အခန်း (၁၃၅၇-၁၃၅၈)
Vol. 119 Ch. 1357-1358
အခန်း ၁၃၅၇
“မင်းက မနက်ဖြန် ဗာမီကျုလိုက်တွေ ရှာတွေ့ရင်တောင် သူဌေးက ဆက်ပြီး စုဆောင်းပါ့မလားဆိုတာ ဘယ်သူသိမှာလဲ။”
“ဟုတ်တယ်။ ဗာမီကျူလိုက်တွေ ဖွင့်ရတဲ့သူတွေကို တကယ် အားကျတယ်။”
“ကိုယ်တိုင်အတွက် ချန်မထားကြဘူးလား။ အကုန်လုံးကို ဆရာကြီးဆီ လဲလိုက်ရင် နောင်ကျရင် ကိုယ့်အတွက် ဘာနဲ့စိုက်ပျိုးကြမှာလဲ။”
“အပေါ်ကလူ...မင်း အတွေးလွန်နေပြီ။ ငါတို့က စိုက်ပျိုးနိုင်ဖို့ ဝေးသေးတယ်။ အနည်းဆုံး ရေသန့် ပြဿနာတောင် မရှင်းရသေးဘူး။ ဗာမီကျူလိုက်တွေကို အရင်းအမြစ်တွေနဲ့ လဲပြီး အသက်ရှင်သန်နိုင်အောင် ကြိုးစားတာက ပိုကောင်းတယ်။”
ရှောင်းယီသည် ဗာမီကျူလိုက်များအတွက် ကုန်သွယ်မှု ကမ်းလှမ်းချက်များစွာကို လက်ခံရရှိခဲ့သည်။
သူသည် ကမ်းလှမ်းလာသမျှ အားလုံးကို သဘောတူလိုက်သည်။
“ရရှိသော အရင်းအမြစ်များ - ဗာမီကျူလိုက် ၆၆။”
ဤအချိန်တွင် ‘လေနဲ့ပါသွားပြီ’ ဟူသော အိုင်ဒီရှိသည့် အသက်ရှင်ကျန်ရစ်သူတစ်ယောက်က ရှောင်းယီထံသို့ သီးသန့်မက်ဆေ့ခ်ျ ပို့လာခဲ့သည်။
“မင်္ဂလာပါ ဆရာကြီး။ ကျွန်တော့်ဆီမှာ B အဆင့် ဗာမီကျုလိုက် ၁၀ ယူနစ် ရှိတယ်။ ဆရာကြီး လိုချင်လား။”
လေနှင့်ပါသွားပြီက မေးလာ၏။
“လိုချင်တယ်။ မင်း ဘာပြန်လိုချင်လဲ။”
ရှောင်းယီက ချက်ချင်း ပြန်ဖြေလိုက်သည်။
လေနဲ့ပါသွားပြီ သည် အနည်းငယ် တိတ်ဆိတ်နေပြီးမှ ပြန်ဖြေလာခဲ့သည်။
“အာကာသသုံး အထူး နှစ်ထပ်မှန် ၁၀ ချပ်၊ ပြီးတော့ လောင်စာဆီ တစ်ယူနစ် အပြည့်ပေးပါ။”
ရှောင်းယီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့ပြီး ခေါင်းခါလိုက်သည်။
“မရဘူး။ ငါ့ဆီက မှန်က SSS အဆင့်ပဲ။ မင်းရဲ့ ဗာမီကျုလိုက်က B အဆင့်ပဲ ရှိသေးတယ်။ အဲဒါက တော်တော် မမျှတဘူး။”
“ဆရာကြီး...အဲဒီလိုတော့ မပြောပါနဲ့။ ကျွန်တော့်ရဲ့ B အဆင့် ဗာမီကျူလိုက်က အခုလောလောဆယ်မှာ ရှားပါးပစ္စည်းပဲ။ ဆရာကြီးက ဒီ SSS အဆင့် မှန်တွေကို အကန့်အသတ်မရှိ ထုတ်လုပ်နိုင်တာဆိုတော့ ကျွန်တော့်ဟာက ဈေးကြီးတာ ပုံမှန်ပါပဲ။”
လေနဲ့ပါသွားပြီရ ဆက်လက် ရှင်းပြလိုက်သည်။ ရှောင်းယီက ပြုံးလိုက်သည်။
“ငါက ထိရောက်မှုကို တန်ဖိုးထားတဲ့လူပါ။ ငါ မင်းကို မှန် နှစ်ချပ်နဲ့ လောင်စာဆီ ၁၀ ရာခိုင်နှုန်းပဲ ပေးနိုင်မယ်။ သဘောတူရင် ကုန်သွယ်လိုက်။ မတူရင်လည်း ထားလိုက်တော။”
“မှန်တစ်ချပ်လောက် ထပ်တိုးပေးလို့ မရဘူးလား။”
လေနဲ့ပါသွားပြီက ဈေးထပ်ဆစ်လိုက်သည်။ ရှောင်းယီသည် သူနှင့် စကားမပြောတော့ဘဲ မျက်နှာပြင်ကို အများသုံးချန်နယ်သို့ တိုက်ရိုက် ပြောင်းလိုက်သည်။
