← Chapters

အခန်း ၃၈၁

Vol. 26 Ch. 381

အခန်း ၃၈၁

Vol. 26 Ch. 381

အခန်း(၃၈၁)

သီရှီထျန်သည် တခြားလူများနည်းတူ ရှေးဟောင်းတံတားကို စိုက်ကြည့်နေရင်း တိတ်တဆိတ် စောင့်ဆိုင်းနေသည်။

အချိန်ကြာလာသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါက ပိုပြီးအားကောင်းလာသည်။ မိစ္ဆာများသည် သူတို့၏ လက်ထဲမှ လက်နက်များကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကြသည်။

သူတို့က မကြာခင် ဖြစ်ပွားလာတော့မည့် သွေးလွှမ်းတိုက်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုများကို လုပ်ဆောင်လိုက်ကြသည်။

သီရှီထျန်သည် ကျားဝိညာဉ်ဓားအိမ်ကို ညင်ညင်သာသာ ပွတ်သပ်လိုက်သည်။ ကျားဝိညာဉ်ဓားမော့သည် ဓားအိမ်ထဲမှာသာ ရှိနေဆဲပင်။ သူက ဓားမော့ကို အပြင်သို့ မဆွဲထုတ်သေးပေ။

ယင်းအစား သူက ငွေဆံရှည်နှင့် တခြားမိစ္ဆာများကို ကြည့်လိုက်သည်။

အစွမ်းထက်မိစ္ဆာဘုရင်များအနေဖြင့် သူတို့ဆီမှာ ကိုယ်ပိုင်လက်နက်တစ်ခု မရှိရန် မည်သို့မှမဖြစ်နိုင်ပေ။

သို့သော်လည်း သူသည် ငွေဆံရှည်နှင့် တခြားမိစ္ဆာများ၏ လက်နက်များကို တစ်ခါမှ မမြင်ဖူးသေးပေ။ သူမြင်ဖူးသည်မှာ ပိုင်ဇီယန်၏ လက်ထဲမှ ထူးဆန်းသော အစိမ်းရောင်ဝါးလုံး ဖြစ်သည်။

ပိုင်ဇီယန်သည် ထူးဆန်းသော ထိုအစိမ်းရောင်ဝါးလုံးကို သူ့လက်ထဲမှ တစ်ခါမှ မချခဲ့ပေ။ ထို့ပြင် သူက အချိန်အားလပ်သည့်အခါတိုင်း မှော်အက္ခရာများနှင့် မှော်သင်္ကေတများကို အစိမ်းရောင်ဝါးလုံးပေါ်မှာ ရေးထွင်းလိမ့်မည်။ ယင်းကို ကြည့်ခြင်းအားဖြင့် ထိုအစိမ်းရောင်ဝါးလုံးကို သူမည်မျှတန်ဖိုးထားကြောင်း မြင်နိုင်ပေသည်။

ဤအခိုက်အတန့်မှာ ငွေဆံရှည်၏ လက်နှစ်ဖက်ပေါ်တွင် ငွေရောင်အလင်း ထွန်းလင်းလာသည်။ ထူးဆန်းသော အဖြူရောင်လက်အိတ်တစ်စုံက သူ၏ သိမ်မွေ့နူးညံ့သော လက်များပေါ်မှာ ထွက်ပေါ်လာသည်။ ထိုလက်အိတ်ကို မည်သည့်ပစ္စည်းများဖြင့် ဖန်တီးသန့်စင်ထားကြောင်း မသိရပေ။ သို့သော်လည်း ယင်းက ပိုးချည်မျှင်တစ်မျိုး ဖြစ်နိုင်သည်။ လက်အိတ်တစ်ခုလုံးက အဖြူရောင် ဖြစ်သည်။ လက်အိတ်ကို သူ့လက်ပေါ်မှာ ဝတ်ဆင်လိုက်စဉ် လက်အိတ်နှင့် သူ့လက်က တစ်သားတည်း ဖြစ်သွားသည်။ ထို့ပြင် လက်အိတ်က ပုစဉ်းအတောင်ပံကဲ့သို့ အလွန်ပါးလွှာသည်။ သို့ဖြစ်၍ လက်အိတ်ကို သူဝတ်ဆင်ထားကြောင်း သေချာဂရုတစိုက် မကြည့်လျှင် မြင်နိုင်လိမ့်မည် မဟုတ်ချေ။

