← Chapters

အခန်း (၁၃၅၉-၁၃၆၀)

Vol. 119 Ch. 1359-1360

အခန်း (၁၃၅၉-၁၃၆၀)

Vol. 119 Ch. 1359-1360

အခန်း ၁၃၅၉

“သူဌေး ဒီလက်နက်တွေ အများကြီး သူဌေးလက်ထဲ ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။”

“ကုန်ကြမ်းပစ္စည်းတွေ စုပြီးတာနဲ့ ထုတ်လုပ်လိုက်တာလေ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ရှောင်းယီ၏ အဖြေကို ကြားလိုက်ရသောအခါ ကျူးဝူမှာ ပို၍ပင် အံ့အားသင့်သွားခဲ့တော့သည်။

“သူဌေး...သူဌေး လေဆာသေနတ် ပုံစံခွက်တစ်ခု ရထားတာလား။”

သူက မသေချာမရေရာဖြင့် မေးလိုက်၏။

“မှန်တယ်...အဖြေမှန်ပဲ။ ဒါပေမဲ့ ဆုတော့ မရှိဘူး။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“ဘာပြောရမှန်းတောင် မသိတော့ဘူး။ သူဌေး...ခင်ဗျားက တကယ် အံ့ဩဖို့ကောင်းတာပဲ။”

ကျူးဝူက ထိုသို့ပြောလိုက်ပြီးနောက် ကုန်သွယ်မှုကို သဘောတူလိုက်သည်။ ခဏအကြာတွင် ကျူးဝူက နောက်ထပ် သီးသန့်မက်ဆေ့ခ်ျ ပို့လာခဲ့သည်။

“သူဌေး ဒီပစ္စည်းက ကျွန်တော့်အတွက် သိပ်ပြီး အသုံးဝင်ပုံမပေါ်ဘူး။”

ရှောင်းယီက ပြုံးလိုက်သည်။

“အခုလောလောဆယ်မှာတော့ အသုံးမဝင်သေးပေမဲ့ နောင်ကျရင် သေချာပေါက် အသုံးဝင်လာမှာမို့လို့ သိမ်းထားလိုက်ပါ။”

“ဟုတ်ကဲ့ပါ။ ကျန်တဲ့ နှစ်လက်က အစ်ကိုကျန်းနဲ့ အားကုန်းအတွက်မလား။”

“ဒါပေါ့။ မဟုတ်ရင် မင်းတစ်ယောက်တည်း သေနတ်သုံးလက် ဘယ်လိုသုံးမလဲ။”

ရှောင်းယီက စနောက်ရင်း ပြန်ဖြေလိုက်သည်။

“ဘာလို့ မသုံးနိုင်ရမှာလဲ။”

ကျူးဝူက ပြန်လည်ချေပလိုက်သည်။

“ဒါဆို မင်းက တတိယမြောက် သေနတ်ကို ဘယ်လိုသုံးမှာလဲ။”

ရှောင်းယီက စပ်စုစွာ မေးလိုက်သည်။

“ကျွန်တော် ခြေထောက်နဲ့ သုံးလိုက်မှာပေါ့။”

ကျူးဝူက တည့်တည့်ပင် ပြန်ဖြေလိုက်သည်။

“တော်လိုက်တာ။”

ရှောင်းယီ ချီးကျူးလိုက်သည်။ ပန်းသီးကို စားနေရင်း ကျူးဝူက မေးလိုက်သည်။

“သူဌေး...သူဌေးဆီမှာကော ပန်းသီးတွေ မှည့်နေပြီလား။”

“မမှည့်ဘဲနဲ့ ဘယ်လိုစားမှာလဲ။”

“ဒါဆို ကျွန်တော့်ကို နည်းနည်းလောက် ထပ်ပေးပါလား။ အစ်ကိုကျန်းနဲ့ အားကုန်းကို ပေးလိုက်ရအောင်လို့။”

ကျူးဝူက ပြုံးစစဖြင့် ပြောလိုက်သည်။

“အေးပါ၊ ငါ အဆင်သင့် ပြင်ထားပေးမယ်။ မင်း နောက် ခြောက်နာရီအတွင်း ငါတို့ ဂလက်ဆီကနေ မထွက်သွားသေးဘူးမလား။”

ရှောင်းယီက မေးလိုက်သည်။

ကျူးဝူသည် မြေပုံမျက်နှာပြင်သို့ ပြောင်းလိုက်ပြီး သူ၏ ရွေ့လျားနှုန်းကို ခန့်မှန်းတွက်ချက်ကြည့်လိုက်သည်။

“ဖြစ်နိုင်ချေ မရှိပါဘူး။ ကျွန်တော် ဒီဂလက်ဆီကနေ ကိုးနာရီလောက်မှ ထွက်ဖြစ်မှာပါ။”

