အခန်း ၃၈၆
Vol. 26 Ch. 386
အခန်း(၃၈၆)
“ ဘန်း ”
ငါးရောင်ခြယ်စက်ကွင်းက သူ၏ ကျားဝိညာဉ်ဓားမော့ကို တားဆီးလိုက်ကြောင်း သီရှီထျန် မြင်သောအခါ သူက လုံးဝ တုံ့ဆိုင်းမနေပေ။ သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်လေရာ ဓားမော့ခုတ်ချက် တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်လာသည်။ ထျန်းယွဲ့၏ ကျင့်ကြံခြင်းစွမ်းအားက ချိပ်ပိတ်ခံထားရလျှင်ပင် သူက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ဖြစ်နေဆဲပင်။ သူက တိုက်ခိုက်ရေးအတွေ့အကြုံများပြားသူ ဖြစ်သည်။ သူက သက်စောင့်ဓမ္မရတနာကို ကိုင်ဆွဲ၍ တန်ပြန်တိုက်ခိုက်လိုက်သည်။
ငါးရောင်ခြယ်စက်ကွင်းသည် လေထဲမှာ လှည့်ပတ်သွားပြီး ကျားဝိညာဉ်ဓားမော့ကို ထပ်မံ တားဆီးလိုက်သည်။ ထို့ပြင် သူက အရင်လက်ဦးမှုယူကာ ကျားဝိညာဉ်ဓားမော့ကို ထိပ်တိုက် တိုက်ခိုက်လိုက်သည်။
“ မိစ္ဆာကောင်… ဒီနေ့ ငါမင်းကို လုံးဝ အလွတ်မပေးဘူး… အစကတော့ ရှေးဟောင်းတံတားကို ဖြတ်ကျော်ဖို့အတွက် ဒီသက်စောင့်ဓမ္မလက်နက်ကို ငါပြင်ဆင်ထားခဲ့တာ… ဒီနေ့ ဝင်ခွင့်ဆယ်နေရာကို ငါလက်လွှတ်ရမယ်ဆိုရင်တောင် မင်းကို သေချာပေါက် သုတ်သင်ပစ်မယ် ”
ထျန်းယွဲ့သည် ငါးရောင်ခြယ်စက်ကွင်းကို အသုံးပြုနေစဉ် နှလုံးနာကျင်သွားသည်။ ငါးရောင်ခြယ်စက်ကွင်းက အလွန်မာကျောပြီး ယင်းကို အသုံးပြုထားသော ပစ္စည်းက အလွန်တန်ဖိုးကြီးမားသော်လည်း ယင်းက အနီးကပ်တိုက်ပွဲများတွင် အသုံးပြုနိုင်သော တိုက်ခိုက်ရေးလက်နက် မဟုတ်ပေ။ ယင်း၏ အဓိကအားကိုးရာက စက်ကွင်းထဲမှာ ကိန်းအောင်းနေသော ဒြပ်စင်ငါးမျိုးစွမ်းအား ဖြစ်သည်။ ယင်းကို ရတနာရှာဖွေစုဆောင်းရာတွင် အဓိကအသုံးပြုသည်။ စက်ကွင်းထဲတွင် ဒြပ်စင်ငါးမျိုးရှိသည်။ ယင်းတို့က သိုလှောင်နယ်မြေလွတ်တစ်ခုစီကို ဖန်တီးပေးသည်။ ထိုနယ်မြေလွတ်ထဲတွင် ရတနာများကို စုဆောင်းနိုင်သည်။
သို့သော်လည်း ရှေးဟောင်းတံတား၏ ကန့်သတ်ချက်ကြောင့် ငါးရောင်ခြယ်စက်ကွင်း၏ စွမ်းရည်အပြည့်အဝကို သူမထုတ်လွှတ်နိုင်ပေ။ ယင်းက သူ့အတွက်တော့ အလွန်ဆိုးဝါးသော အခြေအနေ ဖြစ်သည်။
သို့သော်လည်း သူက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူ ဖြစ်သည်။ သူက ဤနေရာသို့ ရောက်လာဝံ့မှတော့ မည်သို့ကြောင့် ဝှက်ဖဲကတ်များ မပြင်ဆင်လာခဲ့ဘဲ နေမည်နည်း။ ထျန်းယွဲ့သည် အံတင်းတင်းကြိတ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ စာအုပ်တစ်အုပ်နှင့်ဆင်တူသော ဓမ္မရတနာတစ်ခုက သူ့ဘေးမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ယင်းကို ထူးဆန်းသော ကျောက်စိမ်းတစ်ခုဖြင့် ဖန်တီးထားသည်။ ကျောက်စိမ်းစာအုပ်၏ မျက်နှာပြင်ပေါ်မှာ ခရမ်းရောင်ရှေးဟောင်းစာလုံးကြီးများ ရှိသည်။
