အခန်း (၁၃၅၃-၁၃၅၄)
Vol. 119 Ch. 1353-1354
အခန်း ၁၃၅၃
“ဒီလို စက်ကိရိယာမျိုး ရှိနေမှတော့ အာဟာရဓာတ်ဒြပ်စင်တွေ မရှိမှာကို ဘာ ကြောက်စရာလိုတော့မှာလဲ။”
ကျူးဝူက ဆက်ပြောလိုက်သည်။
“ငါကတော့ ဒါကြီးက အရမ်းကို အတုအယောင်ကြီး ဖြစ်နေသလိုပဲလို့ ခံစားရတယ်။ ဘာပဲဖြစ်ဖြစ် ငါကတော့ သံသယရှိတယ်။”
“ငါရောပဲ။ ဒါပေမဲ့ ကိစ္စက သူဌေးနဲ့ ပတ်သက်နေတာဆိုတော့ တကယ်လည်း ဖြစ်နိုင်တာပဲ။ အောက်ဆီဂျင်တွေကို အကန့်အသတ်မရှိ ထုတ်လုပ်ပေးနိုင်တဲ့ သူဌေးတစ်ယောက်ကိုယ်တိုင်က ယုံကြည်ရခက်တဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်နေပြီလေ။”
လူတိုင်း၏ ဆွေးနွေးမှုများကို စောင့်ကြည့်ရင်း ကျူးဝူတစ်ယောက် သက်သေအချို့ ထုတ်ပြရမည့်အချိန် ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။
[ ခရမ်းချဉ်သီး (C အဆင့်) ၃၀၀ ဂရမ်၊ ဖရဲသီး ၈ ကီလိုဂရမ်။]
အများသုံးချန်နယ်ထဲတွင် ထိုပစ္စည်းနှစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသောအခါ လူတိုင်း၏ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။
“သေစမ်း... သူဌေးက အခုကတည်းက ဒီလောက်အများကြီး ရိတ်သိမ်းနေရပြီလား။”
“အစတုန်းက ဆလတ်ရွက်ပဲ စိုက်ပျိုးနိုင်သေးတယ်လို့ ထင်နေတာ။ အခု ခရမ်းချဉ်သီးနဲ့ ဖရဲသီးတွေပါ ရိတ်သိမ်းနိုင်ပြီပေါ့။”
“ငါတော့ အခု အစ်ကိုကျူးကို ပိုပိုပြီးတော့တောင် အားကျလာပြီ။ သူက ယီရန်ပင်းရဲ့ ပေါင်ကို စောစောစီးစီး ဖက်တွယ်ထားနိုင်ခဲ့တယ်။ ငါလည်း သွားဖက်ချင်လိုက်တာ။”
“ဟုတ်ပါ့။ ယီရန်ပင်းက အရမ်းကို ရက်ရောလွန်းတာပဲ မဟုတ်ဘူးလား။ အစ်ကိုကျူးဆီကို ဒီလိုကောင်းတဲ့ ပစ္စည်းတွေကို တိုက်ရိုက် လှမ်းပေးလိုက်တာလား။”
“အစ်ကိုကျူး... အမှန်အတိုင်း ပြောစမ်းပါ။ မင်း မင်းရဲ့ ဖင်ကို ရောင်းစားလိုက်တာမလား။”
“လစ်လိုက်စမ်း...။ ငါ သူဌေးရဲ့ ရုပ်ရည်ကိုတောင် အခုထိ မမြင်ဖူးသေးဘူးကွ။”
ကျူးဝူ ချက်ချင်းပင် ရယ်မောလျက် ပြန်လည်ဆဲဆိုလိုက်သည်။
“အစ်ကိုကျူး မင်းရဲ့ စကားအရဆိုရင် သူဌေးရဲ့ ရုပ်ရည်ကို မြင်ပြီးလို့ သဘောကျရင်တော့ အဆင်ပြေတယ်လို့ ဆိုလိုတာပေါ့ ဟုတ်လား။”
“သူ အဲဒီလို ဆိုလိုတာ သေချာတယ်။ အစ်ကိုကျူး ဂေးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ ငါ တကယ် ထင်မထားခဲ့ဘူး။”
“သောက်ကျိုးနည်း... မင်းတို့ကမှ ဂေးတာ၊ မင်းတို့တစ်မိသားစုလုံး ဂေးတာကွ။ ငါက သံမဏိလို ဖြောင့်မတ်တဲ့ ယောက်ျားစစ်စစ်ပဲ။”
ကျူးဝူ ချက်ချင်းပင် ပြန်လည်ချေပလိုက်သည်။
“ဒါဆို သူဌေးက မင်းအပေါ် ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲဆိုတာ ရှင်းပြလေ။”
“မှန်တယ်။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်စမ်းပါ။ ရှင်သန်မှုကာလအတွင်းမှာ ဘယ်သူဌေးကများ ကိုယ့်ရဲ့ လက်အောက်ငယ်သားအပေါ် ဒီလောက်အထိ ကောင်းဖူးလို့လဲ။”
“တစ်ယောက်မှ မရှိလောက်ဘူး။ လက်အောက်ငယ်သားကို ဗိုက်ဝအောင် ကျွေးထားနိုင်ရင်တင် အတော်လေး တော်လှပြီ။ ဘယ်သူက သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို မျှော်လင့်ရဲမှာလဲ။”
“ပထမအဆင့်တုန်းက ငါတို့ဆရာကြီးဆိုရင် ငါတို့ကို တစ်လုတ်စာပဲ ကျွေးပြီး ဘာမှ ထပ်မပေးတော့ဘူး။ အခု ပြန်တွေးကြည့်တော့ ငါ တကယ် သနားဖို့ကောင်းခဲ့တာပဲ။”
ကျူးဝူတစ်ယောက် စကားလုံးများ ပျောက်ရှသွားခဲ့ရသည်။
