အခန်း ၃၈၅
Vol. 26 Ch. 385
အခန်း(၃၈၅)
ဓားမော့ခုတ်ချက်များ အဆက်မပြတ် ထွက်ပေါ်လာသည်။
သူ့ခန္ဓာကိုယ်က လျှပ်စီးကဲ့သို့ လျှင်မြန်သည်။ သူရွေ့လျားသွားသည့်အခါ သူ့အနောက်တွင် ကြွင်းကျန်ပုံရိပ်များ ကျန်နေခဲ့သည်။ မရေမတွက်နိုင်သော ကျားဝိညာဉ်ဓားမော့အလင်းတန်းများက ဇာမဏီငှက်၏ ခန္ဓာကိုယ်ကို ဝိုင်းရံလိုက်သည်။
မြန်သည်။
အလွန်မြန်သည်။
ထိုတိုက်ခိုက်မှုက လျှပ်တစ်ပြက်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာ သီရှီထျန်က ဓားမော့ခုတ်ချက်တစ်ရာခန့်ကို ထုတ်လွှတ်လိုက်သည်။ ထို့ပြင် သူ၏ ခုတ်ချက်တစ်ခုစီက ဇာမဏီငှက်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသည်။
ထျန်းယွဲ့ ချေမွလိုက်သော ကျောက်စိမ်းပြားထဲမှ ဓမ္မမန္တန်ကို “ ကောင်းကင်ဘုံ လောင်ကျွမ်းပစ်မယ့် ဇာမဏီငှက် ”ဟု ခေါ်သည်။ ကျောက်စိမ်းပြား အက်ကွဲသွားလျှင် ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်စွမ်းရည် ထွက်ပေါ်လာလိမ့်မည်။
သို့သော်လည်း သီရှီထျန်၏ မျက်လုံးထဲတွင် ထိုဇာမဏီငှက်မှာ ပြစ်ချက်များစွာ ရှိနေသည်။ ပထမအကြောင်းအရင်းမှာ ထျန်းယွဲ့၏ ကျင့်ကြံခြင်းက ချိပ်ပိတ်ခံထားရသည်။ ထို့ကြောင့် ဇာမဏီငှက်ကို သူမထိန်းချုပ်နိုင်ပေ။ သူက ဓမ္မမန္တန်များကိုသာ အသုံးပြု၍ တိုက်ခိုက်နိုင်သည်။ ထို့ကြောင့် ဇာမဏီငှက်၏ လှုပ်ရှားမှုများက သက်မဲ့အရုပ်တစ်ရုပ်ပမာ တောင့်တင်းနေသည်။ ၎င်းက ဓမ္မမန္တန်၏ စွမ်းအားကို အပြည့်အဝ မထုတ်လွှတ်နိုင်ပေ။
ဓမ္မမန္တန်၏ အားနည်းချက်ကို မြင်တွေ့သွားပြီးနောက် ယင်းကို ရင်ဆိုင်နိုင်သော နည်းလမ်း သီရှီထျန်၏ ဦးနှောက်ထဲမှာ ထွက်ပေါ်လာသည်။ သူက ထက်ရှသောအမြင်နှင့်် သန်စွမ်းသော ရုပ်ခန္ဓာကိုယ်ကို အသုံးချ၍ ဓားမော့ခုတ်ချက်အမြောက်အမြားကို ထုတ်လွှတ်လိုက်သည်။ ဤအခိုက်အတန့်မှာ ကျားဝိညာဉ်ဓားမော့၏ ပြိုင်ဘက်ကင်းထက်ရှမှုက အဆုံးစွန်ထိ ထွက်ပေါ်လာသည်။
“ ကျီး ”
ဇာမဏီငှက်သည် ကျားဝိညာဉ်ဓားမော့အလင်းတန်းများဖြင့် ဝိုင်းရံခံလိုက်ရပြီး လေထဲမှာ အတင်းအဓမ္မ ရပ်တန့်သွားသည်။ ထိုအခြေအနေက အလွန်ထူးဆန်းသည်။ နောက်အခိုက်အတန့်မှာ ဇာမဏီငှက်၏ ခန္ဓာကိုယ်ပေါ်မှ မီးတောက်က ရုတ်တရက် ပရမ်းပတာ လှုပ်ခတ်သွားသည်။ ထို့နောက် “ ဗုန်း ”ဟူသော မြည်သံနှင့်အတူ ဇာမဏီငှက်က ပေါက်ကွဲသွားသည်။ မရေမတွက်နိုင်သော မီးတောက်မီးလျှံများက အရပ်မျက်နှာအသီးသီးဆီသို့ ကျဆင်းသွားသည်။