ရှောင်းယီ လုံးဝ လျစ်လျူရှုထားသည်ကို မြင်သောအခါ လေနဲ့ပါသွားပြီ သည် မှန်တစ်ချပ် ထပ်ရနိုင်တော့မည် မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။
“ကောင်းပါပြီ ဆရာကြီး...ခင်ဗျား ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့။”
လေနဲ့ပါသွားပြီက စိတ်ပျက်လက်ပျက်ဖြင့် ကုန်သွယ်မှုကို စတင်လိုက်သည်။
[ ဗာမီကျုလိုက် (B အဆင့်) ၁၀ - အာကာသသုံး အထူး နှစ်ထပ်မှန် (SSS အဆင့်) ၂၊ လောင်စာဆီ ၁၀%။]
လေနဲ့ပါသွားပြီက ကုန်သွယ်မှုကို စတင်လိုက်သည်ကို မြင်သောအခါ ရှောင်းယီ အနည်းငယ် ပြုံးလိုက်သည်။ တစ်ဖက်လူက သူ့အခြေအနေကို သဘောတူလိမ့်မည်ဖြစ်ကြောင်း သူ ကြိုသိနေခဲ့သည်။
ကုန်သွယ်မှု အောင်မြင်ပြီးနောက် ရှောင်းယီက ပြောလိုက်သည်။
“နောင်မှာလည်း ပစ္စည်းကောင်းတွေ ရှိရင် ငါ့ဆီ ယူလာခဲ့ပါ။ ငါ သေချာပေါက် ဈေးကောင်းပေးမယ်။”
“ဟုတ်ကဲ့။”
လေနဲ့ပါသွားပြီက သာမန်သဘောမျိုးဖြင့် ပြန်ဖြေလိုက်သည်။
ရှောင်းယီသည် ကုန်သွယ်မှုမှ ရရှိလာသော ဗာမီကျူလိုက်များကို ကြည့်ကာ အနည်းငယ် တွက်ချက်လိုက်ပြီးနောက် ဈေးကွက်ခန်းမတွင် တင်ထားသော ဗာမီကျူလိုက် လိုချင်သည့် ကြော်ငြာများကို ပြန်ဖြုတ်လိုက်သည်။
ထို့နောက် သူသည် စိုက်ပျိုးရေးကုန်းပတ်သို့ မျှောလွင့်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံး၍ ဗာမီကျူလိုက်များကို ထိန်းသိမ်းရန် သတ္တုကွက်များ ပြုလုပ်ကာ စိုက်ပျိုးရေးကုန်းပတ်ထဲသို့ စနစ်တကျ ထည့်သွင်းလိုက်သည်။
စိုက်ပျိုးရေးကုန်းပတ်မှာ ယခုအခါတွင် B အဆင့် ဗာမီကျူလိုက် ၁၀ စတုရန်းမီတာ၊ C အဆင့် ဗာမီကျူလိုက် ၂၀ စတုရန်းမီတာနှင့် ကျန်ရှိသော ၇၀ စတုရန်းမီတာမှာ သာမန်အဆင့် ဗာမီကျူလိုက်များဖြင့် အပြည့်နီးပါး ဖြစ်နေပြီဖြစ်သည်။
အရာအားလုံး စီစဉ်ပြီးနောက် ရှောင်းယီသည် ယခင်က စိုက်ပျိုးထားသော ဖရဲသီးပျိုးပင်များနှင့် သခွားသီးပျိုးပင်များကို ပြောင်းရွှေ့ စိုက်ပျိုးလိုက်သည်။
“အခုတော့ အများကြီး ကြည့်ကောင်းသွားပြီ။”
ရှောင်းယီ ရေရွတ်လိုက်ပြီး အာကာသစက်ရုပ် နံပါတ်၂ ကို ရေလောင်းပေးရန် ညွှန်ကြားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်လည်မျှောလွင့်သွားလိုက်သည်။
ဤအချိန်တွင် အများသုံးချန်နယ်၌ ရှောင်းယီ ဗာမီကျူလိုက် လဲလှယ်သည့် ကြော်ငြာကို ရုတ်သိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးနေကြသည်။
“ဘာလို့ ဆရာကြီးက ကုန်သွယ်တာကို ဒီလောက်မြန်မြန် ရုတ်သိမ်းလိုက်တာလဲ။ ငါ ရိက္ခာသေတ္တာသွားဖမ်းပြီး ပြန်လာတာကို။ အရမ်း စိတ်ပျက်ဖို့ကောင်းတာပဲ။”
“ငါက ခဏလောက်ပဲ တွေဝေနေမိတာပါ။ ဒီတစ်ခါတော့ တခြားသူတွေ အလုအယက် ဝယ်သွားတာမဟုတ်ဘူး။ ဆရာကြီးကိုယ်တိုင် ရုတ်သိမ်းသွားတာပဲ။”