ဤအချိန်တွင် ရှောင်းယီသည်လည်း ကျန်ရှိနေသော ဖရဲသီးကို စားသုံးပြီးသွားသဖြင့် ကျူးဝူထံသို့ မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်သည်။
“မင်း ဗိုက် အရမ်းပြည့်ပြီး ပျင်းနေလို့ အများသုံးချန်နယ်မှာ သူတို့နဲ့ လိုက်ပြီး ရန်ဖြစ်နေတာလား။”
“ဟီးဟီး... အဲဒါလည်း ဟုတ်ပါတယ်။ ခုနက ဖရဲသီးတစ်ခြမ်း စားပြီးတော့ ဗိုက်က တကယ်ကြီး ပေါက်ထွက်မတတ် ပြည့်နေတာ။”
ကျူးဝူက အတည်ပေါက်ဖြင့် ပြန်ဖြေလိုက်သည်။
“ဘာပဲဖြစ်ဖြစ် အားနေတာနဲ့အတူ အဲဒီလို လုပ်နေတာပေါ့။ မဟုတ်ရင် အရမ်း ပျင်းစရာကောင်းလွန်းတယ်။”
ရှောင်းယီ မျက်လုံးတစ်ချက် လှိမ့်လိုက်မိသည်။
“မင်း တကယ်ကို ပျင်းနေတာပဲ။”
ကျူးဝူက ပြုံးကာ ဆက်မေးလိုက်သည်။
“သူဌေး... ပထမအဆင့်တုန်းက အစ်ကိုကျန်းတို့လည်း ဒီလို ကောင်းမွန်တဲ့ အစားအစာတွေကို စားခဲ့ကြရတာပဲလား။”
“နိုး..။”
ရှောင်းယီက ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျူးဝူ၏ ဖင်ကြီး ကျုံ့ဝင်သွားပြီး အနည်းငယ် ထိတ်လန့်တုန်လှုပ်သွားမိသည်။
“သူဌေးက ငါ့ကို တကယ်ကြီး စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော်...”
သို့သော် ရှောင်းယီက ဆက်ပြောလာခဲ့သည်။
“ဒီပစ္စည်းတွေက အရမ်း အဆင့်နိမ့်လွန်းတယ်။ ငါတို့ဆီက ဝမ်ချိုင်တောင် ဒါတွေကို မစားဘူး။”
ရှောင်းယီ ထိုသို့ ပြောလာလိမ့်မည်ဟု မည်သူ ထင်မှတ်ထားမည်နည်း။
“ဝမ်ချိုင် ဟုတ်လား... ဝမ်ချိုင်ကလည်း သူဌေးရဲ့ လက်အောက်ငယ်သားပဲလား။”
ကျူးဝူ အနည်းငယ် ကြောင်အမ်းသွားပြီးနောက် မေးလိုက်သည်။
“ငါတို့ မွေးထားတဲ့ ခွေးလေးလေ။ ငါ့မှတ်ဉာဏ်ထဲမှာတော့ အစ်ကိုကျန်း ငါ့ကျွန်းမှာ ရှိစဉ်တုန်းက သူက ငါနဲ့ အမြဲတမ်း အတူတူ စားတာဆိုတော့ အခြေခံအားဖြင့် A အဆင့် ဒါမှမဟုတ် အဲဒီထက် အဆင့်မြင့်တဲ့ အစားအစာတွေကိုပဲ စားခဲ့တာ။ ဒီ အစားအစာတွေက အရမ်းအဆင့်နိမ့်လွန်းတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ထိုစဉ်က ရှောင်းယီသည် ကျန်းယွင်ထျန်းနှင့် အခြားလူများကို မိမိကျွန်းပေါ်တွင် စုစည်းထားချိန်၌ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ရန်အတွက် အရင်းအမြစ်များကို စုစည်းသည့်အနေဖြင့် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သာ အဆင့်မြင့်အစားအစာများကို စားသုံးခဲ့ကြပြီး အခြားသူများမှာမူ အဆင့်အတန်ငယ်နိမ့်သော အစားအစာများကိုသာ စားခဲ့ကြရသည်။
သို့သော် ထိုစဉ်က အဆင့်အတန်ငယ်နိမ့်သော အစားအစာများပင်လျှင် အခြား အသက်ရှင်ကျန်ရစ်သူများအတွက် အလွန်အမင်း အဖိုးတန်လှပေသည်။
၎င်းမှာ ရှောင်းယီ၏ လက်ထဲတွင် အဆင့်မြင့် အစားအစာများ အလွန်အမင်း များပြားနေခဲ့သောကြောင့်သာ ဖြစ်သည်။
ရှောင်းယီ၏ အဖြေကို ကြားလိုက်ရသောအခါ ကျူးဝူတစ်ယောက် ထပ်မံ၍ အကြီးအကျယ် မှင်သက်အံ့အားသင့်သွားရပြန်တော့သည်။
A အဆင့်နဲ့ အဲဒီထက် အဆင့်မြင့်တဲ့ အစားအစာတွေကိုပဲ အမြဲတမ်း စားခဲ့ရတယ် ဟုတ်လား။
သူဌေးက အဲဒီလောက်အထိ များပြားတဲ့ အဆင့်မြင့်အစားအစာတွေကို ဘယ်ကနေ သွားရခဲ့တာလဲ။
“သူဌေး... ပထမအဆင့်တုန်းက သူဌေးဆီမှာ အဆင့်မြင့် အစားအစာတွေ ဒီလောက်တောင် ဘာလို့ အများကြီး ရှိနေရတာလဲ။”
ကျူးဝူ မမေးဘဲ မနေနိုင်တော့ပေ။ ရှောင်းယီက ပြုံးလိုက်သည်။
“ငါ့ဆီမှာ အဆင့်တူညီတဲ့ ပစ္စည်းနှစ်ခုကို ပိုမြင့်တဲ့ အဆင့်ရှိတဲ့ ပစ္စည်းတစ်ခုအဖြစ် ပေါင်းစပ်ပေးနိုင်တဲ့ စူပါပေါင်းစပ်ခြင်းစက် ရှိလို့လေ။”
“သောက်ကျိုးနည်း...”
