အခန်း ၃၈၇
Vol. 26 Ch. 387
အခန်း(၃၈၇)
သီရှီထျန်က ထိုသို့အခွင့်အရေးကောင်းကို မည်သို့လက်လွှတ်ခံမည်နည်း။ သူက တန်ဖိုးကြီးမားသော ဓမ္မရတနာနှစ်ခုကို ချက်ချင်း ယူလိုက်သည်။
“ ရှေးဟောင်းတံတားရဲ့ ထိပ်ဆုံးဆယ်နေရာထဲက တစ်နေရာက ငါ့အပိုင်ပဲ… အဲ့ဒါကို ဘယ်သူမှ ငါ့ဆီကနေ မယူဆောင်ရဘူး… ငါ့လမ်းကို လာပိတ်တဲ့ ဘယ်သူမဆို ချွင်းချက်မရှိ အသတ်ခံရမယ် ”
သီရှီထျန်က ထျန်းယွဲ့ကို သတ်လိုက်သည်။ ထျန်းယွဲ့က အဆင့်မြင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း သူ၏ ဓားမော့အောက်မှာ သေဆုံးသွားခဲ့သည်။
အရိုးသားဆုံးဝန်ခံရသော် သီရှီထျန်သည် မည်သည့်စိတ်ခံစားမှုမှ မခံစားရပေ။ ပျော်ရွှင်မှုဖြစ်စေ စိတ်လှုပ်ရှားမှုဖြစ်စေ သူမခံစားရပေ။ ဤသည်မှာ သူက ဝက်တစ်ကောင် သို့မဟုတ် သိုးတစ်ကောင်ကို သတ်ပစ်လိုက်သည့်အလားပင်။ သူက မည်သည့်အရာကိုမှ ဂရုမစိုက်ပေ။
သူ့အကြည့်က အရှေ့သို့ ကျရောက်သွားသည်။ ယခုအချိန်တွင် မသေမျိုးကျင့်ကြံသူများနှင့် မိစ္ဆာများသည် အစွမ်းကုန် တိုက်ခိုက်နေကြရင်း အရှေ့သို့ ရွေ့လျားနေကြသည်။ ယခုအချိန်၌ အဝေးဆုံး သူတို့ရောက်ရှိနေသည့် အကွာအဝေးက ပေတစ်ရာဖြစ်သည်။ သူတို့ဖြတ်သန်းသွားသည့်နေရာတိုင်း ရှေးဟောင်းတံတားက သွေးစွန်းထင်သွားသည်။ ကြက်သွေးရောင်မြင်ကွင်းက ချောက်ချားမှုကို ပေးသည်။ ယင်းက သတ်ဖြတ်ပွဲ၏ အမှတ်သင်္ကေတ ဖြစ်သည်။ သွေးက ရှေးဟောင်းတံတားပေါ်မှာ မြစ်တစ်စင်းသဖွယ် စီးဆင်းနေသည်။
“ ဖတ်… ဖတ်… ”
သီရှီထျန်၏ အမူအရာဖြစ်စေ အကြည့်ဖြစ်စေ သို့မဟုတ် စိတ်အခြေအနေဖြစ်စေ ယင်းတို့အားလုံးက အေးတိအေးစက် အခြေအနေမှာ ရှိနေသည်။ သူက အရှေ့သို့ အမြန်သွားရန် အလျင်မလိုပေ။ သူက တစ်လှမ်းချင်း တစ်လှမ်းချင်း ဖြည်းဖြည်းနှင့် ပုံမှန်သာ လျှောက်သွားသည်။ ခြေတစ်လှမ်း သူလျှောက်လိုက်တိုင်း သူ၏ ဘေးပတ်ဝန်းကျင်မှ လေထုက လေးလံလာသည်။ သူ၏ ခြေလှမ်းသံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ဆူဆူညံညံ တိုက်ပွဲအသံများသည်ပင် သူ၏ ခြေလှမ်းသံကို မဖုံးလွှမ်းနိုင်ပေ။