“ ဝှစ် ”

သူက လက်နှစ်ဖက်ကို ညင်သာစွာ လှုပ်ရှားလိုက်သည်။ ထိုအခါ သူ၏ လက်ဝါးအောက်မှ လေက ကွဲထွက်သွားဟန် ရသည်။ ယင်းက ဖော်မပြနိုင်အောင် ထက်ရှသည်။ သူ၏ လက်ဝါးတစ်ဝိုက်တွင် ရေခဲသလင်းကျောက်အလွှာတစ်ခု ထွက်ပေါ်လာသည်။

“ ငွေဆံရှည်… မင်း ဖန်တီးသန့်စင်ထားတဲ့ ငွေပိုးချည်အံ့ဖွယ်သလင်းကျောက်လက်အိတ်က တကယ် အံ့ဩစရာပဲ… အဲ့ဒီလက်အိတ်က မင်းရဲ့ ရှစ်မျိုးပညာရပ်နဲ့ အထူးလိုက်ဖက်တယ်… ကြည့်ရတာ ဒီတစ်ကြိမ်တော့ မင်းကို ဘယ်သူမှ တားဆီးနိုင်တော့မှာ မဟုတ်ဘူး… ထိပ်ဆုံးဆယ်နေရာထဲက တစ်နေရာက သေချာပေါက် မင်းအတွက်ပဲ ”

ငွေဆံရှည်၏ လက်အိတ်တစ်စုံကို မြင်သောအခါ သွေးနဂါးဘုရင်က အံ့ဩတကြီး ပြောသည်။ ချောက်ချားသော အမူအရာသည်ပင် သူ့မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

သွေးနဂါးဘုရင်သည်တော့ သူ့လက်ထဲမှာ အနက်ရောင်ဆူးတင်းပုတ်ကို ကိုင်ထားသည်။ ဆူးတင်းပုတ်၏ မျက်နှာပြင်ပေါ်တွင် မရေမတွက်နိုင်သော အဆူးချွန်များ ရှိသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။ အကယ်၍ တစ်စုံတစ်ယောက်က ထိုဆူးတင်းပုတ်ဖြင့် အရိုက်ခံရမည်ဆိုလျှင် သူ့ခန္ဓာကိုယ်က ဇကာပေါက်ဖြစ်သွားလိမ့်မည်။ ဆူးတင်းပုတ်က သတ်ဖြတ်ခြင်းအရှိန်အဝါကို ထုတ်လွှတ်နေသည်။ ရှင်းလင်းစွာပင် ယင်းက သာမန်လက်နက်တစ်ခု မဟုတ်ပေ။

ရွှေတောင်ပံလင်းနို့ဘုရင်၏ လက်နက်သည်လည်း ထူးခြားအံ့ဖွယ်ကောင်းသည်။ သူ့လက်နက်က သွေးနီရောင်လက်တစ်ဖက် ဖြစ်သည်။ လက်သည် တစ်ပေခန့် ရှည်လျားပြီး ယင်းကို သွေးနီရောင်ကျောက်စိမ်းဖြင့် ဖန်တီးပြုလုပ်ထားသည်။ သွေးလက်သည် သွေးဆာလောင်သော အနီရောင်အလင်းတန်းများကို ထုတ်လွှတ်နေသည်။ ယင်းက မွန်မြတ်သန့်စင်သော လက်နက်တစ်ခုမဟုတ်သည်မှာ သေချာ၏။

မိစ္ဆာတစ်ကောင်ပြီးတစ်ကောင်သည် သူတို့၏ လက်နက်များကို အသီးသီး ထုတ်လိုက်ကြသည်။ ယခုအချိန်မှာ မည်သူမှ ပေါ့ပေါ့တန်တန် မနေဝံ့ကြတော့ချေ။

တစ်စုံတစ်ယောက်သည် မည်မျှအစွမ်းထက်ပါစေ သူ၏ ကျင့်ကြံခြင်းနယ်ပယ်က မည်မျှမြင့်မားပါစေ ယင်ယန်ကောင်းကင်တံတားပေါ် ခြေချလိုက်သည်နှင့် သူ၏ ကျင့်ကြံခြင်းအားလုံးက ချက်ချင်း ပျောက်ကွယ်သွားလိမ့်မည်။ ထိုအချိန်ကျလျှင် သူတို့က ရုပ်ခန္ဓာကိုယ်နှင့် လက်နက်များကိုသာ မှီခိုအားထားနိုင်ကြလိမ့်မည်။

