အခန်း ၃၈၄
Vol. 26 Ch. 384
အခန်း(၃၈၄)
“ ဘန်း… ဘန်း… ”
ယင်လျှပ်စီးပုတီးစေ့များကို ပစ်လွှတ်လိုက်ကြသည်။
သို့သော်လည်း ပယင်းရောင်ဓားမော့အလင်းက လေထဲမှာ ဝင်းလက်သွားသည်။ ဓားမော့အလင်းက လျှပ်စီးတန်းပမာ ထွက်ပေါ်လာပြီး ယင်လျှပ်စီးပုတီးစေ့များကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ဓားမော့ကို လွှဲယမ်းလိုက်လေရာ နောက်ထပ် ကျင့်ကြံသူတစ်ဦး သေဆုံးသွားပြန်သည်။
ဓားမော့ခုတ်ချက်တစ်ချက်… အသက်တစ်သက်… ။
ယင်းက အလွန်ရိုးရှင်းသည်။
သူ၏ မိစ္ဆာချီ ချိပ်ပိတ်ခံထားရလျှင်ပင် သီရှီထျန်၏ မိစ္ဆာခန္ဓာကိုယ်က အလွန်အားကောင်းဆဲပင်။ အထူးသဖြင့် သူက ရှေးဟောင်းမိစ္ဆာကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းနေသူ ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်က ရိုင်းစိုင်းကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ သန်မာသည်။ သူ၏ လက်ထဲမှ ကျားဝိညာဉ်ဓားမော့က ဖော်မပြနိုင်အောင် ထက်ရှသည်။ ယင်း၏ ထက်ရှမှုက ပြိုင်ဘက်ကင်းလေရာ ဓမ္မရတနာများသည်ပင် ယင်းကို မတားဆီးနိုင်ကြချေ။
သူ၏ ဓားမော့လှုပ်ရှားမှုများသည်လည်း ဓားမော့နှင့် စိတ် တစ်သားတည်းဖြစ်သော အခြေအနေမှာ ရှိ၏။ သူက ဓားမော့ကို သူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုကဲ့သို့ လွတ်လပ်စွာ လှုပ်ရှားနိုင်သည်။
မသေမျိုးကျင့်ကြံသူများသည်တော့ သူတို့သည် သိုင်းပညာကျင့်ကြံသူများကဲ့သို့ မသန်မာကြပေ။ သူတို့၏ ခန္ဓာကိုယ်က သီရှီထျန်၏ အရှေ့မှာ ကြက်ကလေး ငှက်ကလေးများသာ ဖြစ်၏။ သူ၏ ဓားမော့ခုတ်ချက်တစ်ချက်က သံချပ်ကာဝတ်ဆင်ထားသော လူကိုပင် နှစ်ပိုင်းပြတ်စေနိုင်သည်။
မသေမျိုးကျင့်ကြံသူများကြားတွင် သူက ရိုင်းစိုင်းကြမ်းကြုတ်သော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်သည်။
မည်သည့်မှော်အဆောင်ဖြစ်ပါစေ သို့မဟုတ် မည်သည့်ဓမ္မမန္တန်ဖြစ်ပါစေ ယင်းတို့အားလုံးကို သူ၏ ဓားမော့ခုတ်ချက်တစ်ချက်ဖြင့် ဖျက်ဆီးပစ်နိုင်သည်။
နတ်ဘုရားမိုးကြိုးသွား၊ ယင်လျှပ်စီးပုတီးစေ့ အစရှိသော တစ်ခါသုံး တိုက်ခိုက်ရေးလက်နက်များသည်ပင် သူ၏ ဓားမော့အလင်းတန်းများကို မကျော်လွန်နိုင်ပေ။
ဓမ္မလက်နက်များနှင့် ဓမ္မရတနာများသည် သူ၏ ကျားဝိညာဉ်ဓားမော့နှင့် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ နှစ်ပိုင်းပြတ်သွားသည်။
