အခန်း ၃၈၃
Vol. 26 Ch. 383
အခန်း(၃၈၃)
မသေမျိုးကျင့်ကြံသူများသည် ဝိညာဉ်စွမ်းအားမှလွဲ၍ နည်းလမ်းအမျိုးမျိုးကို အသုံးပြုနေစဉ် မိစ္ဆာများသည် သူတို့၏ အားကောင်းသော ရုပ်ခန္ဓာကိုယ်ကို အသုံးပြု၍ တိုက်ခိုက်နေကြသည်။ အချိန်ခဏလေးအတွင်းမှာ တိုက်ပွဲက ပြင်းထန်လာသည်။ ယခုအချိန်မှာ နှစ်ဖက်စလုံးက မျှခြေညီနေသည်။ မည်သူမှ အသာစီးမရရှိသေးပေ။
ထို့ပြင် မိစ္ဆာများသော်လည်းကောင်း မသေမျိုးကျင့်ကြံသူများသော်လည်းကောင်း သူတို့သည် အပြန်အလှန် တိုက်ခိုက်နေကြရင်း အရှေ့သို့ အမြန်ရွေ့လျားသွားနေကြသည်။ သူတို့က တစ်ဖက်အုပ်စုထက် အရှေ့သို့ ကြိုပြီးရောက်နိုင်ရန် ကြိုးစားနေကြသည်။
သို့သော်လည်း ကံမကောင်းသည်မှာ သူတို့သည် ယင်ယန်ကောင်းကင်တံတားပေါ်တွင် ကိုယ့်ခြေထောက်ကိုသာ အားကိုးနိုင်ကြသည်။ သို့ဖြစ်၍ မည်သူမှ တခြားလူများထက် သိသိသာသာ ပိုမြန်မနေပေ။
“ ဘန်း… ဘန်း… ဘန်း… ”
စက်ကရာ၏ ဝတ်စုံနက်က လေထဲမှာ တဖျပ်ဖျပ်လွင့်သွားသည်။ အရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း သူလျှောက်သွားနေစဉ် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ဒီရေသဖွယ် ထွက်ပေါ်လာသည်။ ဤသည်မှာ သူက ဤလောက၏ တစ်ဦးတည်းသော အရှင်သခင်ဖြစ်သည့်အလားပင်။ သူ့အရှေ့မှ မိစ္ဆာများသည် ထိုအရှိန်အဝါကို အာရုံခံမိသောအခါ အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။
ယင်းက သီရှီထျန်အပေါ် သူတို့၏ ကြောက်ရွံ့ရိုသေစိတ်ကို ဖော်ပြပေးသည်။
မည်သူမှ သတိမထားမိခင်မှာ သီရှီထျန်က မိစ္ဆာမျိုးနွယ်စု၏ အရေးပါသော ထောက်တိုင်တစ်ခု ဖြစ်လာသည်။
“ အဲ့ဒါက အောက်ဆုံးကနေ ထိပ်ဆုံးအထိ တတ်လာတဲ့ မိစ္ဆာဘုရင်တစ်ပါးရဲ့ အံ့ဖွယ်ထူးခြားမှုလား ”
ယုအာသည် အရှေ့သို့ မောက်မာထောင်လွှားစွာ လျှောက်သွားနေသော သီရှီထျန်ကို မျက်တောင်မခတ်ဘဲ ကြည့်လိုက်သည်။ သီရှီထျန်၏ ခန္ဓာကိုယ်ပေါ်မှာ မိစ္ဆာဘုရင်တစ်ပါး၏ ဩဇာအာဏာအရှိန်အဝါရှိကြောင်း သူအာရုံခံနိုင်သည်။
ဤအခိုက်အတန့်မှာ နေမင်း၏ ရောင်ခြည်သည်ပင် သီရှီထျန်၏ အရှိန်အဝါကို မကျော်လွန်နိုင်ဟန် ရ၏။
“ မဖြစ်ဘူး… ငါ ဦးလေးကို အရှက်ရစေလို့မဖြစ်ဘူး ”
ယုအာက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက အနောက်မှ နီးကပ်စွာ လိုက်သွားသည်။
သီရှီထျန်သည် သူ့အား ဖွင့်လှစ်ပေးထားသော လမ်းကြောင်းအတိုင်း အရှေ့သို့ လျှောက်သွားသည်။ မိစ္ဆာများက သူ့အတွက် လမ်းကြောင်းဖွင့်ပေးထားလေရာ သူ့အရှေ့တွင် မည်သည့်အဟန့်အတားမှ မရှိပေ။