“ကောင်းပြီ။ ခြောက်နာရီပြည့်ရင် ငါ့ကို သတိပေး။”

ရှောင်းယီက မှာလိုက်သည်။

“ပြဿနာမရှိဘူး ”

ကျူးဝူက ပြန်ဖြေလိုက်သည်။ ကျူးဝူနှင့် စကားပြောပြီးနောက် ရှောင်းယီသည် သူစားလက်စ ပန်းသီးကို စိုက်ပျိုးရေးကုန်းပတ်ဆီ ယူသွားကာ ပန်းသီးစေ့များကို ထုတ်ယူ၍ ကျန်အရာအားလုံးကို အာဟာရဖျော်ရည် ထုတ်လုပ်သည့်စက်ထဲသို့ ထည့်လိုက်သည်။

အနည်းငယ်ဆိုသော်လည်း ပြန်လည်အသုံးပြုခြင်းက အကျိုးရှိပေသည်။

ထို့နောက် သူသည် ပန်းသီးစေ့များအားလုံးကို ဗာမီကျူလိုက်ထဲတွင် စိုက်ပျိုးလိုက်ပြီး ပန်းသီးပင်အနီးရှိ ဗာမီကျူလိုက်ထဲသို့ အာဟာရဖျော်ရည် အနည်းငယ် ထည့်ပေးလိုက်သည်။

အရာအားလုံး ပြီးစီးသွားသောအခါ ရှောင်းယီ ယာဥ်မောင်းးခန်းသို့ ပြန်လာခဲ့လိုက်သည်။

အများသုံးချန်နယ်တွင် လူများမှာ အကြောင်းအရာတစ်ခုခုကို အဆက်မပြတ် ဆွေးနွေးနေကြ၏။

ရှောင်းယီတစ်ချက်သာ ကြည့်လိုက်ပြီး ကစဉ့်ကလျားဂြိုဟ်မှ အာကာသယာဉ် ပို့လိုက်သော သမိုင်းမှတ်တမ်းများကို ဆက်ဖတ်နေလိုက်သည်။

“နံပါတ် ၁ ငါတို့နဲ့ မျက်နှာချင်းဆိုင်က အာကာသယာဉ်က တခြား လှုပ်ရှားမှုတွေ လုပ်သေးလား။”

ရှောင်းယီက မေးလိုက်သည်။

“အခုထိတော့ ဘာလှုပ်ရှားမှုမှ မရှိသေးပါဘူး။ သူတို့က နေရာမှာပဲ ငြိမ်နေပါတယ်။”

ရှောင်းယီ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

“သူတို့က ငါ့ကို အချက်အလက်တွေ ပြန်ပို့ခိုင်းနေတာလား။ ငါက အရင်က ဘာအချက်အလက်မှ မရှိဘူးလို့ ရှင်းရှင်းလင်းလင်း ပြောထားတာ မဟုတ်ဘူးလား။”

ထိုသို့ရေရွတ်ရင်း ရှောင်းယီသည် အချက်ပြလက်ခံစက်ကို သုံး၍ တစ်ဖက်လူထံသို့ မက်ဆေ့ခ်ျတစ်စောင် ထပ်ပို့လိုက်သည်။

“ငါ့ဆီမှာ အချက်အလက်တွေ တကယ်မရှိဘူး။ အခုလောလောဆယ်တော့ မင်းတို့ကို ပေးစရာ ဘာမှ မရှိဘူး။”

ဤမက်ဆေ့ခ်ျကို ရရှိသောအခါ တစ်ဖက်လူက ချက်ချင်းပင် ပြန်စာပို့လာခဲ့သည်။

“ကျုပ်တို့က ခင်ဗျားတို့ဆီက အချက်အလက်တွေကို မလိုချင်ပါဘူး။ ကျေးဇူးပြုပြီး ကျုပ်ကို လက်ဆောင်ပစ္စည်းလေး တစ်ခုခု ပေးနိုင်မလား။ ဒါမှ ကျူပ် ပြန်သွားတဲ့အခါ အထက်ကို တင်ပြစရာ ရှိမှာမို့လို့ပါ။”

တစ်ဖက်လူ၏ စကားကို ကြားသောအခါ ရှောင်းယီ တွေးတောမိသွား၏။

“သူ့ကို ဘာပေးရင် ကောင်းမလဲ။”

နည်းပညာ အလွန်နိမ့်ကျလွန်းတဲ့ ပစ္စည်းဆိုရင်လည်း သူတို့က ငါတို့ယဉ်ကျေးမှု အဆင့်အတန်းရ နိမ့်တယ်လို့ ထင်သွားဦးမယ်။

