အခန်း (၁၃၅၅-၁၃၅၆)
Vol. 119 Ch. 1355-1356
အခန်း ၁၃၅၅
စကန်ဖတ်စစ်ဆေးရေး ကိရိယာက ဥက္ကာခဲထဲရှိ အစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ် ဖော်ပြပေးနေသည်ကို မြင်သောအခါ ရှောင်းယီတစ်ယောက် ပျော်ရွှင်သွားခဲ့သည်။
“အခု ငါ လိုချင်တဲ့ အရင်းအမြစ်တွေကို ပစ်မှတ်ထားပြီး ပိုပြီးစုဆောင်းနိုင်တော့မယ်။”
ယခင်က ရှောင်းယီအနေဖြင့် ဥက္ကာခဲများကိုသာ ဆွဲယူနိုင်ခဲ့ပြီး မည်သည့်ပစ္စည်းရမည်ဆိုသည်မှာ ကံတရားအပေါ်တွင်သာ မူတည်နေခဲ့သည်။
သို့သော် ယခုအခါတွင်မူ သူသည် ပစ်မှတ်မဲ့စွာ ရှာဖွေနေစရာ မလိုတော့ပေ။ ဥက္ကာခဲတစ်ခုနှင့် တွေ့တိုင်း သူသည် ပထမဆုံး စကင်ဖတ်၍ ခွဲခြမ်းစိတ်ဖြာကြည့်မည်။ ထို့နောက် စုဆောင်းရန် လို၊ မလို ဆုံးဖြတ်မည်။ အကယ်၍ မိမိလိုအပ်သည့် အရင်းအမြစ်များ ရှိနေပါက စုဆောင်းရေးစက်ကို အသက်သွင်း၍ သိမ်းယူမည် ဖြစ်သည်။
ဤကိရိယာကို ရရှိပြီးနောက် ရှောင်းယီသည် မိမိပတ်ဝန်းကျင်ရှိ ဥက္ကာခဲအားလုံးကို စတင် စကင်ဖတ်လိုက်သည်။
ဥက္ကာခဲမိုးအတွင်းမှ ကြားဖြတ်ဖမ်းဆီးရမိသော ဥက္ကာခဲများတွင် အနက်ရောက်ရွှေ ပါဝင်မှု အများဆုံးဖြစ်ကြောင်း သူ တွေ့ရှိလိုက်ရသည်။
ပတ်ဝန်းကျင်ရှိ အခြားဥက္ကာခဲများမှာလည်း အမျိုးမျိုးသော အစိတ်အပိုင်းများ ပါဝင်ကြသော်လည်း တစ်ခုတူညီနေသည်မှာ ဥက္ကာခဲတိုင်းတွင် ရေအရင်းအမြစ်များ ပါဝင်နေခြင်း ဖြစ်သည်။
စကြဝဠာထဲတွင် ရေအရင်းအမြစ်များ မရှားပါးပေ။ ၎င်းတို့ကို ပြုပြင်သန့်စင်နိုင်သည့် စွမ်းရည် ရှိမရှိသာ အဓိက ဖြစ်ပုံရသည်။
နံနက်စာကို ရိုးရိုးရှင်းရှင်း စားပြီးနောက် ရှောင်းယီသည် စိုက်ပျိုးရေးကုန်းပတ်သို့ သွားကာ ကျန်ရှိနေသော ဖရဲသီးများအားလုံးကို ဆွတ်ခူးလိုက်ပြီး နွယ်များကို ဒြပ်စင်အာဟာရဖျော်ရည် ထုတ်လုပ်သည့်စက်ထဲသို့ ထည့်သွင်းကာ အာဟာရဓာတ်များ ပြန်လည်ထုတ်ယူလိုက်သည်။
ထို့နောက် သူနှင့် ကျူးဝူတို့ မနေ့က စားခဲ့သော ဖရဲသီးစေ့များကို စိုက်ပျိုးလိုက်ပြီး အာဟာရဖျော်ရည် အနည်းငယ်ဖြင့် ရေလောင်းပေးလိုက်သည်။
မနေ့က သူ ကျူးဝူကို ငါးလုံး ပေးခဲ့သဖြင့် ဆယ်လုံး ကျန်ရှိနေသေးသည်။ ရှောင်းယီ အနည်းငယ် တွေးတောပြီးနောက် နောက်ထပ် တစ်လုံးကို ခွဲလိုက်ပြီး ဖရဲသီး၏ သုံးပုံတစ်ပုံကို ကျူးဝူထံ ပို့ပေးလိုက်သည်။
တစ်ဝက် မပေးရသည့်အကြောင်းရင်းမှာ ကျူးဝူတစ်ယောက် ဗိုက်အရမ်းပြည့်သွားပြီး အများသုံးချန်နယ်တွင် အဓိပ္ပာယ်မဲ့စကားများ ထပ်ပြောနေမှာကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ကျူးဝူက ဖရဲသီးကို လက်ခံရယူလိုက်သည်။