ထို့ပြင် သူတို့သည် နည်းနည်းမှ သတိမပေါ့ဆဝံ့ကြချေ။ သို့မဟုတ်လျှင် သူတို့က သေဆုံးသွားကြလိမ့်မည်။

… … …

တောင်ပိုင်းမြေရိုင်းဒေသထဲတွင်… ။

မီးခိုးရောင်တိမ်တိုက်များက မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ ဘေးပတ်ဝန်းကျင်ကို ဝိုင်းရံထားသည်။ ချိုင့်ဝှမ်းထဲမှ သက်ရှိများသည် အပြင်ဘက်မှ အရာအားလုံးကို ရှင်းလင်းစွာ မြင်နိုင်ကြသည်။ သို့သော်လည်း အပြင်ဘက်မှ သက်ရှိများသည်တော့ ချိုင့်ဝှမ်းထဲမှ မည်သည့်အရာကိုမှ မမြင်ကြချေ။ ထိုအဖြစ်အပျက်က အလွန်ထူးဆန်းသည်။

ချိုင့်ဝှမ်းအပြင်ဘက်တွင် ဧရာမဝိညာဉ်လှေတစ်စင်းက လေထဲမှာ ရပ်တန့်နေသည်။ လှေဦးပိုင်းတွင် ယန်ရွှမ်းက မတ်တတ်ရပ်နေပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကို အေးစက်စက် စိုက်ကြည့်နေသည်။ သူ၏ မျက်လုံးထဲမှာ အေးစက်မှုနှင့် ဒေါသရှိသည်။ သူက မကျေမချမ်း ပြောသည်။

“ သေစမ်းကွာ… အဲ့ဒါ မှော်အင်းချပ်ပဲ… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာမျိုးနွယ်စုဆီမှာ ဘယ်လိုလုပ် မှော်အင်းချပ်ရှိနေတာလဲ… အဲ့လိုရတနာက ငါ့ရဲ့ သိုလှောင်အိတ်ထဲမှာပဲ ရှိသင့်တယ်… ဘယ်လိုလုပ် မိစ္ဆာတွေက အဲ့ဒါကို ရရှိသွားတာလဲ ”

လောဘအရိပ်အယောင်က သူ့မျက်လုံးထဲမှာ မဖုံးမဖိနိုင်အောင် ထွက်ပေါ်လာသည်။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းပေါ်မှ မီးခိုးရောင်တိမ်တိုက်များကို စိန်းစိန်းဝါးဝါး ကြည့်လိုက်သည်။ သူ၏ မျက်နှာအမူအရာက အစဉ်အမြဲ ပြောင်းလဲသွားသည်။

“ အဲ့ဒီမှော်အင်းချပ်က အရမ်းအစွမ်းထက်တယ်… မှော်အင်းချပ်ထဲမှာ ကိုယ်ပိုင်ကမ္ဘာတစ်ခုရှိတယ်… တပည့်တွေကို အသုတ်သုံးသုတ်ခွဲပြီး ငါစေလွှတ်လိုက်ပေမဲ့ သူတို့က မိနစ်သုံးဆယ်ပြည့်အောင်တောင် မတောင့်ခံနိုင်ကြဘူး… အထဲမှာ ဘာရှိတယ်ဆိုတာတောင် သူတို့က ငါ့ကို သတင်းပြန်မပို့နိုင်ကြဘူး… သေစမ်း ”

ယန်ရွှမ်းက လက်ဝှေ့ယမ်းလိုက်သည်။ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားက လေထဲမှာ စုဝေးသွားပြီး ရောင်စုံလက်ဝါးပုံရိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ သူက လက်ကို မြှောက်တင်လိုက်ပြီး မီးခိုးရောင်တိမ်တိုက်များပေါ်သို့ အကြမ်းပတမ်း ရိုက်ချလိုက်သည်။ သို့သော်လည်း အောက်သို့ ကျဆင်းသွားသည့်အခါ သူ့လက်ဝါးက ဝါဂွမ်းကို ထိမှန်သွားသကဲ့သို့ မည်သည့်အကျိုးသက်ရောက်မှုမှ မရှိပေ။