အကယ်၍ သူတို့က သူ့ကို အလွယ်တကူ တိုက်ခိုက်နိုင်မည့် ပစ်မှတ်ဟု ထင်ပြီး အာကာသယာဉ် အမြောက်အမြားကို ခေါ်ဆောင်လာပါက သူ တကယ် ရင်ဆိုင်နိုင်မည် မဟုတ်ပေ။

သို့သော် သူ့ဘက်းက အလွန်အဆင့်မြင့်သည့် နည်းပညာပစ္စည်းများကို ပေးဖို့ဆိုမှာလည်း နှမြောနေမိပြန်သည်။

ထိုသို့ စဉ်းစားနေစဉ်မှာပင် ရှောင်းယီသည် သူ၏ မျက်လုံးထောင့်တွင် ဘေးနားရှိ လေဆာသေနတ်ကို မြင်လိုက်ရ၏။

သူက သူတို့နှင့် အသေအကြေ တိုက်ခိုက်စရာ မလိုသေးသလို ဤ S အဆင့် လေဆာသေနတ်ကလည်း သူတို့ကို ကြောက်ရွံ့သွားအောင် လုပ်ရန် လုံလောက်လိမ့်မည်ဖြစ်သည်။

ထို့အပြင် သူ့တွင် ဤပစ္စည်းအတွက် ပုံစံခွက်လည်း ရှိနေပြီးသားဖြစ်ရာ နှမြောစရာ သိပ်မလိုပေ။

ထိုသို့ တွေးမိပြီးနောက် ရှောင်းယီသည် အချက်ပြလက်ခံစက်ကို သုံး၍ မက်ဆေ့ခ်ျ ပို့လိုက်သည်။

“ငါ့လက်ထဲမှာ ပစ္စည်းသိပ်မရှိဘူး။ ဒါကြောင့် မင်းတို့ကို လေဆာသေနတ် တစ်လက် ပေးလိုက်မယ်။”

ထိုသို့ပြောပြီးသည်နှင့် သူသည် အာကာသယာဉ်ပေါ်ရှိ စက်မှုလက်တံကို သုံး၍ လေဆာသေနတ်ကို ပစ်လွှတ်ပေးလိုက်သည်။

အာကာသထဲတွင် အရာဝတ္ထုတစ်ခုခုကို တွန်းကန်လိုက်လျှင် ရှေ့သို့ ဆက်လက် ရွေ့လျားနေမည်ဖြစ်ပြီး ဒြပ်ဆွဲအား ရှိပါက လမ်းကြောင်းကို ပြောင်းလဲနိုင်သည်။

လေဆာသေနတ်သည် ဒေသခံ အာကာသယာဉ်၏ အနီးသို့ မကြာမီ ရောက်ရှိသွားခဲ့သည်။ ဒေသခံ အာကာသယာဉ်သည်လည်း စက်မှုလက်တံကို ဆန့်ထုတ်၍ လေဆာသေနတ်ကို ဖမ်းယူလိုက်ပြီး ပြန်လည် ရုပ်သိမ်းသွားခဲ့သည်။

“သခင်ကြီး...ကျွန်တော်တို့ကို ဒီလက်နက် ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ပြန်ပါတော့မယ်။”

တစ်ဖက်လူက မက်ဆေ့ခ်ျ ထပ်ပို့လာခဲ့သည်။

ထို့နောက် သူတို့သည် အဝေးသို့ ဦးတည်၍ အလျင်အမြန် ပျောက်ကွယ်သွားတော့သည်။

တစ်ဖက်လူ ထွက်ခွာသွားသည်ကို မြင်သောအခါ ရှောင်းယီ သက်ပြင်းကြီး ချလိုက်မိ၏။ သူတို့နှင့် တိုက်ခိုက်လျှင် သူ အနိုင်ရနိုင်သော်လည်း တိုက်ပွဲ ဖြစ်လာပါက အလွယ်တကူတော့ ဖြစ်လာမည် မဟုတ်ပေ။

ထိုသို့ အခြေအနေမျိုးမှာ ရှောင်လွှဲနိုင်လျှင် မတိုက်ခိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

ဤအချိန်တွင် အများသုံးချန်နယ်ရှိ လူများမှာ ထပ်မံ ဆွေးနွေးနေကြပြန်သည်။

“ငါ အာကာသယာဉ် တစ်စင်း ထပ်တွေ့တယ်။”

“အာကာသယာဉ်တွေ အများကြီး ပျံသန်းနေတာလား။”

“မဟုတ်ဘူး။ ဒီတစ်ခါ ပျံသန်းတဲ့ ဦးတည်ချက်က အရင်တစ်ခေါက်နဲ့ ပြောင်းပြန်ပဲ။ ဒါက အရင်က ပျံသွားတဲ့ အာကာသယာဉ် ဖြစ်မယ်လို့ ငါ သံသယရှိတယ်။ ဒါပေမဲ့ သက်သေပြစရာတော့ မရှိဘူး။”