အရှေ့သို့ သူလျှောက်သွားနေစဉ် သူ၏ လက်ထဲမှ ကျားဝိညာဉ်ဓားမော့က ရပ်တန့်မသွားပေ။ ဓားမော့ခုတ်ချက်များက အဆုံးမဲ့စွာ ထွက်ပေါ်လာသည်။ သူ၏ ဓားမော့ခုတ်ချက်များက တောင်ဆိတ်၏ ဦးချိုများသဖွယ် အောက်မေ့ရသည်။ ဓားမော့ခုတ်ချက်၏ စမှတ်နှင့် ဦးတည်ရာကို ရှာဖွေရန် မဖြစ်နိုင်ပေ။
သူ၏ ဓားမော့ခုတ်ချက်တစ်ချက်တိုင်းက အသက်တစ်သက်ကို နုတ်ယူသွားသည်။ အရှေ့သို့ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း သူ၏ ဘေးပတ်ဝန်းကျင်မှ အချင်းဆယ်မီတာအတွင်းမှ မသေမျိုးကျင့်ကြံသူများက သူ၏ ကျားဝိညာဉ်ဓားမော့အောက်မှာ အပိုင်းပိုင်း ပြတ်တောက်သွားကြသည်။ သူတို့အားလုံးက ဓားမော့ခုတ်ချက်တစ်ချက်အောက်မှာ သေဆုံးသွားကြသည်။
ကျားဝိညာဉ်ဓားမော့က သွေးသောက်လိုက်သည်။ ယင်း၏ သတ်ဖြတ်ခြင်းအရှိန်အဝါက ပိုပြီးအားကောင်းလာသည်။
စက်ကရာက အရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားသည်။ သူ့ခြေထောက် လျှောက်လှမ်းနေသည်မှာ တံတားမဟုတ်ပေ။ အလောင်းပုံဖြစ်သည်။ သူက အလောင်းပုံပေါ်မှာ တစ်လှမ်းချင်း လျှောက်သွားသည်။ လူတစ်ယောက်ကို သူသတ်လိုက်တိုင်း သူ၏ ခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းအရှိန်အဝါက ပိုပြီးအားကောင်းလာသည်။ သူ၏ အထွတ်အမြတ်ဩဇာအာဏာ အရှိန်အဝါသည်လည်း ပိုပြီးထင်ရှားလာသည်။ အထွတ်အမြတ်ဩဇာအာဏာ အရှိန်အဝါသည် အစတွင် မျိုးစေ့တစ်ခုသာ ဖြစ်၏။ ယခုအချိန်မှာ အဆုံးမဲ့သော အာဟာရဓာတ်ကို ရရှိသွားပြီးနောက် တဖြည်းဖြည်း အပင်ပေါက်လာသည်။
လူတစ်ယောက်ကို သတ်ခြင်းက ရာဇဝတ်မှု ဖြစ်သည်။ လူတစ်ရာကို သတ်ခြင်းက သူရဲကောင်း ဖြစ်သည်။ လူတစ်သန်းကို သတ်ခြင်းက သူရဲကောင်းများထဲမှ သူရဲကောင်းဖြစ်သည်။
ဘုရင်တစ်ပါး၏ မွေးဖွားမှုနောက်တွင် အလောင်းတောင်၊ သွေးပင်လယ်နှင့် အရိုးစုကုန်းမြေက အလိုအလျောက် လိုက်ပါလာသည်။ အထွတ်အမြတ် ဩဇာအာဏာအရှိန်အဝါသည် ဧကရာဇ်တစ်ပါး၏ အသွင်လက္ခဏာ ဖြစ်သည်။ ထိုအရှိန်အဝါသည် မည်သည့်စော်ကားမှုကိုမှ ရန်လိုမှုကိုမှ လက်ခံလိမ့်မည် မဟုတ်ချေ။ ထိုအရှိန်အဝါကို ပျိုးထောင်ရန် မရေမတွက်နိုင်သော သတ်ဖြတ်မှုများကို လုပ်ဆောင်ရလိမ့်မည်။
ထိုသို့အရှိန်အဝါသည် တစ်ချက်ဒေါသထွက်သွားလျှင် မိုင်တစ်ထောင်အတွင်းမှာရှိသော သက်ရှိအားလုံးကို အလောင်းပုံ ဖြစ်သွားစေနိုင်သည်။