“ကျေးဇူးတင်ပါတယ် သူဌေး။”
“ရပါတယ်။ မင်းဆီမှာ အစားအစာ လုံလောက်သေးရဲ့လား။”
ရှောင်းယီက မေးလိုက်သည်။
“လုံလောက်ပါတယ် သူဌေး။ အစ်ကိုကျန်းရဲ့ ဂလက်ဆီကနေ ပြန်မလာခင်အထိ စားဖို့ လုံလောက်ပါတယ်။”
“အင်း... အရမ်းလည်း ချွေတာမနေနဲ့။ ငါတို့ဆီမှာ အစားအစာတွေ အများကြီး ရှိတယ်။”
“စိတ်ချပါ သူဌေး။ ဖရဲသီးစားပြီး ဗိုက်ပြည့်အောင် နေနိုင်တဲ့လူက ဘယ်သူကများ ချွေတာနေတော့မှာလဲ။”
ကျူးဝူက ပြုံးကာ ပြန်လည်ချေပလိုက်သည်။ ရှောင်းယီက ပြုံးကာ ခေါင်းခါယမ်းလိုက်ပြီး ကျန်ရှိနေသော ဖရဲသီးကို ပလတ်စတစ်အဖုံးဖြင့် အုပ်ကာ စိုက်ပျိုးရေးကုန်းပတ်မှ ထွက်လာခဲ့လိုက်သည်။
ပန်းသီးပင်များမှာ အသီးများ စသီးနေပြီ ဖြစ်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အရှိန်မြှင့်လုပ်ဆောင်ချက်မှာ တကယ်ကို အစွမ်းထက်လွန်းလှသည်။
တစ်ချက် လှည့်ကြည့်လိုက်ရာ ထောင့်တွင်ရှိသော အာလူးများ အညှောက်ပေါက်နေသည်ကို တွေ့လိုက်ရသည်။
ရှောင်းယီတစ်ယောက် ပျော်ရွှင်စွာဖြင့် အာလူးအညှောက်များကို ဖြတ်ယူ၍ ဗာမီကျူလိုက်ထဲတွင် မြှုပ်နှံလိုက်ပြီး ရှင်သန်နှုန်း မြင့်မားစေရန်အတွက် S အဆင့် ရေသန့်ဖြင့် ရေလောင်းပေးလိုက်သည်။
အာလူး စိုက်ပျိုးနိုင်ပြီဆိုကတည်းက ရှောင်းယီအနေဖြင့် အစားအစာအတွက် စိုးရိမ်စရာ မလိုတော့ပေ။
အရင်က သူသည် ဟင်းသီးဟင်းရွက်နှင့် သစ်သီးများသာ စိုက်ပျိုးခဲ့သဖြင့် ဗိုက်ပြည့်မခံနိုင်ခဲ့ပေ။ အာလူးကတော့ ပိုကောင်းသည်။
အညှောက်ပေါက်နေသော အာလူးများကို စိုက်ပျိုးပြီးနောက် ရှောင်းယီသည် အောင်မြင်စွာ ကြီးထွားနေသော ဟင်းသီးဟင်းရွက် ဥယျာဉ်ကို ကြည့်ရှုကာ ကျေနပ်နေမိပြီးနောက် ယာဉ်မောင်းခန်းသို့ မျှောလွင့်ပြန်လာခဲ့လိုက်သည်။
သူသည် အနားရှိ ဇွန်းတစ်ချောင်းကို ကိုင်ကာ လေထဲတွင် မျှောလွင့်နေသော ဖရဲသီးကို ခတ်ယူစားသုံးရင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အများသုံးချန်နယ်သို့ ပြောင်းလိုက်သည်။
“ချီးပဲကွာ... ဘာလို့ ငါ စိုက်ပျိုးလို့ မရတာလဲကွာ။”
“အပေါ်က ညီအစ်ကို ဘာဖြစ်လို့လဲ။ မင်းဆီမှာ ဗာမီကျူလိုက် ရှိရဲ့လား။”
“ရှိတယ်။ ငါ မနေ့ကမှ ရထားတာ။ ပြီးတော့ သခွားသီးစေ့လည်း ရှိလို့ စိုက်ကြည့်လိုက်တာ။ ဘာလို့ အခုထိ အညှောက်မပေါက်သေးတာလဲ။”
“အဲဒါတော့ မဖြစ်နိုင်ဘူး။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ အရှိန်မြှင့်လုပ်ဆောင်ချက်နဲ့ဆိုရင် သူတို့က ပွင့်နေပြီး အသီးတောင် သီးနေလောက်ပြီ။”