“ဒီ အာကာသယာဉ်က ဘာတွေ လုပ်နေတာလဲ။ ရှေ့တိုးနောက်ဆုတ်နဲ့ ပျံသန်းနေတာလား။”

“ဘုရားပဲ သိမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ အချက်တော့ မဟုတ်လောက်ဘူး။”

“ဟုတ်တယ်။ ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေအရ ဒေသခံတွေနဲ့ ငါတို့က ယှဉ်ပြိုင်ရမယ့် ဆက်ဆံရေးပဲ ရှိလိမ့်မယ်။”

“ဒါပေမဲ့ ငါတို့က အရေးပေါ်ယာဉ်ထဲမှာပဲ ရှိနေသေးတာလေ။ အခုချိန်မှာ အာကာသယာဉ်တွေနဲ့ လာပြီး ရင်ဆိုင်ဖို့ စီစဉ်တာက မတရားဘူး မဟုတ်ဘူးလား။”

“ဒါက စစ်ရေးကျင့်ဝတ်ကို လုံးဝ လျစ်လျူရှုတာပဲ။ ဒါပေမဲ့ ဒီလောကရဲ့ စည်းမျဉ်းတွေအောက်မှာဆိုရင် ဒီစည်းမျဉ်းတွေအတိုင်း လိုက်နာဆောင်ရွက်ရမှာပဲ။”

“တကယ်တော့ မဟုတ်ပါဘူး။ ပထမအဆင့်တုန်းက ငါ ဒေသခံတစ်ဖွဲ့နဲ့ ဆက်သွယ်ခဲ့ဖူးတယ်။ တကယ်တော့ တစ်ဖက်လူ လိုချင်တဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်ရင် မဟာမိတ် ဖွဲ့လို့ ရပါတယ်။”

“ပြောဖို့တော့ လွယ်တာပေါ့။ ပထမအဆင့်မှာတုန်းက ငါတို့ဆီမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ အများကြီး ရှိခဲ့လို့ အဲဒီလို လုပ်နိုင်ခဲ့တာ။ အခုက ငါတို့မှာ တစ်ခုပဲ ရှိတော့တယ်။ တစ်ဖက်လူရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီးရင် မင်းဆီမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ကျန်နေဦးမယ်ဆိုတာ သေချာလား။”

“လက်ရှိ အခြေအနေအရတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပေးလိုက်လို့ မရဘူး။ ငါ ပြောချင်တာက တစ်ဖက်လူက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ ထုတ်လုပ်နိုင်စွမ်းကိုပဲ လိုချင်တာ။ အရှိန်မြှင့်တင်ပေးတဲ့ အစွမ်းက အာကာသယာဉ်တွေအတွက်တော့ အများကြီး အထောက်အကူ မပြုနိုင်ဘူး။ အဲဒါကြောင့် ငါတို့က သူတို့ရဲ့ ထုတ်လုပ်မှု လိုအပ်ချက်တွေကိုပဲ ဖြည့်ဆည်းပေးရင် ရပြီ။”

“အပေါ်ကလူက အရမ်း ရိုးသားလွန်းတယ်။ ငါတို့က အာကာသထဲမှာ မျှောလွင့်နေတာလေ။ ဒီက ဒေသခံတွေက ဂြိုဟ်ပေါ်မှာ နေနေတာ။”

“မှန်တယ်။ သူတို့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သူတို့ ဂြိုဟ်ဆီ အပြည့်အဝ ပြောင်းရွှေ့ယူသွားပြီးရင် အရှိန်မြှင့်တင်တာရော၊ အသစ်ပြန်ဖြစ်တာရော နှစ်ခုလုံး သုံးနိုင်တယ်။”

“အဲဒါလည်း ဟုတ်ပါတယ်။ ဒီတော့ ဒေသခံတွေနဲ့ ဆက်ဆံရေးကို ပြေလည်အောင် လုပ်လို့ မရနိုင်တော့ဘူး ထင်တယ်။”

လူများ၏ ဆွေးနွေးချက်ကို ကြည့်ရင်း ရှောင်းယီ စိတ်ထဲမှ တွေးလိုက်မိသည်။

“မင်းတို့နဲ့ ဒေသခံတွေရဲ့ ဆက်ဆံရေး မပြေလည်နိုင်တာက မင်းတို့ ကိုယ်တိုင်က အင်အား မလုံလောက်သေးလို့ပဲ။”