ဤအခိုက်အတန့်မှာ သီရှီထျန်၏ အရှိန်အဝါက တဖြည်းဖြည်း အားကောင်းလာသည်။ ယင်းက သတ်ဖြတ်မှုများကြား၌ ကြီးထွားလာသည်။
“ ဖတ်… ဖတ်… ”
သူက တစ်လှမ်းပြီးတစ်လှမ်း လျှောက်သွားသည်။ ခြေဆယ်လှမ်း မပြည့်ခင်မှာတင် သူ၏ ကျားဝိညာဉ်ဓားမော့အောက်မှာ သေဆုံးသွားသူများက အရေအတွက်တစ်ရာကျော်သွားသည်။ သူ၏ အချင်းဆယ်မီတာပတ်လည်တွင် မည်သည့်လူသားမှ အသက်ရှင်ကျန်မနေပေ။
“ အို ကြောက်စရာကောင်းလိုက်တာ… အဲ့ဒါ မိစ္ဆာဘုရင်လား… အရမ်းကြောက်ဖို့ကောင်းတာပဲ… ငါတို့ သူ့ကို မတားဆီးနိုင်ဘူး ”
“ အဲ့ဒီဓားမော့ခုတ်ချက်က ဘာဖြစ်လို့ အဲ့လောက်တောင် အစွမ်းထက်နေတာလဲ… ဘယ်လောက်တောင် လွှမ်းမိုးဗိုလ်ကျလိုက်လဲ… ငါခက်ခက်ခဲခဲ ရယူလာတဲ့ ဓမ္မရတနာလှံတောင် အဲ့ဒီဓားမော့ခုတ်ချက်ကြောင့် နှစ်ပိုင်းပြတ်သွားတယ်… ဘယ်လိုတောင်လဲ… ”
“ ဓားကျင့်ကြံသူတွေက ဓားတစ်ချက်နဲ့ မန္တန်တစ်သောင်းကို ဖျက်ဆီးပစ်နိုင်တယ်လို့ ငါကြားဖူးတယ်… အဲ့ဒီမိစ္ဆာဘုရင်က အရမ်းကြမ်းကြုတ်တယ်… သူက ဓမ္မမန္တန်တွေကိုတောင် ခုတ်ပိုင်းပစ်တယ်… ယင်မိုးကြိုးပုတီးစေ့နဲ့ နတ်ဘုရားလျှပ်စီးတောင် သူ့ကို ဘာမှမလုပ်နိုင်ဘူး… အဆင့်နိမ့် ဓမ္မမန္တန်တွေက သူ့အနားတောင် မရောက်နိုင်ဘူး ”
“ သိုင်းပညာကျင့်ကြံသူတွေရဲ့ လမ်းစဉ်က မိစ္ဆာမျိုးနွယ်စုရဲ့ ခန္ဓာကိုယ်အပေါ် အခြေခံထားတယ်လို့ပြောတာ မထူးဆန်းတော့ပါဘူး… သူတို့က မိစ္ဆာခန္ဓာကိုယ်နီးနီး သန်မာကြတယ်… ကြည့်ရတာ အဲ့ဒါအမှန်ဖြစ်ပုံပဲ ”
“ မြန်မြန် ရှောင်ရအောင်… အဲ့ဒီမိစ္ဆာဘုရင်က အရမ်းကြမ်းကြုတ်တယ်… ငါတို့ သူ့ကို မရပ်တန့်နိုင်ဘူး… သူ့ဆီသွားတာက ကိုယ့်သေလမ်းကိုယ်ရှာနေတာပဲ ”
ထိုအခိုက်အတန့်မှာ အာမေဋိတ်စကားသံများက စက်ကရာ၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာသည်။ သူတို့တစ်ယောက်စီက စက်ကရာ၏ ရက်စက်ကြမ်းကြုတ်ပုံကြောင့် အံ့ဩထိတ်လန့်သွားကြသည်။ အပြင်လောက၌ သူတို့တစ်ယောက်စီက ဂုဏ်သိက္ခာကြီးမားကြပြီး အလွန်သန်စွမ်းကြသည်။
သူတို့ထဲမှ မည်သူကိုမဆို လက်ရွေးစင်များဟု ခေါ်နိုင်ကြသည်။ သို့သော်လည်း စက်ကရာ၏ အရှေ့တွင် သူတို့အားလုံးက အလွယ်တကူ ခုတ်ပိုင်းနိုင်သော ဖရဲသီးများ ဖြစ်လာကြသည်။