ကျူးဝူသည် ရှောင်းယီနှင့် စကားပြောသည့်အခါ ဆဲဆိုခြင်းမပြုမိရန် အစွမ်းကုန် ထိန်းချုပ်ထားသော်လည်း ဤတစ်ကြိမ်တွင်မူ သူ အမှန်တကယ် မထိန်းနိုင်တော့ပါချေ။
“ဒီလို စက်မျိုးလည်း ရှိသေးတာလား။”
“ဟုတ်တယ်။ မင်း အများသုံးချန်နယ်ထဲမှာ ပြောခဲ့သလိုပေါ့။မင်း မမြင်ဖူးတာနဲ့ပဲ အဲဒီပစ္စည်းက မရှိဘူးလို့ ပြောလို့မရဘူးလေ။”
ရှောင်းယီက ကျူးဝူ အများသုံးချန်နယ်ထဲတွင် ပြောခဲ့သော စကားကိုပင် ပြန်လည်၍ သုံးနှုန်းလိုက်သည်။
“သူဌေးကတော့ တကယ့်ကို လန်ထွက်နေတာပဲ။”
ကျူးဝူ တစ်ယောက် မချီးကျူးဘဲ မနေနိုင်တော့ပေ။ ရှောင်းယီ ခေါင်းခါယမ်းလိုက်ပြီးနောက် နောက်ထပ် ကုန်သွယ်မှုတစ်ခုကို စတင်လိုက်ပြန်သည်။
[အာကာသယာဉ်ပြင်ပလှုပ်ရှားမှု ဝတ်စုံ (S အဆင့်) ၁ - အခမဲ့လဲလှယ်ခြင်း။]
ကျူးဝူ ထိုကုန်သွယ်မှုကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားခဲ့ရသည်။ သူ အနည်းငယ် ငိုင်သွားခဲ့၏။
“သူဌေး... ဒါက ဘာအတွက်လဲ။ ကျွန်တော့်ကို အပြင်ထွက်ပြီး ပစ္စည်းတွေ ကိုယ်တိုင် လိုက်သိမ်းခိုင်းမလို့လား။”
“မင်း အတွေးလွန်နေပြီ။ ဒါက အာကုန်းကို ပေးဖို့အတွက်ပဲ။ အသေးစား အာကာသယာဉ်မှာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်နဲ့ ချိတ်ဆက်ဖို့ နေရာတစ်ခုပဲ ရှိတာ။ အချိန်တန်လို့ အားကုန်းရဲ့ ကယ်ဆယ်ရေးယာဉ်က အသေးစား အာကာသယာဉ်နဲ့ လာပြီး ချိတ်ဆက်လို့မရရင် သူ ဒါကို အသုံးပြုရလိမ့်မယ်။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“ဟုတ်သားပဲ...ဟုတ်သားပဲ။ သူဌေးက တကယ်ကို အဘက်ဘက်က တွေးတောပေးတာပဲ။ သူဌေးလို ခေါင်းဆောင်နောက်ကို လိုက်ရတာ အရမ်းပျော်စရာကောင်းတယ်။”
ကျူးဝူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ငါ့ကို လာပြီး ဖားမနေနဲ့တော့။ မင်း အားရင် နောက်ထပ် ဘာတွေ ပြင်ဆင်ဖို့ လိုအပ်ဦးမလဲဆိုတာကိုပဲ တွေးထားစမ်းပါ။ အစ်ကိုကျန်းတို့ဘက် ရောက်မှ သတိရမနေနဲ့။”
ရှောင်းယီက ဆိုလိုက်သည်။
“သူဌေး... ကျွန်တော်က ဖားနေတာမဟုတ်ပါဘူး။ အမှန်အတိုင်း ပြောနေတာပါ။”
ကျူးဝူက ချက်ချင်းပင် အလွန်တည်ကြည်သော မျက်နှာပေးဖြင့် ပြောလိုက်သည်။
“တော်စမ်းပါ။ မင်း အဲဒီလို ထပ်ပြောရင် မင်းရဲ့ ရိက္ခာကို ဖြတ်ပစ်မယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဒါဆိုရင် သစ်သီးနဲ့ ဟင်းသီးဟင်းရွက်လေးတွေပဲ ပေးရင်လည်း အဆင်ပြေပါတယ်။”
ကျူးဝူက ပြုံးစိစိဖြင့် ပြောလိုက်သည်။
ရှောင်းယီ ကူကယ်ရာမဲ့စွာ ခေါင်းခါယမ်းလိုက်ပြီး သူနှင့် ဆက်၍ စကားအခြေအတင် မပြောတော့ချေ။ အဘယ်ကြောင့်ဆိုသော် အာကာသချိတ်ထံမှ ရိက္ခာသေတ္တာတစ်လုံးကို ဖမ်းမိထားပြီဖြစ်ကြောင်း အချက်ပြချက် ရရှိလိုက်သောကြောင့် ဖြစ်သည်။
သူသည် ဘေးနားရှိ လက်ရန်းကို ဆွဲကိုင်လျက် ပစ္စည်းစုဆောင်းရေးအခန်းဘက်သို့ မျှောလွင့်သွားခဲ့သည်။
ရိက္ခာသေတ္တာကို ဖွင့်လိုက်သောအခါ...
“ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၁၀၊ အနက်ရောင်ရွှေ ၃။”
“ဒါပဲလား...”
ရှောင်းယီသည် ဗလာကျင်းနေသော ရိက္ခာသေတ္တာကို ကြည့်ရင်း ကြောင်အမ်းသွားပြီး မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါယမ်းလိုက်မိသည်။
တကယ်ကြီး ပိုပြီးတော့တောင် ကပ်စေးနှဲလာတာပဲ။
ရှောင်းယီသည် စိတ်ပျက်လက်ပျက်ဖြင့် အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေများကို သိမ်းဆည်းကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လာခဲ့လိုက်သည်။
“ဒီနေ့ ငါ့ကံဇာတာက အရမ်းဆိုးတာပဲ။ အစားအစာပဲဖြစ်ဖြစ် ရေသန့်ပဲဖြစ်ဖြစ် တစ်ခုမှ မရဘူး။ ငါတော့ ဗိုက်ဆာရတော့မယ် ထင်တယ်။”
“အနက်ရောင်ရွှေကို သုံးပြီး အစားအစာတွေ လိုက်ဝယ်လို့ရတာပဲ။ အစားအစာတွေကို အနက်ရောင်ရွှေနဲ့ လဲချင်တဲ့လူတွေ ရှိမှာပါ။”
“မှန်တယ်။ သူဌေးက အဲဒီမှာ အစားအစာတွေ စိုက်ပျိုးနေပြီပဲ။ ဖြစ်နိုင်တာက ဆရာကြီးက မင်းကို နည်းနည်းလောက် ထုတ်ရောင်းပေးလိမ့်မယ်။”
၎င်းကို မြင်သောအခါ ရှောင်းယီသည် အများသုံးချန်နယ်ထဲတွင် ချက်ချင်းပင် ဝင်ပြောလိုက်သည်။
“ငါ စိုက်ပျိုးထားတဲ့ အစားအစာတွေက အခုထိ အများကြီး မရှိသေးတာမို့လို့ လောလောဆယ်တော့ ပြင်ပကို ထုတ်ရောင်းပေးဦးမှာ မဟုတ်ပါဘူး။”
“အများကြီး မရှိဘူး ဟုတ်လား။ သူဌေး... မင်းက အစ်ကိုကျူးဆီကို ၁၆ ဂျင်ရှိတဲ့ ဖရဲသီးအကြီးကြီးတစ်လုံး လှမ်းပေးလိုက်တာ မဟုတ်ဘူးလား။ အဲဒါတောင် မများသေးဘူးလား။”
“ဟုတ်ပါ့။ ခရမ်းချဉ်သီးတွေလည်း ပါသေးတယ်။”
“ဆရာကြီးတွေအားလုံးက ဒီလိုနှိမ့်ချသလိုလိုနဲ့ ဝါကြွားပြောရတာမျိုးကို သဘောကျကြတာလား မသိဘူး။”
ထိုစဉ် ကျူးဝူ တစ်ဖန် ပြန်ပေါ်လာခဲ့သည်။
“ပြင်ပေးပါရစေ။ သူဌေးက ငါ့ကို ၁၆ ဂျင်ရှိတဲ့ ဖရဲသီးပေးတာမဟုတ်ဘူး။ ၈၀ ဂျင်ရှိတဲ့ ဖရဲသီးအကြီးကြီး ပေးလိုက်တာကွ။”
“သေစမ်း... ဒီတစ်ကြိမ်တော့ ငါ တကယ်ပဲ သူဌေးကို ဒူးထောက်အရှုံးပေးလိုက်ပြီ။ သူဌေး... သူဌေးဆီမှာ အစေခံ တစ်ယောက်ယောက် လိုအပ်နေသေးလား။ ကျုပ် အကြွင်းမဲ့ နာခံပါ့မယ်။ ကျုပ်ကို ဖရဲသီးတစ်စိတ်လောက် ပေးရင်ပဲ ရပါပြီ။”
“ဟုတ်တယ်။ ဒါက အရမ်းကို ရက်စက်လွန်းတယ်။ သူက အစ်ကိုကျူးဆီကို ပိဿာ ၈၀ ရှိတဲ့ ဖရဲသီးအကြီးကြီး တိုက်ရိုက် လှမ်းပေးလိုက်တာလား။ သူက အစ်ကိုကျူးကို ဗိုက်ကွဲပြီး သေအောင် လုပ်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်။”
အခန်း ၁၃၅၄
“ဟုတ်တယ်။ တခြား ဘာမှ စားစရာ မလိုဘူး။ ဖရဲသီးပဲ နေ့တိုင်း စားနေရရင်တောင် အဆင်ပြေပါတယ်။”