“မှန်တယ်။ မင်း တစ်ခုခု မှားနေတာ ဖြစ်ရမယ်။”
“မဖြစ်နိုင်တာ...။ ပထမအဆင့်တုန်းက ငါ သခွားသီး မစိုက်ခဲ့ဖူးတာလည်း မဟုတ်ဘူး။ ငါ စိုက်တဲ့ သခွားသီးတွေဆိုရင် ရှည်ရှည်၊ ဖြောင့်ဖြောင့်နဲ့ တုတ်တုတ်ကြီးတွေပဲ။”
“မိန်းကလေးတွေက သူတို့ အရမ်းကောင်းတယ်လို့ ပြောကြလား။”
“လစ်လိုက်စမ်း...ငါစိုက်တဲ့ သခွားသီးတွေက စားဖို့သက်သက်ပဲ။ တခြားကိစ္စအတွက် မဟုတ်ဘူး။”
“ဘယ်လိုလုပ် အသုံးမဝင်မှာလဲ။ မိန်းကလေးတွေက အလှအပအတွက် မျက်နှာပေါ်မှာ သခွားသီးပါးပါးလေးတွေ ကပ်ရတာ ကြိုက်ကြတယ် မဟုတ်ဘူးလား။”
“ငါက မင်းကို အဲဒီအကြောင်း ပြောနေတာလို့ ထင်ခဲ့တာ…”
“မင်းက ဘာထင်နေတာလဲ။”
“ချီးပဲ... ညစ်ညမ်းတဲ့ စကားတွေ ရပ်ပြီး သူဘာလို့ မစိုက်ပျိုးနိုင်တာလဲဆိုတာကိုပဲ ဆက်ပြောကြရအောက်လား။”
“ဟုတ်တယ်။ ပထမအဆင့်တုန်းက စိုက်ပျိုးနိုင်ခဲ့တာဆိုတော့ အခုလည်း မစိုက်ပျိုးနိုင်စရာ အကြောင်းမရှိဘူး။ မင်းရဲ့ စိုက်ပျိုးတဲ့ ပုံစံကို အသေးစိတ် ပြောပြပါဦး။”
“စိုက်ပျိုးပုံမှာ ထူးထူးခြားခြား ဘာမှမရှိပါဘူး။ ရေလောင်းတယ်၊ ကျင်းတူးတယ်၊ ပြီးရင် အစေ့ချလိုက်တာပဲ။ ဒီနေရာမှာ ပျိုးထောင်ဖို့ အခြေအနေတွေ မရှိဘူးလေ။ ဒီလိုပဲ လုပ်လို့ရမှာပေါ့။”
“ဟမ်... ကျင်းတူး၊ မြေဆီလွှာနည်းနည်းမြှုပ်၊ ပြီးမှ ရေလောင်းရမှာ မဟုတ်ဘူးလား။ ဘာလို့ ရေအရင်လောင်းတာလဲ။”
“အပေါ်ကလူက အာကာသစိုက်ပျိုးရေးရဲ့ ထူးခြားချက်တွေကို တကယ်ကို နားမလည်ဘယးပဲ။”
“ဆရာကြီး... ကျေးဇူးပြုပြီး ပြောပြပေးပါဦး။ ကျွန်တော် တကယ် မသိလို့ပါ။”
“အာကာသစိုက်ပျိုးရေးမှာ ဗာမီကျူလိုက်ကို မြေဆီလွှာအဖြစ် သုံးရတာပဲ။ ဗာမီကျူလိုက်က ဖွာနေတတ်တော့ ရေကို အရင်လောင်းပြီး အပြည့်အဝ စုပ်ယူစေရတယ်။ ပြီးမှ ရေစိုနေတဲ့ ဗာမီကျူလိုက်ထဲကို အစေ့ချရတာ။ ဒါကြောင့် ရေအရင်လောင်းရတာပဲ။”
“အော်... အဲဒီလိုကိုး။ အဲလိုဆိုရင်တော့ ပြဿနာ မရှိသလိုပဲ။”
“ဟုတ်တယ်။ ပြဿနာ မရှိဘူး။ ဒါပေမဲ့ ဘာလို့ အညှောက်မပေါက်ရတာလဲဆိုတာပဲ မသိတာ။”
“မင်းရဲ့ သခွားသီးစေ့တွေက ဘယ်အဆင့်လဲ။”
“အကုန်လုံးက သာမန်အဆင့်တွေပဲ။ ဗာမီကျူလိုက်ကလည်း သာမန်အဆင့်ပဲ။ အဆင့်နဲ့ ပတ်သက်ရင် ပြဿနာ မရှိပါဘူး။”
“ရေကရော ဘယ်လိုလဲ။”
“ရေလား။ ရေအရင်းအမြစ်စုဆောင်းရေးစက်နဲ့ ဥက္ကာခဲဆီကနေ စုဆောင်းရရှိတဲ့ ရေလေ။”
“ဘာ...။ မင်းက ရေအရင်းအမြစ်စုဆောင်းရေးစက်နဲ့ ဥက္ကာခဲဆီကနေ ရတဲ့ရေကို တိုက်ရိုက် သုံးပြီး အစေ့ကို ရေလောင်းတာလား။”