ရောင်စုံလက်ဝါးပုံရိပ်က မီးခိုးရောင်တိမ်တိုက်များ၏ ဝါးမျိုခံလိုက်ရပြီး ယန်ရွှမ်းနှင့် ဆက်သွယ်မှုဖြတ်တောက်ခံလိုက်ရသည်။ သူက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းအပေါ် မည်သည့်ထိခိုက်ပျက်စီးမှုမှ မပြုလုပ်နိုင်ပေ။

မှော်အင်းချပ်သည် အမှန်တကယ် အစွမ်းထက်သည်။

ယန်ရွှမ်း၏ မျက်နှာက ရှုံ့မဲ့သွားသည်။ ထို့နောက် သူက ပိုပြီးရက်စက်ခက်ထန်လာသည်။

“ ငါ့လက်ထဲက မိစ္ဆာနှိမ်နင်းစေတီက အဲ့ဒီမှော်အင်းချပ်ထက် အများကြီး ပိုအစွမ်းထက်တယ်… တကယ်လို့ ငါသာ မိစ္ဆာနှိမ်နင်းစေတီရဲ့ အစစ်အမှန်စွမ်းအားကို ဆယ်ပုံပုံတစ်ပုံ ဒါမှမဟုတ် အပုံတစ်ရာပုံတစ်ပုံပဲ ထုတ်လွှတ်နိုင်မယ်ဆိုရင်တောင်… ဒါပေမဲ့ ကံဆိုးစွာပဲ… ”

ဆန္ဒမရှိမှုက ယန်ရွှမ်း၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

“ ကျုံးချင် ”

“ တပည့် အသင့်ရှိပါတယ် ”

ယန်ရွှမ်း၏ အော်ခေါ်သံကို ကြားသောအခါ သူ့အနောက်မှာ တိတ်တဆိတ် ရပ်နေသော ကျုံးချင်က အရှေ့သို့ အမြန်လျှောက်လာသည်။ သူက ရိုသေလေးစားသော အမူအရာဖြင့် ယန်ရွှမ်းကို ကြည့်လိုက်သည်။

“ တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာမျိုးနွယ်စုက မှော်အင်းချပ်ကို အသုံးပြုပြီး ခုခံကာကွယ်နေတယ်… အဲ့ဒါကို ချိုးဖြတ်ဖို့ အချိန်အရမ်းကြာလိမ့်မယ်… မင်းက အခုချက်ချင်းပဲ ဂိုဏ်းဆီ ပြန်သွားပြီး ဒီက အခြေအနေကို ဂိုဏ်းချုပ်ဆီ တင်ပြလိုက်ပါ… မှော်အင်းချပ်က အရမ်းသန်မာတယ်… အဲ့ဒါကို ငါတစ်ယောက်တည်း မချိုးဖြတ်နိုင်ဘူးလို့… ဂိုဏ်းချုပ်ကိုယ်တိုင် လက်ရွေးစင်တွေ ခေါ်ဆောင်လာမှပဲ အဆင်ပြေနိုင်မယ်လို့ မင်းပြောပြပါ… တကယ်လို့ ငါတို့က တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာတွေကို သုတ်သင်ရှင်းလင်းနိုင်မယ်ဆိုရင် အနာဂတ်ခြိမ်းခြောက်မှုကြီးက စောစောစီးစီး ပျောက်ကွယ်သွားလိမ့်မယ်… ဒါ့အပြင် ငါတို့က မှော်အင်းချပ်ကိုလည်း တိုက်ပွဲအကျိုးအမြတ်အနေနဲ့ ရရှိကြလိမ့်မယ်… အဲ့ဒီအခါ ဂိုဏ်းရဲ့ အလုံးစုံအင်အားက သိသိသာသာ တိုးတတ်သွားလိမ့်မယ် ”

ယန်ရွှမ်းသည် ခေါင်းမော့လိုက်ပြီး ဟင်းလင်းပြင်ကို ကြည့်လိုက်သည်။ ဆန္ဒမရှိမှုက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