“ ဥပဒေသတစ်သောင်းထျန်းကြေးမုံ ”
“ ဝှစ် ”
ထျန်းကြေးမုံက ရုတ်တရက် ပွင့်သွားသည်။ ထျန်းကြေးမုံထဲတွင် ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော စာမျက်နှာတစ်ရာကျော် ရှိသည်။ စာမျက်နှာတစ်ရွက်စီက လျှို့ဝှက်ဆန်းကြယ်သော ဝိညာဉ်မှော်အဆောင်တစ်ခု ဖြစ်သည်။ ဤအခိုက်အတန့်မှာ ဝိညာဉ်မှော်အဆောင်အားလုံးက ထွန်းလင်းတောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ စာမျက်နှာတစ်ရွက်စီမှ မှော်အဆောင်များသည် တစ်ခုနှင့်တစ်ခု မတူညီပေ။ တစ်နည်းဆိုရသော် ထျန်းကြေးမုံထဲမှာ ဝိညာဉ်မှော်အဆောင်တစ်ရာကျော်ကို သိမ်းဆည်းထားသည်။
ဝိညာဉ်မှော်အဆောင်များမှ ထုတ်လွှတ်နေသော အရှိန်အဝါကို အာရုံခံကြည့်လျှင် ယင်းတို့က အစွမ်းထက်သော ဝိညာဉ်မှော်အဆောင်များဖြစ်ကြောင်း ချက်ချင်း သိနိုင်လိမ့်မည်။ ထျန်းကြေးမုံထဲမှာ သိမ်းဆည်းထားသော မှောအဆောင်များက အဆင့်မြင့် ဝိညာဉ်မှော်အဆောင်များ ဖြစ်ကြသည်။
“ တောင်ရွှေ့ပြောင်းမှော်အဆောင် ”
ထျန်းယွဲ့က ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားသည်။ သူ့ဘေးမှာရှိသော ထျန်းကြေးမုံက မြန်ဆန်စွာ လှန်လှောသွားသည်။ စက္ကန့်အနည်းငယ်ကြာပြီးလျှင် ထျန်းကြေးမုံက အလယ်စာမျက်နှာတစ်ခုမှာ ရပ်တန့်သွားသည်။ ထိုစာမျက်နှာသည် ကျောက်စိမ်းအလင်းရောင် မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ နောက်အခိုက်အတန့်မှာ အားကောင်းသော လေဟာနယ်လှိုင်းတချို့က သူ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာသည်။
ချက်ချင်းဆိုသလိုပင် ပေတစ်ရာကျော် မြင့်မားသော တောင်တစ်လုံးက လေဟာနယ်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။ ကြောက်မက်ဖွယ်ကောင်းသော ဖိအားက သီရှီထျန်ပေါ်သို့ ဖိကျလာသည်။ လေထုသည်ပင် ကျယ်လောင်သော မြည်သံနှင့်အတူ ပေါက်ကွဲသွားသည်။ ဖော်မပြနိုင်အောင် ကြီးမားလေးလံသော ဖိအားက သူ၏ ခန္ဓာကိုယ်ပေါ်သို့ အရပ်မျက်နှာအသီးသီးမှ ကျဆင်းလာသည်။ ထူးဆန်းသော ထိုတောင်ထဲမှာ ကိန်းအောင်းနေသည့် စွမ်းအားက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို အသားပြားဖြစ်သွားစေရန် လုံလောက်သည်။
