အခန်း ၃၈၉
Vol. 26 Ch. 389
အခန်း(၃၈၉)
လေထဲတွင် ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာသည်။
သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်က လေထဲမှာ အဆက်မပြတ် ရွေ့လျားနေသည်။ သူတို့က ဟာကွက်မရှိအောင် သတိကြီးစွာထား၍ ကြိုးစားနေကြသည်။ အဘယ့်ကြောင့်ဆိုသော် ခြေတစ်လှမ်းမှားသွားသည်နှင့် ကြီးမားသော တန်ကြေးကို ပေးဆပ်ရလိမ့်မည် ဖြစ်သောကြောင့်ပင်။
သို့ဖြစ်၍ သူတို့က အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နေကြသည်။ ကြောက်မက်ဖွယ်ကောင်းသော အားလှိုင်းများက အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။ ထို့ပြင် တိုက်ပွဲအတွင်းမှာ သူတို့က အလွန်မြန်ဆန်စွာ ရွေ့လျားနေကြသည်။ သူတို့က အပြန်အလှန် တိုက်ခိုက်နေရင်း အရှေ့သို့ ရွေ့လျားနေကြသည်။
အရှေ့သို့ သူတို့ရွေ့လျားနေစဉ် သူတို့အရှေ့မှ မသေမျိုးကျင့်ကြံသူများက တိုက်ပွဲအတွင်းသို့ အတင်းအကျပ် ဆွဲခေါ်ခံလိုက်ကြရသည်။ လေထဲမှာ အဖျက်စွမ်းအားဖြင့် ပြည့်နှက်နေသည်။ ထို့ကြောင့် အားနည်းသော မသေမျိုးကျင့်ကြံသူများသည် အဖျက်စွမ်းအင်လှိုင်းကို မတောင့်ခံနိုင်ဘဲ အပိုင်းပိုင်းအစစ ပျက်စီးသွားကြသည်။ ရံဖန်ရံခါ သူတို့က သီရှီထျန်၏ ကျားဝိညာဉ်ဓားမော့အောက်မှာ အသတ်ခံလိုက်ကြရသည်။ တိုက်ပွဲအတွင်းသို့ ဆွဲခေါ်ခံလိုက်ရသော မသေမျိုးကျင့်ကြံသူများထဲတွင် မည်သူမှ အသက်မရှင်နိုင်ခဲ့ပေ။
“ ဘန်း… ဘန်း… ဘန်း… ”
“ အမရှင်း… အဲ့ဒီကိုကြည့်… အကိုသီက… အရမ်းသန်မာတာပဲ… ကျင့်ကြံခြင်းစွမ်းအား ချိပ်ပိတ်ခံထားရတာတောင် သူက အရမ်းသန်မာနေတုန်းပဲ… ဘယ်သူမှ သူ့ကို မတားဆီးနိုင်ဘူး… စောစောတုန်းက သူက ဝိညာဉ်သန္ဓေတည်နယ်ပယ် ကျင့်ကြံသူတစ်ယောက်ကို ဓားမော့ခုတ်ချက်တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်… ကြည့်ဦး… အဲ့ဒီလူသန်ကြီးကလည်း အရမ်းအစွမ်းထက်တယ်… သူက အကိုသီနဲ့ ထိပ်တိုက် တိုက်ခိုက်နိုင်တယ် ”
လူသားမျိုးနွယ်ကျင့်ကြံသူများ အနားယူသော ကျွန်းစုပေါ်တွင် အရေအတွက်များပြားသော ကျင့်ကြံသူများက ရှေးဟောင်းတံတားဆီသို့ သူ့ထက်ငါအရင် ပြေးလွှားသွားနေကြသည်။