သူ့အရှေ့မှ မသေမျိုးကျင့်ကြံသူများသည် သာမန်ညောင်ည ကျင့်ကြံသူများ မဟုတ်ကြချေ။ သူတို့က အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက ချိပ်ပိတ်ခံထားရလျှင်ပင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူများကို လျော့မတွက်သင့်ပေ။ သို့သော်လည်း ဤအခိုက်အတန့်မှာ သူတို့က သီရှီထျန်၏ အရှေ့တွင် ကြက်ကလေး ငှက်ကလေးများသဖွယ် အသတ်ခံနေကြရသည်။ ယခု သီရှီထျန်က သိုးအုပ်ထဲသို့ ရောက်နေသော ဝံပုလွေတစ်ကောင်နှင့် ဆင်တူသွားသည်။ သူက ဓားမော့ခုတ်ချက်တစ်ချက်ဖြင့် အသက်တစ်သက်ကို ဇီဝိန်ချုပ်ပေးနေသည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကျင့်ကြံသူတစ်ဦး သေဆုံးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ခေါင်းဆောင်လူငယ်ကျင့်ကြံသူ၏ ဘေးပတ်ပတ်လည်မှ ကျင့်ကြံသူများက တစ်ယောက်မကျန် အသတ်ခံလိုက်ကြရသည်။
သူတို့သေဆုံးသွားသည့်အခါ သူတို့၏ သွေးချီနှင့် ဝိညာဉ်က ကျားဝိညာဉ်ဓားမော့၏ စုပ်ယူခံလိုက်ရသည်။
ကျားဝိညာဉ်ဓားမော့သည် သူ့ဘာသာ သွေးသောက်နိုင်သည်။ ဤသည်မှာ ယင်းက ကိုယ်ပိုင်အသိစိတ် ရှိနေသည့်အလားပင်။ သွေးသောက်ပြီးသွားသည့်အခါ ကျားဝိညာဉ်ဓားမော့က ကျယ်လောင်သော ကျားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
“ မဖြစ်နိုင်တာ… မိစ္ဆာဘုရင်တစ်ပါးက ဘာလို့ အဲ့လောက်အစွမ်းထက်နေတာလဲ… မင်းငါ့ကို သတ်လို့ မရဘူး… ငါက ဒြပ်စင်ငါးပါးဂိုဏ်းရဲ့ သခင်လေး… မင်းငါ့ကို သတ်ရင် ငါ့အဖေက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး ”
ဒြပ်စင်ငါးပါးဂိုဏ်း၏ သခင်လေးက ကြောက်ဒူးတုန်သွားပြီး မျက်နှာဖြူဖျော့သွားသည်။ သူက စူးရှကျယ်လောင်သော အသံဖြင့် အော်ပြောလိုက်သည်။
“ ဂိုဏ်းတူဦးလေးထျန်းယွဲ့… ကျုပ်ကို မြန်မြန် လာကယ်ပါဦး ”
ကျယ်လောင်သော အော်သံက ပဲ့တင်ထပ်သွားသည်။ တိုက်ခိုက်သံများနှင့် ပေါက်ကွဲသံများက ကျယ်လောင်သော်လည်း ယင်းက ဒြပ်စင်ငါးပါးဂိုဏ်းမှ သခင်လေး၏ အော်သံကို မဖုံးကွယ်နိုင်ပေ။
“ မိစ္ဆာဘုရင်… ကျေးဇူးပြုပြီး သနားငဲ့ညှာပါ… သူက ဒြပ်စင်ငါးပါးဂိုဏ်းက သခင်လေးပါ… ဒီကြင်နာမှုကို ကျုပ်ထျန်းယွဲ့ သေချာပေါက် မှတ်ထားပါမယ် ”
ဆယ်မီတာအဝေး၌ တစ်ခေါင်းလုံး ဖြူဖွေးနေသော ကျင့်ကြံသူအဖိုးအိုတစ်ယောက် ရှိသည်။ ဒြပ်စင်ငါးပါးသခင်လေး၏ အော်သံကို ကြားသောအခါ သူ၏ မျက်နှာက အကြီးအကျယ် ပျက်ယွင်းသွားသည်။ သူက အလျင်စလို အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာ ငါးရောင်ခြယ်ဓမ္မရတနာတစ်ခုက ဥက္ကပျံတစ်စင်းပမာ ပျံသန်းထွက်သွားပြီး သီရှီထျန်ကို တိုက်ခိုက်လိုက်သည်။