ဓားမော့ခုတ်ချက်တိုင်းက အသက်တစ်သက်ကို နုတ်ယူသွားသည်။ ရှေးဟောင်းတံတားသည် မကျဉ်းမြောင်းသော်လည်း ကျင့်ကြံသူသိန်းပေါင်းများစွာနှင့် မိစ္ဆာထောင်သောင်းချီ ပြေးသွားနေသည့်အခါ စည်ကားမှုဖြစ်လာသည်။ ထိုအခါ လှုပ်ရှားရန် အခက်တွေ့လာသည်။ အကယ်၍ တစ်စုံတစ်ယောက်က အရှေ့ဆက်သွားချင်လျှင် သူ၏ ဘေးပတ်ဝန်းကျင်၌ နယ်မြေလွတ်တစ်ခု ဖြစ်လာရန် အရင်လုပ်ဆောင်ရမည်။ သို့မှသာ သူတို့က လွတ်လပ်စွာ လှုပ်ရှားနိုင်ကြလိမ့်မည်။
ထို့ကြောင့် သီရှီထျန်က အဆုံးမဲ့သော သတ်ဖြတ်မှုများကို ဆက်တိုက် လုပ်ဆောင်နေသည်။ သူရှိနေသော အချင်းဆယ်မီတာအတွင်းမှာ မည်သည့်လူသားတစ်ယောက် ထွက်ပေါ်လာပါစေ သူက တုံ့ဆိုင်းမနေဘဲ ချက်ချင်း သတ်ပစ်လိမ့်မည်။
“ ဖူး ”
ကျားဝိညာဉ်ဓားမော့ကို လွှဲယမ်းလိုက်သည်။ ပယင်းရောင်ဓားမော့အလင်းက ကောင်းကင်အထိ ပျံတတ်သွားသည်။ သွေးထွက်ပေါ်လာသည်နှင့် သူ့အရှေ့မှ ကျင့်ကြံသူသုံးယောက်က အသတ်ခံလိုက်ရသည်။ ထို့ပြင် သူက ကျားဝိညာဉ်ဓားမော့ကို တစ်ဆက်တည်း လှုပ်ရှားလိုက်ပြီး သူ့အနောက်မှ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာသော ကျင့်ကြံသူကို ခုတ်ပိုင်းလိုက်သည်။
ခြေလှမ်းတိုင်းမှုက သတ်ဖြတ်မှုများ ဖြစ်ပေါ်နေသည်။
“ ဗုန်း ”
ခြေလှမ်းတစ်ရာပြည့်မြောက်သွားပြီးနောက် သူ၏ အနောက်တွင် အလောင်းများ ပြန့်ကျဲသွားသည်။ ထိုစဉ် ရိုးရှင်းပုံပေါ်ပြီး အရွယ်အစားကြီးမားသော ကြေးနီရောင်လက်သီးပုံရိပ်တစ်ခုက သူ၏ ဦးခေါင်းထံသို့ တိုးဝင်လာသည်။
တစ်ချိန်တည်းမှာ ကိုယ်ကျပ်သိုင်းဝတ်စုံကို ဝတ်ဆင်ထားသော သိုင်းပညာရှင်တစ်ဦးက သူ့ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာနေသည်။ သူက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ မင်းက မိစ္ဆာဘုရင်ဖြစ်တော့ရော ဘာဖြစ်လဲ… ဘာမှသောက်သုံးမကျတဲ့ ငကြောက်တွေ… မင်းတို့မသေမျိုးကျင့်ကြံသူတွေက ကိုယ့်ကိုယ်ကိုယ် မြင့်မြတ်တယ်လို့ ထင်နေပြီး ငါတို့သိုင်းပညာကျင့်ကြံသူတွေကို အမြဲအထင်သေးကြတယ်… ဒါပေမဲ့ အခုတော့ မင်းတို့က ငကြောက်တွေပဲ… မိစ္ဆာဘုရင်ကို ငါဘယ်လိုအနိုင်ယူမလဲ ကြည့်ထားကြ ”