အခန်း ၁၃၆၀

ရှောင်းယီ ပထမအဆင့်မှာ ရှိစဉ်တုန်းက သူ၏ အင်အားသည် ထိုဒေသခံ အင်အားစုများကို နှိမ်နင်းနိုင်လောက်သည့်အတွက် သူတို့နှင့် ဆက်ဆံရေးမှာ အလွန်ပင် လွယ်ကူခဲ့သည်။

“အညံ့ခံမလား...ဒါမှမဟုတ် သေမလား။”

အမြော်အမြင်ရှိပြီး ယီရန်ပင်းမဟာမိတ်အဖွဲ့၏ စည်းမျဉ်းနှင့် ထူးခြားချက်များကို နားလည်သော ခေါင်းဆောင်တိုင်းက အညံ့ခံခြင်းကိုသာ ရွေးချယ်ကြလိမ့်မည်။

အညံ့ခံပြီးနောက်တွင် အဆုံးမရှိသော အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပြီး အညံ့မခံပါက သေလမ်းတစ်ခုသာ ရှိလိမ့်မည်။

ထို့ပြင် အင်အားကြီးသူတစ်ယောက်ထံ အညံ့ခံခြင်းက သူတို့အတွက် လက်ခံရခက်သော ကိစ္စမဟုတ်ပေ။

ဤအချိန်တွင် ကျူးဝူသည်လည်း အများသုံးချန်နယ်ရှိ ဆွေးနွေးချက်များကို မြင်လိုက်ရပြီး ရှောင်းယီထံသို့ သီးသန့်မက်ဆေ့ခ်ျ ပို့လာခဲ့လေသည်။

“သူဌေး အများသုံးချန်နယ်မှာ ဆွေးနွေးနေတာကို မြင်လိုက်လား။”

“မြင်လိုက်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အဲဒီ အာကာသယာဉ်က သူဌေးအရင်က ဖျက်ဆီးခဲ့တဲ့ ယာဉ်လား။”

ရှောင်းယီသည် ယခင်က ဒေသခံ အာကာသယာဉ်တစ်စင်းကို တိုက်ခိုက်ခဲ့ဖူးကြောင်း ကျူးဝူ သိရှိထားသည်။

“မသိဘူး။ ဒါပေမဲ့ ငါအရင်က တိုက်ခဲ့တဲ့ ယာဉ်နဲ့တော့ အုပ်စုအတူတူပဲ။ နှစ်ခုလုံးက ဒီဂလက်ဆီကပဲ။”

ရှောင်းယီက ခေါင်းခါပြီး ပြောလိုက်သည်။ ကျူးဝူက ချက်ချင်းပင် တုံ့ပြန်လိုက်၏။

“သူဌေး...ခင်ဗျားဆိုလိုတာက အဲဒီ အာကာသယာဉ်နဲ့ အဆက်အသွယ် ရသွားပြီလို့ ပြောချင်တာလား။”

“ဟုတ်တယ်။ ပြီးတော့ ငါတို့ တော်တော်ကြာကြာ စကားပြောဖြစ်ကြသေးတယ်။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

“တော်တော်ကြာအောင် စကားပြောဖြစ်ကြတယ် ဟုတ်လား။”

ကျူးဝူ အံ့ဩသွား၏။

“ဘာတွေ ပြောဖြစ်ကြတာလဲ။ သူတို့က ဘယ်ဂြိုဟ်က လာတာလဲ။”

“ဒီဂလက်ဆီကို ဂမ်မာ ဂလက်ဆီလို့ ခေါ်ပုံရတယ်။ သူတို့ရဲ့ ဂြိုဟ်ကိုတော့ ကစဉ့်ကလျားဂြိုဟ်လို့ ခေါ်တယ်။ ငါတို့ အထွေထွေ အချက်အလက်တချို့ပဲ ဖလှယ်ဖြစ်ခဲ့ကြတာပါ။”

ရှောင်းယီသည် အစဉ့်ကလျားဂြိုဟ်၏ သမိုင်းကြောင်းများကို ထပ်မပြောတော့ဘဲ အတိုချုံး၍သာ ပြောပြလိုက်သည်။

“သူဌေး...ခင်ဗျား တကယ် မိုက်တာပဲ။ ဒါဆို စောစောက ပျံသန်းနေတဲ့ အာကာသယာဉ်က သူဌေးဆီကို ဦးတည်လာတာပေါ့။”

ကျူးဝူ ထပ်မံ အတည်ပြုမေးမြန်းလိုက်သည်။

“မှန်တယ်။”

စကားပြောပြီးနောက် လျှာရှည်သော ကျူးဝူသည် အများသုံးချန်နယ်၌ ချက်ချင်းပင် ကြွားဝါတော့သည်။