သူက ထိုတိုက်ခိုက်မှုဖြင့် သီရှီထျန်ကို ဟန့်တားချင်ပြီး ဂိုဏ်းသခင်လေးကို ကယ်တင်ချင်သည်။
“ ဟွန့် ”
အေးစက်စက် နတ်ဘုရားအလင်းက စက်ကရာ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက ဘယ်ခြေထောက်ဖြင့် အရှေ့သို့ တစ်လှမ်းလှမ်းလိုက်ပြီး သူ့ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့သည် ထိုအရှိန်အဟုန်အတိုင်း အနောက်မှ လိုက်လာသည်။ ပယင်းရောင်ဓားမော့အလင်းက ဟင်းလင်းပြင်တစ်လျှောက် ဖြတ်သန်းသွားသည်။
“ ကျစ်… ကျစ်… ”
ကြွပ်ဆပ်သော မြည်သံနှင့်အတူ ကျားဝိညာဉ်ဓားမော့က အလျားလိုက် ကျဆင်းလာပြီး ဒြပ်စင်ငါးပါးဂိုဏ်းသခင်လေးကို ခေါင်းဖြတ်လိုက်သည်။ သူ၏ ဓားမော့ခုတ်ချက်က လျှပ်စီးပမာ အလွန်မြန်သည်။ ခေါင်းပြတ်သည် ဘောလုံးတစ်လုံးနှယ် လေပေါ်သို့ မြှောက်တတ်သွားသည်။ အလောင်းထဲမှ သွေးချီနှင့် ဝိညာဉ်က ကျားဝိညာဉ်ဓားမော့၏ ဝါးမျိုခံလိုက်ရသည်။
ကျင့်ကြံသူဒါဇင်ခန့်ကို တစ်ဆက်တည်း သတ်ပြီးနောက် ကျားဝိညာဉ်ဓားမော့၏ ကိုယ်ထည်ပေါ်မှာ သွေးနတ်ဆိုးအလင်း ထွက်ပေါ်လာသည်။
ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက ဓားမော့ထဲမှာ အဆက်မပြတ် သိပ်သည်းသွားသည်။ နတ်ဘုရားလက်နက်တစ်ခု ကောင်းမကောင်းကို ယင်း၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် အန္တရာယ်အရှိန်အဝါပေါ်မှာ မူတည်၍ ဆုံးဖြတ်ကြသည်။
လက်နက်အသုံးပြုသူသည် သတ်ဖြတ်သူ ဖြစ်ရမည်။ သတ်ဖြတ်ခြင်းလုပ်ဆောင်သည့်အခါ “ သနားကြင်နာမှု ” “ ညှာတာမှု ” အစရှိသည်တို့ကို မေ့ထားရမည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့် အန္တရာယ်အရှိန်အဝါသည် လေထဲမှ သူ့အလိုလို မထွက်ပေါ်လာနိုင်ပေ။ ယင်းကို သတ်ဖြတ်ခြင်းဖြင့်သာ လုပ်ဆောင်နိုင်သည်။
အကယ်၍ သတ်ဖြတ်ခြင်းစိတ်ဆန္ဒရှိသော နတ်ဘုရားလက်နက်တစ်ခုက အခြားနတ်ဘုရားလက်နက်တစ်ခုနှင့် ထိပ်တိုက် တွေ့ဆုံမည်ဆိုလျှင် သတ်ဖြတ်ခြင်းစိတ်ဆန္ဒရှိသော နတ်ဘုရားလက်နက်က အသာစီးရရှိလိမ့်မည်။
“ ဘန်း ”
ကျားဝိညာဉ်ဓားမော့သည် ဒြပ်စင်ငါးပါးဂိုဏ်းသခင်လေးကို ခေါင်းဖြတ်ပြီးသွားသော်လည်း မရပ်တန့်သွားပေ။ ယင်း၏ လက်ကျန်အရှိန်အဟုန်က သူ့ဆီသို့ မြန်ဆန်စွာ ပျံသန်းလာနေသော ငါးရောင်ခြည်စက်ကွင်းကိုလည်း အကြမ်းပတမ်း ခုတ်ဖြတ်လိုက်သည်။
