← Chapters

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁-၂၆၂)

Vol. 27 Ch. 261-262

အခန်း (၂၆၁) လိုက်ဖူ - "အစ်ကိုကြီး... ဆောရီးပါ... ခုနက ကျွန်တော် အသံ နည်းနည်း ကျယ်သွားတယ်”

ရွာဘေးရှိ တောင်ပေါ်တွင် တောဟင်းရွက်များ တူးနေခြင်းဖြစ်ရာ တောင်အောက်ဆင်းသည့် အချိန်တွင် ရွှီယန်က လိုက်ဖ်ကို မပိတ်ခဲ့ပေ။

ဤသည်က သာမန် တောင်ပေါ်ရွာလေး တစ်ရွာသာဖြစ်ပြီး ခရီးသွား အများအပြားက ဤနေရာသို့ ကားမောင်းလာကာ အပန်းဖြေရင်း ရှုခင်းကြည့်လေ့ ရှိကြသည်။ ဖုံးကွယ်ထားစရာ ဘာမှမရှိချေ။

ရွှီယန်က ဝါးခြင်းတောင်း အပြည့် တောဟင်းရွက်များကို လွယ်ထားပြီး အားလုံးက လတ်ဆတ်သော တောဟင်းရွက်များချည်းသာ ဖြစ်၏။ ဤအရာများကို ရွာသူရွာသား အများစုက ကြိုက်နှစ်သက်ကြပြီး မွေးရပ်မြေ၏ အရသာဟုပင် ဆိုရပေမည်။

ရွှီယန်၏ မိဘများလည်း ကြိုက်နှစ်သက်ကြသဖြင့် ယနေ့ ခူးလာသော တောဟင်းရွက်များကို သူတို့ဆီသို့ သွားပို့ပေးရန် ရည်ရွယ်ထားသည်။ ဤအခွင့်အရေးကို အသုံးချ၍ ရွှီယန်က အားလုံးကို သူ၏ တောင်ပေါ်ရွာလေးကို ပြသပေးလိုက်၏။

ရွာလေးက သန့်ရှင်းသပ်ရပ်ပြီး လမ်းများကိုလည်း ရှင်းလင်းထားသည်။ ရွှီယန်က ရွာလမ်းမပေါ်တွင် လျှောက်သွားနေစဉ် အင်တာနက်သုံးစွဲသူများလည်း ကြည့်ရသည်မှာ အလွန် သဘောကျနေကြ၏။

ထိုအချိန်မှာပင် ရွှီယန်က အိမ်တစ်အိမ်၏ အရှေ့သို့ ရောက်သွားရာ အိမ်ရှေ့မှ သံကြိုးချည်ထားသော အိမ်စောင့်ခွေး တစ်ကောင်က ရုတ်တရက် ထွက်လာပြီး ရွှီယန်ကို အဆက်မပြတ် ဟောင်တော့သည်။ ခွေးက တော်တော်လေး ကြမ်းတမ်းစွာ ဟောင်နေပြီး ဤသည်ကလည်း အိမ်စောင့်ခွေး တစ်ကောင်၏ မရှိမဖြစ် အရည်အချင်း တစ်ခုပင် ဖြစ်၏။

ရွှီယန်က ခွေးကို ကြည့်လိုက်သော်လည်း မျက်နှာအမူအရာကတော့ တစ်ချက်လေးမျှ ပြောင်းလဲမသွားချေ။ အင်တာနက်သုံးစွဲသူများကတော့ ရယ်မောနေကြသည်။

[ဟားဟားဟား... လောင်ရွှီ ခွေးဟောင်ခံရပြီ... ရှားရှားပါးပါးပဲ]

[ဒီခွေးလေးက သူ ဘယ်သူ့ကို ရန်စမိနေလဲ ဆိုတာ မသိသေးဘူး]

[ခွေးလေး... မြန်မြန်ပြေး... သူက ကျားဖင်ကိုတောင် ရိုက်ရဲတဲ့သူကွ]

[အခု မပြေးရင်တော့ အခွင့်အရေး မရတော့ဘူးနော်]

ကွန်မန့်များက အလွန် စည်ကားနေသည်။

အိမ်စောင့်ခွေးက အလွန် ကြမ်းတမ်းစွာ ဟောင်နေသော်လည်း ရွှီယန်ကို ရန်ငြိုးရှိ၍တော့ မဟုတ်ဘဲ မည်သူ့ကိုမဆို အကုန် ဟောင်တတ်ခြင်းသာ ဖြစ်၏။ ရွှီယန် သူ့ကို ကြည့်နေသည်ကို မြင်သောအခါ သူက ပို၍ ကြမ်းတမ်းလာပြီး သွားများကို ဖြဲကာ တိုက်ခိုက်မည့် အနေအထားမျိုး ပြင်ဆင်နေတော့သည်။

"ဒီခွေးလေး နာမည် လိုက်ဖူ လို့ ခေါ်တာ ထင်တယ်"