“ငါ့လက်ထဲမှာ သာမန် ဗာမီကျူလိုက် နည်းနည်း ကျန်သေးတယ်။ ဆရာကြီး လိုချင်သေးလား မသိဘူး။ သီးသန့်မက်ဆေ့ခ်ျ ပို့ပြီး မေးကြည့်ဦးမှပဲ။”
ရှောင်းယီသည် ထိုဆွေးနွေးချက်များကို မြင်သောအခါ အများသုံးချန်နယ်တွင် ပြန်ဖြေလိုက်သည်။
“အားလုံးပဲ သီးသန့်မက်ဆေ့ခ်ျ ပို့တာတွေ ရပ်ပေးကြပါ။ လက်ရှိအချိန်မှာတော့ ငါ့အတွက် ဗာမီကျူလိုက်တွေ မလိုတော့ပါဘူး။ နေရာက ကန့်သတ်ချက်ရှိနေတော့ ထပ်ထည့်လို့ မရတော့လို့ပါ။”
“ပြီးသွားပြီ။ လုံးဝ ဂိမ်းအိုဗာ ဖြစ်သွားပြီ။ ငါ့လက်ထဲမှာရှိတဲ့ ဗာမီကျူလိုက်တွေက အလကား ဖြစ်သွားတော့မှာပေါ့။”
“အဆိုးမြင်မနေစမ်းပါနဲ့။ သူဌေး သူ့ရဲ့ အာကာသယာဉ်ကို အဆင့်မြှင့်တင်လိုက်ရင် စိုက်ပျိုးရေးကုန်းပတ်က ပိုကျယ်လာပြီး နောက်တစ်ခါ အခွင့်အရေး ထပ်ရလာနိုင်တာပဲလေ။”
“ဟုတ်တယ်။ ဆရာကြီးက နောက်ပိုင်းမှာ မစုဆောင်းတော့ရင်တောင် ငါတို့ ကိုယ်တိုင် ပြန်သုံးလို့ ရတာပဲ။”
“ဒါပေမဲ့ အခု ငါက လောင်စာဆီ အရမ်းလိုနေတယ်။ ကိုယ့်လက်ထဲက အနက်ရောင်ရွှေတွေကိုလည်း မသုံးချင်ဘူး။ ဘာလုပ်ရမလဲ။”
“ကံဆိုးတာပေါ့။ ကိုယ့်ရဲ့ အနက်ရောင်ရွှေကို မသုံးချင်ဘဲနဲ့ လောင်စာဆီကို ရချင်တဲ့ ဒီလောက်ကောင်းတဲ့ ကိစ္စမျိုး ဘယ်မှာ ရှိမှာလဲ။”
ရှောင်းယီ ခေါင်းခါလိုက်ပြီးနောက် စုဆောင်းရေးခန်းသို့ တစ်ဖန် မျှောလွင့်သွားလိုက်သည်။ အာကာသချိတ်က ဒုတိယမြောက် ရိက္ခာသေတ္တာကို ဆွဲယူလာပြီး ဖြစ်သည်။
သည်တစ်ခါ ရိက္ခာသေတ္တာကလည်း ရှောင်းယီကို ပစ်မှတ်ထားနေပြန်သည်။ အထဲတွင် အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေသာ ပါဝင်ပြီး တခြားဘာမှ မပါပေ။
ရှောင်းယီ ယာဉ်မောင်းခန်းသို့ ပြန်ရောက်သောအခါ အချက်ပြလက်ခံစက်က ရုတ်တရက် အသံမြည်လာခဲ့သည်။
“ရေဒီယို အချက်ပြမှု တစ်ခုကို တွေ့ရှိပါသည်။ လက်ခံ၍ အဓိပ္ပာယ်ဖွင့်ဆိုပါမည်လား။”
ရှောင်းယီ အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။
“လက်ခံပြီး အဓိပ္ပာယ်ဖွင့်ဆိုလိုက်။”
“ကမ္ဘာမြေမှ လေးစားရပါသော ဧည့်သည်တော်...ခင်ဗျားတို့က ကျုပ်တို့ ဂလက်ဆီကနေ ဘယ်လောက်အကွာအဝေးမှာ ရှိနေပါသလဲ။”
အဓိပ္ပာယ်ဖွင့်ဆိုလိုက်သော အချက်ပြမှုကြောင့် ရှောင်းယီ ပို၍ပင် အံ့အားသင့်သွားခဲ့သည်။ တစ်ဖက်လူက သူ့ကို တိုက်ရိုက် စကားပြောဆိုလာခြင်းပင်။
ရှောင်းယီတွင် လက်ရှိ ဘာမှအလုပ်ရှုပ်စရာ မရှိသဖြင့် ပြုံးကာ ပြန်ဖြေလိုက်သည်။
“သူတို့ဆီကို ပြန်ပို့လိုက်ပါ။ ကမ္ဘာမြေဆိုတာ ဒီနေရာကနေ အရမ်း၊ အရမ်းကို ဝေးကွာတဲ့ နေရာမှာ ရှိတယ်။ ပြောစရာရှိတာ တိုက်ရိုက်သာ ပြောလိုက်ပါ။ ဒီလို ဖော်ရွေဟန်ဆောင်နေစရာ မလိုပါဘူးလို့ ပြောလိုက်။”
