အခန်း ၃၉၀
Vol. 26 Ch. 390
အခန်း(၃၉၀)
သက်စောင့်ဓမ္မလက်နက်များဆီမှာ ကန့်သတ်ချက်အမျိုးမျိုး ရှိသော်လည်း နှစ်ထောင်ချီကြာ ပျိုးထောင်ပေးပြီးနောက် ယင်းတို့၏ စွမ်းအားက အလွန်အံ့ဖွယ်ကောင်းသွားသည်။ ထို့ပြင် ဝိညာဉ်သန္ဓေတည်နယ်ပယ်နှင့် ယင်း၏ အထက်နယ်ပယ်များမှ ကျင့်ကြံသူများသည် နှစ်ပေါင်းထောင်ချီ အသက်ရှင်သန်နေသူများ ဖြစ်ကြသည်။ ထုံးစံအားဖြင့် သူတို့ဆီမှာ ပစ္စည်းကောင်းအများကြီး ရှိသည်။ ထိုပစ္စည်းများကို ရထားလုံးများ သို့မဟုတ် လှေများဖြင့်သာ သယ်ဆောင်နိုင်လိမ့်မည်။
ယင်းတို့က အစွမ်းထက်မှော်အဆောင်များ သို့မဟုတ် တစ်ခါသုံးဓမ္မရတနာများ ဖြစ်သည်။ ရှေးဟောင်းတံတား၏ အခြားတစ်ဖက်သို့ ရောက်ရန် သူတို့က ထိုရတနာများကို လမ်းဘေးဂေါ်ဖီထုပ်များသဖွယ် ပေါပေါပဲပဲ အသုံးပြုနေကြသည်။ ယခုကဲ့သို့ အခြေအနေမျိုးမှာ သူတို့က ကပ်စေးမနှဲကြပေ။ မှော်အဆောင်များက သူတို့ကို အရှေ့သို့ နောက်ထပ် ရွေ့လျားနိုင်စေမည်ဆိုလျှင် သူတို့က တုံ့ဆိုင်းမနေဘဲ မှော်အဆောင်များကို ချက်ချင်း အသုံးပြုကြလိမ့်မည်။ သူတို့က နှလုံးနာကျင်မှုကို နည်းနည်းမှ မခံစားကြရပေ။ ဤအခိုက်အတန့်မှာ သူတို့က တိုက်ခိုက်စွမ်းရည်ချင်းသာမက အခြေခံအုတ်မြစ်ခိုင်မာမှုချင်းလည်း ယှဉ်ပြိုင်နေကြသည်။
အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် ယင်းတို့ကို သတိထားမိလိမ့်မည် မဟုတ်ချေ။ ဓားတောင်နှင့် မီးပင်လယ်စမ်းသပ်မှုများကို ဖြတ်ကျော်ပြီးနောက် ဤတစ်ခေါက် လူသားမျိုးနွယ်မသေမျိုးကျင့်ကြံသူများထဲမှာ ဝိညာဉ်သန္ဓေတည်နယ်ပယ်အထက်မှ ကျင့်ကြံသူအများအပြား ပါဝင်နေကြောင်း ခန့်မှန်းနိုင်ခဲ့သည်။ သို့သော်လည်း အကြည့်တစ်ချက်ဖြင့် ထိုလူများကို ရွေးထုတ်ရန်မှာ မလွယ်ကူပေ။ သူတို့က မသေမျိုးကျင့်ကြံသူများထဲမှာ ပုန်းအောင်းနေကြသည်။ အပေါ်ယံကြည့်မည်ဆိုလျှင် သူတို့က တခြားကျင့်ကြံသူများနှင့် သိသိသာသာ မခြားနားပေ။ မည်သို့ဖြစ်ပါစေ သူတို့က အဆင့်မြင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