“အဲဒါကတော့ အဆင်မပြေဘူး။ အိမ်သာ တစ်ခါသွားလိုက်တာနဲ့ ကုန်သွားမှာပေါ့။”
“အိမ်သာသွားတဲ့ အကြောင်း ပြောရရင်တော့ ဖရဲသီး မစားတာ ပိုကောင်းမယ်ထင်တယ်။ ဖရဲသီးသာ စားမိရင် ငါ့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်က တကယ် မနိုင်တော့ဘူး။”
“ဟုတ်တယ်။ ငါ့အတွက် အခု အစားအစာနဲ့ ရေထက်ပိုပြီး လိုအပ်နေတာက အိမ်သာသုံး ပစ္စည်းကိရိယာတစ်ခုပဲ။ အဲဒါက ပိုပြီး အရေးကြီးနေသလိုပဲ။”
“ဟူး... ထားလိုက်ပါတော့ဗျာ။ ဘယ်သူ့ဆီမှာ ပစ္စည်းသေတ္တာအလွတ်တွေ ရှိသေးလဲ။ ငါ နောက်ထပ် နှစ်လုံးလောက် ဝယ်ထားဦးမယ်။ အိမ်သာကို မကြာခဏ လဲလှယ်လိုက်မယ်။ အရေးပေါ်ယာဉ်ထဲက အနံ့ဆိုးတွေ သက်သာသွားလိမ့်မယ်လို့ပဲ မျှော်လင့်ရတာပဲ။”
“မင်းတို့က အခုထိ မကျင့်သားရသေးဘူးလား။ ငါတော့ ဒီအနံ့ကို ကျင့်သားရနေပြီ။ ဟိုတုန်းက စစ်သည်တော် အထူးတပ်ဖွဲ့မှာ လေ့ကျင့်တုန်းကဆိုရင် အိမ်သာကျင်းဘေးမှာ ထိုင်ပြီးတောင် စားဖူးသေးတာပဲ။ ဒီအနံ့လောက်ကတော့ ဘာမှမဟုတ်ပါဘူး။”
“အော့...ချီးပဲ...။ ငါ ခုနကမှ နေ့လယ်စာ စားပြီးတာကွ။ အော့... နောင်ကျရင် စားချိန်နားမှာ ဒီလို ရွံစရာကောင်းတဲ့ စကားမျိုး မပြောကြပါနဲ့လား။”
“ကြားရုံနဲ့တင် မူးမော်နေတာလား။ မင်းရဲ့ ခံနိုင်ရည်က အရမ်းကို အားနည်းလွန်းတယ်။ မင်း ပိုပြီး လေ့ကျင့်ဖို့ လိုနေပြီ။”
“လစ်လိုက်စမ်းပါ။ ငါ မလေ့ကျင့်ဘူး။ ငါ ဒီနေ့မှ စွန့်ပစ်ပစ္စည်း စုဆောင်းရေးစက်တစ်လုံး ရထားတာ။ မကြာခင်မှာ ကုန်ကြမ်းတွေ ဝယ်ပြီး ထုတ်လုပ်လိုက်တော့မယ်။ အဲဒီကျရင် ငါ့ရဲ့ အရေးပေါ်ယာဉ်ထဲမှာ ဘယ်တော့မှ ထူးဆန်းတဲ့ အနံ့အသက်တွေ ရှိတော့မှာ မဟုတ်ဘူး။”
“မင်း တွေးလွန်းနေပြီ။ အရင်ရှိနေတဲ့ အနံ့တွေက ပျောက်သွားမှာမို့လို့လား။ မင်းဆီမှာ လေထုသန့်စင်တဲ့ စက်မှ မရှိတာ။”
“ဘယ်သူပြောလဲ။ ရှိတယ်လေ။ သူကိုယ်တိုင်ပဲလေ။ သူက အဲဒီအနံ့တွေကို ရှူသွင်းလိုက်ပြီး သူ့ရဲ့ အရေးပေါ်ယာဉ်ထဲက လေကို သန့်စင်ပေးနေတာပေါ့။”
“ဟေး... ဘာလို့ ဒီစကားတွေက ပြောလေ ပိုရွံစရာကောင်းလေ ဖြစ်လာရတာလဲ။”
“ချီးပဲ... ခေါင်းစဉ် ပြောင်းကြရအောင်။ ဘယ်လိုလုပ်ပြီး ပိုမြန်မြန် အဆင့်မြှင့်တင်နိုင်မလဲဆိုတာ ဆွေးနွေးကြရင် ပိုမကောင်းဘူးလား။”
“အဲဒီအကြောင်းကတော့ ဆွေးနွေးစရာ သိပ်မရှိပါဘူး။ အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောင်ရွှေတွေက အများကြီး လိုအပ်နေတာဆိုတော့ ငါတို့မှာ အခွင့်အရေး မရှိတော့သလိုပဲ။”
“ငါလည်း အတူတူပါပဲ။ အချိန်တန်ရင်တော့ ဆရာကြီးတစ်ယောက်ယောက်ရဲ့ အာကာသယာဉ်ကို အလကားလိုက်စီးပြီးပဲ သွားတော့မယ်။ ငါ့ဆီမှာ အုတ်မြစ်ကျောက်တောင် လုံလောက်အောင် မရှိဘူး။ အနက်ရောင်ရွှေကျတော့လည်း လိုအပ်တဲ့ ပမာဏနဲ့ အဝေးကြီး လိုနေသေးတယ်။”