သို့သော်လည်း ကျွန်းစု၏ မြေကွက်လပ်တစ်ခုတွင် ကိုတိုမီနှင့် လင်းသွဲ့က တိတ်တဆိတ် ထိုင်နေကြသည်။ သူတို့က တခြားလူများကဲ့သို့ ရှေးဟောင်းတံတားပေါ်သို့ အပြေးအလွှား မသွားကြချေ။ သူတို့က နေရာမှာ မလှုပ်မယှက်ရှိနေကြသည်။ သူတို့က ရှေးဟောင်းတံတားပေါ်မှ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေကြသည်။
ကြည့်ရသည်မှာ သူတို့က တခြားကျင့်ကြံသူများကဲ့သို့ ထိပ်ဆုံးဆယ်နေရာကို အရယူရန် စိတ်မဝင်စားဟန် ရ၏။ ကျွန်းစုပေါ်မှာ သူတို့ချည်းသာ ရှိနေခြင်း မဟုတ်ပေ။ သူတို့ကဲ့သို့ လူများ အများအပြားရှိသည်။
မည်သို့ဖြစ်ပါစေ ရှေးဟောင်းတံတားပေါ်မှ တိုက်ပွဲက အလွန်ရက်စက်ကြမ်းကြုတ်သည်။ ယင်းက အလွန်ရက်စက်ကြမ်းကြုတ်လေရာ အဖြူရောင်တိမ်တိုက်တံတားသည်ပင် သွေးနီရောင်သို့ ပြောင်းလဲသွားသည်။
လူတိုင်းသည် သေးငယ်သော အခွင့်အရေးကို အသက်စွန့်၍ ရယူရန် မရူးမိုက်ကြချေ။ အကယ်၍ သူတို့က ထိုအခွင့်အရေးကို တိုက်ခိုက်ရယူချင်သည်ဆိုလျှင် တန်ကြေးတစ်ခုကို ပေးဆပ်ရလိမ့်မည်။ တန်ကြေးက သူတို့၏ အသက်ဖြစ်သည်။ ထို့ပြင် ပိုပြီးကြောက်စရာကောင်းသည်မှာ ဟွမ်ချွမ်းမြစ် ဖြစ်သည်။ ဟွမ်ချွမ်းမြစ်၏ တည်ရှိမှုကြောင့် သူတို့က သေဆုံးသွားလျှင်ပင် မည်သည့်အခါမှ ပြန်လည်မွေးဖွားနိုင်တော့မည် မဟုတ်ချေ။
သို့ဖြစ်၍ တချို့ကျင့်ကြံသူများသည် အစကတည်းက ရှေးဟောင်းတံတားပေါ်သို့ တတ်လှမ်းရန် မရည်ရွယ်ထားကြပေ။
ကိုတိုမီသည် ရှေးဟောင်းတံတားပေါ်မှ ရက်စက်ကြမ်းကြုတ်သော တိုက်ပွဲကို မကြောက်ပေ။ အကယ်၍ သူသာ တံတားပေါ်သို့ တတ်လှမ်းသွားမည်ဆိုလျှင် ထိပ်ဆုံးဆယ်နေရာကို သူမရလျှင်ပင် အနည်းဆုံးတော့ သူ့ကိုယ်သူ ကာကွယ်နိုင်ရန် ယုံကြည်မှုအပြည့်ရှိသည်။ အကယ်၍ သူသာ အတိတ်မှာ မြစိမ်းကုချင်းကို မရရှိခဲ့လျှင် မည်သည့်တန်ဖိုးကို သူပေးဆပ်ရပါစေ ရှေးဟောင်းတံတားပေါ်သို့ တတ်လှမ်းသွားလိမ့်မည်။ သို့သော်လည်း မြစိမ်းကုချင်းကို သူရရှိသွားပြီးနောက် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေက သူ့အတွက် အရေးမကြီးတော့ပေ။
ဤတစ်ကြိမ် လျှို့ဝှက်နယ်မြေထဲသို့ သူဝင်ရောက်လာခြင်းက သီရှီထျန်ကို မြင်တွေ့ရန်သက်သက် ဖြစ်သည်။ ကျန်ကိစ္စများက သူ့အတွက် အရေးမကြီးပေ။
သူက ကျွန်းစုပေါ်မှာ ထိုင်နေလျှင်ပင် သူ့မျက်လုံးက အမြဲတမ်း သီရှီထျန်ပေါ်မှာသာ စွဲမြဲနေသည်။ ဤသည်မှာ ထိုပုံရိပ်မှလွဲ၍ တခြားမည်သူမှ သူ့မျက်လုံးထဲမှာ မတည်ရှိသည့်အလားပင်။