သို့သော်လည်း ထိုဓမ္မမန္တန် ထွက်ပေါ်လာသည့်အခိုက် ယင်း၏ စွမ်းအားက အနည်းငယ် အားနည်းသွားသည်။ ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်နိုင်သော စွမ်းအားက အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ လျော့ကျသွားသည်။ သို့သော်လည်း ဤနေရာတွင် ယင်း၏ စွမ်းအားက အံ့ဖွယ်ကောင်းနေဆဲပင်။ ယင်းကို လုံးဝ လျော့မတွက်နိုင်ပေ။
သီရှီထျန်က မျက်လုံးမှေးကျဉ်းလိုက်ပြီး စူးရှတောက်ပသော အကြည့်ကို ထုတ်ဖော်လိုက်သည်။ အေးစက်စက် အငွေ့အသက်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အားကောင်းစွာ ထွက်ပေါ်လာသည်။ သူ၏ ညာလက်ထဲမှ ကျားဝိညာဉ်ဓားမော့က ထျန်းယွဲ့ကို ချက်ချင်း ခုတ်ပိုင်းလိုက်သည်။ ထိုဓားမော့ခုတ်ချက်က အလွန်မြန်ဆန်သည်။ ထို့ပြင် ယင်းက အချိန်ကိုက်ထွက်ပေါ်လာခြင်း ဖြစ်သည်။
ထျန်းယွဲ့သည် “ တောင်ရွှေ့ပြောင်းမှော်အဆောင် ”ကို ထုတ်ဖော်ပြီးနောက် စိတ်အေးလက်အေး ရှိနေသည်။ ထို့ကြောင့် သူက သတိပေါ့ဆသွားသည်။
မည်သို့ဖြစ်ပါစေ ယေဘုယျအားဖြင့်ဆိုရလျှင် သီရှီထျန်က သူ့ကို တိုက်ခိုက်မည့်အစား အောက်သို့ ကျဆင်းလာနေသော တောင်ကို ခုခံကာကွယ်ရန်သာ ကြိုးစားရလိမ့်မည်။ သို့သော်လည်း သီရှီထျန်၏ လုပ်ဆောင်မှုက သူ၏ မျှော်လင့်ထားမှုနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
အစက သူတွေးထားသည်မှာ တောင်ကို သီရှီထျန်ခုခံနေစဉ် သူက ဥပဒေသတစ်သောင်းထျန်းကြေးမုံထဲမှ ပိုပြီးအစွမ်းထက်သော မှော်အဆောင်တစ်ခုကို ထုတ်လွှတ်ပြီး သီရှီထျန်ကို အဆုံးသတ်ပစ်မည်။ သို့သော်လည်း သူ၏ အတွေးနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်စွာ သီရှီထျန်က ဤအချိန်မှာ သူ့ကို ရုတ်တရက် တိုက်ခိုက်လာသည်။
သူ့မှာ ထိတ်လန့်ရန်ပင် အချိန်မရှိပေ။ ပယင်းရောင် ဓားမော့အလင်းတန်းက သူ့အရှေ့သို့ ချက်ချင်း ကျရောက်လာသည်။
“ ဝှစ် ”
သီရှီထျန်သည် သူ၏ အသန်မာဆုံး ဓားမော့ခုတ်ချက်ကို ထုတ်လွှတ်လိုက်သော်လည်း သူ့ဦးခေါင်းပေါ်မှ တောင်ကို မေ့မထားပေ။ အကယ်၍ ထိုတောင်သာ သူ့အပေါ်သို့ ပြုတ်ကျလာမည်ဆိုလျှင် သူက မသေသွားလျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားလိမ့်မည်။