“ဟူး... တကယ်ကို ခက်ခဲလွန်းပါတယ်။ ဒီနေ့ရက်တွေ ဘယ်တော့မှ ပြီးဆုံးမှာလဲကွာ။”
“ဟားဟားဟား... ညီအစ်ကို ငါ ရေသန့်စက် တစ်လုံး ရပြီကွ။ အခုကစပြီး ရေသန့် မလောက်မှာကို စိုးရိမ်စရာ မလိုတော့ဘူး။”
“အစ်ကိုကြီး... အဆင့်ကို အရင်စစ်ကြည့်လိုက်ဦး။ ဟိုတစ်ခါတုန်းက ရေလျှပ်စစ်ခွဲစက်ရသွားတဲ့ အစ်ကိုကြီးကလည်း နောက်ကျရင် အောက်ဆီဂျင် ဝယ်စရာ မလိုတော့ဘူးလို့ ထင်ခဲ့တာပဲ။ နောက်ဆုံးကျတော့ နေ့တိုင်း လိုက်ဝယ်နေရတုန်းပဲလေ။”
“အိုး... စိတ်ဓာတ်ကျစရာတွေ မပြောကြပါနဲ့လား။ အနည်းဆုံးတော့ ငါ့မှာ ရေသန့်စက် ရှိသွားပြီဆိုတော့ အချိန်ပိုကြာကြာ ခံနိုင်တော့မှာပေါ့။”
“ဟုတ်တယ် ”
“ဒီနေ့ ဘာနေ့လဲ။ ရေသန့်စက်တွေက အရမ်း ရလွယ်နေတာလား။ ငါလည်း ရပြီကွ။”
“ဟုတ်တယ်။ ငါလည်း တစ်လုံး ရတယ်။”
အများသုံးချန်နယ်ထဲတွင် ရေသန့်စက်များ ရရှိနေကြပြီဟု ပြောဆိုနေကြသော လူအနည်းငယ်ကို မြင်လိုက်ရသောအခါ ရှောင်းယီ ခဏမျှ ဘာပြောရမှန်းမသိ ဖြစ်သွားခဲ့ရသည်။
လူတိုင်း ရေသန့်စက် ရနေကြပြီး ငါ့ကျမှ ဘာလို့ မရရမှာလဲ။
အဲဒါကလည်း အမှန်တော့ မဟုတ်သေးဘူး။ ငါ့ဆီမှာ C အဆင့် ရေသန့်စက်တစ်လုံး ရှိပြီးသားပဲ။
ထိုအချက်ကို တွေးမိပြီးနောက် ရှောင်းယီသည် ကျူးဝူထံသို့ ကုန်သွယ်မှုတစ်ခု ထပ်မံပြုလုပ်ပေးလိုက်သည်။
[ ရေသန့်စက် (C အဆင့်) ၁ - အခမဲ့လဲလှယ်ခြင်း။]
ကျူးဝူသည် ထိုကုန်သွယ်မှုကို မြင်လိုက်သောအခါ မူးဝေသွားတော့သည်။
“ဒါကလည်း အစ်ကိုကျန်းတို့အတွက်ပဲလား။”
“ဟုတ်တယ်။ ငါ့ဆီမှာ ဒါက ဘာမှ အသုံးမဝင်ဘူး။ ငါ မင်းကို S အဆင့် ရေတွေ လုံလောက်အောင် ပေးထားမှာဆိုတော့ မင်းအတွက်လည်း ဒါကို လိုအပ်မှာ မဟုတ်ဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ။”
ကျူးဝူက ပြန်ဖြေလိုက်သည်။
အစတုန်းကတော့ ကျူးဝူသည် ဤ C အဆင့် ရေသန့်စက်ကို အမှန်တကယ် လိုချင်ခဲ့ဖူးသည်။ သို့သော် သူသည် နောက်ဆုံး နှစ်ရက်အတွင်း S အဆင့် ရေများကိုသာ သောက်သုံးနေခဲ့ရသဖြင့် ယခုအခါတွင် ဤ C အဆင့် ရေသန့်စက်ကို မြင်လိုက်ရသောအခါ သာမန်အတိုင်း ဖြစ်နေတော့သည်။
“သူဌေးနောက်ကို လိုက်လာတာ နှစ်ပတ်တောင် မပြည့်သေးဘူး။ ငါ့ရဲ့ စံနှုန်းတွေက ဘယ်လိုလုပ်ပြီး ဒီလောက်အထိ မြင့်တက်သွားရတာလဲ။”
ကျူးဝူ စိတ်ပျက်လက်ပျက် ရေရွတ်လိုက်မိသည်။
သူသည် C အဆင့်ရေသန့်စက်ကို လက်ခံလိုက်ပြီးနောက် ပျင်းရိစွာဖြင့် အများသုံးချန်နယ်ကိုသာ ဆက်လက် စောင့်ကြည့်နေလိုက်ပြန်သည်။