ရွှီယန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"လိုက်ဖူ... ကြက်ပေါင် စားမလား"

ရွှီယန်က အပေါ်အင်္ကျီ အိတ်ကပ်ထဲသို့ လက်နှိုက်လိုက်ပြီးနောက် အားလုံး အံ့ဩသွားစေမည့် ပလတ်စတစ် အိတ်ဖြင့် ထုပ်ထားသော ကြက်ပေါင်ကြီး တစ်ခုကို ထုတ်ယူလိုက်၏။

အင်တာနက်သုံးစွဲသူများ အားလုံး ကြောင်အမ်းသွားကြတော့သည်။

'မင်း အိတ်ကပ်ထဲမှာ ဘယ်လောက်တောင် အစားအသောက်တွေ ထည့်ထားတာလဲ... ဘာလို့ အကုန် ရှိနေရတာလဲ... ဒီကြက်ပေါင်ကကော ဘယ်က ရောက်လာတာလဲ'

ရွှီယန်အတွက်တော့ ဤသည်က မရှိမဖြစ် လိုအပ်ချက် တစ်ခုပင် ဖြစ်၏။ တောင်ထဲဝင်ရာတွင် ဘာတွေ ကြုံရမည်ကို မသိနိုင်သဖြင့် အစားအသောက် အနည်းငယ် ပိုယူသွားခြင်းက အကောင်းဆုံး ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူ၏ ခန္ဓာကိုယ် ခွန်အားက ကောင်းမွန်သဖြင့် သရေစာ အနည်းငယ် သယ်သွားရုံဖြင့် ပင်ပန်းမည် မဟုတ်ချေ။

ကြမ်းတမ်းနေသော လိုက်ဖူ မှာ ရွှီယန်၏ စကားကြောင့် သိသိသာသာ အံ့ဩသွားပုံရ၏။ ကြက်ပေါင် ဟူသော စကားလုံး၏ အဓိပ္ပာယ်ကို သူ နားလည်ပေသည်။ မူလက ကြမ်းတမ်းနေသော မျက်လုံးများက ချက်ချင်းပင် တွေဝေသွားပြီး ဖြဲထားသော သွားများကလည်း အလိုလို ပြန်စိသွားတော့သည်။

ရွှီယန်က လိုက်ဖူ ၏ အရှေ့တွင် ကြက်ပေါင်ကို လှုပ်ယမ်းပြလိုက်ရာ လိုက်ဖူ ၏ မျက်နှာပေါ်တွင် လိုချင်တပ်မက်သည့် အမူအရာများ ပေါ်လာပြီး နှာခေါင်းကို သပ်ကာ အတော်လေး သွားရည်ကျနေသည့် ပုံပေါက်နေ၏။

"ဟောင်ဦးမလား"

ရွှီယန်က ထပ်မေးလိုက်သည်။

ဤတစ်ကြိမ်တွင် လိုက်ဖူ က အတော်လေး လိမ္မာသွားပြီး တစ်ချက်လေးမျှ မလှုပ်တော့ချေ။

လိုက်ဖ်ထဲမှ အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို ကြည့်ရင်း လိုက်ဖူ ကို ဝိုင်းဝန်း အားပေးနေကြသည်။

[လိုက်ဖူ... မင်းက ခိုင်မာတဲ့ ရပ်တည်ချက် ရှိရမှာလေ... သူ့ကို ကိုက်လိုက်]

[ဘာလို့ မဟောင်တော့တာလဲ]

[လိုက်ဖူ - အစ်ကိုကြီး... ဆောရီးပါ... ခုနက ကျွန်တော် အသံ နည်းနည်း ကျယ်သွားတယ်]

[ဟားဟားဟား... ခွေးလေး ကျဉ်းထဲကြပ်ထဲ ရောက်သွားပြီ]

ရွှီယန်က ကြက်ပေါင် အခွံကို ဖောက်ကာ ကိုယ်တိုင် အရင်ဆုံး အားပါးတရ ကိုက်စားလိုက်ပြီးနောက် အလွန် ဆာလောင်နေသည့် လိုက်ဖူ ကို ကြည့်ကာ ကြက်ပေါင်ကို တိုက်ရိုက် ပစ်ပေးလိုက်၏။

လိုက်ဖူ က တစ်ချက်တည်း ကိုက်ချီလိုက်ပြီး ချက်ချင်းပင် အားပါးတရ စတင် စားသောက်တော့သည်။ သူလည်း တော်တော်လေး ဆာနေပုံရ၏။ ချက်ချင်းဆိုသလို ကြက်ပေါင်ကို ကိုက်ဖဲ့ကာ အရိုးများကိုပါ အကုန် ဝါးစားပစ်လိုက်သည်။ သို့သော် ဤကဲ့သို့သော သရေစာ ကြက်ပေါင်များ၏ အရိုးများက မူလကတည်းက အလွန် နူးညံ့ပြီးသား ဖြစ်၏။