“အို... ငါတို့ သောက်တဲ့ရေကို သုံးရမှာလား။”
“မင်း ရူးနေတာလား။ ဥက္ကာခဲဆီကနေ စုဆောင်းရတဲ့ရေကို မင်း တကယ်ပဲ သောက်မှာလား။”
“သေချာပေါက် မသောက်ဘူးလေ။ အဲဒီရေမှာ ရေဒီယိုသတ္တိကြွတွေ ပါနိုင်တယ်လို့ ပြောနေကြတာ မဟုတ်ဘူးလား။”
“မင်းက ရေဒီယိုသတ္တိကြွကို စိုးရိမ်နေတာဆိုရင် ဘာလို့ အစေ့တွေကို ရေလောင်းတဲ့နေရာမှာ သုံးတာလဲ။”
“အို... ဒါဆိုရင် ငါ့ရဲ့ အစေ့တွေအားလုံး ပျက်စီးသွားပြီပေါ့။”
“အစေ့တင်မကဘူး။ ဗာမီကျူလိုက်တွေလည်း ပျက်စီးသွားလောက်ပြီ။ အကုန်လုံး ပစ်လိုက်တော့။”
“သေစမ်း... ငါ ဒါကို ဘာလို့ မေ့သွားရတာလဲ။ တကယ်ကို ဒုက္ခပဲ။”
“ကျစ်ကျစ်ကျစ်...မင်းက မင်းရဲ့ သခွားသီးစေ့တွေကို အလကား အဟောသိကံ ဖြစ်သွားစေတာပဲ။”
“မဟုတ်ဘူး။ ငါ တစ်ဝက်ပဲ သုံးတာပါ။ နောက်ထပ် တစ်ဝက် ကျန်သေးတယ်။ ဒါပေမဲ့ နောက်ထပ် အုတ်မြစ်ကျောက်တစ်တုံး ရှာတွေ့မှပဲ စိုက်လို့ရတော့မယ်။”
၎င်းကို မြင်သောအခါ ရှောင်းယီက ထိုသူထံသို့ သီးသန့်မက်ဆေ့ခ်ျ ပို့လိုက်သည်။
“ညီအစ်ကို မင်းရဲ့ သခွားသီးစေ့ နည်းနည်းလောက် ငါ့ကို ရောင်းပေးနိုင်မလား။”
ရှောင်းယီက သီးသန့်မက်ဆေ့ခ်ျ ပို့လာသည်ကို မြင်သောအခါ ထိုသူမှာ အလွန်အံ့ဩဝမ်းသာသွား ဖြစ်သွားခဲ့တော့သည်။
“ဆရာကြီး... ကျွန်တော့် သခွားသီးစေ့တွေကို လိုချင်လို့လား။”
“ဟုတ်တယ်၊ ငါ့ကို ရောင်းပေးပါ။ ငါ အစားအရင်းအမြစ်တွေနဲ့ လဲပေးမယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထိုသူက အနည်းငယ် တွေးတောပြီးနောက် ပြောလိုက်သည်။
“သခွားသီးစေ့ ၁၀ စေ့ကို လောင်စာဆီ ၁၀ ရာခိုင်နှုန်းနဲ့ လဲပေးလို့ ရမလား။”
ရှောင်းယီ အနည်းငယ် တွေးတောလိုက်ပြီးနောက် ဈေးဆစ်နေရန် ပျင်းသွားခဲ့သည်။
“ပြဿနာမရှိဘူး။ ကုန်သွယ်မှုကို စတင်လိုက်။”
“ဟုတ်ကဲ့။”
ထိုသူမှာ စိတ်လှုပ်ရှားသွား၏။
“ကျေးဇူးတင်ပါတယ် ဆရာကြီး။”
ရှောင်းယီသည် ယခင်က အခြား အသက်ရှင်ကျန်ရစ်သူများကို အရင်းအမြစ်ဈေးနှုန်း နှစ်ဆတိုး၍ အတင်းအကျပ် ကုန်သွယ်ခဲ့ဖူးသည်ကို သူသိထားသည်။ သူ တောင်းဆိုလိုက်သည့် ဈေးက များသွားပြီး ရှောင်းယီ ငြင်းပယ်လိုက်မည်ကို သူ တကယ်ကို စိုးရိမ်နေခဲ့ခြင်းပင်။
သူ့လက်ထဲက လောင်စာဆီကလည်း လက်ရှိမှာ အလွန်နည်းပါးနေပြီဖြစ်သည်။
[သခွားသီးစေ့ ၁၀ စေ့ - လောင်စာဆီ ၁၀% (အရေးပေါ်ယာဉ်ပမာဏဖြင့် တွက်ချက်သည်။)]
ရှောင်းယီသည် ကုန်သွယ်မှုကို ချက်ချင်း သဘောတူလိုက်ပြီး သခွားသီးစေ့ ၁၀ စေ့ကို လက်ခံရယူကာ စိုက်ပျိုးရေးကုန်းပတ်သို့ သွားရောက် စိုက်ပျိုးလိုက်သည်။