“ ဂျက် ”
သူ၏ ဘယ်ခြေထောက်ကို ရှေးဟောင်းတံတားပေါ်သို့ တင်လိုက်သည့်အခါ တိုးညင်းသောမြည်သံ ထွက်ပေါ်လာသည်။ ထိုအခိုက်အတန့်မှာ သီရှီထျန်သည် သူ့ခန္ဓာကိုယ်ထဲမှ အပြောင်းအလဲကို ရှင်းလင်းစွာ အာရုံခံမိသွားသည်။ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား၏ ဖိအားပေးမှုအောက်မှာ သူ့ခန္ဓာကိုယ်ထဲမှ မိစ္ဆာချီက မိစ္ဆာစံအိမ်ထဲသို့ အတင်းအဓမ္မ ပြန်ပို့ခံလိုက်ရသည်။ ထို့ပြင် အနက်ရောင်သံကြိုးတစ်ချောင်းက သူ၏ မိစ္ဆာသန့်စင်ခြင်းမီးဖိုထဲမှာ ထွက်ပေါ်လာပြီး မိစ္ဆာချီကို ချိပ်ပိတ်လိုက်သည်။ သို့ဖြစ်၍ မိစ္ဆာစံအိမ်နှင့် သူ့ခန္ဓာကိုယ်ကြားမှ ဆက်သွယ်မှုက လျှို့ဝှက်ဆန်းကြယ်စွာ ပြတ်တောက်သွားသည်။ အမှန်မှာ ယင်းက ဆက်သွယ်မှု ပြတ်တောက်သွားခြင်း မဟုတ်ပေ။ ယင်းအစား သူ၏ မိစ္ဆာအာရုံက မိစ္ဆာစံအိမ်ထဲသို့ မဝင်ထွက်နိုင်တော့ခြင်း ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာချီကို သူအသုံးမပြုနိုင်တော့ပေ။
သူ၏ ကျင့်ကြံခြင်းက တခြားမိစ္ဆာများနှင့် မသေမျိုးကျင့်ကြံသူများနည်းတူ ချိပ်ပိတ်ခံလိုက်ရသည်။
“ ဂျက် ”
စက်ကရာသည် ထိုသို့ဖြစ်လာလိမ့်မည်ဟု အစကတည်းက ကြိုသိထားသည်။ သို့ဖြစ်၍ သူက မအံ့ဩသွားပေ။ သူ၏ ခြေလှမ်းများက မရပ်တန့်သွားပေ။ သူက အရှေ့သို့ တည်တည်ငြိမ်ငြိမ် ဆက်လျှောက်သွားသည်။ အရှေ့သို့ သူလျှောက်သွားနေစဉ် ကျင့်ကြံသူအများအပြားက သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ မိစ္ဆာများက လူသားပင်လယ်ထဲမှာ ပိတ်မိနေကြသည်။ အုပ်စုနှစ်စုသည် အပြန်အလှန် တိုက်ခိုက်နေရင်း ကြီးမားသော ဆုံးရှုံးမှုကို တွေ့ကြုံသွားကြသည်။
သူ့အရှေ့မှ ဆယ်မီတာဧရိယာတွင် မသေမျိုးကျင့်ကြံသူများ၏ ပုံရိပ်များဖြင့် ပြည့််နှက်နေသည်။
“ နောက်ထပ် မိစ္ဆာတစ်ကောင် ရောက်လာပြီ… အဲ့ဒါက လူအသွင်ပြောင်းလဲထားတဲ့ မိစ္ဆာဘုရင်ပဲ… ညီအကိုတို့… အဲ့ဒီမိစ္ဆာကို အရင်သတ်ကြရအောင် ”
သူတို့ထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထိုလူသည် တန်ဖိုးကြီးအဝတ်အစားကို ဝတ်ဆင်ထားသည်။ အကြည့်တစ်ချက်ဖြင့်ပင် ထိုလူက သာမန်မဟုတ်ကြောင်း သိနိုင်သည်။ သူ၏ ခါးပေါ်တွင် ကျောက်စိမ်းပြားတစ်ခုကို ချိတ်ဆွဲထားသည်။ ကျောက်စိမ်းပြားပေါ်တွင် ဒြပ်စင်ငါးမျိုးကို ခွဲခြားနိုင်သော မှော်ကြေးမုံတစ်ချပ်ရှိသည်။ ယင်းက အလွန်ထူးဆန်းသည်။