ရှောင်းယီဘက်တွင်မူ ဒုတိယမြောက် ရိက္ခာသေတ္တာကို သိမ်းဆည်းရရှိခဲ့သော်လည်း ယခင်ကအတိုင်းပင် အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေများသာ ပါဝင်နေခဲ့သည်။
ရှောင်းယီတစ်ယောက် လုံးဝကို ဘာမှလုပ်မရသည့်အခြေအနေသို့ ရောက်သွားခဲ့ရသည်။
ဤအချိန်တွင် အချက်ပြလက်ခံစက်က မေးမြန်းလာခဲ့သည်။
“အချက်ပြမှု ရရှိပါသည်။ အဓိပ္ပာယ် ဖွင့်ဆိုပါမည်လား။”
“အဓိပ္ပာယ်ဖွင့်ဆိုလိုက်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“မင်္ဂလာပါ။ ငါတို့က ဂမ်မာဂလက်ဆီ၊ အစဉ့်ကလျားဂြိုဟ်မှ ဉာဏ်ရည်ရှိ သက်ရှိတွေပဲ။ မင်းတို့က ဘယ်ဂလက်ဆီကလဲဆိုတာ မေးမြန်းခွင့်ပြုပါ။”
အချက်ပြလက်ခံစက်က ချက်ချင်း ပြန်လည်ဖြေကြားလာခဲ့သည်။
“ဒီတစ်ခေါက် တော်တော်မြန်ပါလား။”
ရှောင်းယီ အံ့အားသင့်စွာဖြင့် ပြောလိုက်မိသော်လည်း နောက်အခိုက်၌ ချက်ချင်း သဘောပေါက်သွားခဲ့သည်။ ၎င်းသည် ပထမအကြိမ် အချက်အလက်တွေကို Parse လုပ်တုန်းကနှင့် အတူတူပင် မဟုတ်ပါလော။ အဆုံး၌ မေးခွန်းတစ်ခုသာ ထပ်တိုးလာခြင်းဖြစ်သည်။
ရှောင်းယီ အနည်းငယ် စဉ်းစားကြည့်လိုက်၏။
“သူတို့ရဲ့ အချက်အလက် ကုဒ်သွင်းမှုအတိုင်း ပြန်တုံ့ပြန်ပေးလိုက်ပါ။ ငါက နေအဖွဲ့အစည်းကပဲ။”
“ဟုတ်ကဲ့။”
အချက်ပြလက်ခံစက်က ပြန်ဖြေပြီးနောက် ရှောင်းယီ၏ စကားကို ချက်ချင်း ကုဒ်သွင်း၍ ပြန်လည်ပေးပို့လိုက်သည်။
“ဒီဂလက်ဆီမှာ တကယ်ပဲ ဉာဏ်ရည်ရှိတဲ့ သက်ရှိတွေ ရှိနေတာပဲ။ ငါ နောက်ဆုံးအကြိမ် ဖျက်ဆီးလိုက်တဲ့ အာကာသယာဉ်က ကိုယ်စားပြုတဲ့ ယဉ်ကျေးမှုမျိုး ဖြစ်နေမလားဆိုတာ သိချင်မိတယ်။”
ရှောင်းယီက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
အချိန်များ ဖြည်းဖြည်းချင်း ကုန်ဆုံးသွားပြီး မကြာမီမှာပင် ညဘက်သို့ ရောက်ရှိလာခဲ့ပြန်သည်။ အာကာသစက်ရုပ် ၁ နှင့် ၂ ကို ညွှန်ကြားချက်များ ပေးပြီးနောက် ရှောင်းယီသည် အနားယူရန်အတွက် လူနေခန်းသို့ မျှောလွင့်သွားခဲ့သည်။
ညဘက်တွင် ထူးထူးခြားခြား ဖြစ်ရပ်များ မရှိခဲ့ပေ။ နောက်တစ်နေ့တွင် ရှောင်းယီသည် နံနက် ၅ နာရီ၌ အချိန်မှန် နိုးထလာပြီး ယာဉ်မောင်းခန်းသို့ ရောက်လာကာ မနေ့ညက အခြေအနေများကို စုံစမ်းလိုက်သည်။
ထို့နောက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ဆက်သွယ်ရန်စာရင်းကို ကြည့်လိုက်ရာ ကျူးဝူ၏ အမည်မှာ လင်းနေဆဲ ဖြစ်သဖြင့် သူသည် မိမိ၏ ဂလက်ဆီထဲတွင် ရှိနေဆဲဖြစ်ကြောင်း သိလိုက်ရသည်။
သူသည် ကျူးဝူအတွက် စုဆောင်းရေးစက် နှစ်လုံးကို ဆက်လက် ငှားရမ်းပေးလိုက်ပြီး ကြယ်တံခွန်အမြီးမှ အမှုန်အမွှားများကို ကူညီစုဆောင်းပေးရန် တောင်းဆိုလိုက်သည်။