သူသည် အညှောက်ပေါက်မြန်စေရန် အာဟာရဖျော်ရည်များနှင့် S အဆင့် ရေသန့်တို့ကို အသုံးပြု၍ ရေလောင်းပေးလိုက်သည်။
သာမန် အသက်ရှင်ကျန်ရစ်သူများသာ ဤမြင်ကွင်းကို မြင်လိုက်ရပါက ရှောင်းယီကို S အဆင့်ရေဖြင့် ဟင်းသီးဟင်းရွက် ရေလောင်းနေသည့် အရူးတစ်ယောက်ဟု ပြောကြလိမ့်မည်မှာ အမှန်ပင်။
အခန်း ၁၃၅၆
အခြားသော အသက်ရှင်ကျန်ရစ်သူများအတွက် ရေသန့်သည် ရှားပါးသော အရင်းအမြစ်တစ်ခု ဖြစ်သော်လည်း ရှောင်းယီအတွက်မူ ရေအရင်းအမြစ်တစ်ခုခုကိုသာ ရှာတွေ့ပါက ရေသန့်သည် အကန့်အသတ်မရှိ ရရှိနိုင်သောအရာ ဖြစ်သည်။
သခွားစေ့များကို စိုက်ပျိုးပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိရာသို့ ပြန်လာခဲ့လိုက်သည်။
အများသုံးချန်နယ်တွင် ထိုလူသည် ယီရန်ပင်းအား သခွားသီးစေ့များ ရောင်းလိုက်ရသည့်အကြောင်းကို လိုက်လံဝါကြွားနေပြီဖြစ်သည်။
“ယီရန်ပင်းဆရာကြီးက ငါ့ဆီကနေ သခွားသီးစေ့တွေကို တောင်းဝယ်သွားတယ်ကွ။”
“ဆရာကြီးက သခွားသီးတွေ ထပ်စိုက်မလို့လား။ သူ စိုက်ပျိုးထားတဲ့ ကောက်ပဲသီးနှံတွေကလည်း အများကြီးပဲ။ သူ ဗာမီကျူလိုက်တွေ အများကြီး ဘယ်ကရထားတာလဲ။”
“ဗာမီကျူလိုက်ကတော့ အဆင်ပြေပါတယ်။ တစ်ချို့လူတွေ ရှာတွေ့ထားတာ ရှိတယ်။ စုဆောင်းလိုက်ရင် အတော်လေး ရနိုင်တာပဲလေ။”
“မှန်တယ်။ သူဌေးရဲ့ အထင်ရှားဆုံး အရင်းအမြစ်က သူ့ရဲ့ ရေသန့်တွေပဲ ဖြစ်ရမယ်။”
“ဟုတ်တယ်။ သူဌေး အရင်တုန်းက ရေသန့်တွေ လိုက်ဝယ်နေတာ ငါ မှတ်မိသေးတယ်။ အခုတော့ သူက ကောက်ပဲသီးနှံတွေ အများကြီး စိုက်ပျိုးနိုင်နေပြီ။ ဆိုလိုတာက သူ့မှာ တော်တော်ကို စွမ်းအားကြီးတဲ့ ရေသန့်စက်မျိုး ရှိနေရမယ်။”
“ဟုတ်တယ်။ ဆရာကြီးကို အရမ်းအားကျတာပဲ။”
“ဒါပေမဲ့ တစ်ခုခုတော့ လွဲနေသလိုပဲ။ သူဌေးဆီမှာ ရေသန့်တွေ ဒီလောက်အများကြီး ရှိနေရင် ဘာလို့ ဈေးကွက်ခန်းမမှာ မတင်ရတာလဲ။ အခုအချိန်မှာ ရေသန့်က ရောင်းရလွယ်တဲ့ အချိန်လေ။”
“သီးနှံတွေ စိုက်ပျိုးဖို့အတွက်ပဲ အကုန်သုံးလိုက်တာ ဖြစ်မယ်။”
“မင်းတို့က အတွေးလွန်းနေကြတာပဲ။ မင်းတို့က ဆရာကြီးကို သာမန် အသက်ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ပဲ အမြဲတမ်း နားလည်ဖို့ ကြိုးစားနေတာ။ အဲဒီပုံစံနဲ့ဆိုရင် ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။”
ကျူးဝူသည် ဖရဲသီးစားပြီး ဗိုက်ပြည့်နေပုံရကာ အများသုံးချန်နယ်တွင် ဝင်ရောက်ပြောဆိုလိုက်သည်။