အကယ်၍ သူတို့သာ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ရန် ဆန္ဒရှိပြီး သူတို့၏ အရှိန်အဝါကို ချုပ်တည်းထားမည်ဆိုလျှင် တခြားကျင့်ကြံသူများက သူတို့ကို မည်သို့သတိထားမိကြမည်နည်း။
သို့သော်လည်း ရှေးဟောင်းတံတားပေါ်သို့ ရောက်လာသည့်အခါ သူတို့က နောက်ထပ် မဖုံးကွယ်ကြတော့ပေ။ စွမ်းအားကွာခြားမှုကို အကြည့်တစ်ချက်ဖြင့် ပြောနိုင်သည်။ မည်သူက အဆင့်နိမ့်ကျင့်ကြံသူဖြစ်ပြီး မည်သူက အဆင့်မြင့်ကျင့်ကြံသူဖြစ်ကြောင်း ကွဲကွဲပြားပြား အဖြေထွက်လာသည်။ သူတို့အားလုံး၏ ကျင့်ကြံခြင်းစွမ်းအားက ချိပ်ပိတ်ခံထားရသည်ဆိုလျှင်ပင် ဝိညာဉ်သန္ဓေတည်နယ်ပယ်နှင့် ယင်း၏ အထက်မှ ကျင့်ကြံသူများကို အဆင့်နိမ့်ကျင့်ကြံသူများက ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။ သိုင်းပညာကျင့်ကြံသူများသည် အဆင့်မြင့်ကျင့်ကြံသူများထဲမှာ ပါဝင်သည်။
သိုင်းပညာကျင့်ကြံသူများသည် သိုင်းခန္ဓာကိုယ်ကို ကျင့်ကြံကြသည်။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက ချိပ်ပိတ်ခံထားရသည်ဆိုလျှင်ပင် သူတို့၏ ရုပ်ခန္ဓာကိုယ်က တခြားကျင့်ကြံသူများထက် အများကြီး ပိုသန်မာသည်။ ရှေးဟောင်းတံတားပေါ်တွင် သူတို့က သူတို့ထက် အဆင့်ပိုမြင့်သော ကျင့်ကြံသူများကိုပင် စိန်ခေါ်နိုင်ကြသည်။ ဝိညာဉ်သန္ဓေတည်နယ်ပယ်၊ ယွမ်ဝိညာဉ်နယ်ပယ် အစရှိသော နယ်ပယ်များမှ ကျင့်ကြံသူများကိုပင် သူတို့က မကြောက်ကြပေ။ မည်သူမဆို သတိတစ်ချက်လွတ်သွားလျှင် အသက်ကို ပေးဆပ်ရလိမ့်မည်။
သို့သော်လည်း နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်သန်ခဲ့သော ထိုဘိုးဘေးများသည် သာမန်မဟုတ်ကြပေ။ သူတို့က အလွန်ဉာဏ်များကြသည်။ သူတို့က အခြေအနေကို မည်သို့အခွင့်ကောင်းယူရမည်ဖြစ်ကြောင်း ကောင်းကောင်း သိထားကြသည်။
သူတို့က အနောက်မှ အမီလိုက်လာသူများကို တားဆီးရန် သူတို့ဂိုဏ်းမှ တပည့်များကို အသုံးမပြုပေ။ သို့သော်လည်း သူတို့က အစွမ်းထက်သော မှော်အဆောင်များကို သူတို့အနောက်သို့ ပစ်လွှတ်၍ အတားအဆီးများကို ဖန်တီးကြသည်။ သို့မှသာ တခြားလူများက သူတို့အနောက်သို့ အမီလိုက်နိုင်တော့မည် မဟုတ်ချေ။ ထိုမှော်အဆောင်များက အလွန်အစွမ်းထက်သည်။ ရှေးဟောင်းတံတား၏ ကန့်သတ်ချက်ကြောင့် မှော်အဆောင်များက