“ဟုတ်ကဲ့။”
အချက်ပြလက်ခံစက်က ပြန်ဖြေပြီးနောက် ရေဒီယို အချက်ပြမှုကို တည်းဖြတ်ကာ ပြန်လည်ပေးပို့လိုက်သည်။
“ဒီပြန်ကြားချက်ရဲ့ မြန်နှုန်းကို ကြည့်ရင် ဒီဉာဏ်ရည်ရှိတဲ့ သက်ရှိတွေရဲ့ ဂြိုဟ်က ဒီနားမှာပဲ ရှိနေရမယ်။”
ရှောင်းယီ စိတ်ထဲမှ တွေးလိုက်သည်။
သို့သော် ဤနေရာရှိ အရာများကို သာမန် ရူပဗေဒဆိုင်ရာ အတွေးအခေါ်များနှင့် တိုင်းတာ၍ မရနိုင်သည်ကို ထည့်တွက်ကြည့်ပါက သူကိုယ်တိုင် ပို့လိုက်သော အချက်ပြမှုများနှင့် ထိုသက်ရှိများ ပို့လိုက်သော အချက်ပြမှုများမှာလည်း အရှိန်မြှင့်တင်ခံထားရခြင်း ဖြစ်နိုင်သောကြောင့် အရာအားလုံးမှာ မသေချာမရေရာ ဖြစ်နေခဲ့သည်။
ရှောင်းယီ ခေါင်းခါလိုက်ပြီး ထိုအကြောင်းကို ဆက်မတွေးတော့ပေ။
“ဝိုး... ငါ နောက်ထပ် အာကာသယာဉ်တစ်စင်းကို မြင်လိုက်ရသလိုပဲ။”
“မြန်မြန် ပုန်းကြစမ်း။ သူတို့ကို မင်းကို မတွေ့မိစေနဲ့။ မဟုတ်ရင် သေပြီသာမှတ်ပဲ။”
“ဟုတ်တယ်။ အရင်က အသက်ရှင်ကျန်ရစ်သူတစ်ယောက်ရဲ့ အလောင်းက အဲဒီနားမှာ ရှိနေတုန်းပဲ။ အင်အား မရှိဘဲနဲ့ အဲဒီ အာကာသယာဉ်တွေနားကို ချဉ်းကပ်ဖို့ မကြိုးစားကြနဲ့။”
“ဘာလို့ ‘နောက်ထပ်’ လို့ ပြောတာလဲ။”
“ဘာလို့လဲဆိုတော့ ငါ အရင်က အာကာသယာဉ်တစ်စင်းကို မြင်ဖူးလို့လေ။ အဲဒီတုန်းက သူက မီးခိုးတွေ ထွက်နေတာဆိုတော့ တိုက်ခိုက်ခံထားရတာ ဖြစ်မယ်။ အခု နောက်ထပ် တစ်စင်း ပေါ်လာပြန်ပြီ။”
“အရင်က တစ်စင်းကို ပြင်ဆင်ပြီးသွားတာ ဖြစ်နိုင်မလား။”
“ဖြစ်နိုင်တယ်။ ဒါပေမဲ့ နည်းနည်း ဝေးနေတော့ သေချာ မမြင်ရဘူး။ ပုံစံကတော့ အရင်တစ်စင်းနဲ့ တူမယ် ထင်တယ်။”
“ဒါဆိုရင် ငါတို့ ဂလက်ဆီက အရမ်း အန္တရာယ်များနေပြီပေါ့။”
“အန္တရာယ်များတာပေါ့။ ဒီက ဒေသခံတွေက အာကာသယာဉ်တွေနဲ့ ပျံသန်းနေနိုင်တာဆိုတော့ သူတို့က ငါတို့ရဲ့ အရေးပေါ်ယာဉ်တွေထက် အများကြီး ပိုသာနေမှာပဲ။”
“မှန်တယ်။ နောက်ကျရင် သူတို့ ငါတို့ကို တွေ့သွားမှာကိုပဲ စိုးရိမ်ရတယ်။ တောက်... ငါ့မှာ ဘာလက်နက်မှ မရသေးဘူး။”
“တစ်ဖက်လူက အာကာသယာဉ် ရှိနေတာဆိုတော့ ငါတို့ရဲ့ အသေးစားလက်နက်လေးတွေက အသုံးဝင်မှာ မဟုတ်ဘူး။ အာကာသတိုက်ပွဲအတွက် သင့်တော်တဲ့ လက်နက်တွေကို ရမှဖြစ်တော့မယ်။”
“စားစရာ မလုံလောက်၊ သောက်စရာ မလုံလောက်၊ ပြီးတော့ ဒေသခံတွေကလည်း ငါတို့ကို မျက်စိဒေါက်ထောက် ကြည့်နေကြတယ်။ အခြေအနေက ပိုပြီးတော့ ခက်ခဲလာနေပြီ။”
“အားလုံးပဲ ငြိမ်ငြိမ်လေး နေနေကြရင် ကောင်းမယ်။”
အများသုံးချန်နယ်မှ မက်ဆေ့ခ်ျများကို မြင်သောအခါ ရှောင်းယီ၏ မျက်မှောင်များ ပို၍ပင် ကျုံ့သွားတော့သည်။
အခန်း ၁၃၅၈