“အစ်ကိုကျူး... မင်း ဘာလို့ နောက်ဂလက်ဆီကို မသွားသေးတာလဲ။ ငါတို့ ဂလက်ဆီထဲမှာပဲ အမြဲတမ်း လာပတ်မွှေမနေပါနဲ့တော့။”
“ငါကရော မသွားချင်လို့လား။ မင်းတို့ တစ်နေ့လုံး အဓိပ္ပာယ်မဲ့ စကားတွေ ပြောနေတာကို ကြည့်ပြီး ငါတောင် စကားမပြောနိုင်အောင် ဖြစ်နေပြီ။”
ကျူးဝူက တည့်တည့်ပင် ပြန်ပြောလိုက်သည်။
“ငါတို့ ဘယ်တုန်းက အဓိပ္ပာယ်မဲ့ စကားတွေ ပြောမိလို့လဲ။”
“ပထမတစ်ချက်က သူဌေးဆီမှာ ရေသန့်တွေ အများကြီး ရှိတယ်။ သောက်လို့တောင် မကုန်နိုင်ဘူး။ ဒုတိယအချက်က သူ မရောင်းရတဲ့ အကြောင်းရင်းက သူ့လက်ထဲက ရေသန့်ရဲ့ အဆင့်က အရမ်းမြင့်နေလို့ ဈေးသတ်မှတ်ရခက်နေလို့ပဲ။”
ကျူးဝူက ပြန်ဖြေလိုက်သည်။
“နောက်ဆုံးအနေနဲ့ ငါ ပြောချင်တာက သူဌေးကို သာမန် အသက်ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ အတွေးအခေါ်နဲ့ နားလည်ဖို့ မကြိုးစားကြနဲ့။”
“သောက်ကျိုးနည်း... အစ်ကိုကျူး မင်းပြောတာတွေက တကယ်လား။ အရမ်း စိတ်ကူးယဉ်ဆန်နေသလိုပဲ။”
“ဟုတ်တယ်။ သူဌေးဆီမှာ သောက်လို့တောင် မကုန်နိုင်တဲ့ ရေတွေ ရှိတယ်ဆိုရင် သူ့ရဲ့ ရေသန့်စက်က S အဆင့် ဒါမှမဟုတ် အဲဒီထက် မြင့်ရမယ်။”
“အဲဒီထက်တောင် ပိုဦးမယ်။ SSS အဆင့် ရေသန့်စက်တောင်မှ ရေအရင်းအမြစ်ကို သန့်စင်နိုင်တဲ့ ထိရောက်မှုမှာ ကန့်သတ်ချက် ရှိသေးတယ်။ အဲဒါကြောင့် သူဌေးဆီမှာ ရေသန့်စက်တင်မကဘဲ အကြီးစား ရေသန့်စင်ရေး စက်ကိရိယာတွေ ရှိနေတာလို့ ငါ သံသယရှိတယ်။”
“အကြီးစား ရေသန့်စင်ရေး စက်ကိရိယာ ဟုတ်လား။ အစောပိုင်း အချိန်မှာ ဒီလို စက်ကြီးတွေ ရရှိနိုင်ပြီလား။”
“ကောင်းပြီ။ အစ်ကိုကျူးရဲ့ နောက်ဆုံးစကားရဲ့ အဓိပ္ပာယ်ကို ငါ အခု နားလည်သွားပြီ။ ငါတို့က သာမန်လူတွေပဲ။ သူဌေးရဲ့ ကမ္ဘာကြီးကို လုံးဝကို ခန့်မှန်းလို့ မရနိုင်ဘူး။”
“အိုး... ငါကတော့ မယုံသေးဘူး။ အကန့်အသတ်မရှိတဲ့ ရေ ဟုတ်လား။ အရမ်းအတုအယောင်ဆန်နေသလိုပဲ။ နောက်ပြီး အဆင့်မြင့်လွန်းလို့ ဆိုတာကရော ဘာလဲ။”
ကျူးဝူသည် သူတို့ သံသယရှိမည်ကို ကြိုတင်သိထားပြီး အများသုံးချန်နယ်တွင် ပစ္စည်းနှစ်ခုကို တိုက်ရိုက် တင်လိုက်သည်။
[ရေသန့် (S အဆင့်) ၅၀ ကီလိုဂရမ်၊ ရေသန့်စက် (C အဆင့်) ၁။]
“သေစမ်း... အစ်ကိုကျူး မင်းဆီမှာ S အဆင့် ရေသန့် ရှိနေပါလျက်နဲ့ ဘာလို့ C အဆင့် ရေသန့်စက်ပဲ ရှိနေရတာလဲ။”
“ရှင်းရှင်းလေးပဲလေ။ မင်းတို့ မယုံရင်လည်း ထားလိုက်တော့။”
ကျူးဝူက ပြောလိုက်သည်။