“ အား… ပူလိုက်တာ… ”
“ ဘယ်သူက ဓမ္မမန္တန်ကို စည်းမဲ့ကမ်းမဲ့ သုံးနေတာလဲ… ”
“ ဟာ ငါ့ရဲ့ အဝတ်အစားတွေ… ”
ချက်ချင်းဆိုသလိုပင် ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများက ဒေါသထွက်သွားကြသည်။ သူတို့က ကောင်းကင်ပေါ်မှ ကျဆင်းလာနေသော မီးတောက်မီးလျှံများကို ကြည့်၍ ကျယ်လောင်စွာ ကျိန်ဆဲလိုက်ကြသည်။
“ သတ် ”
သီရှီထျန်က အရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားသည်။ သူက သူ့ဆီသို့ ပြေးလာနေသော ထျန်းယွဲ့ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။ သူ့မျက်လုံးက အေးစက်နေပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒ ပေါ်လျှိုးနေသည်။ ထျန်းယွဲ့ပြောသော ကျိန်စာချိပ်တံဆိပ်အကြောင်း သူကြားလိုက်ပြီးနောက် ဖော်မပြနိုင်သော ဒေါသက သူ့နှလုံးသားထဲမှာ ထွက်ပေါ်လာသည်။
ကျိန်စာချိပ်တံဆိပ်သည် သူမရင်းနှီးသောအရာ မဟုတ်ပေ။ သူက ယင်းကို ပန်းမျိုးတစ်ရာချိုင့်ဝှမ်း၏ အမွေအနှစ်လှိုဏ်ဂူထဲမှ ရှေးဟောင်းမှတ်တမ်းများထဲမှာ မြင်ဖူးသည်။ ယင်းက မည်မျှနတ်ဆိုးဆန်သော အရာဖြစ်ကြောင်း သူသိသည်။
ပထမဆုံးအနေနှင့် ကျိန်စာဟူသည် အလွန်ကြောက်စရာကောင်းသော စွမ်းအားတစ်မျိုး ဖြစ်သည်။ ထို့ပြင် ယင်းက နတ်ဆိုးဆန်သော အရာဖြစ်သည်။ ပြိုင်ဘက်ကင်းပညာရှင်များသည်ပင် ကျိန်စာကို ပေါ့ပေါ့တန်တန် မတွေးဝံ့ကြချေ။ အကယ်၍ တစ်စုံတစ်ယောက်က ကျိန်စာတိုက်ခံလိုက်ရမည်ဆိုလျှင် ကိစ္စများက အလွန်ဆိုးဝါးသွားလိမ့်မည်။ ဤလောကတွင် ကျိန်စာအမျိုးမျိုး ရှိသည်။ ယင်းတို့ထဲမှ မည်သည့်ကျိန်စာမဆို အလွန်ကြောက်စရာကောင်းသည်။
ဥပမာ ကျိန်စာတစ်ခုက လူတစ်ယောက်ကို မျက်စိတစ်မှိတ်အတွင်း အသက်ဆယ်နှစ် သို့မဟုတ် အသက်တစ်ရာကြီးသွားအောင် စွမ်းဆောင်နိုင်သည်။ ယင်းက သာမန်အသက်ကြီးသွားခြင်း မဟုတ်ပေ။ ယင်းအစား အသက်ဓာတ်အနှစ်သာရ ခမ်းခြောက်သွားခြင်း ဖြစ်သည်။