“စိတ်ပူစရာ မလိုပါဘူး။ မင်းတို့ မြင်လိုက်ရတဲ့ အာကာသယာဉ်က ဆရာကြီးဆီကို သွားတာပဲ။ မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး။”

ကျူးဝူက ပြုံးကာ ပြောလိုက်သည်။

“တကယ်လား။ မင်းက ကြယ်တံခွန်နောက် လိုက်နေရင်းနဲ့ အဲဒီ အာကာသယာဉ်က ဆရာကြီးဆီ သွားတာမှန်း ဘယ်လိုသိတာလဲ။”

“ဟုတ်တယ်။ ဆရာကြီးက စွမ်းအားကြီးတယ်ဆိုတာ ငါတို့ သိပြီးသားပါ။ မင်း အမြဲတမ်း သူ့ကို အကောင်းပြောပေးနေစရာ မလိုပါဘူး။”

“အဲဒီ အာကာသယာဉ်က တကယ်ပဲ ဆရာကြီးဆီ သွားတာဆိုရင် အခု သူတို့ ပြန်ရောက်လာပြီဆိုတော့ ဆရာကြီးရဲ့ အရေးပေါ်ယာဉ်ကို အဲဒီယာဉ်က ဖျက်ဆီးလိုက်ပြီလား။”

“မဖြစ်နိုင်ပါဘူး။ ဆရာကြီးရဲ့ နာမည်က အခုထိ ရှိနေသေးတယ်။ မီးလင်းနေတုန်းပဲ။ @ လုပ်လို့လည်း ရနေတုန်းဆိုတော့ အန္တရာယ် မရှိလောက်ပါဘူး။”

“မင်းတို့ ဘာတွေ တွေးနေကြတာလဲ။”

ကျူးဝူက ပြုံးလိုက်သည်။

“အာကာသယာဉ်က ဆရာကြီးဆီ သွားတိုင်း သူတို့က တိုက်ခိုက်ရမှာလား။”

“သူတို့ ငြိမ်းချမ်းစွာ နေကြတာ ဖြစ်နိုင်မလား။ ဆရာကြီးက သူ့ရဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဒေသခံတွေကို လဲလိုက်တာရော ဖြစ်နိုင်မလား။”

“အဲဒါပဲ ဖြစ်နိုင်ခြေ ရှိတော့မယ်။”

ထိုအခါ ကျူးဝူက မထီတရီဖြင့် ပြောလိုက်သည်။

“အင်အား မလုံလောက်ရင်တော့ ဒေသခံတွေက တန်းပြီး တိုက်ခိုက်မှာပေါ့။ ဒါပေမဲ့ သူဌေးရဲ့ စွမ်းအားအကြောင်းကတော့ ထပ်ပြောစရာ မလိုတော့ဘူး ထင်တယ်။”

“မင်းဆိုလိုတာက ဒေသခံတွေက ဆရာကြီးကို မတိုက်ခိုက်ခဲ့ဘူးပေါ့ ဟုတ်လား။”

“ဒါပေါ့ကွ။”

ကျူးဝူက ပြန်ဖြေလိုက်သည်။

“ငါ မင်းတို့ကို အရင်တစ်ခေါက်က ပြောခဲ့တယ်လေ။ မင်းတို့ မြင်ခဲ့တဲ့ မီးခိုးတွေ ထွက်နေတဲ့ အာကာသယာဉ်ကို ဆရာကြီး ဖျက်ဆီးလိုက်တာလို့။ မင်းတို့မှ မယုံကြတာ။ အဲဒီတိုက်ပွဲကြောင့်ပဲ ဒေသခံတွေက ဆရာကြီးရဲ့ စွမ်းအားကို သိသွားပြီး အခုလို တန်းတူ အပြန်အလှန် ဆွေးနွေးနေတာပေါ့။”

“တန်းတူ အပြန်အလှန် ဆွေးနွေးတယ် ဟုတ်လား။ ဆရာကြီးက ဒေသခံတွေနဲ့ ဆက်သွယ်နိုင်ခဲ့တယ်လို့ ပြောချင်တာလား။”

“မဖြစ်နိုင်တာ...ဆက်သွယ်ဖို့ဆိုရင် လမ်းကြောင်းနဲ့ နည်းလမ်းတွေ လိုတယ်လေ။ ငါတို့ရဲ့ အရေးပေါ်ယာဉ်တွေမှာ ဘာသာပြန်စက်မှ မပါတာ။”

“ဟုတ်တယ်။ ဆရာကြီးမှာ ပါရင်တောင် အဲဒါကို ဘာသာပြန်ဖို့ အချိန်အများကြီး ယူရဦးမှာပဲ။ သူတို့ရဲ့ ရေဒီယိုအချက်ပြမှု ဒါမှမဟုတ် ဘာသာစကားကို ဒီလောက်မြန်မြန် ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