“အဲဒီ S အဆင့် ရေသန့်က သူဌေးက ငါ့ကို သောက်ဖို့ ပေးထားတာပဲ။ C အဆင့် ရေသန့်စက်ကတော့ ဆရာကြီးရဲ့ ပထမအဆင့်တုန်းက လုပ်ဖော်ကိုင်ဖက်အတွက် ပို့ပေးဖို့ပဲ။ ဒီလောက်ပဲ။”
“သေစမ်း... အစ်ကိုကျူး မင်းက ဆရာကြီးရဲ့ ပထမအဆင့်တုန်းက လုပ်ဖော်ကိုင်ဖက်ကို တခြား ဂလက်ဆီတစ်ခုမှာ ရှာတွေ့တာလား။”
“ဟုတ်တယ်။ ငါက ဆရာကြီးရဲ့ လုပ်ဖော်ကိုင်ဖက်ကိုတင်မကဘူး၊ ငါ့ရဲ့ လုပ်ဖော်ကိုင်ဖက်ကိုလည်း ရှာတွေ့ထားတယ်။ ကံမကောင်းတာက ငါဖြတ်လာတဲ့ ဂလက်ဆီမှာတော့ ဘယ်သူမှ မတွေ့လိုက်ရဘူး။”
ကျူးဝူက ပြန်ဖြေလိုက်သည်။
“ပြောရရင်တော့ သူဌေးက တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ။ မင်းကို S အဆင့် ရေပေးတယ်။ လုပ်ဖော်ကိုင်ဖက်အတွက်လည်း ရေသန့်စက် ပို့ပေးတယ်။ သူက တကယ် သစ္စာရှိတာပဲ။”
“သူဌေးရဲ့ အခိုင်းအစေ ဖြစ်ရတာကို ငါ ပိုပြီးတော့တောင် အားကျလာပြီ။”
သို့သော် ဤအချိန်တွင် တစ်စုံတစ်ယောက်က ကျူးဝူထံသို့ သီးသန့်မက်ဆေ့ခ်ျ ပို့လာခဲ့သည်။
“အစ်ကိုကျူး စကားပြောရအောင်။ အဲဒီ C အဆင့် ရေသန့်စက်ကို ငါ့ကို ရောင်းပေးနိုင်မလား။”
ကျူးဝူ၏ မျက်ခုံးများ တွန့်ချိုးသွားခဲ့သည်။
“မင်းက ငါ့ကို သူဌေးကို သစ္စာဖောက်ခိုင်းနေတာလား။”
“ငါလည်း ဘာမှ မပြောဘူး၊ မင်းလည်း ဘာမှ မပြောဘူးဆိုရင် ဘယ်သူက သိမှာလဲ။ သူဌေးက စွမ်းအားကြီးပေမဲ့ တခြား ဂလက်ဆီတစ်ခုကို လိုက်ပြီးစစ်ဆေးဖို့အထိ သူ မလာနိုင်ဘူးလေ။ ငါတို့ ကိုယ့်ကိုယ်ကိုယ် အဆင်ပြေအောင် တည်ဆောက်ပြီးသွားရင် သူဌေးကို လုံးဝ လိုအပ်တော့မှာ မဟုတ်ဘူး။”
တစ်ဖက်လူက ပြန်ပြောလာခဲ့သည်။ ကျူးဝူ လှောင်ပြုံး ပြုံးလိုက်၏။
“အဲဒီအတွေးကို စွန့်လွှတ်လိုက်တာ အကောင်းဆုံးပဲ။ ငါ ဆရာကြီးကို ဘယ်တော့မှ သစ္စာမဖောက်ဘူး။ နောက်ပြီး မင်းရဲ့ မလျော်ကန်တဲ့ အပြုအမူကြောင့် မင်းရဲ့ လုပ်ဖော်ကိုင်ဖက်ကို ရှာပေးဖို့ ငါ့ကို ငှားရမ်းထားတဲ့ တာဝန်ကို ပယ်ဖျက်လိုက်ပြီ။ ပေးထားတဲ့ အနက်ရောင်ရွှေတွေကိုလည်း ပြန်အမ်းမှာ မဟုတ်ဘူး။”
ထိုသို့ပြောပြီးနောက် သူသည် ထိုလူကို ဘလော့ခ်လိုက်ပြီး ယခင်ပြောဆိုခဲ့သမျှ စကားပြောခန်း အချက်အလက်အားလုံးကို ရှောင်းယီထံသို့ စခရင်ရှော့ရိုက်၍ ပေးပို့လိုက်သည်။
ရှောင်းယီသည် ထိုစကားပြောခန်းကို ကြည့်ကာ အနည်းငယ် ကြောင်အမ်းသွား၏။
“မင်းက သူ့ကို အနက်ရောင်ရွှေ ဘယ်လောက်အထိ ပေးနိုင်လဲဆိုတာ မေးထားခဲ့သင့်တာပေါ့။ အလုံအလောက်သာ ပေးနိုင်ရင် ဒါက မဖြစ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။”
ရှောင်းယီက ရယ်မောကာ ပြောလိုက်သည်။
“ဟင်...”