ခန္ဓာကိုယ်ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲနိုင်သော ကျိန်စာများရှိသည်။ တချို့ကျိန်စာက ခန္ဓာကိုယ်ကို ကျောက်ရုပ်ဖြစ်စေနိုင်ပြီး တချို့က အမြင်အာရုံကို ဆုံးရှုံးစေနိုင်သည်။ တချို့ကျိန်စာများက သာမန်ဖြစ်ပြီး တချို့ကျိန်စာများက အလွန်အစွမ်းထက်သည်။ အစွမ်းထက်သော ကျိန်စာများကို ဖန်တီးရန်အလို့ငှာ သုံးရက်သုံးညကြာအောင် အချိန်ပေးရသည်။ ထိုသို့ကျိန်စာများက တစ်စုံတစ်ယောက်ကို ဆိုးဆိုးဝါးဝါး အဆုံးသတ်စေနိုင်သည်။
မည်သို့ဖြစ်ပါစေ ပုံမှန်မဟုတ်သော ထူးထူးဆန်းဆန်း အခြေအနေတစ်ခု ဖြစ်ပေါ်လာလျှင် ယင်းကို ယေဘုယျအားဖြင့် ကျိန်စာဟု သတ်မှတ်နိုင်သည်။
အမှန်တကယ်မှာ ဓမ္မမန္တန်နှင့် ကျိန်စာသည် ယင်ယန်ကဲ့သို့ ဆန့်ကျင်ဘက် ဖြစ်ကြသည်။ ဓမ္မမန္တန်သည် အပြင်ပန်းမှ မြင်တွေ့နိုင်သော တိုက်ခိုက်မှုများ ဖြစ်သည်။ ယင်းက အလွန်အစွမ်းထက်ပြီး ရန်သူကို တိုက်ရိုက် သတ်ပစ်နိုင်သည်။ ဓမ္မမန္တန်သည် မိုးမြေဝိညာဉ်စွမ်းအား၊ ယင်ယန်စွမ်းအား၊ ဒြပ်စင်ငါးမျိုးနှင့် တခြားစွမ်းအားများကို ချေးငှား၍ တိုက်ခိုက်နိုင်သည်။ ကျိန်စာသည်တော့ မှော်နက် သို့မဟုတ် မကောင်းဆိုးဝါးစွမ်းအား သို့မဟုတ် အောက်လမ်းအတတ်ပညာ ဖြစ်သည်။
လိုအင်ဆန္ဒစွမ်းအားသည်ပင် မှော်နက်ကို အသုံးမပြုနိုင်ပေ။ သို့သော် ထူးဆန်းသော တခြားနည်းလမ်းများဖြင့် မှော်နက်ကို အသုံးပြုနိုင်သည်။
ယင်းက ကျိန်စာဖြစ်သည်။ ကျိန်စာသည် အမြဲတမ်း သိုဝှက်သည်။ ယင်းကို ရှင်းလင်းစွာ မမြင်နိုင် မသိနိုင်ပေ။
ကျိန်စာတိုက်ခံရသူသည် ကျိန်စာကို မချိုးဖြတ်နိုင်သေးသရွေ့ ဆက်တိုက် ကံဆိုးမိုးမှောင်ကျနေလိမ့်မည်။
ထို့ပြင် ကျိန်စာသည် ကပ်ပါးကောင်နှင့် ဆင်တူသည်။ ကျိန်စာက ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးလျှင် အရိုးထဲထိ တွယ်ကပ်နေလိမ့်မည်။ ကျိန်စာဖယ်ရှားခြင်း ကျိန်စာတိုက်ထုတ်ခြင်းသည် အလွန်ခက်ခဲသောအရာ ဖြစ်သည်။
ရှေးခေတ်တွင် ကျိန်စာများကို အထူးပြုလေ့လာသော ပုဂ္ဂိုလ်များ ရှိခဲ့ကြသည်။ သူတို့က တခြားလူများနှင့် ကွဲပြားသော လမ်းစဉ်ကို လျှောက်လှမ်းကြသည်။ သူတို့ကို ကျိန်စာသခင်များဟု ခေါ်ကြသည်။ သို့သော်လည်း ကျိန်စာကို အသုံးပြုရန် သို့မဟုတ် ကျိန်စာများကို လေ့လာရန်သည် လွယ်ကူသောအလုပ် မဟုတ်ပေ။ ခြေလှမ်းတိုင်းမှာ ခက်ခဲမှုများ၊ နာကျင်မှုများ ရှိသည်။