“ဟူး... မင်းတို့ ဘယ်တော့မှ နားလည်လာမှာလဲ။ ငါ့သူဌေးက မင်းတို့နဲ့ မတူဘူးလို့ ငါ ပြောထားတယ်လေ။ သူဌေးကို မင်းတို့ရဲ့ တွေးခေါ်ပုံတွေနဲ့ မတိုင်းတာကြစမ်းပါနဲ့။”

ကျူးဝူက ထပ်ပြောလိုက်သည်။

“မင်းတို့ မယုံဘူးဆိုရင်လည်း ပြီးတာပါပဲ။ ငါ ဆက်မပြောတော့ဘူး။ ပျင်းဖို့ကောင်းတယ်။”

“အဲဒီလို မလုပ်ပါနဲ့။ အစ်ကိုကျူး...ဆရာကြီးရဲ့ အကြောင်းတွေကို မင်းကိုပဲ အားကိုးပြီး ကြားနေရတာပါ။”

“ဟုတ်တယ်။ ဆရာကြီးက ဒေသခံတွေနဲ့ ဆက်သွယ်ပြီးတာနဲ့ တစ်ခုခု ရလိုက်သေးလားဆိုတာ မြန်မြန် ပြောပြပါဦး။”

“အစ်ကိုကျူး...ငါ မင်းကို ယုံပါတယ်။ မင်းကို အမြဲ ယုံကြည်လာတာပါ။ ဆရာကြီးကိုလည်း ယုံပါတယ်။ ဆရာကြီးက ငါ့လို သစ္စာရှိတဲ့ ညီငယ်လေးတစ်ယောက်ကို လက်ခံပါ့မလားလို့ သိချင်မိတယ်။”

လူတိုင်း၏ တောင်းဆိုချက်များကို မြင်သောအခါ ကျူးဝူက တစ်ဖန် ပြန်ပြောလိုက်သည်။

“ဒါ နောက်ဆုံးအကြိမ်ပဲ။ နောက်တစ်ခါ ငါပြောတာကို သံသယဝင်ရဲရင် နောက်ပိုင်းမှာ သတင်းတွေ လိုက်မမေးပေးတော့ဘူး။”

“မလုပ်ပါဘူး အစ်ကိုကျူး...ကျေးဇူးပြုပြီး ပြောပြပေးပါ။”

“ဆရာကြီးက သူတို့နဲ့ ပထမဆုံးအကြိမ် ဆက်သွယ်တာဆိုတော့ သတင်းအချက်အလက်တွေ အများကြီး မရသေးဘူး။ ဒါပေမဲ့ ငါတို့ ဂလက်ဆီရဲ့ နာမည်နဲ့ သူတို့ဂြိုဟ်ရဲ့ နာမည်ကိုတော့ အတည်ပြုလို့ ရသွားပြီ။”

ကျူးဝူက ဆိုသည်။

“ငါတို့ ဂလက်ဆီရဲ့ နာမည်လား။ ငါတို့ ဂလက်ဆီကို ဘာလို့ ခေါ်တာလဲ။”

“ဟုတ်တယ်။ စိတ်ပူအောင် လုပ်မနေပါနဲ့တော့။ မြန်မြန်ပြောပြပါ...သူတို့ နာမည်တွေက ဘာတဲ့လဲ။”

ကျူးဝူက ဆက်ပြောလိုက်သည်။

“ဒီဂလက်ဆီက ဂမ်မာ ဂလက်ဆီ ဖြစ်ပြီး အဲဒီ ဒေသခံ ဉာဏ်ရည်ရှိ သက်ရှိတွေ နေထိုင်တဲ့ ဂြိုဟ်က ကစဉ့်ကလျားဂြိုဟ်တဲ့။”

“ဂမ်မာ ဂလက်ဆီ၊ ကစဉ့်ကလျားဂြိုဟ်လား။ ဒါက တကယ်လား။”

“မင်း ငါ့ကို ထပ်ပြီး သံသယဝင်နေတာလား။ နောက်ဆိုရင် မင်းတို့ကို ဘာသတင်းမှ ပြောမပေးတော့ဘူး။ စိတ်ဝင်စားဖို့လည်း မကောင်းဘူး။”

ကျူးဝူက ချက်ချင်း ဆိုသည်။

“အဲဒီလို မလုပ်ပါနဲ့ အစ်ကိုကျူး။ ငါတို့က အစ်ကို့ကို သံသယဝင်နေတာ မဟုတ်ပါဘူး။ နည်းနည်း မယုံနိုင်စရာ ဖြစ်နေလို့ပါ။”

