ ယင်းကို သူတို့၏ မျက်စိဖြင့် ကိုယ်တိုင်မမြင်ခဲ့လျှင် ဤလောကမှာ ထိုမျှအံ့ဖွယ်ကောင်းသော တံတားတစ်စင်းရှိနေမည်ဟု သူတို့ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။

“ ဗုန်း… ဗုန်း… ဗုန်း ”

မှော်သင်္ကေတများ အဆက်မပြတ် ဝင်ရောက်လာသည့်အခါ ယင်ယန်ကောင်းကင်တံတား၏ အစစ်အမှန်အသွင်သဏ္ဍာန်က ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ ယင်းက အတိတ်မှာကဲ့သို့ ခမ်းနားထည်ဝါလာသည်။

ဤအခိုက်အတန့်မှာ လူသားကျင့်ကြံသူများဖြစ်စေ မိစ္ဆာများဖြစ်စေ သူတို့က အသက်ရှူရန် သတိမေ့သွားကြသည်။ သူတို့အားလုံးက ရှေးဟောင်းတံတားကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ သူတို့က အဖြစ်အပျက်တစ်ခု လွတ်သွားမည်ကို စိုးရိမ်နေကြသည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ယင်ယန်ကောင်းကင်တံတားက သာမန်မဟုတ်ကြောင်း သိနိုင်ပေသည်။

ယင်းက ရှေးခေတ်မှစ၍ နောက်မျိုးဆက်များထံ အဆင့်ဆင့် လက်ဆင့်ကမ်းပေးခဲ့သော ရတနာ ဖြစ်သည်။

ရှေးဟောင်းတံတား ရုပ်လုံးပေါ်လာသည်နှင့်ချက်ချင်း ကျွန်းစုနှစ်ခုပေါ်မှ သဏ္ဍာန်မဲ့အတားအဆီးများက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ ယင်းကို ကြည့်လျှင် ရှေးဟောင်းတံတား အပြည့်အဝ ရုပ်လုံးပေါ်သွားသည်နှင့် ကျွန်းစုနှစ်ခုပေါ်မှ သဏ္ဍာန်မဲ့အတားအဆီးအားလုံး ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ကြောင်း သိနိုင်ပေသည်။ ထိုအချိန်ကျလျှင် ကျွန်းစုနှစ်ခုပေါ်မှ သက်ရှိများသည် ရှေးဟောင်းတံတားပေါ်သို့ ခြေချနိုင်သွားကြလိမ့်မည်။

All Chapters