အများသုံးချန်နယ်တွင် ဆွေးနွေးနေကြသည့် အာကာသယာဉ်မှာ သူအရင်က တိုက်ခိုက်ခဲ့ဖူးသည့် ယာဉ်နှင့် တစ်မျိုးတည်း ဖြစ်ရမည်။
ယခု သူတို့ ပြန်ရောက်လာပြီဆိုခြင်းက သူ့ကို ပစ်မှတ်ထားနေခြင်း အလွန်ပင် ဖြစ်နိုင်ချေများသည်။
ရှောင်းယီ ခဏမျှ တွေးတောလိုက်၏။
“နံပါတ် ၁...ငါတို့ဆီကို ချဉ်းကပ်လာတဲ့ အာကာသယာဉ် တစ်စင်းစင်းကို တွေ့ရင် မင်း ငါ့ကို ချက်ချင်း နှိုးရမယ်။ တစ်ချိန်တည်းမှာပဲ အမြင့်ဆုံး သတိအဆင့်နဲ့ နေ။”
“နားလည်ပါပြီ။”
ရှောင်းယီက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီးနောက် အနားယူရန်အတွက် လူနေခန်းသို့ မျှောလွင့်သွားခဲ့သည်။ အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိလိုက်ရဘဲ တံခါးခေါက်သံကြောင့် ရှောင်းယီ နိုးလာခဲ့ရသည်။
ဤနေရာက ဒေသခံများ ရောက်လာနိုင်သည်ကို သိထားသောကြောင့် ရှောင်းယီတစ်ယောက် အိပ်ပျော်နေရင်းကပင် သတိဝီရိယ ရှိနေခဲ့သည်။ သူသည် အသံကြားသည်နှင့် ချက်ချင်း ထပြီး ယာဉ်မောင်းခန်းဆီသို့ အမြန်သွားလိုက်သည်။
“အခြေအနေက ဘယ်လိုလဲ။”
ရှောင်းယီက လေးနက်သော အသံဖြင့် မေးလိုက်သည်။
“ကျွန်တော်တို့ဆီကို အာကာသယာဉ် တစ်စင်း ချဉ်းကပ်လာနေပါတယ်။”
နံပါတ် ၁ က ပြန်ဖြေလာခဲ့သည်။
ရှောင်းယီ ခေါင်းညိတ်လိုက်ပြီး အလင်းမျက်နှာပြင် ထောက်လှမ်းရေးကိရိယာကို စစ်ဆေးကြည့်လိုက်ရာ တစ်ဖက်လူမှာ သူနှင့် ၄၀ ကီလိုမီတာ အကွာတွင် ရှိနေသေးသည်။
ပုံသဏ္ဍာန်ကို ကြည့်ရလျှင် သူအရင်က ကြုံတွေ့ခဲ့ဖူးသော အာကာသယာဉ်နှင့် အတူတူပင်။
တစ်ဖက်လူသည် သူနှင့် ၃၀ ကီလိုမီတာ အကွာသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
“ရေဒီယို အချက်ပြမှု တစ်ခုကို တွေ့ရှိပါသည်။ လက်ခံ၍ အဓိပ္ပာယ်ဖွင့်ဆိုပါမည်လား။”
အချက်ပြလက်ခံစက်က ရုတ်တရက် အချက်ပေးလာခဲ့သည်။ ရှောင်းယီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။
“နောက်ဆိုရင် ဒီလို အချက်ပြမှုတွေ ရရင် မမေးမနေဘဲနဲ့ တိုက်ရိုက်သာ အဓိပ္ပာယ်ဖွင့်ဆိုလိုက်။”
“နားလည်ပါပြီ။”
မကြာမီမှာပင် အချက်ပြမှု ခွဲခြမ်းစိတ်ဖြာခြင်း ပြီးဆုံးသွားခဲ့သည်။
“မင်္ဂလာပါ။ ကျုပ်တို့က ဂမ်မာ ဂလက်ဆီ၊ ကစဉ့်ကလျားဂြိုဟ်က ဉာဏ်ရည်ရှိ သက်ရှိတွေ ဖြစ်ပါတယ်။ နောက်ဆုံးတစ်ခေါက်က ကျုပ်တို့ နည်းနည်း ကြမ်းတမ်းသွားခဲ့ပါတယ်။ ကမ္ဘာမြေက ဧည့်သည်တော်ကြီး ခွင့်လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”
ဤအဓိပ္ပာယ်ဖွင့်ဆိုချက်ကို မြင်သောအခါ ရှောင်းယီ အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။
“ဒီ ကစဉ့်ကလျားဂြိုဟ်က လူတွေက တကယ်ပဲ ဒီလောက်တောင် ယဉ်ကျေးတာလား။”