ငါးရောင်ခြည်စက်ကွင်းက ငါးရောင်ခြည်အလင်းကို ထုတ်လွှတ်လိုက်သည်။ အရောင်ငါးရောင်က စက်ကွင်းထဲမှာ လှည့်ပတ်နေပြီး သဟဇာတဖြစ်နေသည်။ တစ်ချိန်တည်းမှာ ဒြပ်စင်ငါးပါးစွမ်းအားက အဆုံးမဲ့စွာ တိုးပွားသွားသည်။
ကျားဝိညာဉ်ဓားမော့က အလွန်ထက်ရှသော်လည်း ဒြပ်စင်ငါးပါးစက်ကွင်းကို မချိုးဖြတ်နိုင်သေးပေ။ ဒြပ်စင်ငါးပါးစက်ကွင်းပေါ်သို့ ကျရောက်လာသော ဓားမော့ချီသည်ပင် ငါးရောင်ခြည်အလင်းအောက်မှာ တားဆီးခံလိုက်ရသည်။ ဓားမော့ချီက အားကောင်းသော်လည်း ဒြပ်စင်ငါးပါးစက်ကွင်းကို မည်သည့်ထိခိုက်ပျက်စီးမှုမှ မဖြစ်စေနိုင်ပေ။ သို့သော်လည်း ကျားဝိညာဉ်ဓားမော့၏ လေးလံမှုနှင့် အရှိန်အဟုန်က ဒြပ်စင်ငါးပါးစက်ကွင်းကို အနောက်သို့ လွင့်စင်သွားစေသည်။
“ ဝှစ် ”
ထိုအခိုက်အတန့်မှာ မြေကြီးပေါ်မှာ လဲလျောင်းနေသော ဒြပ်စင်ငါးပါးဂိုဏ်းသခင်လေး၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော မှော်နက်အရှိန်အဝါက ရုတ်တရက် ထွက်ပေါ်လာသည်။ ဝှစ်ဟူသော မြည်သံနှင့်အတူ မှော်နက်အရှိန်အဝါက သီရှီထျန်ဆီသို့ ပျံသန်းသွားသည်။ ထို့နောက် မှော်နက်အရှိန်အဝါက အရိုးခေါင်းတစ်ခုအဖြစ် ထူးဆန်းစွာ ပြောင်းလဲသွားသည်။ အစိမ်းရောင်မီးတောက်က အရိုးခေါင်းထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသည်။ မည်သို့ကြည့်ပါစေ ထိုအရိုးခေါင်းက အရိုးခိုက်ခိုက်တုန်စေမည့် ချောက်ချားမှုကို ပေးသည်။ ယင်းက တစ်စုံတစ်ယောက်ကို တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထစေလိမ့်မည်။
ထိုသို့ ရုတ်တရက် အပြောင်းအလဲက သီရှီထျန်၏ မျှော်လင့်ထားမှုထက် ကျော်လွန်သွားသည်။ ဒြပ်စင်ငါးပါးဂိုဏ်းသခင်လေးဆီမှာ ထိုမျှနတ်ဆိုးဆန်သော ပစ္စည်းတစ်ခုရှိနေမည်ဟု သူမမျှော်လင့်ထားပေ။ ထို့ကြောင့် သူက ယင်းကို မတားဆီးနိုင်ပေ။ မှော်နက်က သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြောင်းသာ ကူကယ်ရာမဲ့စွာ ကြည့်နေနိုင်သည်။
အရာအားလုံးက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။
ထျန်းယွဲ့အမည်ရသော ကျင့်ကြံသူအဖိုးအိုက မျက်လုံးပြူးကျယ်သွားသည်။ သူက အလွန်လန့်ဖျပ်သွားသည်။ သူ၏ ဆံပင်နှင့် မုတ်ဆိတ်မွှေးက တုန်ယင်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ထိုအရှိန်အဝါကို အာရုံခံလိုက်လျှင် ထျန်းယွဲ့က ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ပြောရန် မခဲယဉ်းပေ။
“ မင်း… မင်း… တင်းဖန်ကို သတ်လိုက်တယ် ”
ထျန်ယွဲ့၏ မျက်လုံးထဲမှာ ဒေါသမီးတောက် ထွက်ပေါ်လာသည်။