ကျူးဝူ မထွက်ခွာမီအချိန်အတွင်း အာဟာရဖျော်ရည် လုံလောက်အောင် စုဆောင်းမိနိုင်ဖို့ သူ မျှော်လင့်ထားသည်။
ရှောင်းယီ ငှားရမ်းခြင်း ကုန်သွယ်မှုကို စတင်လိုက်သောအခါ ကျူးဝူက ချက်ချင်းပင် လက်ခံလိုက်သည်။
“မင်း ဒီနေ့ စောစောနိုးသားပဲ။”
ရှောင်းယီက ချီးကျူးလိုက်သည်။ ကျူးဝူက ပြုံးလိုက်၏။
“ဒါ အဲဒီ အရုပ်လေးကြောင့်ပါ။ အိပ်ရေး ကောင်းကောင်း ဝသွားလို့ပေါ့။ မဟုတ်ရင် ဒီလောက် စောစော နိုးလာမှာ မဟုတ်ဘူး။”
“ဒီအရုပ်ကို ဝယ်လိုက်တာ တကယ် မှန်သွားပုံပဲ။ မင်းရဲ့ တည်နေရာကို စစ်ကြည့်လိုက်ဦး။ အစ်ကိုကျန်းရဲ့ ဂလက်ဆီထဲကို ရောက်ဖို့ ဘယ်လောက်လောက် ထပ်လိုသေးလဲ။”
ကျူးဝူ မြေပုံကို စစ်ကြည့်လိုက်သည်။
“မနက်ဖြန်ည ၁၁ နာရီလောက်ဆိုရင် ရောက်မယ်ထင်တယ်။”
“စောသေးတာပဲ။ မင်း ငါ့အတွက် အရင်းအမြစ်တွေ နည်းနည်းလောက် ထပ်စုပေးပါဦး။”
ရှောင်းယီက ဆိုသည်။
“ဟုတ်ကဲ့။”
ရှောင်းယီသည် ကျူးဝူနှင့် စကားပြောပြီးနောက် ချက်ချင်း လက်မှတ်ထိုးဝင်လိုက်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - စူပါ စကန်ဖတ်စစ်ဆေးရေး ကိရိယာ (SSS အဆင့်) ၁။”
ရှောင်းယီသည် စနစ်ထဲမှ ထိုကိရိယာကို ထုတ်ယူလိုက်သည်နှင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။
“စူပါ စကန်န်ဖတ်စစ်ဆေးရေး ကိရိယာ (SSS အဆင့်) ၁ ခု ရရှိကြောင်း တွေ့ရှိရပါသည်။ အသေးစား အာကာသယာဉ်တွင် တပ်ဆင်ရန်အတွက် အုတ်မြစ်ကျောက်များနှင့် အနက်ရောင်ရွှေများကို သုံးစွဲလိုပါသလား။”
“သုံးမယ်။”
ရှောင်းယီ ပြန်ဖြေလိုက်ပြီး စူပါ စကန်န်ဖတ်စစ်ဆေးရေး ကိရိယာကို စတင် စစ်ဆေးကြည့်လိုက်သည်။
[ စူပါ စကန်ဖတ်စစ်ဆေးရေး ကိရိယာ (SSS အဆင့်) - အလွန်အစွမ်းထက်သော စကန်ဖတ်နိုင်စွမ်းကို ပိုင်ဆိုင်ထားပြီး ပစ်မှတ်ထားသော အရာဝတ္ထုအတွင်းရှိ ပါဝင်ပစ္စည်း အမျိုးမျိုးကို တိကျစွာ စကင်ဖတ်၍ ဆုံးဖြတ်ပေးနိုင်သည်။ ]
ထိုဖော်ပြချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ သူသည် တပ်ဆင်ပြီးစ စကန်ဖတ်စစ်ဆေးရေး ကိရိယာကို ချက်ချင်း အသုံးပြုကာ သူသိမ်းထားသည့် ဥက္ကာခဲဆီသို့ ချိန်ရွယ်၍ စကင်ဖတ်လိုက်သည်။
အလင်းရောင်တန်းတစ်ခုသည် ရှောင်းယီ သတ်မှတ်လိုက်သော ပစ်မှတ်ကို လွှမ်းခြုံသွား၏။ စက္ကန့်အနည်းငယ်အတွင်းမှာပင် စကန်ဖတ်စစ်ဆေးရေး ကိရိယာမှ အချက်ပေးသံ ထွက်ပေါ်လာခဲ့သည်။
“စကင်ဖတ်ခြင်း ပြီးဆုံးပါပြီ။ ခွဲခြမ်းစိတ်ဖြာနေသည်...”
“ခွဲခြမ်းစိတ်ဖြာမှု ပြီးဆုံးပါပြီ။ ဤဥက္ကာခဲတွင် အနက်ရောက်ရွှေ ၅၀၀ ကီလိုဂရမ်၊ ကြေးနီ ၁၀ ကီလိုဂရမ်၊ သံ ၈၅ ကီလိုဂရမ်... ပါဝင်ပါသည်။”