စကားတစ်ခွန်းတည်းနှင့်တော့ သူတို့ကို ယုံကြည်၍ မရချေ။ ထို့ကြောင့် ရှောင်းယီက ပြန်မေးလိုက်သည်။
“ဒီတစ်ခေါက် ဘာကိစ္စနဲ့ ရောက်လာတာလဲ။”
အချက်ပြလက်ခံစက်၏ ခွဲခြမ်းစိတ်ဖြာမှုဖြင့် နှစ်ဦးသား စကားစမြည် စတင် ပြောဆိုလိုက်ကြသည်။
“ကျုပ်တို့ရဲ့ ကစဉ့်ကလျားဂြိုဟ်ဟာ ကမ္ဘာပြင်ပက ဉာဏ်ရည်ရှိ သက်ရှိတွေကို ရှာဖွေဖို့ ကတိကဝတ် ပြုထားပါတယ်။ ကျုပ်တို့က ခင်ဗျားနဲ့ မိတ်ဖွဲ့ပြီး အပြန်အလှန် ဖလှယ်မှုတွေ လုပ်ချင်ရုံသက်သက်ပါ။”
တစ်ဖက်လူက ပြန်ဖြေလာခဲ့သည်။
“ကောင်းပြီလေ။ မင်းတို့က ဘာတွေကို ဖလှယ်ချင်တာလဲ။”
ရှောင်းယီက ပြန်မေးလိုက်သည်။
“နည်းပညာ၊ ယဉ်ကျေးမှု၊ အနုပညာ စတာတွေ အားလုံးကို ဖလှယ်နိုင်ပါတယ်။”
ရှောင်းယီ ခေါင်းခါလိုက်သည်။
“တကယ် နှမြောစရာပဲ။ ငါက အဲဒီအရာတွေကို နားမလည်ဘူး။ မင်းတို့ရဲ့ နည်းပညာ၊ ယဉ်ကျေးမှုနဲ့ အနုပညာတွေကို အရင် ပြောပြပေးလို့ရမလား။ ပြီးရင် ငါတို့ရဲ့ ရေတပ်ရောက်လာတဲ့အခါ အပြန်အလှန် ဖလှယ်ကြတာပေါ့။”
ဤစကားကို ကြားသောအခါ တစ်ဖက်လူက အကြာကြီး တိတ်ဆိတ်သွားခဲ့သည်။
“ခင်ဗျားတို့ဆီကို ရေတပ်တစ်ခု လာနေတာလား။”
“ဒါပေါ့။”
မည်သို့ပင်ဆိုစေ ဟန်ဆောင်ပြီး ပြောရခြင်းက ကုန်ကျစရိတ်မရှိသောကြောင့် ရှောင်းယီတစ်ယောက် မျက်စိတစ်ချက်မမှိတ်ဘဲ မုသားစကား စတင် ပြောဆိုလိုက်တော့သည်။
ထိုစကားက တစ်ဖက်လူကို ကြောက်လန့်သွားစေ၏။
“ကျုပ်တို့က အာကာသလုပ်ငန်းကို အခုမှ စတင် ဖွံ့ဖြိုးတိုးတက်လာတာဆိုတော့ အရမ်း အဆင့်မမြင့်မားသေးဘူး။ ခင်ဗျားတို့ ကျုပ်တို့ကို ကျူးကျော်ဖို့တော့ မဟုတ်ပါဘူးနော်။”
တစ်ဖက်လူက အလျင်အမြန် မေးလာခဲ့သည်။
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားပြီး အနည်းငယ် ရယ်ချင်စိတ်ပင် ဖြစ်သွားမိသည်။
ငါ မင်းတို့ကို ကျူးကျော်ချင်ရင်တောင် မင်းကို ပြောပြစရာလား။
“မဟုတ်ပါဘူး။ ငါတို့ ကမ္ဘာမြေသားတွေက ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းကိုပဲ လိုလားတယ်။”
ရှောင်းယီသည် အဓိပ္ပာယ်မရှိသော စကားများကို ဆက်လက် ပြောဆိုလိုက်သည်။
“ကောင်းပါပြီ။ ကျုပ်တို့ ပထမဆုံးအနေနဲ့ ကျုပ်တို့ ဂြိုဟ်ရဲ့ သမိုင်းဆိုင်ရာ အချက်အလက်တချို့ကို ပို့ပေးပါ့မယ်။”
တစ်ဖက်လူက ထိုသို့ပြောပြီး အချက်အလက် အမြောက်အမြားကို ပေးပို့လာခဲ့သည်။
အချက်ပြလက်ခံစက်ကို သူ့ဘာသာသူ ခွဲခြမ်းစိတ်ဖြာစေပြီးနောက် ရှောင်းယီက ညွှန်ကြားလိုက်၏။
“နံပါတ် ၁ တစ်ဖက်လူရဲ့ လှုပ်ရှားမှုတွေကို အမြဲ သတိထား။ တစ်ခုခု ထူးခြားတာနဲ့ တိုက်ရိုက် တိုက်ခိုက်လိုက်။”
“နားလည်ပါပြီ။”
နံပါတ် ၁ က ပြန်ဖြေလိုက်သည်။