လူငယ်ကျင့်ကြံသူများက သူ၏ ဘေးနားမှာ စုဝေးနေကြသည်။ သူတို့အားလုံးက ခါးပေါ်တွင် တူညီသော ကျောက်စိမ်းပြားကို ချိတ်ဆွဲထားကြသည်။ ကြည့်ရသည်မှာ ယင်းက သူတို့၏ သရုပ်အဆင့်အတန်း ဖြစ်ဟန် ရသည်။
သို့သော်လည်း သူတို့သည် တန်ဖိုးကြီးအဝတ်အစားကို ဝတ်ဆင်ထားသော လူငယ်ကဲ့သို့ အံ့ဖွယ်မကောင်းပေ။
“ ကောင်းပြီ အားလုံးပဲ… မင်းတို့ရဲ့ မှော်အဆောင်တွေကို ထုတ်ပြီး အဲ့ဒီမိစ္ဆာဘုရင်ကို သတ်ပစ်ပါ… တကယ်လို့ ငါတို့အောင်မြင်သွားမယ်ဆိုရင် ဂိုဏ်းကို ပြန်ရောက်တဲ့အခါ ဂိုဏ်းချုပ်က ငါတို့ကို သေချာပေါက် ချီးကျူးလိမ့်မယ် ”
ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများကို သခင်လေးပုံစံပေါ်သော ထိုလူငယ်က ဦးဆောင်နေကြောင်း ထင်ရှားသည်။ သူစကားပြောလိုက်သည့်အခါ ဘေးပတ်ပတ်လည်မှ ကျင့်ကြံသူများက သူတို့၏ အိတ်ကပ်ထဲမှ မှော်အဆောင်များကို ထုတ်လိုက်သည်။
“ ဝှစ်… ဝှစ်… ဝှစ်… ”
မှော်အဆောင်များက လေထဲမှာ သူ့ဘာသာ ပြိုကွဲသွားသည်။ ထို့နောက် ယင်းတို့က မန္တန်တိုက်ခိုက်မှုများအဖြစ် ပြောင်းလဲသွားပြီး သီရှီထျန်ပေါ်သို့ တန်းမတ်စွာ ကျဆင်းသွားသည်။ မီးဘောလုံးများ၊ လေဓားသွားများ၊ ရေခဲဆူးချွန်များနှင့် လျှပ်စီးတန်းများက တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။ ယင်းတို့က အလွန်မြန်ဆန်သော အလျင်ဖြင့် သီရှီထျန်ဆီသို့ ရောက်လာကြသည်။
“ ဂျက် ”
သီရှီထျန်၏ အကြည့်က သူ့အရှေ့မှ ကျင့်ကြံသူအုပ်စုပေါ်သို့ ကျရောက်သွားသည်။ သို့သော်လည်း သူ၏ ခြေလှမ်းက မရပ်တန့်သွားပေ။ သူက ခြေလှမ်းကျဲကြီးများဖြင့် အရှေ့သို့ ဆက်လျှောက်သွားသည်။ သူ့ခန္ဓာကိုယ်ပေါ်၌ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ဒီရေသဖွယ် ပေါ်လျှိုးလာသည်။ ထိုအရှိန်အဝါကြောင့် လေကြမ်းက သူ၏ ဘေးပတ်ပတ်လည်မှာ အလိုအလျောက် တိုက်ခတ်လာသည်။ သူခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း တောင်ကြီးတစ်တောင်သဖွယ် ကြီးမားလေးလံသော ဖိအားက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။