အားနည်းနေသည်ဆိုလျှင်ပင် အလွန်အစွမ်းထက်ဆဲပင်။ မမျှော်လင့်ထားသော ရုတ်တရက် ပစ်လွှတ်မှုအောက်မှာ အရေအတွက်များပြားသော ကျင့်ကြံသူများက သေဆုံးသွားကြသည်။ မှန်ပေသည်။ မှော်အဆောင်များ၏ တိုက်ခိုက်မှုအောက်မှာ မိစ္ဆာများထက် မသေမျိုးကျင့်ကြံသူများက ပိုမိုများပြားစွာ သေဆုံးသွားကြသည်။ ရံဖန်ရံခါ မိစ္ဆာတစ်ကောင် သေဆုံးသွားသည့်အခါတိုင်း မသေမျိုးကျင့်ကြံသူရာပေါင်းများစွာသည်လည်း သူတို့ပစ်လွှတ်သော မှော်အဆောင်များကြောင့် သေဆုံးသွားကြသည်။
သို့သော်လည်း အဆင့်မြင့်ကျင့်ကြံသူများသည် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ် မခံစားမိကြပေ။ ဤသည်မှာ သူတို့က တခြားလူများကို ပုရွက်ဆိတ်များဟု သတ်မှတ်ထားသည့်အလားပင်။
သူတို့ဂရုစိုက်သည်မှာ ထိပ်ဆုံးဆယ်နေရာမှ တစ်နေရာကို အရယူရန် ဖြစ်သည်။ သူတို့ကြောင့် သေဆုံးသွားသူများက မိစ္ဆာဖြစ်ပါစေ သို့မဟုတ် လူသားဖြစ်ပါစေ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။
ယခုအချိန်၌ အရှေ့ဆုံးမှ ဦးဆောင်နေသူများသည် ငွေဆံရှည်ဦးဆောင်သော မိစ္ဆာဘုရင်လေးပါးအဖွဲ့ ဖြစ်သည်။ သူတို့က မဟာမိစ္ဆာဘုရင်(၈)ပါးထဲမှာ ပါဝင်ကြပြီး အလွန်သန်စွမ်းကြသည်။ မည်သူမှ သူတို့အဖွဲ့ကို မတားဆီးနိုင်ကြပေ။ ထို့ကြောင့် အရှေ့ဆုံးမှာ သူတို့နေရာရထားခြင်းက မထူးဆန်းပေ။ မသေမျိုးကျင့်ကြံသူများထဲတွင် သုံးယောက်က အရှေ့ဆုံးသို့ ရောက်နေကြသည်။
သူတို့ထဲမှ တစ်ယောက်က နဂါးတောင်ဝှေးကိုင်ထားသော အဖွားအိုတစ်ယောက် ဖြစ်သည်။ သူ့မျက်နှာပေါ်မှာ အရေးကြောင်းများဖြင့် ပြည့်နှက်နေသည်။ သူက သင်္ချိုင်းကုန်းသို့ ခြေတစ်လှမ်း လှမ်းနေသော အဖွားအို ဖြစ်သည်။
သို့သော်လည်း သူ့အလျင်က အလွန်မြန်ဆန်သည်။ သူခြေတစ်လှမ်း လှမ်းလိုက်တိုင်း ဆယ်ပေအကွာအဝေးကို ဖြတ်ကျော်သွားသည်။ သူ၏ ဇရာအိုနေသော ခန္ဓာကိုယ်ထဲမှာ အံ့ဖွယ်ကောင်းသော စွမ်းအား ကိန်းအောင်းနေဟန် ရ၏။ သူ့ကို လျော့မတွက်နိုင်ပေ။