“ မင်းက မိစ္ဆာဘုရင်တစ်ပါးဖြစ်ရင်တောင် သေချာပေါက် သေရမယ်… တင်းဖန်ဆီမှာ ကျိန်စာချိပ်တံဆိပ် ရှိတယ်… မင်းက သူ့ကို သတ်လိုက်တော့ ကျိန်စာချိပ်တံဆိပ်က မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ စွဲကပ်သွားလိမ့်မယ်… မင်းက မိုင်တစ်ထောင်အဝေးမှာ ရှိနေရင်တောင် ဒြပ်စင်ငါးပါးဂိုဏ်းရဲ့ လိုက်ဖမ်းမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး… ဒါပေမဲ့ အပြင်ရောက်တဲ့အထိ စောင့်နေစရာမလိုပါဘူး… ဒီနေရာမှာတင် ငါမင်းကို သတ်ပစ်မယ် ”
ထျန်းယွဲ့က ဒေါသတကြီး ပြောသည်။ သူက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူဖြစ်ကြောင်း သံသယရှိရန် မလိုပေ။ သူ၏ စကားဆုံးသွားသည်နှင့်ချက်ချင်း သူ့ပုံရိပ်က သီရှိထျန်၏ အရှေ့သို့ ရောက်လာသည်။ သူက ဒြပ်စင်ငါးပါးစက်ကွင်းကို လက်တစ်ဖက်မှာ ကိုင်ထားစဉ် လျှို့ဝှက်ဆန်းကြယ်သော မှော်အဆောင်ကျောက်စိမ်းပြားတစ်ခုကို အခြားလက်တစ်ဖက်မှာ ကိုင်ထားသည်။ ဤအခိုက်အတန့်မှာ သူက လုံးဝ တုံ့ဆိုင်းမနေဘဲ ကျောက်စိမ်းပြားကို ချေမွလိုက်သည်။
“ ခရက် ”
ကျောက်စိမ်းပြားက တစ်စစီ အက်ကွဲသွားသည်။ ထို့နောက် မီးတောက်များဖြင့် ပြည့်နှက်နေသော ဇာမဏီငှက်တစ်ကောင်က လေထဲမှာ ထွက်ပေါ်လာသည်။ ဇာမဏီငှက်သည် ကျယ်လောင်စွာ အော်မြည်လိုက်ပြီး စက်ကရာဆီသို့ ခုန်အုပ်လိုက်သည်။ မီးတောက်များဖြင့် ဖုံးလွှမ်းခံထားရသော သူ၏ လက်သည်းများက စက်ကရာ၏ ဦးခေါင်းကို တိုက်ရိုက် တိုက်ခိုက်လိုက်သည်။
အကယ်၍ သူသာ ထိုလက်သည်းဖြင့် တိုက်ခိုက်ခံရမည်ဆိုလျှင် ဦးခေါင်းက မည်မျှသန်မာပါစေ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလိမ့်မည်။ ထို့ပြင် ငှက်လက်သည်းဆီမှာ မီးတောက်များ ရှိ၏။ ယင်းက တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ကို ပြာအဖြစ် လောင်ကျွမ်းစေရန် လုံလောက်သည်။
ထျန်းယွဲ့၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အရှိန်အဝါက ဝိညာဉ်သန္ဓေတည်နယ်ပယ်နှင့် နှိုင်းယှဉ်နိုင်သည်။
“ ငါ့ရဲ့ ကျားဝိညာဉ်ဓားမော့က ငါ့အရှေ့မှာ လာပိတ်နေတဲ့ လူအားလုံးကို ခုတ်ပစ်လိမ့်မယ်… နတ်ဘုရားတွေနဲ့ တစ္ဆေတွေတောင် ချွင်းချက်မရှိဘူး… ဒြပ်စင်ငါးပါးဂိုဏ်းသခင်လေးက ဘာမို့လို့လဲ… သခင်လေးမပြောနဲ့ မင်းတို့ဂိုဏ်းချုပ် ငါ့အရှေ့မှာ ရပ်နေရင်တောင် ငါ့ရဲ့ ကျားဝိညာဉ်ဓားမော့က သူ့ကို ခုတ်ပိုင်းပစ်လိမ့်မယ်… မင်းက