“ဟုတ်တယ်...စဉ်းစားကြည့်လေ။ တစ်ယောက်ယောက်က ရုတ်တရက်ကြီး ဒီလို လာပြောရင် ပထမဆုံး တုံ့ပြန်မှုက မယုံနိုင်စရာပဲ ဖြစ်မှာလေ။ အဲဒါကြောင့် အစ်ကိုကျူးရယ်... လူတိုင်းရဲ့ လက်ရှိ စိတ်ခံစားချက်ကို နားလည်ပေးပါဦး။”

“ငါ ယုံပါတယ်။ ဒါပေမဲ့ ဒီအချက်အလက်က ဘာမှ မသုံးဝင်ဘူး။ ဒီဒေသခံတွေက ဘယ်လောက်အထိ ရန်လိုသလဲဆိုတာပဲ သိချင်တယ်။”

“ဟုတ်တယ်။ သူတို့သာ သိပ်ပြီး ရန်မလိုရင် ဒါမှမဟုတ် သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းက သိပ်မပြင်းထန်ဘူးဆိုရင် ငါတို့ အရမ်းကြီး စိတ်ပူစရာ မလိုတော့ဘူးပေါ့။”

“ဆရာကြီး ကိုယ်တိုင် ထွက်ပြီး ရှင်းပြပေးလို့ ရမလား။ ကျွန်တော်တို့ ဒါကို တကယ် သိချင်နေလို့ပါ။”

၎င်းကို မြင်သောအခါ ရှောင်းယီက ဝင်ရောက်ပြောဆိုလိုက်ရသည်။

“အရေးပေါ်ယာဉ်အတွက်ဆိုရင်တော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေက အင်မတန် ပြင်းထန်တယ်။ ဒါပေမဲ့ မင်းတို့သာ အရေးပေါ်ယာဉ်ကို အဆင့်မြှင့်ပြီး လေဆာလက်နက်ကို ရထားပြီးသားဆိုရင်တော့ သူတို့ရဲ့ တိုက်ခိုက်မှုတွေက အဲလောက် မပြင်းထန်တော့ဘူး။”

“သေချာတာပေါ့...အရေးပေါ်ယာဉ်က အနိမ့်ဆုံး အဆင့်ပဲ ရှိသေးတာဆိုတော့ အမြန်ဆုံး အဆင့်မြှင့်ဖို့ လိုအပ်နေသေးတယ်။”

“အရေးပေါ်ယာဉ်နဲ့ အာကာသယာဉ်နဲ့ တွေ့ရင် သေချာပေါက် သေမှာပဲ။ ဟူး... ခက်ခဲလိုက်တာ ”

“ဆရာကြီးက သူ အာကာသယာဉ်ကို အဆင့်မြှင့်ထားပြီးပြီလို့ ဆိုလိုတာလား။”

“အစ်ကိုကျူးက ဒါကို အရင်ကတည်းက ပြောထားတယ် မဟုတ်ဘူးလား။ ဒါက သတင်းအသစ်မှ မဟုတ်တာ။”

“အရင်က လူတိုင်း မယုံခဲ့ကြဘူးလေ။”

“သူတို့ရဲ့ ရန်လိုမှုနဲ့ ပတ်သက်ပြီး ပြောရရင် ငါ့အမြင်အရတော့ သူတို့က သိပ်ပြီး ရန်မလိုပါဘူး။ အနည်းဆုံးတော့ ဒီတစ်ခါ သူတို့က ငါ့ဆီကို အရင် ဦးအောင် လာပြီး ဆက်သွယ်ခဲ့ကြတယ်။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“ဆရာကြီးအပေါ်မှာတော့ ရန်မလိုဘူးပေါ့။ ဆရာကြီးက သူတို့ကို ရိုက်နှက်ပြီး အညံ့ခံအောင် လုပ်ထားတာလေ။”

“ဟုတ်တယ်။ သူတို့သာ ငါတို့ရဲ့ အရေးပေါ်ယာဉ်တွေကို တွေ့သွားရင် စကားတောင် မပြောဘဲ လေဆာရောင်ခြည်နဲ့ ပစ်မှာ အသေအချာပဲ။”

“နောက်ကျကျန်နေရင် အနှိမ်ခံရမယ်ဆိုတာ ထာဝရ အမှန်တရားပဲ။”

ရှောင်းယီက ပြုံးလိုက်သည်။

“လူတိုင်း ဒါကို နားလည်ထားတယ်ဆိုရင် အမြန်ဆုံး အဆင့်မြှင့်တင်ကြပါ။”

“ကျွန်တော်တို့လည်း မြန်မြန် လုပ်ချင်တာပေါ့။ ဒါပေမဲ့ လက်ရှိ အခြေအနေအရ မြန်မြန် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေဗျာ။”

All Chapters