သူ၏ ညာလက်သည် အမည်မသိအချိန်ကတည်းက ကျားဝိညာဉ်ဓားမော့၏ ဓားရိုးပေါ်သို့ ရောက်နှင့်နေ၏။ သူ့လက်က ဓားရိုးကို ဆုပ်ကိုင်ထားစဉ် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ကျားဝိညာဉ်ဓားမော့ထဲသို့ ဒီရေလှိုင်းသဖွယ် ဝင်ရောက်သွားသည်။ သူ၏ အရှိန်အဝါက ကျားဝိညာဉ်ဓားမော့နှင့် တစ်သားတည်း ပေါင်းစပ်သွားသည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှာ မည်သည့်အရှိန်အဝါမှ မရှိတော့ပေ။ ဤသည်မှာ သူက သာမန်လူတစ်ယောက်အဖြစ် ပြောင်းလဲသွားသည့်အလားပင်။
သို့သော်လည်း အကယ်၍ တစ်စုံတစ်ယောက်က သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် သီရှီထျန်၏ တည်ရှိမှုက သူတို့အား နှလုံးတုန်လှုပ်သွားစေမည့် အကြောက်တရားကို ပေးနေကြောင်း မြင်နိုင်လိမ့်မည်။
“ သေစမ်း ”
“ ချွင် ”
ဓားအိမ်ထဲမှ ဓားမော့ဆွဲထုတ်လိုက်သော မြည်သံက ကြည်လင်စွာ ထွက်ပေါ်လာသည်။ အဆုံးမဲ့သော သတ်ဖြတ်ပွဲများကြားတွင် ယင်းကို လျှို့ဝှက်ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။ သီရှီထျန်၏ အနောက်၌ နေလုံးနှင့်ဆင်တူသော ပယင်းရောင်အလင်း ထွက်ပေါ်လာသည်။ သူ၏ လက်ကောက်ဝတ်ကို တစ်ချက်လှုပ်ရှားလိုက်လေရာ ဓားမော့က ဓားအိမ်ထဲမှ ဆွဲထုတ်ခံလိုက်ရသည်။ ဓားမော့အရိုးနှင့် ဓားသွား ထိစပ်နေသော နေရာတွင် ဝိညာဉ်ဝါးမျိုပုတီးစေ့ရှိသည်။ ဤအခိုက်အတန့်မှာ ဝိညာဉ်ဝါးမျိုပုတီးစေ့က နတ်ဆိုးအလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။
သူက ကျားဝိညာဉ်ဓားမော့ကို ဆွဲထုတ်၍ အရှေ့သို့ အရှိန်အဟုန်ပြင်းစွာ လွှဲခုတ်လိုက်သည်။
ရွှေရောင်ဓားမော့အလင်းက အရှေ့သို့ ပျံသန်းထွက်သွားသည်။ ဓားမော့ကို လွှဲခုတ်လိုက်သည့်အခိုက် ဓားမော့ပုံရိပ်များက လေထဲမှာ ကြွင်းကျန်သွားသည်။ ဓားမော့စက်ဝန်းတစ်ခုသည်ပင် သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။ ထိုဓားမော့ထဲမှာ သူ့ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါအားလုံး ကိန်းအောင်းနေသည်။ သူက မိစ္ဆာချီကို အသုံးမပြုထားသည့်တိုင် ဓားမော့အလင်းက တဖြည်းဖြည်း ရှည်လျားလာသည်။
ကျားဝိညာဉ်ဓားမော့၏ ထက်ရှမှုက ပြိုင်ဘက်ကင်းသည်။ ယင်းက လျှပ်စီးပမာ မြန်ဆန်သည်။ သူ၏ ခွန်အား(၇၀)ရာခိုင်နှုန်းက ထိုဓားမော့ခုတ်ချက်ထဲမှာ ကိန်းအောင်းနေသည်။
သို့ဖြစ်၍ မိစ္ဆာချီမပါဝင်လျှင်ပင် ယင်းက အလွန်အားကောင်းသော တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားဆဲပင်။ ဓားမော့အလင်းရောင် ပြိုးပြိုးပြက်ပြက် ဝင်းလက်သွားသည့်အခါ အရပ်မျက်နှာအသီးသီးထံမှ သူ့ဆီသို့ ပျံသန်းလာနေသော ဓမ္မမန္တန်အားလုံးက ပြိုကွဲပျက်စီးသွားသည်။ မီးဘောလုံးများက ငြိမ်းသတ်သွားပြီး လေဓားသွားများက ပျောက်ကွယ်သွားသည်။