ရှောင်းယီ အချိန်ကို ကြည့်လိုက်သည်။ နံနက် ၄ နာရီကျော်နေပြီ ဖြစ်သည်။ သူ အိပ်ရေးဝနေပြီ ဖြစ်သောကြောင့် စိုက်ပျိုးရေးကုန်းပတ်သို့ သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။
သူသည် ဟင်းသီးဟင်းရွက်များကို ရေသန့်ဖြင့် ရေလောင်းပေးပြီး ပန်းသီးပင်မှ ပန်းသီးနှစ်လုံးကို ဆွတ်ခူးကာ အာကာသ မီးဖိုချောင်တွင် သန့်စင်ပြီးနောက် စားသုံးလိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ရောက်ရှိလာသောအခါ ရှောင်းယီသည် ပန်းသီးတစ်လုံးကို ကျူးဝူထံ ပို့ပေးလိုက်သည်။
“ပန်းသီး ၄၀၀ ဂရမ် - အခမဲ့လဲလှယ်ခြင်း။”
ဤတစ်ကြိမ်တွင်တော့ ကျူးဝူက ကုန်သွယ်မှုကို ချက်ချင်း လက်မခံခဲ့ပေ။
ရှောင်းယီသည် ပန်းသီး စားသုံးရင်း ယနေ့အတွက် လက်မှတ်ထိုးဝင်လိုက်သည်။
“စနစ် လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - လေဆာသေနတ် ပုံစံခွက် (S အဆင့်) ၁။”
ထိုဆုလာဘ်ကို မြင်သောအခါ ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။ သူသည် သူ၏အာကာသယာဉ်ထဲတွင်သာ နေနေခြင်းဖြစ်ပြီး သေနတ်တစ်လက်က နည်းနည်း ပိုနေသလို ဖြစ်နေ၏။
“ဒါက ငါ ဒီ ကစဉ့်ကလျားဂြိုဟ်ကို သွားသင့်တယ်လို့ အရိပ်အမြွက် ပြောနေတာလား။”
ရှောင်းယီ စိတ်ထဲမှ တွေးလိုက်၏။
စနစ်၏ ရည်ရွယ်ချက်ကို မသိရသော်လည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်မည့် လက်နက်ရှိခြင်းက ကောင်းသည်ဖြစ်ရာ သူသည် လေဆာသေနတ် ပုံစံခွက်ကို စနစ်သိုလှောင်ခန်းထဲမှ ထုတ်ယူလိုက်တော့သည်။
“လေဆာသေနတ် ပုံစံခွက် (S အဆင့်) ၁ ခု ရရှိကြောင်း တွေ့ရှိရပါသည်။ အသုံးပြုလိုပါသလား။”
“အသုံးပြုမယ်။”
အသုံးပြုပြီးနောက် ရှောင်းယီသည် ထုတ်လုပ်ရေး မျက်နှာပြင်သို့ ပြောင်းလိုက်ပြီး လေဆာသေနတ်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကို စစ်ဆေးကြည့်လိုက်သည်။
ထို့နောက် သူသည် ဈေးကွက်ခန်းမသို့ ပြောင်းလိုက်ပြီး လေဆာသေနတ်အတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်း အမျိုးမျိုးကို စတင် ရှာဖွေဝယ်ယူလိုက်တော့သည်။
မနက် ၄ နာရီကျော်နေပြီ ဖြစ်သော်လည်း အသက်ရှင်ကျန်ရစ်သူ အတော်များများက ရှောင်းယီ၏ လှုပ်ရှားမှုကို သတိပြုမိကြဆဲပင်။
“ဆရာကြီးက ကုန်ကြမ်းတွေ ထပ်ပြီးစုဆောင်းနေပြန်ပြီ။ ဒီတစ်ခါတော့ ကုန်ကြမ်းတွေက အတော်လေး မြင့်တဲ့ပုံပဲ။”
“အလင်းဆိုင်ရာ အစိတ်အပိုင်းတွေ တော်တော်များများ ပါနေသလိုပဲ။”
“သူဌေးက နောက်ထပ် ပုံစံခွက်တစ်ခု ရသွားပြန်တာလား။ ငါတို့ကျ ဘာလို့ ဘာပုံစံခွက်မှ မရကြတာလဲ။”
“ဟုတ်တယ်။ ငါဆိုရင် ထုတ်လုပ်မှုပုံစံရနေတာ သုံးရက်ရှိပြီ။ ဒီနေ့တော့ တစ်ခုလောက် ဖွင့်နိုင်ပါစေလို့ ဆုတောင်းနေတာ။”
“သေစမ်း... မင်းက သုံးရက် ရခဲ့တာကို ကြွားနေတာလား။”