ထွားကြိုင်းသန်မာသော ထိုလူသန်ကြီးသည် မသေမျိုးကျင့်ကြံခြင်းလောက၌ အလွန်ရှားပါးသော သိုင်းပညာကျင့်ကြံသူ ဖြစ်သည်။ ယခု သူ၏ မျက်နှာပေါ်မှာ စိတ်ဓာတ်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။ သူ၏ အပြုအမူက သိုင်းပညာကျင့်ကြံသူဟူသော ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်သည်။
သူ၏ ခြေလှမ်းများတွင် တမူထူးခြားသော စည်းချက်တစ်ခု ရှိ၏။ သူခြေလှမ်း လှမ်းလိုက်တိုင်း လျှို့ဝှက်ဆန်းကြယ်သော အရှိန်အဝါက သူ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာသည်။ သူခြေတစ်လှမ်း လှမ်းလိုက်သည့်အခါ သူ၏ အရှိန်အဝါနှင့် ရုပ်ခွန်အားက ကြီးကြီးမားမား တိုးမြှင့်သွားသည်။
“ ဘန်း ဘန်း ဘန်း ”
သူက သီရှီထျန်၏ အရှေ့သို့ ရောက်ရန် ခြေခုနစ်လှမ်းသာ လှမ်းခဲ့ရသည်။ သို့သော်လည်း သူ၏ အရှိန်အဝါက အထွတ်အထိပ်သို့ မြင့်တတ်သွားသည်။ သူ၏ တစ်ကိုယ်လုံးတွင် ခွန်အားဖြင့် ပြည့်နှက်နေသည်။ ဤသည်မှာ သူက တောင်တစ်လုံးကိုပင် လက်သီးတစ်ချက်ဖြင့် ဖြိုခွဲပစ်နိုင်သည့်အလားပင်။
ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။
သီရှီထျန်၏ ဦးခေါင်းတည့်တည့်ထံ လက်သီးထိုးလွှတ်လိုက်စဉ် အလွန်အားကောင်းသော ခွန်အားကို သူ့လက်သီးထဲမှာ သယ်ဆောင်သွားသည်။
အကယ်၍ ထိုလက်သီးထိုးချက်သာ သီရှီထျန်၏ ဦးခေါင်းပေါ်သို့ ကျရောက်လာမည်ဆိုလျှင် သူ၏ ဦးခေါင်းက ဖရဲသီးကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားလိမ့်မည်။ ထိုလူသန်ကြီးသည် သားရဲအရိုင်းတစ်ကောင်နှင့် မခြားနားပေ။
“ ချွင် ”
သီရှီထျန်သည် သူ့အရှေ့မှ သိုင်းပညာကျင့်ကြံသူကို စူးစိုက်ကြည့်လိုက်သည်။ သူ့ပြိုင်ဘက်သည် ဧရာမသားရဲတစ်ကောင်နှယ် ရိုင်းစိုင်းကြမ်းကြုတ်သည်။
မသေမျိုးကျင့်ကြံသူတစ်ရာကျော်ကို ဆက်တိုက် သတ်ပစ်ခဲ့သော်လည်း သူ၏ မျက်လုံးထဲမှာ အံ့ဩမှုအရိပ်အယောင် လုံးဝ မထွက်ပေါ်လာပေ။ သို့သော်လည်း သူ၏ လှုပ်ရှားမှုများက ရပ်တန့်မနေပေ။ သူက ခါးကို တစ်ချက်လှည့်လိုက်ပြီး ညာခြေထောက်ဖြင့် အရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ သူက ပြိုင်ဘက်၏ တိုက်ခိုက်မှုကို ရှောင်တိမ်းမည့်ပုံစံ မပြချေ။ ယင်းအစား သူက ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ထားသည်။ ကျားဝိညာဉ်ဓားမော့ပေါ်မှ ပယင်းရောင်အလင်းက ရုတ်တရက် သိပ်သည်းသွားသည်။ သူ၏ ဓားမော့ခုတ်ချက်က လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းအတိုင်း ရွေ့လျားသွားသည်။