တခြားတစ်ယောက်က သန့်သန့်ပြန့်ပြန့် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦး ဖြစ်သည်။ သူက ရှစ်ထောင့်အစီအရင်ပါသော တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ ဦးခေါင်းထက်မှာ တာအိုခေါင်းဆောင်းတစ်ခု ရှိသည်။ သူ၏ လက်ထဲမှာ မြင်းမြှီးတုတ်တစ်ချောင်းကို ကိုင်ထားသည်။ မြင်းမြှီးတုတ်ကို သူဝှေ့ယမ်းလိုက်သည့်အခါ ယင်ယန်နိယာမက ထွက်ပေါ်လာသည်။ သူ၏ ခန္ဓာကိုယ်က တစ်ခါတစ်ရံ ပိုးခြည်မျှင်ကဲ့သို့ ပျော့ပျောင်းသွားပြီး တစ်ခါတစ်ရံ ကျောက်ဆောင်ကဲ့သို့ မာကျောသွားသည်။ သူ၏ အလျင်သည်လည်း အဖွားအိုထက် မလျော့ပေ။
တခြားတစ်ယောက်က အလွန်ငယ်ရွယ်သော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ မျက်နှာက ငယ်ရွယ်သော်လည်း သူ၏ မျက်လုံးထဲမှ အကြည့်က လောကဓံကို နှစ်ပေါင်းများစွာကြာအောင် ရင်ဆိုင်ခဲ့သူ၏ အကြည့်မျိုး ဖြစ်သည်။ သူ၏ ငယ်ရွယ်နုပျိုသော အရေပြားအောက်မှာ နှစ်ထောင်ချီကြာအောင် တည်ရှိနေသည့် အမာရွတ်များက ဖုံးကွယ်နေသည်။ ရံဖန်ရံခါ ထက်ရှသော ဓားချီက သူ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာသည်။
သူ၏ အနောက်တွင် ရိုးရှင်းပြီး ရှေးဟောင်းအငွေ့အသက်ကို ထုတ်လွှတ်နေသော ဓားရှည်တစ်လက် ရှိသည်။ အလွန်အားကောင်းသော ဓားအရှိန်အဝါက ယင်းထံမှ ထွက်ပေါ်နေသည်။ အကြည့်တစ်ချက်ဖြင့်ပင် ထိုဓားက သာမန်မဟုတ်ကြောင်း မည်သူမဆို ပြောနိုင်သည်။ အားနည်းသော ကျင့်ကြံသူများဆိုလျှင် ထိုဓားကို မြင်လိုက်သည့်အခါ ကြက်သီးမွေးညင်းထသွားလိမ့်မည်။
မသေမျိုးကျင့်ကြံသူသုံးပါးနှင့် မိစ္ဆာဘုရင်လေးပါးက အရှေ့ဆုံးမှ ဦးဆောင်နေကြသည်။ ရှေးဟောင်းတံတားပေါ်တွင် သူတို့ခုနစ်ယောက်က တခြားလူများထက် သိသိသာသာ အရှေ့ရောက်နေကြသည်။ သို့သော်လည်း သူတို့အနောက်တွင် အရေအတွက်များပြားသော ကျင့်ကြံသူများနှင့် မိစ္ဆာများက အဆက်မပြတ် လိုက်လာနေကြသည်။ ရူးသွပ်မှုနှင့် စိတ်ဓာတ်ပြတ်သားမှုက သူတို့အားလုံး၏ မျက်လုံးထဲမှာ ရှိနေသည်။ ထိုမြင်ကွင်းက အလွန်အံ့ဖွယ်ကောင်းသည်။ သတ်ဖြတ်မှုများက နေရာတိုင်းမှာ ဖြစ်ပွားနေသည်။ သွေးက လေထဲမှာ ပျံ့နှံ့သွားသည်။
သွေးညှီနံ့က လေထဲမှာ တထောင်းထောင်း ထွက်ပေါ်နေသည်။
“ အမရှင်း… အရှေ့ကို ကြည့်… အဲ့ဒီမသေမျိုးကျင့်ကြံသူသုံးယောက်က ကပ်ဘေးဒုက္ခနယ်ပယ်က ပညာရှင်တွေ မဟုတ်လား… ဘယ်လောက် ကြောက်စရာကောင်းလိုက်လဲ… ”