မရေမတွက်နိုင်သော ဓားမော့အကြွင်းအကျန်ပုံရိပ်များက လေထဲမှာ ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ သို့ဖြစ်၍ မည်သည့်တိုက်ခိုက်မှုမှ သူ့အပေါ်သို့ အလွယ်တကူ မကျရောက်လာနိုင်ပေ။ သူ၏ ခေါင်းအစခြေအဆုံးကို ဓားမော့အလင်းတန်းများက ဖုံးအုပ်သွားသည်။ ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော မန္တန်တိုက်ခိုက်မှုများက ချက်ချင်း ပျက်စီးသွားသည်။
ဓားမော့တစ်ချက်ဖြင့် မန္တန်တစ်သောင်းကို ချိုးဖြတ်ခြင်း… ။
“ ရွှတ် ”
ကျားဝိညာဉ်ဓားမော့က အလွန်ထက်ရှသည်။ ယင်း၏ အရည်အသွေးက နတ်ဘုရားလက်နက်များထဲမှာပင် ထိပ်တန်းအဆင့် ရှိသည်။ မိစ္ဆာချီ၏ အားဖြည့်ပေးမှုမပါလျှင်ပင် ယင်းက နယ်ပယ်တူညီသော ဓမ္မရတနာများကို ပိုင်းဖြတ်နိုင်သည်။ နတ်ဘုရားလက်နက်တစ်ခုမှာ မည်သည့်စွမ်းရည်မှမရှိလျှင်ပင် ယင်းက လူသတ်နိုင်ပေသည်။ ဓားမော့တစ်ချက်ဖြင့် မန္တန်တစ်သောင်းချိုးဖြတ်ခြင်း။ ယင်းက အလွန်အံ့ဩစရာကောင်းသည်။ သူက အရှေ့သို့ ရွေ့လျားသွားပြီး ကျားဝိညာဉ်ဓားမော့ကို နောက်တစ်ကြိမ် လွှဲခုတ်လိုက်သည်။
“ ဝေါ့ ”
ယင်ယန်ကောင်းကင်တံတားသည် အလွန်ကျယ်ပြောသည်။ သို့သော်လည်း ဤနေရာတွင် မသေမျိုးကျင့်ကြံသူသုံးလေးသိန်း စုဝေးရှိနေလေရာ နေရာအကျယ်အဝန်းက သေးငယ်သွားသည်။
သူက အရှေ့သို့ ရွေ့လျားသွားနေရင်း သူ့အရှေ့မှ ကျင့်ကြံသူတစ်ယောက်ထံသို့ ဓားမော့ဖြင့် ခုတ်ပိုင်းလိုက်လေသည်။ ထိုအခါ အသွေးအသား ဖြတ်တောက်ခံရသော မြည်သံ ထွက်ပေါ်လာသည်။ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်က နှစ်ခြမ်းကွဲထွက်သွားသည်။
ထူးဆန်းသည်မှာ သွေးက ပန်းထွက်လာသော်လည်း ရှေးဟောင်းတံတားပေါ်သို့ မကျရောက်သွားပေ။ ယင်းအစား သွေးက ကျားဝိညာဉ်ဓားမော့၏ ချက်ချင်း ဝါးမျိုခံလိုက်ရသည်။ ထိုကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီက လုံးဝ ပြောင်စင်သွားသည်။ သူက မံမီဖြစ်လာသည်။ သူ၏ နတ်ဝိညာဉ်သည်ပင် ဓားမော့၏ ဝါးမျိုခံလိုက်ရသည်။
“ သေစမ်း ”
သွေးထွက်သံယိုကို မြင်ပြီးနောက် သီရှီထျန်က စိတ်ဓာတ်နိုးကြားသွားသည်။ သူက ပိုပြီးရက်စက်ကြမ်းတမ်းလာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ အသွေးအသားတစ်လက်မစီက ဂူကောင်များသဖွယ် လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ တစ်ချိန်တည်းမှာ သူ၏ အသွေးအသားများထဲသို့ စွမ်းအားတစ်မျိုး ဝင်ရောက်လာသည်။ သူက ကျားဝိညာဉ်ဓားမော့ကို မည်သည့်အလေးချိန်မှမရှိသည့်အလား ပေါ့ပေါ့ပါးပါး ကိုင်ထားသည်။