နောက်အခိုက်အတန့်မှာ သူ၏ ကျားဝိညာဉ်ဓားမော့က တစ်ဖက်လူ၏ လက်သီးနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။
သို့သော်လည်း သတ္ထုချင်းထိခတ်သံက ထူးဆန်းစွာ ထွက်ပေါ်လာသည်။ ရိုင်းစိုင်းကြမ်းကြုတ်သော လေလှိုင်းများက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့လွင့်သွားသည်။ ယင်းက တံတားပေါ်မှ အလောင်းများကို တံတားအောက်ဘက်မှ ဟွမ်ချွမ်းမြစ်ထဲသို့ ပြုတ်ကျသွားစေသည်။
“ ဘန်း ”
အလွန်အားကောင်းသော ခွန်အားက ကျားဝိညာဉ်ဓားမော့ထံမှတဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြောင်း သီရှီထျန် ခံစားမိသွားသည်။ ယင်းက သူမခုခံနိုင်သောအရာ မဟုတ်သော်ငြား သူ၏ ခန္ဓာကိုယ်ထဲမှ သွေးချီက ဗြောင်းဆန်သွားသည်။ ထို့ကြောင့် သူက ယင်ယန်ကောင်းကင်တံတားပေါ်တွင် ပထမဆုံးအကြိမ် အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။ တစ်ဆက်တည်းမှာ သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသော ခွန်အားက သူ၏ ဘယ်ဘက်ခြေထောက်ထံသို့ ရွှေ့ပြောင်းသွားသည်။ ထိုမှတဖန် ခွန်အားက ယင်ယန်ကောင်းကင်တံတားပေါ်၌ ပြန့်ကျဲသွားသည်။
“ ဖတ်… ဖတ်… ဖတ်… ”
သို့သော်လည်း အခြားတစ်ဖက်မှ သူ့ပြိုင်ဘက်သည်လည်း အခြေအနေမကောင်းပေ။ သူ့ခန္ဓာကိုယ်က မိုးကြိုးပစ်ချခံလိုက်ရသည့်အလား အနောက်သို့ ခြေသုံးလှမ်း ဆက်တိုက် ဆုတ်သွားသည်။ ခြေလှမ်းတိုင်းမှာ သူ၏ ပုံစံက အရုပ်ဆိုးသွားသည်။ သူခြေတစ်လှမ်း အနောက်ဆုတ်သွားတိုင်း ထက်ရှသော ဓားမော့ချီက ထွက်ပေါ်လာပြီး သူ့ခြေထောက်အောက်မှ အလောင်းများကို အပိုင်းပိုင်းအစစ ဖြတ်တောက်ပစ်လိုက်သည်။ ရှင်းလင်းစွာပင် အစောနက ထိပ်တိုက် တွေ့ဆုံမှုမှာ သီရှီထျန်က အသာစီးရရှိသွားသည်။
“ ဝူဝူဒီ… မင်းက ဒီနေရာမှာ ငါနဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲ တိုက်ခိုက်ချင်နေတာလား ”