သူက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ ဘယ်လက်က လက်သီးဆုပ်သွားလေရာ “ ကျစ် ကျစ် ”ဟူသော မြည်သံ ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲမှ သွေးကြောများက သူ၏ အရေပြားပေါ်မှာ နဂါးများသဖွယ် ပေါ်ထွက်လာသည်။ သွေးချီထဲမှ ခွန်အားနှင့် အသွေးအသားထဲမှ ခွန်အားက သူ၏ ဘယ်လက်ထဲမှာ စုစည်းသွားသည်။ သူလက်သီးဆုပ်လိုက်သည့်အခါ သူ၏ အသွေးအသားများက ပုံမှန်ထက် နှစ်ဆပိုကျစ်လစ်သွားသည်။
သူက ကျယ်လောင်စွာ မာန်ဖီလိုက်ပြီး သူ၏ ဘက်လက်သီးကို အပေါ်သို့ ထိုးလွှတ်လိုက်သည်။
“ ဝုန်း ”
ထိုတောင်သည် အဆင့်မြင့် ဝိညာဉ်မှော်အဆောင်တစ်ခုမှ ဖွဲ့စည်းသွားသော ပုံရိပ်ယောင်ဖြစ်သည်။ ယင်းကို “ တောင်ရွှေ့ပြောင်းမှော်အဆောင် ”ဟု ခေါ်သည်။ ယင်းက အလွန်အစွမ်းထက်သော ဓမ္မမန္တန်ဖြစ်သည်။ ယင်းထဲမှာ ကမ္ဘာမြေစွမ်းအားလည်း ကိန်းအောင်းနေလေရာ တောင်ကို ပုံရိပ်ယောင်ဟု မသတ်မှတ်နိုင်ပေ။ ယင်းက အပြင်လောကမှ တကယ့်တောင်နှင့် မခြားနားပေ။
သို့ဖြစ်၍ တောင်က မည်မျှလေးလံကြောင်း စိတ်ကူးကြည့်နိုင်သည်။ အကယ်၍ တောင်သာ အောက်ပြုတ်ကျလာမည်ဆိုလျှင် ဤနေရာမှ သက်ရှိအများအပြားက အသားပြားဖြစ်သွားလိမ့်မည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။ ယင်းက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူသာလျှင် ထုတ်ဖော်နိုင်သော အဆင့်မြင့် ဓမ္မမန္တန်ဖြစ်သည်။
ဥပဒေသတစ်သောင်းထျန်းကြေးမုံ၏ အားဖြည့်ပေးမှုအောက်မှာ ထိုတောင်က အလွန်ကြောက်မက်ဖွယ်ကောင်းသော အင်အားကို သယ်ဆောင်သွားသည်။ ယင်းက ရှေးဟောင်းတံတား၏ ကန့်သတ်ချက်ကြောင့် အားနည်းနေသည်ဆိုလျှင်ပင် တောင်၏ အလေးချိန်ကို လျော့မတွက်သင့်ပေ။
ထိုလက်သီးထိုးချက်ထဲမှာ မိစ္ဆာဘုရင်ဖြစ်လာပြီးနောက် သီရှီထျန်၏ အသန်မာဆုံး ရုပ်ခွန်အား ကိန်းအောင်းနေသည်။ ရှေးဟောင်းမိစ္ဆာလမ်းစဉ်ကျင့်ကြံသူအနေဖြင့် သူ၏ မိစ္ဆာခန္ဓာကိုယ်က အလွန်အမင်း သန်စွမ်းသည်။ သူက ဤအခိုက်အတန့်မှာ သူ၏ မိစ္ဆာခန္ဓာကိုယ်ထဲမှ အလုံးစုံအင်အားကို ဘယ်လက်သီးထဲသို့ ပို့လွှတ်လိုက်သည်။ ထိုလက်သီးထိုးချက်ထဲမှာ ကက်တီတစ်သောင်းထက် ပိုများပြားသော အင်အား ကိန်းအောင်းနေသည်။
သူ၏ လက်သီးက တောင်နှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
အလွန်ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးလျှင် ကြောက်မက်ဖွယ်ကောင်းသော လှိုင်းဂယက်များ ပျံ့လွင့်သွားသည်။ ဘေးပတ်ဝန်းကျင်မှ ကျင့်ကြံသူများနှင့် မိစ္ဆာများသည် အဝေးသို့ လွင့်စင်သွားကြသည်။ ကျယ်လောင်သော မြည်သံက ကောင်းကင်အထိ မြှောက်တတ်သွားသည်။