ဤသို့ပြောကြသည်။ ‘ တကယ်လို့ တစ်စုံတစ်ခုကို မင်းလိုချင်ရင် မင်းဆီက တစ်စုံတစ်ခုကို အရင်ဆုံး ပေးဆပ်ရလိမ့်မယ် ’
ဥပမာ အဆိပ်ပညာရှင်များသည် အဆိပ်၏ အကျိုးအာနိသင်ကို လေ့လာသုံးသပ်ရန် အဆိပ်အမျိုးမျိုးကို သူတို့၏ ခန္ဓာကိုယ်ပေါ်မှာ စမ်းသပ်အသုံးပြုကြသည်။ နှစ်ပေါင်းများစွာ ကြာမြင့်လာသည့်အခါ သူတို့က အဆိပ်လမ်းစဉ်တွင် ပါရဂူများ ဖြစ်လာကြသည်။ သို့သော်လည်း သူတို့၏ ခန္ဓာကိုယ်သည် အဆိပ်အမျိုးမျိုး၏ ယိုယွင်းတိုက်စားခြင်းခံနေရလိမ့်မည်။
သူတို့၏ အသွေးအသားနှင့် ခန္ဓာကိုယ်တစ်ခုလုံးမှာ အသက်သေစေနိုင်သော အဆိပ်များဖြင့် ပြည့်နှက်နေလိမ့်မည်။ နောက်ဆုံးမှာ သူတို့က သက်ရှိအဆိပ်ကောင်များ ဖြစ်လာကြလိမ့်မည်။
ကျိန်စာများသည်လည်း ထိုနည်းလည်းကောင်းပင်။ အကယ်၍ တစ်စုံတစ်ယောက်က ကျိန်စာအတတ်ပညာကို လေ့လာအသုံးပြုချင်သည်ဆိုလျှင် ကျိန်စာအမျိုးမျိုးကို အရင်ဦးစွာ စမ်းသပ်ရလိမ့်မည်။ တခြားလူများကို ကျိန်စာမတိုက်ခင် ကိုယ်ကိုယ်တိုင်က အရင်ဆုံး ကျိန်စာသင့်လိမ့်မည်။
ထို့ပြင် ကျိန်စာသခင်၏ မှော်နက်စွမ်းအားက ပိုပြီးနက်ရှိုင်းလာလေ သူ့ခန္ဓာကိုယ်ပေါ်မှ ကျိန်စာအရေအတွက်က ပိုများလာလေ ဖြစ်သည်။
ဒဏ္ဍာရီများအရ အကယ်၍ တစ်စုံတစ်ယောက်က ကျိန်စာလမ်းစဉ်ကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်သွားမည်ဆိုလျှင် သူ့ခန္ဓာကိုယ်က ကြောက်စရာအကောင်းဆုံးနှင့် မကောင်းဆိုးဝါးအဆန်ဆုံး ကံကြမ္မာဆိုးခန္ဓာအဖြစ် ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ ကံကြမ္မာဆိုးခန္ဓာပိုင်ရှင်သည် သူ့ရန်သူကို အကြည့်တစ်ချက်ဖြင့် သတ်ပစ်နိုင်စွမ်းရှိသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
တိုက်ရိုက် တိုက်ခိုက်မှုဖြစ်သော ဓမ္မမန္တန်များကို ခုခံကာကွယ်ရန် မခက်ခဲပေ။ သို့သော် မမြင်နိုင်သော သဏ္ဍာန်မဲ့ တိုက်ခိုက်မှုဖြစ်သည့် ကျိန်စာများကို ခုခံတားဆီးရန် အလွန်ခက်ခဲသည်။
သို့သော်လည်း ကျိန်စာလမ်းစဉ်ကို လျှောက်လှမ်းရာတွင် သူတို့တွေ့ကြုံခဲ့သော ပင်ပန်းဆင်းရဲမှုများနှင့် နာကျင်မှုများသည် သူတို့ပြန်ရရှိလာမည့်အရာနှင့် ညီတူညီမျှ ဖြစ်သည်။ ထို့ပြင် ကျိန်စာလမ်းစဉ်ကို လျှောက်လှမ်းသူများသည် လူထူးလူဆန်းများ ဖြစ်ကြသည်။ သူတို့က တသီးတခြား နေထိုင်လေ့ရှိကြပြီး မိတ်ဆွေမထားကြချေ။