ရှောင်သွဲ့သည် ရှေးဟောင်းတံတား၏ အရှေ့သို့ အကြည့်ရွှေ့ပြောင်းလိုက်သည်။ ထိုမသေမျိုးကျင့်ကြံသူသုံးယောက်သည် အရှေ့ဆက်သွားရန် မျိုးနွယ်တူသော လူသားကျင့်ကြံသူများကိုပင် သတ်ဖြတ်ရန် တုံ့ဆိုင်းမနေကြောင်း သူမြင်သွားသည်။ သူက လေကို ပင့်သက်ရှူလိုက်သည်။
“ မဟုတ်ဘူး… သူတို့က ခန္ဓာကိုယ်ပေါင်းစပ်ခြင်းနယ်ပယ်က ကျင့်ကြံသူတွေ ဖြစ်လောက်တယ်… လွန်ခဲ့တဲ့နှစ်သုံးရာတုန်းက ခရမ်းရွှေကုန်းမြေပေါ်က ကပ်ဘေးဒုက္ခနယ်ပယ် ကျင့်ကြံသူတွေအားလုံးက တစ်ပြိုင်နက်တည်း ပျောက်ဆုံးသွားကြတယ်… ကြည့်ရတာ သူတို့အားလုံးက တစ်နေရာရာဆီ ထွက်သွားကြတဲ့ပုံပဲ… အဲ့ဒီနောက်ပိုင်း တစ်စုံတစ်ယောက်က ကပ်ဘေးဒုက္ခနယ်ပယ်ကို တတ်လှမ်းသွားမယ်ဆိုရင် ခရမ်းရွှေကုန်းမြေကနေ တိတ်တဆိတ် ထွက်သွားလိမ့်မယ်… သူတို့တွေ ဘယ်ကို ထွက်သွားတယ်ဆိုတာတော့ အဖေက မပြောပြဘူး ”
မသေမျိုးကျင့်ကြံသူအများအပြားက ရှေးဟောင်းတံတားပေါ်မှာ မရပ်မနား အရှေ့ဆက်နေကြကြောင်း ကိုတိုမီ မြင်သွားသောအခါ သူက မျက်မှောင်ကြုတ်လိုက်သည်။ သူက အနည်းငယ် မှိုင်တွေသွားသည်။ ထို့နောက် သူက သီရှီထျန်ပေါ်သို့ ပြန်အာရုံစိုက်လိုက်သည်။
“ ထန် ”
အချိန်တစ်ခဏကြာပြီးနောက် စက်ကရာက အသားစီရရှိလာသည်။ ဝူပိုကျွင်း၏ သိုင်းပညာက နက်နဲသိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်သော်လည်း ကျင့်ကြံခြင်းစွမ်းအားမရှိသည့်အခါ သူ၏ သိုင်းပညာက ပုံမှန်ထက် ထက်ဝက်နီးပါး အားနည်းသွားသည်။ ရုပ်ခန္ဓာကိုယ်ချင်းနှိုင်းယှဉ်သော် သူ၏ သိုင်းခန္ဓာကိုယ်က ရှေးဟောင်းမိစ္ဆာလမ်းစဉ်ကို လျှောက်လှမ်းနေသော စက်ကရာကို မယှဉ်နိုင်ပေ။ ထိုအားနည်းချက်ကို အစကတည်းက စက်ကရာသတိထားမိသည်။ သူ၏ လက်ထဲမှ ကျားဝိညာဉ်ဓားမော့က ဝိညာဉ်တုန်လှုပ်သွားစေမည့် ကျားဟိန်းသံကို ထုတ်လွှတ်လိုက်သည်။
ဓားမော့ခုတ်ချက်များက အဆက်မပြတ် ထွက်ပေါ်လာသည်။ ထို့ပြင် ဓားမော့ခုတ်ချက်တိုင်းက အလွန်သန်မာပြီး ဝူပိုကျွင်းထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။