“ဟုတ်ပါ့...သုံးရက်မပြောနဲ့။ ငါဆိုရင် တစ်ပတ်လုံး အရင်းအမြစ်တွေပဲ ရနေတာ။ ပုံစံခွက်ဆိုတာ လုံးဝ မမြင်ဖူးဘူး။”
“သူဌေးက တကယ့်ကို ကံကောင်းတာပဲ။”
“မင်းတို့တွေ သက်ပြင်းချနေတဲ့အချိန်မှာ ငါကတော့ ဆရာကြီး လိုအပ်တဲ့ အရင်းအမြစ်တွေနဲ့ လောင်စာဆီ၊ အောက်ဆီဂျင်တွေ အများကြီး လဲပြီးသွားပြီ။”
“ဟုတ်တယ်။ ဆရာကြီးက ဒီကုန်သွယ်မှုတွေကို ရုတ်သိမ်းလိုက်မှ မင်းတို့ ပြန်ငိုနေဦးမယ်နော်။”
“ငါ့ဆီမှာ ဆရာကြီး လိုချင်တဲ့ ကုန်ကြမ်းတွေ မရှိဘူး။”
ရှောင်းယီသည် အဖွဲ့ထဲရှိ ဆွေးနွေးမှုများကို လျစ်လျူရှုလိုက်ပြီး အချက်ပြလက်ခံစက်ပေါ်ရှိ ကစဉ့်ကလျားဂြိုဟ်၏ သမိုင်းကြောင်းများကို စတင် ဖတ်ရှုလိုက်သည်။
တစ်ဖက်လူ ပို့လိုက်သော အချက်အလက်များမှာ အများစုမှာ အဓိပ္ပာယ်ဖွင့်ဆိုပြီး ဖြစ်သည်။
“ကစဉ့်ကလျားဂြိုဟ်က တကယ်ပဲ ကစဉ့်ကလျားနိုင်လှချည်လား။ တိုက်ကြီး တစ်တိုက်ပဲ ရှိပြီး နိုင်ငံဆိုတဲ့ အယူအဆလည်း မရှိဘူး။ အင်အားစု တစ်ခုပဲ ရှိတာလား။”
ရှောင်းယီ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
ကစဉ့်ကလျားတိုက်ကြီး၏ သမိုင်းကြောင်းမှာ ကမ္ဘာမြေ၏ ဖွံ့ဖြိုးတိုးတက်မှု သမိုင်းနှင့် ဆင်တူသော်လည်း နိုင်ငံများစွာအဖြစ် မဖွံ့ဖြိုးလာခြင်းသာ ကွာခြားသည်။
ဖတ်ရှုပြီးနောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီ ပြန်သွားပြီး ဈေးကွက်ခန်းမမှ ကုန်ကြမ်းပစ္စည်းအားလုံးကို စုဆောင်းလိုက်သည်။
စုဆောင်းရရှိသော ကုန်ကြမ်းပမာဏကို ကြည့်လိုက်ရာ သူသည် စုစုပေါင်း လေဆာသေနတ် ငါးလက် ထုတ်လုပ်နိုင်မည် ဖြစ်သည်။
ရှောင်းယီသည် ထုတ်လုပ်ရေး မျက်နှာပြင်သို့ ပြောင်းလိုက်ပြီး ထုတ်လုပ်မည်ကို နှိပ်လိုက်ရာ လေဆာသေနတ် ငါးလက်မှာ သူ၏ လက်ဘေးနားရှိ လေထဲတွင် မျှောလွင့်ထွက်ပေါ်လာတော့သည်။
ရှောင်းယီ တစ်လက်ကို ဆုပ်ကိုင်လိုက်ပြီး စမ်းသပ်ကြည့်လိုက်သည်။
[လေဆာသေနတ် (S အဆင့်) - ကျစ်လျစ်သော အနီးကပ် ခုခံကာကွယ်ရေး လက်နက်၊ ပစ်ခတ်နိုင်စွမ်း အကွာအဝေးမှာ မီတာ ၃၀၀ ရှိပြီး စွမ်းအားမှာ သာမန်ဖြစ်သည်။]
စနစ်၏ ဖော်ပြချက်မှာ အလွန် ရိုးရှင်းလှသည်။ ရှောင်းယီ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိ၏။
“S အဆင့် လက်နက်ဖြစ်ပြီး စွမ်းအားက သာမန်ပဲလား။ ဒီလေဆာသေနတ်က နည်းနည်း အားနည်းလွန်းနေတယ်။”
လက်ရှိအချိန်တွင် ဤလေဆာသေနတ်၏ စွမ်းအားကို စမ်းသပ်စရာ နေရာမရှိသောကြောင့် တစ်ဖက်သို့ ဖယ်ထားလိုက်ပြီး သုံးလက်ကို ကျူးဝူထံသို့ ပို့ပေးလိုက်သည်။
ကျူးဝူမှာ ယခုမှ နိုးလာခြင်းဖြစ်ပြီး ထိုကုန်သွယ်မှုကို မြင်လိုက်ရသည့်အခါ အံ့အားသင့်သွားတော့သည်။