အကယ်၍ သူသာ မှော်အင်းချပ်ကို ကိုယ့်ဘာသာ ချိုးဖြတ်နိုင်မည်ဆိုလျှင် တိုက်ပွဲအကျိုးအမြတ်အားလုံးကို သူတစ်ယောက်တည်းသာ ရိတ်သိမ်းနိုင်လိမ့်မည်။ သူက မှော်အင်းချပ်ကို သူ့ကိုယ်ပိုင်ပစ္စည်းအဖြစ် သိမ်းပိုက်နိုင်လိမ့်မည်။ သို့သော်လည်း အကယ်၍ သူက တခြားလူများထံ အကူအညီလှမ်းတောင်းမည်ဆိုလျှင် တခြားရတနာများကို သူသိမ်းဆည်းထားနိုင်လျှင်ပင် မှော်အင်းချပ်ကိုတော့ တစ်ဖက်လူထံ ပေးအပ်ရလိမ့်မည်။ အကယ်၍ သူ့မှာသာ တခြားရွေးချယ်စရာရှိမည်ဆိုလျှင် ယန်ရွှမ်းသည် ဂိုဏ်းချုပ်ထံ ထိုသို့အကူအညီတောင်းလိမ့်မည် မဟုတ်ချေ။

“ ဆရာရဲ့ အမိန့်အတိုင်း လိုက်နာပါမယ် ”

ကျုံးချင်က မျက်မှောင်ကြုတ်လိုက်သည်။ သို့သော်လည်း သူက ဆရာ့စကားအတိုင်း တစ်သွေမတိမ်းလုပ်ဆောင်ဆဲပင်။ သူက တုံ့ဆိုင်းမနေဘဲ ဓားပျံစီးနင်း၍ သားရဲတစ်သောင်းဂိုဏ်းဆီသို့ ထွက်သွားသည်။

မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲတွင်… ။

ချန်းရှီက သူ၏ ရင်ခွင်ထဲမှာ ကျားဖြူပေါက်စလေးကို ပွေ့ထားသည်။ ဇာမဏီငှက်က သူ၏ ပခုံးပေါ်မှာ ရပ်နားနေသည်။ သူ၏ အနောက်တွင် အနက်ရောင်မျောက်ဝံဘုရင်၊ ရွှေခြင်္သေ့ဘုရင်နှင့် ချီဟောင်တို့အုပ်စု ရှိသည်။ သူတို့က ချိုင့်ဝှမ်းထဲမှ မြေကွက်လပ်တစ်ခုမှာ အတူတကွ စုဝေးနေကြသည်။

သူတို့၏ အနောက်တွင် ရာချီသော သာမန်ဝိညာဉ်သားရဲများ၊ တောင်တန်းဒေသထဲမှ မိစ္ဆာသားရဲများနှင့် ချိုင့်ဝှမ်းထဲမှ မိစ္ဆာသားရဲများ အတူတကွ စုဝေးနေကြသည်။ ဤတစ်ကြိမ်၌ ချိုင့်ဝှမ်းထဲမှာ မိစ္ဆာသားရဲတစ်သောင်းကျော် စုဝေးနေကြသည်။ မှန်ပေသည်။ ထိုစာရင်းထဲမှာ မကြာသေးခင်ကမှ ဝိညာဉ်အသိဉာဏ်နိုးထခဲ့သော ဝိညာဉ်သားရဲများလည်း ပါဝင်သည်။

လက်ရှိအခြေအနေကို ကြည့်လျှင် ချန်းရှီက ချိုင့်ဝှမ်း၏ ခေါင်းဆောင်ဖြစ်လာကြောင်း မြင်နိုင်ပေသည်။

“ အမရှီ… သူတို့က ပိုပြီးအစွမ်းထက်တဲ့ ပညာရှင်တွေကို သွားဖိတ်ခေါ်တော့မယ်… သူတို့ဆီမှာ ချိုင့်ဝှမ်းပေါ်က အစီအရင်ကို ချိုးဖြတ်နိုင်တဲ့ နည်းလမ်းတစ်ခု မရှိလောက်ဘူးမလားဟင် ”

သရဖူနီကြိုးကြာဘုရင်၏ အကြည့်က အလွန်စူးရှသည်။ ကျင့်ကြံသူတချို့က လှေပေါ်မှ ထွက်သွားကြောင်း သူမြင်တွေ့သွားသည်။ အကယ်၍ သူ့အထင်မမှားလျှင် သူတို့က ပိုပြီးအစွမ်းထက်သော ပညာရှင်များကို သွားဖိတ်ခေါ်တော့မည်။ ထို့ကြောင့် သူက စိုးရိမ်တကြီး ပြောသည်။

“ အရှင်မ ဘာမှစိတ်မပူပါနဲ့ ”