ကျားဝိညာဉ်ဓားမော့သည် ကက်တီတစ်ထောင် လေးလံသည်။ ထို့ပြင် ဓားမော့ခုတ်ချက်ထဲမှာ သီရှီထျန်၏ ရုပ်ခွန်အားသည်လည်း ကိန်းအောင်းနေသည်။ သို့ဖြစ်၍ ဓားမော့ခုတ်ချက်တိုင်းက တောင်ကြီးတစ်တောင်နှယ် လေးလံပြီး လျှပ်စီးပမာ မြန်ဆန်သည်။ ကျားဝိညာဉ်ဓားမော့၏ ထက်ရှမှုကိုတော့ အထူးတလည် ပြောနေရန် မလိုပေ။
သီရှီထျန်က လွှမ်းမိုးဖိနှိပ်စွာ တိုက်ခိုက်သည်။ ပထမဆုံးဓားမော့ခုတ်ချက်ကို ထုတ်လွှတ်ပြီးနောက် တဖြည်းဖြည်း သူအရှိန်ရလာသည်။ သို့ဖြစ်၍ နောက်ပိုင်း သူ၏ ဓားမော့ခုတ်ချက်များက ပိုပြီးမြန်သထက် မြန်လာပြီး အားကောင်းသထက် အားကောင်းလာသည်။ ဤသည်မှာ ရေတံခွန်ရေက အဆုံးမဲ့စွာ ကျဆင်းနေသည့်အလားပင်။ ယင်းကို တားဆီးရန် မဖြစ်နိုင်ပေ။
“ အား ”
ဝူပိုကျွင်း၏ မျက်နှာပေါ်မှ ကြွက်သားများက တွန့်လိမ်ရှုံ့တွသွားသည်။ သူက ခြေထောက်ကို လျှို့ဝှက်ဆန်းကြယ်သော လမ်းကြောင်းအတိုင်း ရွေ့လျားလိုက်ပြီး ဓားမော့ခုတ်ချက်များကို သူ၏ လက်သီးထိုးချက်များဖြင့် တွန်းလှန်လိုက်သည်။ သို့သော်လည်း ဓားမော့ခုတ်ချက်ကို သူတွန်းလှန်လိုက်သည့်အခါတိုင်း အနောက်သို့ ခြေတစ်လှမ်းဆုတ်သွားရသည်။
သူ့ဘက်မှ တန်ပြန်တိုက်ခိုက်ရန် ကြိုးစားသည့်အခါတိုင်း သူဘာမှမလုပ်နိုင်မီ ကျားဝိညာဉ်ဓားမော့က သူ့အရှေ့မှာ ထွက်ပေါ်လာသည်။ ထို့ကြောင့် သူက ဓားမော့ခုတ်ချက်ကို အသည်းအသန် ခုခံကာကွယ်နေရသည်။
သိုင်းပညာကျင့်ကြံသူတစ်ယောက်အနေဖြင့် သူက ရန်သူများကို အမြဲတမ်း ဖိအားပေးတိုက်ခိုက်ခဲ့သည်။ ယင်းက သူ၏ တိုက်ခိုက်မှုပုံစံ ဖြစ်သည်။ သို့သော်လည်း ယနေ့မှာတော့ သူက ခုခံကာကွယ်ရုံမှတပါး တခြားဘာမှမလုပ်ဆောင်နိုင်ပေ။ ယင်းက သူ့ကို အတော်လေး စိတ်မသက်မသာ ခံစားရစေသည်။ ဤသည်မှာ သူ၏ ရင်ဘက်ထဲ၌ အလုံးတစ်လုံး ရှိနေသည့်အလားပင်။ သူက မွန်းကျပ်မှုကို စတင်ခံစားရလာသည်။
“ ဘန်း ”
စက်ကရာသည် သူ၏ ဘယ်ခြေထောက်ကို မြှောက်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ ပြင်းထန်သော အရှိန်အဟုန်နှင့်အတူ သူ့ခန္ဓာကိုယ်က အပေါ်သို့ မြှောက်တတ်သွားသည်။ တစ်ချိန်တည်းမှာ ကျားဝိညာဉ်ဓားမော့သည်လည်း အောက်သို့ ကျဆင်းလာပြီး ဓားမော့အသွားက အေးစက်စက်အလင်းကို ထုတ်လွှတ်လိုက်သည်။