ရှေးခေတ်တွင် ကျိန်စာအတတ်ပညာများနှင့် ကျိန်စာသခင်များ အတော်လေး ပေါများခဲ့သည်။ ရှေးခေတ်တွင် “ မှော်နက်ကျေးရွာ ”ဟုခေါ်သော ထူးဆန်းသည့် နေရာတစ်နေရာရှိသည်။ ထိုနေရာသည် ကျိန်စာသခင်များအတွက်တော့ နိဗ္ဗာန်ဘုံ ဖြစ်သည်။ ကြောက်မက်ဖွယ်ကောင်းသော ကျိန်စာသခင်များက ထိုနေရာမှာ နေထိုင်ကြသည်။ ကံမကောင်းသည်မှာ မျက်မှောက်ခေတ်၌ “ မှော်နက်ကျေးရွာ ”၏ တည်နေရာအတိအကျကို သိထားသူများက အလွန်ရှားပါးသွား၏။ သူတို့ကို ရေတွက်လျှင် လက်တစ်ဆုပ် မပြည့်ပေ။
ယခု ခရမ်းရွှေကုန်းမြေတွင် ကျိန်စာသခင်တချို့၏ အကြွင်းအကျန်အမွေအနှစ်များသာ ကျန်ရှိကြတော့သည်။
သို့တိုင် ကျိန်စာဟူသော စကားလုံးက အမင်္ဂလာ ဖြစ်သည်။ လူအများအပြားသည် ကျိန်စာဟူသော နာမည်ကို ကြားလိုက်သည်နှင့် မျက်နှာဖြူဖျော့သွားကြသည်။ ပညာရှင်များသည်ပင် ကျိန်စာကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ပေ။
“ ကျိန်စာပညာရပ်တွေက ဒီလောကရဲ့ မကောင်းဆိုးဝါးစွမ်းအားကနေ ဖန်တီးထားတဲ့ အရာတွေဖြစ်တယ်… ငါက စိတ်ခံစားချက်ခုနစ်မျိုးနဲ့ လိုအင်ဆန္ဒခြောက်မျိုးကို ကျင့်ကြံထားတယ်… မကောင်းဆိုးဝါးနဲ့ပတ်သက်ရင် လိုအင်ဆန္ဒက အရာအားလုံးရဲ့ ဇစ်မြစ်ဖြစ်တယ်… ဒီကျိန်စာက ဘာလဲငါမသိပေမဲ့ အဲ့ဒါက ငါ့ကို ဒုက္ခမပေးနိုင်လောက်ပါဘူး… အများဆုံး ဒီဟာက ခြေရာခံကျိန်စာပဲ ဖြစ်လိမ့်မယ် ”
ချက်ချင်းဆိုသလိုပင် အတွေးများစွာက စက်ကရာ၏ စိတ်ထဲသို့ လျှပ်စီးပမာ အလျင်ဖြင့် ဝင်ရောက်လာသည်။ သို့သော်လည်း သူက နည်းနည်းမှ မကြောက်ပေ။ သူက ရန်သူကို သုတ်သင်ရှင်းလင်းပြီးပြီ ဖြစ်၏။ ထို့ပြင် ကျိန်စာက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားနှင့်ပြီးပြီ။ တခြားကိစ္စများကို သူတွေးနေခြင်းက အလဟဿ အချိန်ဖြုန်းနေခြင်း ဖြစ်သည်။ အကယ်၍ ယင်းက ကျိန်စာဖြစ်လျှင်ပင် ကျိန်စာက အနာဂတ်မှာသာ အကျိုးသက်ရောက်လိမ့်မည်။ ထို့ပြင် ဤလောကမှာ မဖြေရှင်းနိုင်သော ပြဿနာဟူ၍ မရှိကြောင်း သူယုံကြည်ထားသည်။
ယခုလောလောဆယ်တွင် သူ့အရှေ့မှာ ရည်မှန်းချက်တစ်ခုတည်း ရှိ၏။
“ သတ်မယ် ”
“ ငါ့လမ်းကို ပိတ်နေတဲ့ လူအားလုံးကို သတ်မယ် ”