သူက လွှဲယမ်းခြင်း၊ လွှဲခုတ်ခြင်း၊ ထိုးသွင်းခြင်းနှင့် ပိုင်းဖြတ်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်သည်။ အခြေခံဓားမော့လှုပ်ရှားမှုများက သီရှီထျန်၏ လက်ထဲမှာ အဆင်ချောမွေ့စွာ ထွက်ပေါ်လာသည်။ အကယ်၍ တစ်စုံတစ်ယောက်က သေချာဂရုတစိုက် ကြည့်မည်ဆိုလျှင် သီရှီထျန်၏ ဓားမော့ပညာရပ်က အခြားနယ်ပယ်တစ်ခုဆီသို့ ရောက်နှင့်နေကြောင်း မြင်ရလိမ့်မည်။
သူက ဓားမော့ကို ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ထားသည်။ သူ၏ ဓားမော့လှုပ်ရှားမှုများက ရိုးရှင်းသော်လည်း ထိရောက်မှုရှိသည်။ ထို့ပြင် ဓားမော့လှုပ်ရှားမှုများက အလွန်မြန်ဆန်လေရာ လေထဲ၌ အကြွင်းအကျန်ပုံရိပ်များ ထွက်ပေါ်လာသည်။ ထိုထဲမှ အစစ်အမှန်ပုံရိပ်ကို ရှာဖွေရန် မလွယ်ကူပေ။
သီရှီထျန်သည် အခြေခံဓားမော့လှုပ်ရှားမှုများကို သူ့စိတ်တိုင်းကျ အသုံးပြုနိုင်နေသည်။ ဥပမာ သူက အလျားလိုက်ခုတ်ပိုင်းမှုကို အသုံးပြုနေစဉ် လမ်းတစ်ဝက်မှာတင် ဒေါင်လိုက်ခုတ်ပိုင်းမှုအဖြစ် ပြောင်းလဲအသုံးလိုက်သည်။ သူ့အတွက်တော့ ဓားမော့လှုပ်ရှားမှုများကို အစီအစဉ်တကျ အသုံးပြုနေရန် မလိုပေ။
သို့ဖြစ်၍ ဓားမော့တာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှုနှင့် တတ်ကျွမ်းမှုက ကြီးမားသော အောင်မြင်မှုနယ်ပယ်ဆီသို့ ရောက်ရှိနေသည်။ အကယ်၍ သူသာ နောက်တစ်ဆင့်သို့ တတ်လှမ်းသွားမည်ဆိုလျှင် သူ၏ ဓားမော့လှုပ်ရှားမှုများက တိုက်ခိုက်ရေးပညာရပ်များ ဖြစ်လာလိမ့်မည်။
“ မြန်မြန်… မြန်မြန်… သူ့ကို တားဆီးကြစမ်း… ဓမ္မရတနာတွေနဲ့ ယင်လျှပ်စီးပုတီးစေ့ကို သုံးပြီး သူ့ကို ဖောက်ခွဲပစ်စမ်း… သူ့ကို ငါ့အနား မရောက်လာစေနဲ့ ”
ခေါင်းဆောင်လူငယ်ကျင့်ကြံသူသည် သီရှီထျန်က မန္တန်အမျိုးမျိုးကို ဓားမော့တစ်ချက်တည်းဖြင့် ချိုးဖြတ်လိုက်ကြောင်း မြင်သွားသောအခါ တုန်လှုပ်ချောက်ချားသွားသည်။ ထို့ပြင် သီရှီထျန်၏ ဓားမော့ခုတ်ချက်တစ်ချက်က သူ့ဘေးမှ ကျင့်ကြံသူတစ်ဦး၏ အသက်ကို နုတ်ယူသွားသည်။ သီရှီထျန်ထံမှ ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို သူအာရုံခံမိသောအခါ အလျင်စလို အော်ပြောလိုက်သည်။