“ အဲ့ဒါ သိုင်းပညာကျင့်ကြံသူတစ်ယောက်ပဲ… ရှေးဟောင်းတံတားပေါ်မှာ လူတိုင်းရဲ့ ကျင့်ကြံခြင်းစွမ်းအားက ချိပ်ပိတ်ခံထားရတယ်… အဲ့ဒါကြောင့် တံတားပေါ်မှာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်တွေက သန်စွမ်းတဲ့ ရုပ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ မိစ္ဆာတွေနဲ့ သိုင်းခန္ဓာကိုယ်ကို ကျင့်ကြံတဲ့ သိုင်းပညာကျင့်ကြံသူတွေပဲ… တကယ်လို့ သိုင်းခန္ဓာကိုယ်က မြင့်မားတဲ့ အဆင့်တစ်ခုထိ ရောက်သွားမယ်ဆိုရင် မိစ္ဆာခန္ဓာကိုယ်နဲ့တောင် ယှဉ်ပြိုင်နိုင်လာလိမ့်မယ် ”
“ သိုင်းပညာကျင့်ကြံသူတွေက သန်စွမ်းတဲ့ သိုင်းခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားကြပြီး အနီးကပ်တိုက်ခိုက်မှုတွေမှာ ထူးချွန်ကြတယ်… ဒါကြောင့် အဲ့ဒီသိုင်းပညာကျင့်ကြံသူက အကိုသီနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်တာ ”
သီရှီထျန်၏ ထွက်ပေါ်လာမှုက ကိုတိုမီ၏ တည်ငြိမ်သော စိတ်နှလုံးကို လှိုင်းထသွားစေသော်လည်း သူ၏ အသိပညာဗဟုသုတုက မလျော့သွားပေ။ သူက ထိုတိုက်ပွဲကို အကြည့်တစ်ချက်ဖြင့် အကြမ်းဖျဉ်း ခန့်မှန်းနိုင်သွားသည်။
“ ဒါပေမဲ့ သိုင်းခန္ဓာကိုယ်က မိစ္ဆာမျိုးနွယ်စုရဲ့ မိစ္ဆာခန္ဓာကိုယ်ပေါ် အခြေခံပြီး ဖန်တီးထားတဲ့အရာ ဖြစ်တယ်… ဒါ့အပြင် အဲ့ဒီသိုင်းပညာကျင့်ကြံသူရဲ့ သိုင်းခန္ဓာကိုယ်က မြင့်မားတဲ့အဆင့်ထိ မရောက်သေးဘူး… ဒါ့ကြောင့် အကိုသီရဲ့ မိစ္ဆာခန္ဓာကိုယ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် သူ့ရဲ့ သိုင်းခန္ဓာကိုယ်က နိမ့်ကျနေတုန်းပဲ… သူရှုံးနိမ့်တော့မှာ သိပ်မကြာတော့ပါဘူး ”
ကိုတိုမီက ယုံကြည်မှုရှိသော လေသံဖြင့် ပြောသည်။
“ ဟဲ ဟဲ… အကိုသီ အနိုင်ရမယ်ဆို အဆင်ပြေပြီ… ထိပ်ဆုံးဆယ်နေရာထဲက တစ်နေရာကို သူပိုင်ဆိုင်မယ်ဆို ပိုပြီးကောင်းလိမ့်မယ် ”
ရှောင်သွဲ့က လက်ခုပ်တီးလိုက်ပြီး ရယ်လိုက်သည်။ သူစကားပြောနေစဉ် ဉာဏ်များသော အကြည့်က သူ့မျက်လုံးထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက ကိုတိုမီကို လှည့်ကြည့်လိုက်ပြီး ရည်ရွယ်ချက်ရှိစွာ ပြောသည်။
“ အမရှင်း… အမက လျှို့ဝှက်နယ်မြေဆီ သွားနိုင်ဖို့ ချင်မိသားစုထဲမှာ အနှစ်တစ်ရာတံခါးပိတ်ကျင့်ကြံမယ်လို့ ကတိပေးခဲ့ဖို့ လုံးဝတုံ့ဆိုင်းမနေခဲ့ဘူး… အမ ဒီကို ခက်ခက်ခဲခဲ ရောက်လာတာ မျက်နှာကြည့်ဖို့ပဲလား… ဟဲ ဟဲ အကိုသီလို ယောင်္ကျားမျိုးကို ဘယ်မိန်းကလေးက သဘောမကျဘဲ နေမှာလဲ… အမ လက်နှေးနေမယ်ဆိုရင် ညီမ မယဉ်ကျေးတော့ဘူးနော် ”