ဝိညာဉ်သန္ဓေတည်နယ်ပယ်ဆိုရင်တောင် ဘာဖြစ်လဲ… ယင်ယန်ကောင်းကင်တံတားပေါ်မှာ ဘယ်သူမှ ငါ့လမ်းကို ပိတ်လို့ မရဘူး… နတ်ဘုရားတွေ ငါ့လမ်းကို ပိတ်ရင် နတ်ဘုရားတွေကို သတ်ပစ်မယ်… တစ္ဆေတွေ ငါ့လမ်းကို ပိတ်ရင် တစ္ဆေတွေကို သတ်ပစ်မယ်… ကျင့်ကြံခြင်းစွမ်းအား ချိပ်ပိတ်ခံထားရတဲ့ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူက ဘယ်လောက်သန်မာလဲ ငါသိချင်တယ်… ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အတိတ်မှာ ငါတစ်ခါမှ မသတ်ခဲ့ဖူးဘူး ”
“ သေစမ်း ”
သီရှီထျန်၏ အမူအရာက အေးစက်နေသည်။ သူ၏ အသံက အလွန်အေးစက်နေလေရာ သူ့ဘေးပတ်ဝန်းကျင်မှ လေထဲမှာ ရေခဲသလင်းကျောက်များ ထွက်ပေါ်လာသည်။ ထျန်းယွဲ့၏ ခြိမ်းခြောက်မှုကို နည်းနည်းမှ သူမကြောက်ပေ။ သူက အထင်သေးရှုံ့ချစွာ ပြောသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သူ၏ အသံထဲမှာ ကိန်းအောင်းနေသည်။
မှန်ပေသည်။ ဤနေရာက ယင်ယန်ကောင်းကင်တံတား ဖြစ်သည်။ သို့ဖြစ်၍ ရန်သူက ဝိညာဉ်သန္ဓေတည်နယ်ပယ်မှာ ဖြစ်လျှင်ပင် ဘာမှပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။ ကပ်ဘေးဒုက္ခနယ်ပယ်ကိုမဆိုထားနှင့် ပိုပြီးအဆင့်မြင့်သော အမတကျင့်ကြံသူများ ရောက်လာလျှင်ပင် သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက ချိပ်ပိတ်ခံရလိမ့်မည်။ သီရှီထျန်သည် ကျင့်ကြံခြင်းစွမ်းအားမပါဘဲ ရုပ်ခွန်အားချင်း သို့မဟုတ် သိုင်းပညာရပ်ချင်း အားပြိုင်ရသော တိုက်ပွဲများကို မကြောက်ပေ။
ဇာမဏီငှက်က သူ့ဆီသို့ ပျံသန်းလာနေကြောင်း မြင်သော်လည်း သူ၏ မျက်လုံးက အလွန်တည်ငြိမ်နေသည်။ သူ့နှလုံးသည် ပုံမှန်မဟုတ်ဘဲ ငြိမ်သက်နေသည်။ သူ့နှလုံးက ရေခဲကဲ့သို့ ကြည်လင်ပြီး အေးချမ်းသည်။ မိုးပြိုလာလျှင်ပင် သူက ကြောက်လန့်သွားမည့်လူ မဟုတ်ချေ။
သူ့ခြေထောက်ကို လှုပ်ရှားလိုက်လေရာ သူ့လက်ထဲမှ ကျားဝိညာဉ်ဓားမော့သည်လည်း သူနှင့်အတူ ရွေ့လျားသွားသည်။သူက ဇာမဏီငှက်၏ ချွန်ထက်သော လက်သည်းများထံ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။ ဓားမော့အလင်းက အလင်းစီးကြောင်းတစ်ခုသဖွယ် ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က မရပ်တန့်သွားပေ။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ခန္ဓာကိုယ်က လှည့်သွားပြီး ဓားမော့ခုတ်ချက်များ ဆက်တိုက် ထွက်ပေါ်လာသည်။ ဓားမော့ခုတ်ချက်များက ဇာမဏီငှက်၏ နေရာအနှံ့ဆီသို့ ကျရောက်သွားသည်။