သီရှီထျန်က သူ့ဆီသို့ မတွန့်မဆုတ် လျှောက်လာနေကြောင်း ထျန်းယွဲ့ မြင်သွားသည်။ သူ့အရှေ့မှ မိစ္ဆာဘုရင်က ငကြောက်မဟုတ်ကြောင်း ချက်ချင်း သူသိလိုက်သည်။ ရှေးဟောင်းတံတားပေါ်တွင် လူတိုင်း၏ ကျင့်ကြံခြင်းက ချိပ်ပိတ်ခံထားရသည်။ သူက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း ဤနေရာမှ သူ၏ ကျင့်ကြံခြင်းက ဘာမှအသုံးမဝင်ပေ။ အကယ်၍ သူသတိပေါ့ဆမည်ဆိုလျှင် တစ်ဖက်လူက ဓားမော့ခုတ်ချက်တစ်ချက်တည်းဖြင့် သူ့အသက်ကို နုတ်ယူသွားလိမ့်မည်။ သူအလေးအနက်မထားလျှင် ဤနေရာက သူ၏ သင်္ချိုင်းဖြစ်သွားလိမ့်မည်။
ထိုသို့နားလည်သွားသောအခါ သူ၏ မျက်လုံးထဲ၌ ဒေါသမီးဟုန်တောက်နေသော်လည်း သူ၏ စိတ်က ချက်ချင်း ပြန်တည်ငြိမ်သွားသည်။ သူက ခန္ဓာကိုယ်နှင့် စိတ်ကို အကောင်းဆုံး အခြေအနေမှာ ပြန်ထိန်းညှိလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်းလိုက်သည်။ ကလေးဦးခေါင်းအရွယ်ခန့်သာရှိသော ငါးရောင်ခြယ်စက်ကွင်းတစ်ခုက အရှေ့သို့ ပျံသန်းထွက်သွားသည်။ သတ္ထု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီးဟူသော ဒြပ်စင်ငါးမျိုးက စက်ကွင်းပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။
ငါးရောင်ခြယ်စက်ကွင်းက အဆက်မပြတ် လှည့်သွားပြီး သီရှီထျန်၏ ဓားမော့ခုတ်ချက်ကို ခုခံတားဆီးလိုက်သည်။
ထိုငါးရောင်ခြယ်စက်ကွင်းသည် ထျန်းယွဲ့၏ သက်စောင့်ဓမ္မရတနာ ဖြစ်သည်။ ထို့ပြင် ယင်းက ဝိညာဉ်သန္ဓေတည်နယ်ပယ် ပညာရှင်တစ်ဦး နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ပေးထားသော သက်စောင့်ဓမ္မရတနာ ဖြစ်သည်။ သို့ဖြစ်၍ ယင်း၏ စွမ်းအားကို လျော့မတွက်နိုင်ပေ။ ယင်း၏ စွမ်းအားက အလွန်သန်စွမ်းသည်။ သို့သော်လည်း ယင်း၏ စွမ်းအားအပြည့်အဝကို ရှေးဟောင်းတံတားပေါ်မှာ မထုတ်လွှတ်နိုင်ပေ။ ယင်းကို သူအသုံးပြုနိုင်ခြင်းမှာ သူ၏ သွေးချီကြောင့် ဖြစ်သည်။ သက်စောင့်ဓမ္မရတနာက သူ၏ သွေးမျိုးဆက်နှင့် ဆက်သွယ်နေလေရာ သွေးချီဖြင့် ယင်းကို သူအသုံးပြုနိုင်သည်။ သို့သော် ငါးရောင်ခြယ်စက်ကွင်း ထုတ်လွှတ်နိုင်သော စွမ်းအားမှာ အကန့်အသတ်ရှိ၏။ အကယ်၍ ငါးရောင်ခြယ်စက်ကွင်းသာ ယင်း၏ စွမ်းအားတစ်ဝက်ခန့်ကို ထုတ်လွှတ်နိုင်မည်ဆိုလျှင် ယင်းက အလွန်ကြောက်စရာကောင်းလိမ့်မည်။