ရှောင်သွဲ့က ပြုံးလိုက်ပြီး ပြောသည်။
“ ဟင့်… ရှောင်သွဲ့… နင်ဘာတွေ လျှောက်ပြောနေတာလဲ ”
ယင်းကို ကိုတိုမီကြားသောအခါ ဖော်မပြနိုင်သော အကြောင်းအရင်းတချို့ကြောင့် စိတ်ဂယောက်ဂယက် ဖြစ်သွားသည်။ ရှောင်သွဲ့က သူ့ကို တမင်ကျီစယ်နေကြောင်း သူသိသည်။ သို့သော်လည်း ထိတ်လန့်မှုက သူ့နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။ သူက နူးညံ့စွာ ပြောသည်။
“ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိပါတယ်… အကိုသီနဲ့ ငါစကားပြောချင်တယ်ဆိုရင်တောင် ကောင်းကင်မိစ္ဆာလျှို့ဝှက်နယ်မြေ ပြီးဆုံးသွားတဲ့အထိ စောင့်ရလိမ့်မယ်… ပြီးတော့… ”
သူစကားပြောနေစဉ် သူ၏ စိတ်က ယောက်ယက်ခတ်လာသည်။ ထို့နောက် စိုးရိမ်မှု၊ ကြောက်လန့်မှုနှင့် မျှော်လင့်မှုက သူ့နှလုံးသားထဲမှာ ရောပြွန်ထွက်လာသည်။
သူက ဤဘဝတွင် သီရှီထျန်မှလွဲ၍ တခြားမည်သည့်ယောင်္ကျားကိုမှ လက်မထပ်ရန် စိတ်ဆုံးဖြတ်ချက်ချထားသည်။ ကုချင်းချိုင့်ဝှမ်းထဲမှာ တစ်နှစ်ကျော်ကြာအောင် အတူတူနေထိုင်ပြီးနောက် ထူးဆန်းသော ခံစားချက်က သူ့နှလုံးသားထဲမှာ မျိုးစေ့ကျလာသည်။ သီရှီထျန် သူ့အား မြစိမ်းကုချင်းကို လက်ဆောင်ပေးသွားခဲ့စဉ် သူမျိုသိပ်ထားသော ခံစားချက်က အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်လာသည်။
သို့သော်လည်း သူသည် သူ၏ ရင်တွင်းခံစားချက်ကို ဖွင့်ဟပြောရန် မည်သည့်အခါမှ အခွင့်အရေးမရခဲ့ပေ။
မဟုတ်ပေ။ သူက သီရှီထျန်ကို တစ်ကြိမ်ဖွင့်ပြောခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် သူက သီရှီထျန်အား အမတယဇ်မူးဝိုင်ကို သောက်သုံးစေခဲ့သည်။ သို့မှသာ သူက ဖွင့်ပြောရန် သတ္တိရှိသွားသည်။ သူ့စိတ်ထဲတွင် ထင်နေသည်မှာ သူ၏ ဖွင့်ပြောမှုကို သီရှီထျန် မည်သည့်အခါမှ သိလိမ့်မည် မဟုတ်ချေ။
“ ဘာပဲဖြစ်ဖြစ်… ငါ့ရင်ထဲက ခံစားချက်ကို အကိုသီသိအောင် ဖွင့်ပြောရမယ်… သူလက်ခံတာ လက်မခံတာကတော့… ”
ကိုတိုမီက ဇဝေဇဝါဖြစ်သော အမူအရာဖြင့် တီးတိုးရေရွတ်လိုက်သည်။
“ အကိုသီ ငါ့အပေါ်မှာ ဘာခံစားချက်မှ မရှိရင်တောင် ငါနောင်တမရဘူး… ဒီတစ်ခေါက်ပြီးသွားရင် ကုချင်းချိုင့်ဝှမ်းထဲကနေ ခြေတစ်လှမ်းမှ မခွာတော့ဘူးလို့ ငါ့အဖေကို ကတိပေးခဲ့တယ် ”