ကျူးဝူ အံ့အားသင့်သွား၏။
“ဒါက အစ်ကိုကျန်းတို့အတွက် မဟုတ်ဘူးလား။”
“အစ်ကိုကျန်းတို့မှာ ရေသန့်စက် တစ်လုံး ရှိပြီးသားပဲ။ နောက်ထပ် တစ်လုံးပေးတာက ကြိုတင်ကာကွယ်တဲ့ သဘောမျိုးပဲ။ တကယ်လို့ သူတို့ ဒါကို မရခဲ့ရင်တောင် ခဏလောက်တော့ ခံနိုင်ရည်ရှိမှာပါ။ အဆင်မပြေဘူးဆိုရင်လည်း မင်းက ရေသန့်တွေ သယ်သွားပေးလို့ ရတာပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဒါဆို ကျွန်တော် သူ့ကို ဘလော့ခ် ပြန်ဖြုတ်ပေးလိုက်ရမလား။”
ကျူးဝူက မသေချာမရေရာစွာ မေးလိုက်သည်။
“မင်း သူ့ကို ဘလော့ခ်ပြီးသွားပြီဆိုတော့ ပြန်ဖြုတ်စရာ မလိုပါဘူး။ အနည်းဆုံးတော့ အဲဒါက မင်းရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းရာ ရောက်တာပေါ့။”
ရှောင်းယီက ဆိုလိုက်သည်။
“ကောင်းပါပြီ။”
ကျူးဝူက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်သည်။
အာကာသ ချိတ်စက်က ရိက္ခာသေတ္တာတစ်လုံး ဖမ်းမိကြောင်း အချက်ပြလာခဲ့သည်။ ရှောင်းယီ မျှောလွင့်သွားပြီး သေတ္တာကို ဖွင့်ကြည့်လိုက်သည်။
“ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက် ၁၀၊ အနက်ရောင်ရွှေ ၆၊ ဗာမီကျူလိုက် ၄။”
“အနည်းဆုံးတော့ ဗာမီကျုလိုက် နည်းနည်း ရလိုက်တာပဲ။”
သေတ္တာထဲတွင် ပစ္စည်း သုံးမျိုးသာ ပါဝင်သည်ကို ကြည့်ရင်း ရှောင်းယီ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်သည်။
သူသည် ဗာမီကျုလိုက်များကို စိုက်ပျိုးရေးကုန်းပတ်သို့ ယူသွားပြီး စိုက်ပျိုးဧရိယာကို ၄ စတုရန်းမီတာ ထပ်မံ ချဲ့ထွင်လိုက်သည်။
သို့သော် ဤ ၄ စတုရန်းမီတာရှိ ဗာမီကျူလိုက်များမှာ သာမန်အဆင့်ဖြစ်ပြီး ယခင်ရှိပြီးသား ၂၀ စတုရန်းမီတာမှာမူ C အဆင့်များ ဖြစ်ကြသည်။
ဒီနေရာမှာ သာမန် သီးနှံတွေကို စိုက်ပျိုးဖို့အတွက်တော့ အဆင်ပြေသွားတာပေါ့။
“၄ စတုရန်းမီတာဆိုတာ နည်းနည်းများ သေးလွန်းနေမလား။”
ရှောင်းယီ တစ်ယောက်တည်း ရေရွတ်လိုက်ပြီးနောက် စိုက်ပျိုးရေးကုန်းပတ်၏ စုစုပေါင်း ဧရိယာ စတုရန်းမီတာ ၁၀၀ ကျော်ကို ငေးကြည့်လိုက်သည်။
ထိုသို့ တွေးမိပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထံ ချက်ချင်း ပြန်သွားပြီး ဗာမီကျူလိုက်များကို စတင်စုဆောင်းလိုက်သည်။
သူသည် ဈေးကွက်ခန်းမတွင် ကုန်သွယ်မှု နှစ်ခု တင်လိုက်သည်။
“လောင်စာဆီ ၂% - ဗာမီကျူလိုက် ၁။”
“လောင်စာဆီ ၅% - ဗာမီကျုလိုက် (C အဆင့်) ၁ ။”
မှတ်ချက်အပိုင်းတွင် ရှောင်းယီက “အဆင့်မြင့် ဗာမီကျုလိုပ်တွေ ရှိရင်လည်းသီးသန့်မက်ဆေ့ခ်ျပို့ပေးပါ” ဟု ထပ်ဖြည့်လိုက်သည်။
“ဆရာကြီးက ဗာမီကျုလိုက်တွေ စတင် စုဆောင်းနေပြီပဲ။ ဗာမီကျုလိုက်ရှိတဲ့သူတွေတော့ ကံကောင်းပြီပဲ။ တစ်ယူနစ်ကို လောင်စာဆီ နှစ်မှတ် အနည်းဆုံး ရနိုင်တယ်။”
“ဟားဟား...ငါ့ဆီမှာ သာမန် ဗာမီကျုလိုက် ၄ ယူနစ် ရှိတယ်။ လောင်စာဆီ ၈ မှတ်နဲ့ လဲလို့ ရမလား။”
“မှန်တယ်။ မြန်မြန်သာ လဲလိုက်ကြ။ အခွင့်အရေးဆိုတာ တစ်ခါပဲ လာတတ်တယ်။”
“ကုန်သွယ်မှု ပြီးဆုံးသွားပြီ။ ဒီနေ့ ရိက္ခာသေတ္တာဖမ်းဖို့ ကုန်သွားတဲ့ လောင်စာဆီတွေကို အစားပြန်ရသွားရုံတင်မကဘဲ အပို ၄ မှတ်တောင် ရလိုက်သေးတယ်။ မနက်ဖြန် ဗာမီကျူလိုက်တွေ ပိုတွေ့ဖို့ပဲ မျှော်လင့်ရတော့မယ်။”