သီရှီထျန်၏ အသွေးအသားတစ်လက်မစီမှ ရုပ်ခွန်အားက သူ၏ ဘယ်လက်ထဲသို့ ဒလဟော စီးဆင်းသွားသည်။ အားလှိုင်း တစ်လှိုင်းပြီးတစ်လှိုင်းက တောင်ကို ရိုက်ခတ်သွားသည်။ အောက်သို့ ကျဆင်းလာနေသော တောင်၏ အရှိန်အဟုန်က အတင်းအဓမ္မ ရပ်တန့်သွားသည်။ ကြောက်မက်ဖွယ်ကောင်းပြီး ကြွပ်ဆပ်သော မြည်သံက ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် အက်ကွဲကြောင်းများက တောင်၏ မျက်နှာပြင်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်စွာ ထွက်ပေါ်လာသည်။ အက်ကွဲကြောင်းများသည် သူ၏ လက်သီးနေရာကို ဗဟိုပြု၍ အရပ်မျက်နှာအသီးသီးဆီသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာ အက်ကွဲကြောင်းများက တောင်ထွတ်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တောင်က တိုက်ရိုက် ပြိုကွဲပျက်စီးသွားသည်။ ပြင်းထန်သော ပေါက်ကွဲမှုကြောင့် မရေမတွက်နိုင်သော ကျောက်တုံးများနှင့် ကျောက်ဆောင်များက အရပ်မျက်နှာအသီးသီးဆီသို့ လွင့်စင်သွားသည်။
ထိုအခိုက်အတန့်မှာ အားနည်းသော ကျင့်ကြံသူများက ကျယ်လောင်စွာ အော်ဟစ်ကျိန်ဆဲလိုက်ကြသည်။
“ ခရက် ”
အခြားတစ်ဖက်တွင် ကျားဝိညာဉ်ဓားမော့က ယင်း၏ ရက်စက်ကြမ်းကြုတ်မှုကို အပြည့်အဝ ထုတ်ဖော်လိုက်သည်။ ပယင်းရောင်အလင်းတန်းက အရှေ့သို့ ပျံသန်းထွက်သွားသည်။ ဓားမော့သည် ငါးရောင်ခြယ်စက်ကွင်း၏ ခုခံတားဆီးမှုကို ချိုးဖြတ်၍ ထျန်းယွဲ့၏ လည်ပင်းထံသို့ လျှပ်စီးပမာအလျင်ဖြင့် ကျဆင်းသွားသည်။ နောက်အခိုက်အတန့်မှာ ထျန်းယွဲ့၏ ဦးခေါင်းပြတ်က လေထဲသို့ မြှောက်တတ်သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးချီနှင့် စိတ်ဝိညာဉ်က ကျားဝိညာဉ်ဓားမော့၏ ဝါးမျိုခံလိုက်ရသည်။
ကျားဝိညာဉ်ဓားမော့က အလွန်စိတ်လှုပ်ရှားသွားပြီး ကျယ်လောင်သော ဟိန်းသံကို ထုတ်လွှတ်လိုက်သည်။ ဓားမော့ကိုယ်ထည်နှင့် ဓားသွားပေါ်တွင် ပုံရိပ်ယောင်အလင်းတစ်ခု မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။ ဓားမော့ထံမှ ထုတ်လွှတ်နေသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အလွန်အားကောင်းသည်။ ကျားဝိညာဉ်ဓားမော့၏ စိတ်ဝိညာဉ်သည်လည်း သိသိသာသာ တိုးတတ်သွားသည်။
“ မိုက်တယ် ”