ဤတစ်ကြိမ်ခုတ်ပိုင်းမှုတွင် သူက ကျားဝိညာဉ်ဓားမော့၏ ဓားရိုးကို လက်နှစ်ဖက်စလုံးဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများက နဂါးများသဖွယ် လူးလွန့်သွားသည်။ သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးက ကျားဝိညာဉ်ဓားမော့ထဲသို့ စီးဆင်းသွားသည်။
“ ဘန်း… ဘန်း… ဘန်း… ”
ကျားဝိညာဉ်ဓားမော့အောက်၌ လေဟာနယ်သည်ပင် အပြင်းအထန် တုန်ခါသွားသည်။ လေဟာနယ်ပုံပျက်တွန့်လိမ်မှုက ဓားမော့၏ အရှေ့မှာ ထွက်ပေါ်လာသည်။ လွှမ်းမိုးဗိုလ်ကျသော အထွတ်အမြတ်အရှိန်အဝါက ဓားမော့ထံမှ ပေါက်ကွဲထွက်လာသည်။ ယင်းက တောင်နှင့် မြစ်ကို နှစ်ပိုင်းဖြတ်တောက်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားသည်။
ထိုဓားမော့ခုတ်ချက်သည် ရှေးဟောင်းတံတားပေါ်တွင် သူအသုံးပြုခဲ့သော ဓားမော့ခုတ်ချက်များထဲ၌ အစွမ်းထက်ဆုံး ဖြစ်သည်။
“ ဟွန့်… လာစမ်းပါ… ငါသေသွားမယ်ဆိုရင် ငါဝူပိုကျွင်းက ဘယ်တော့မှ ခေါင်းငုံ့မှာမဟုတ်ဘူး… ကောင်းကင်တုန်လှုပ်လက်သီးသိုင်း… ကောင်းကင်ကပြောင်းကပြန်ဖြစ်စေမယ့် ချိပ်တံဆိပ်… ”
ဝူပိုကျွင်းက မျက်လုံးပြူးကျယ်သွားသည်။ သူ၏ မျက်လုံးထဲမှာ ရက်စက်ကြမ်းကြုတ်မှု၊ ရူးသွပ်မှုဖြင့် ပြည့်နှက်သွားသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှ အရှိန်အဝါကို သိပ်သည်းလိုက်သည်။ သူက အလွန်သန်စွမ်းသော ရုပ်ခွန်အားကို ထုတ်လွှတ်လိုက်သည်။ သူက လက်သီးထိုးလွှတ်လိုက်သည်။ လေထဲ၌ သူ၏ လက်သီးက ပုံမှန်ထက် နှစ်ဆပိုကြီးမားသွားသည်။ သူ၏ လက်သီးက ကြေးနီရောင်သန်းလာပြီး သံမဏိပမာ မာကျောလာသည်။
လက်သီးက အရှေ့သို့ မြန်ဆန်စွာ ပျံသန်းသွားပြီး လျှို့ဝှက်ဆန်းကြယ်သော ချိပ်တံဆိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ကြေးနီရောင်လက်သီးသည် ပယင်းရောင်ဓားမော့အလင်းထံသို့ တန်းမတ်စွာ ဦးတည်သွားသည်။ ထိုလက်သီးထိုးချက်ထဲမှာ ကောင်းကင်ကို ပြောင်းပြန်မှောက်လှန်ပစ်နိုင်သော စွမ်းအား ကိန်းအောင်းနေသည်။ ဤသည်မှာ ဧရာမချိပ်တံဆိပ်တစ်ခုက လောကကို ဖုံးအုပ်သွားသည့်အလားပင်။ ထိုချိပ်တံဆိပ်၏ အရှေ့မှာ မည်သည့်အရာရှိပါစေ ယင်းတို့က ဖုန်မှုန့်ဖြစ်သွားသည်အထိ ဖျက်ဆီးခံရလိမ့်မည်။