ချီဟောင်က အရှေ့သို့ လျှောက်လာပြီး ချန်းရှီကို ရိုသေလေးစားစွာ ပြောသည်။

“ အရှင်မင်းကြီး ထွက်မသွားခင် ဒီလိုပြောခဲ့ပါတယ်… အစီအရင်အသက်ဝင်လာတဲ့အခါ အစီအရင်က မိုးမြေစွမ်းအားနဲ့ ချိတ်ဆက်သွားပါလိမ့်မယ်… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ အတွင်းနဲ့ အပြင်က သီးခြားကမ္ဘာငယ်တစ်ခုဖြစ်လာပြီး ပြင်ပရန်သူတွေ ထိုးဖောက်ဝင်လာဖို့ ခက်ခဲသွားပါလိမ့်မယ်… ကပ်ဘေးဒုက္ခနယ်ပယ်က ပညာရှင်တစ်ပါး ရောက်လာရင်တောင် သူ့မှာ အစွမ်းထက်ရတနာမရှိရင် အစီအရင်ကို ချိုးဖြတ်နိုင်မှာ မဟုတ်ပါဘူး… အစီအရင်ထဲမှာ အရိုးဖြူဘုရင်ရှစ်ပါးက ဝိညာဉ်သန္ဓေတည်နယ်ပယ် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြပါတယ်… အထွတ်အမြတ်အရိုးဖြူဘုရင်ကတော့ ကပ်ဘေးဒုက္ခနယ်ပယ်က ပညာရှင်တစ်ပါးနဲ့ တန်းတူတိုက်ခိုက်နိုင်ပါတယ်… ဒါကြောင့် ဘာပြဿနာမှ မရှိနိုင်ပါဘူး… အရှင်မ ချိုင့်ဝှမ်းထဲမှာ စိတ်အေးလက်အေး နေပါ ”

သူက ချိုင့်ဝှမ်းထဲမှ သီရှီထျန်မထွက်သွားမီ သူ့အား မှာကြားခဲ့သော စကားကို စိတ်ထဲမှာ ပြန်တွေးနေသည်။ ချိုင့်ဝှမ်းဆီသို့ ချန်းရှီရောက်လာသည့်အခါ ချန်းရှီကို သူ့ကဲ့သို့ သဘောထား၍ သေချာဆက်ဆံပေးရမည်။ မည်သည့်လစ်ဟင်းမှုမှ မရှိစေရပေ။ ထို့ကြောင့် သူ့ခေါင်းထဲမှာ အတွေးတစ်ခု ထွက်ပေါ်လာသည်။

‘ ချန်းရှီက ငါတို့ရဲ့ သခင်မလား ’

သို့သော်လည်း ထိုအတွေး ပေါ်လာသည်နှင့်ချက်ချင်း သူက ယင်းကို အမြန်ဖယ်ရှားလိုက်သည်။ သူက နောက်ထပ် ဆက်မတွေးဝံ့ပေ။

“ ဟုတ်တယ် အမချန်းရှီ… ဘာမှမစိုးရိမ်ပါနဲ့… ငါ့အကို ပြန်လာတဲ့အခါကျရင် အဲ့ဒီလူဆိုးကောင်တွေကို ဆုံးမပေးဖို့ ငါကူပြောပေးမယ်… အကိုကြီးက သူတို့ကို သေချာပေါက် မောင်းထုတ်ပစ်လိမ့်မယ် ”

ရှောင်ပိုင်သည် ချန်းရှီ၏ ရင်ခွင်ထဲမှာ လဲလျောင်းနေသည်။ သူက ချန်းရှီ၏ ရင်ဘက်ကို ခေါင်းတိုးဝှေ့လိုက်သည်။ သူက သက်တောင့်သက်သာရှိမှုကို ခံစားမိသွားသည်။ သူက ချစ်စဖွယ်ကောင်းသော လေသံဖြင့် ပြောသည်။ သူ၏ မျက်လုံးများက ကြယ်ကလေးများသဖွယ် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ သူ၏ စိတ်ထဲတွင် သူ့အကိုကြီးက ဤလောကမှာ အစွမ်းထက်ဆုံး ဖြစ်သည်။ ဤလောကတွင် သူ့အကိုကြီး မစွမ်းဆောင်နိုင်သောအရာ ဘာမှမရှိပေ။

ယင်းက အကြွင်းမဲ့ ယုံကြည်အားကိုးမှု ဖြစ်သည်။

All Chapters