အပေါ်ယံအမြင်မှာတော့ သူက ကြော့ရှင်းတင့်တယ်ပြီး ပျော့ညံ့သော မိန်းမသားတစ်ဦး ဖြစ်သည်။ သို့သော်လည်း သူ့နှလုံးသားထဲတွင်မူ သူက ချစ်ဝံ့မုန်းဝံ့သော စိတ်ဓာတ်သန်မာသည့် မိန်းမသားတစ်ဦး ဖြစ်သည်။
သူက တစ်ခါဆုံးဖြတ်ချက်ချပြီးသွားလျှင် လွယ်လွယ်ဖြင့် ပြန်မပြင်ဆင်ပေ။ ထို့ကြောင့် သူက သီရှီထျန်ကို မြင်တွေ့နိုင်ရန်အလို့ငှာ ကုချင်းချိုင့်ဝှမ်းထဲမှာ အနှစ်တစ်ရာတံခါးပိတ်ကျင့်ကြံမည်ဟု ချက်ချင်း ကတိပေးလိုက်သည်။ ရလဒ်က မည်သို့ဖြစ်ပါစေ သူလိုချင်သော အဖြေကို ရပြီးလျှင် သူ့မှာ မည်သည့်နောင်တမှ ကျန်ရှိတော့မည် မဟုတ်ချေ။ သို့မဟုတ်လျှင် သူ့နှလုံးသားက အမြဲတမ်း ဂနာမငြိမ် ဖြစ်နေလိမ့်မည်။
“ ဟဲ ဟဲ… အမရှင်း… အဲ့ဒီအကြောင်းကို ဆက်မပြောကြရအောင်… တံတားကို ကြည့်ပါဦး… အကိုသီနဲ့ အတူတူရှိနေခဲ့တဲ့ အဲ့ဒီမိစ္ဆာတွေကလည်း အရမ်းသန်မာကြတယ်… သူတို့က အရှေ့ကို ပြေးသွားနေကြတယ် ”
ရှောင်သွဲ့သည် အကင်းပါးသူ ဖြစ်သည်။ ကိုတိုမီ မျက်နှာသုန်မှုန်သွားကြောင်း သူမြင်သောအခါ အမြန်စကားလမ်းကြောင်းလွှဲလိုက်သည်။
ရှေးဟောင်းတံတားပေါ်တွင် သန်မာသူများက ဆက်လက် တိုက်ပွဲဝင်နေကြပြီး အားနည်းသူများက ရက်ရက်စက်စက် သေဆုံးသွားကြသည်။
ကျင့်ကြံခြင်းစွမ်းအား မရှိသည့်အခါ သူတို့သည် ရုပ်ခန္ဓာကိုယ်ချင်းသာ အားပြိုင်နိုင်ကြသည်။ ရုပ်ခွန်အားချင်း နှိုင်းယှဉ်မည်ဆိုလျှင် မိစ္ဆာမျိုးနွယ်စုကို ယှဉ်ပြိုင်နိုင်သူများက အရည်အတွက်အနည်းစုသာ ရှိ၏။ အမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီးသွားလျှင် မိစ္ဆာခန္ဓာကိုယ်က သိသိသာသာ ဆင့်ကဲပြောင်းလဲသွားလိမ့်မည်။ မိစ္ဆာခန္ဓာကိုယ်က ယခင်ထက် အဆပေါင်းများစွာ ပိုပြီးသန်မာလာလိမ့်မည်။ ရှေးဟောင်းတံတားပေါ်မှာ ထိုသို့ခွန်အားက လွှမ်းမိုးဖိနှိပ်မှုအစစ်အမှန် ဖြစ်သည်။
ရှေးဟောင်းတံတားပေါ်တွင် ပုဂ္ဂိုလ်တစ်ဦးက ငွေရောင်ဆံပင်၊ ငွေရောင်ဝတ်စုံနှင့် ငွေရောင်လက်အိတ်တစ်စုံကို ပိုင်ဆိုင်ထားသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း မသေမျိုးကျင့်ကြံသူရာပေါင်းများစွာက အစိတ်စိတ်အမွှာမွှာ သေကြေပျက်စီးသွားကြသည်။ သူတို့ထံမှ သွေးက မြူခိုးအဖြစ် သိပ်သည်းသွားပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့လွင့်သွားသည်။