သီရှီထျန်က စိတ်ကျေနပ်စွာ ရေရွတ်လိုက်သည်။ သို့သော်လည်း သွေးစီးကြောင်းတစ်ခုက သူ၏ နှုတ်ခမ်းထောင့်မှာ ထွက်ပေါ်နေသည်။ သူ၏ မိစ္ဆာခန္ဓာကိုယ်က အလွန်သန်စွမ်းပြီး အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်အား သတ်ပစ်နိုင်သော တိုက်ခိုက်မှုကို ခုခံတားဆီးနိုင်ခဲ့သည်။ သို့သော်လည်း သူက အနည်းနှင့်အများ ဒဏ်ရာရရှိသွားဆဲပင်။ မည်သို့ဖြစ်ပါစေ ယင်းက ဝိညာဉ်သန္ဓေတည်နယ်ပယ် ပညာရှင်တစ်ယောက် ထုတ်လွှတ်လိုက်သော အဆင့်မြင့် ဝိညာဉ်မှော်အဆောင်ဖြစ်သည်။ သို့ဖြစ်လေရာ ယင်းက မည်သို့မသန်မာဘဲနေမည်နည်း။ သူ၏ ခန္ဓာကိုယ်ထဲမှ ကိုယ်တွင်းအင်္ဂါများနှင့် သွေးချီက ပရမ်းပတာလှုပ်ခတ်သွားသည်။
သွေးတစ်လုပ်က သူ၏ လည်ချောင်းမှ ဆန်တတ်လာသည်။ သို့သော်လည်း သူက ထိုသွေးကို အတင်းအဓမ္မ ပြန်မျိုချလိုက်သည်။
သူ၏ မျက်နှာပေါ်မှာ မည်သည့်စိတ်ခံစားချက်မှ မထွက်ပေါ်လာပေ။ သူက ယခင်အတိုင်း အေးတိအေးစက် မထူးမခြားနား ရှိနေဆဲပင်။ သူက ဘယ်လက်ကို မြှောက်လိုက်ပြီး အလျှင်အမြန် လှုပ်ရှားလိုက်သည်။ သူ့လက်က အလွန်မြန်ဆန်လေရာ လေထဲ၌ အကြွင်းအကျန်ပုံရိပ်များ ထွက်ပေါ်လာသည်။ သူက ထျန်းယွဲ့အသုံးပြုခဲ့သော ငါးရောင်ခြယ်စက်ကွင်းနှင့် ဥပဒေသတစ်သောင်းထျန်းကြေးမုံကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူ၏ အကြည့်က ထျန်းယွဲ့၏ လက်ညှိုးပေါ်မှ လက်စွပ်တစ်ကွင်းပေါ်သို့ ကျရောက်သွားသည်။ သူက ကျားဝိညာဉ်ဓားမော့ကို တစ်ချက်ဝှေ့ယမ်းလိုက်သည်။ ထိုအခါ လက်စွပ်ပါသော လက်ညှိုးက အပေါ်သို့ မြှောက်တတ်လာသည်။
သီရှီထျန်သည် ထိုလက်ညှိုးကို သူ့ကိုယ်ပိုင်သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်သည်။ ကံမကောင်းသည်မှာ ရှေးဟောင်းတံတားပေါ်ဝယ် ပစ္စည်းများကို သိုလှောင်အိတ်ထဲသို့ ထည့်သွင်းပြီးသွားလျှင် နောက်တစ်ခါ ပြန်ထုတ်နိုင်တော့မည် မဟုတ်ချေ။
ယင်းက အလွန်ထူးဆန်းသည်။ ယေဘုယျအားဖြင့်ဆိုရသော် သက်စောင့်ဓမ္မရတနာ၏ ပိုင်ရှင် သေဆုံးသွားသည့်အခါ ယင်း၏ စွမ်းအားအများစုက သူ့အလိုအလျောက် ပျောက်ကွယ်သွားလိမ့်မည်။ တချို့ဓမ္မရတနာများဆိုလျှင် ပိုင်ရှင်သေဆုံးသွားသည့်အခါ နေရာမှာ ချက်ချင်း ပေါက်ကွဲသွားပြီး ဖုန်မှုန့်ဖြစ်သွားလိမ့်မည်။ သို့သော်လည်း ဤကောင်းကင်တံတားပေါ်တွင် ထိုသဘောတရားက အလုပ်မဖြစ်ဟန် ရ၏။
ထျန်းယွဲ့သေဆုံးသွားသော်လည်း သူ၏ သက်စောင့်ဓမ္မရတနာဖြစ်သော ငါးရောင်ခြယ်စက်ကွင်းဖြစ်စေ သို့မဟုတ် ဥပဒေသတစ်သောင်းထျန်းကြေးမုံဖြစ်စေ ယင်းတို့က ကြီးကြီးမားမား ဘာမှမပြောင်းလဲသွားပေ။ ယင်းက အလွန်ထူးဆန်းသော ဖြစ်ရပ်ဖြစ်သည်။