သူဖြတ်သန်းသွားသည့်နေရာတိုင်း အလောင်းများက တောင်ပုံယာပုံရှိနေသည်။ သို့သော်လည်း ထိုပုဂ္ဂိုလ်က ရက်စက်ကြမ်းကြုတ်ပုံမပေါ်ချေ။ ယင်းအစား သူက သိမ်မွေ့နူးညံ့ပုံပေါ်သည်။ ထူးဆန်းသည်မှာ ရှေးဟောင်းတံတားပေါ်တွင် သွေးက မြစ်တစ်စင်းနှယ် စီးဆင်းနေသော်လည်း သူ့ဝတ်စုံပေါ်မှာ မည်သည့်သွေးစက်မှ စွန်းထင်မနေပေ။ ထို့ပြင် သူက အများကြီး အားစိုက်ထုတ်နေရပုံ မပြချေ။ ယင်းအစား သူက အေးအေးဆေးဆေး သက်တောင့်သက်သာရှိနေသည်။ ဤသည်မှာ သူက ပန်းခြံထဲမှာ လမ်းလျှောက်နေသည့်အလားပင်။ ရှေးဟောင်းတံတားပေါ်မှာ သူလမ်းလျှောက်နေစဉ် မည်သူမှ သူ့အား မတားဆီးနိုင်ပေ။
ဝိညာဉ်သန္ဓေတည်နယ်ပယ်နှင့် ယွမ်ဝိညာဉ်နယ်ပယ်မှ ကျင့်ကြံသူများသည် ဆယ်ယောက်ထက်မနည်း သူ့လက်ထဲမှာ သေဆုံးသွားကြသည်။ သူက အလွန်အစွမ်းထက်သော မိစ္ဆာဘုရင်တစ်ပါး ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် ငွေဆံရှည်မှလွဲ၍ တခြားမဟုတ်ပေ။
သွေးနဂါးဘုရင်က ပိုပြီးလွှမ်းမိုးဗိုလ်ကျသည်။ သူ၏ ဆူးတင်းပုတ်ကို တစ်ချက်လွှဲယမ်းလိုက်သည့်အခါတိုင်း မသေမျိုးကျင့်ကြံသူများ၏ အသွေးအသားများက တစ်စစီ ပြန့်ကျဲသွားသည်။ မရေမတွက်နိုင်သော မသေမျိုးကျင့်ကြံသူများက သူ၏ ဆူးတင်းပုတ်အောက်မှာ သေဆုံးသွားကြသည်။ သူ၏ ရက်စက်ကြမ်းကြုတ်မှုနှင့် လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ငွေဆံရှည်ထက် မလျော့ပေ။
မည်သို့ဖြစ်ပါစေ သူတို့သည် မဟာမိစ္ဆာဘုရင်ရှစ်ပါးထဲမှ အသန်မာဆုံး မိစ္ဆာဘုရင်များ ဖြစ်ကြသည်။ ဤသို့အခြေအနေမျိုးမှာ သူတို့က ပြိုင်ဘက်ကင်းလုနီးပါး သန်စွမ်းသွားကြသည်။ သူတို့ကို မည်သူမှ မတားဆီးနိုင်ပေ။
လူသားမျိုးနွယ်ဘက်တွင်တော့ အလွန်အစွမ်းထက်သော မသေမျိုးကျင့်ကြံသူတချို့က ဓမ္မရတနာများကို အသုံးပြု၍ အတင်းအကျပ် လမ်းဖွင့်နေကြသည်။ သူတို့က ကပ်စေးမနှဲနေဘဲ မှော်အဆောင်များကို အသုံးပြုလိုက်ကြသည်။ သူတို့က မှော်အဆောင်အမျိုးမျိုးကို အရူးအမူး ပစ်လွှတ်နေကြသည်။ မှော်အဆောင်များ ပျောက်ကွယ်သွားသည့်အခိုက် အားကောင်းသော ဓမ္မမန္တန်များက လေထဲမှာ ထွက်ပေါ်လာသည်။
ထိုဓမ္မမန္တန်များ၏ စွမ်းအားက ငွေဆံရှည်နှင့် သွေးနဂါးဘုရင်၏ တိုက်ခိုက်မှုများထက် လုံးဝ မလျော့ပေ။ သူတို့သည်လည်း အရှေ့သို့ မြန်ဆန်စွာ ရွေ့လျားသွားနေကြသည်။