ရွှီယန်က သူ့ကို နှစ်ချက်ခန့် ကြည့်ပြီးနောက် ဆက်လက် ထွက်ခွာသွားခဲ့သည်။ လိုက်ဖူ က ရွှီယန်ကို ထပ်ကြည့်သောအခါ အနည်းငယ်မျှပင် ကြမ်းတမ်းသည့် အရိပ်အယောင် မရှိတော့ဘဲ အမြီးလေးကိုပင် လှုပ်ရမ်းပြကာ ဝမ်းသာအားရ နှုတ်ဆက်နေသည့် အလားပင်။ တကယ်ကို အလွယ်တကူ စည်းရုံးခံရသည့် ခွေးလေး ဖြစ်၏။

ရွှီယန်က လိုက်ဖူ ကို အစာကျွေးရသည့် အကြောင်းရင်းကလည်း ရှင်းလင်းပါသည်။ ချည်နှောင်ခံထားရသည့် ခွေးများကို တွေ့လျှင် သူ အနည်းငယ် စိတ်မကောင်း ဖြစ်မိသော်လည်း ခွေးပိုင်ရှင်၏ ကိစ္စဖြစ်သဖြင့် သူလည်း ဝင်မစွက်ဖက်ချေ။ သို့သော် အစားအသောက်လေး အနည်းငယ် ကျွေး၍ ရပါကလည်း ကျွေးလိုက်ခြင်းပင်။ အသေးအမွှား ကိစ္စလေးတစ်ခုသာ ဖြစ်၏။

အရှေ့သို့ ဆက်လျှောက်သွားသောအခါ သူတို့၏ ဆိုင်လေးသို့ ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ ဤရက်ပိုင်းများတွင် ဆိုင်လေးက တော်တော်လေး ရောင်းကောင်းနေပြီး ပရိသတ် အချို့က ဤနေရာသို့ တကူးတက လာရောက်ကာ ပစ္စည်းများ ဝယ်ယူတတ်ကြ၏။ တော်တော်လေးတော့ လွန်ကဲလှပေသည်။

ရွှီယန်က ဆိုင်ရောက်ခါနီးတွင် အင်တာနက်သုံးစွဲသူများကို နှုတ်ဆက်ကာ လိုက်ဖ်ကို ပိတ်လိုက်သည်။ ဆိုင်သို့ ပြန်ရောက်သောအခါ ရွှီယန်က တောဟင်းရွက်များကို ချထားလိုက်ပြီး သစ်သီးလက်ဖက်ရည် တစ်ပုလင်း ယူကာ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အမေဖြစ်သူနှင့် စကားစမြည် ပြောဆိုနေလိုက်၏။

စကား အနည်းငယ် ပြောပြီးနောက် အမေဖြစ်သူက မေးလာသည်။

"ဟိုနေ့က ဧည့်သည် တစ်ယောက် လာသွားတယ်... အမေ့ကို လိုက်ဖ်လွှင့်ဖို့ စာချုပ် လာချုပ်ခိုင်းတာတဲ့... အမေ လိုက်ဖ်လွှင့်ရင် ပိုက်ဆံ အများကြီး ရနိုင်တယ်တဲ့"

"ဒါပေမယ့် အကောင့် နာမည် အနောက်မှာ ကွင်းစကွင်းပိတ် ထည့်ပြီး စာလုံး အနည်းငယ် ထည့်ရမယ်တဲ့"

သူမ၏စကားကို ကြားသောအခါ ရွှီယန်က ပြန်ပြောလိုက်သည်။

"အမေရယ်... အမေ တစ်နေ့တစ်နေ့ ဘယ်လို လူတွေနဲ့ သွားတွေ့နေတာလဲ... ဒီလို လူမျိုးတွေကို အမေက ဘာလို့ သွားဂရုစိုက်နေရတာလဲ"

အမေဖြစ်သူက ချက်ချင်း ပြန်ပြောလိုက်၏။

"အမေ က ဂရုမစိုက်ပါဘူး... သူ့ကို မြန်မြန် ထွက်သွားခိုင်းလိုက်တာပါ"

"သူက အကောင့် နာမည် အနောက်မှာ ဘာစာလုံး ထည့်ခိုင်းတာလဲ"

ရွှီယန်က ထပ်မေးလိုက်သည်။

"ကျေးဇူးရှင် ရွှီယန် တဲ့"

ထိုစကားကို ကြားသောအခါ ရွှီယန် သောက်နေသော သစ်သီးလက်ဖက်ရည် ပင် သီးသွားပြီး အကြာကြီး ချောင်းဆိုးနေရတော့၏။

"အမေ... ဒီလို လူမျိုးတွေကို နောက်ပိုင်း သိပ်မဆက်ဆံနဲ့... လိမ်ခံရပါဦးမယ်"

"အင်တာနက် လောက က အရမ်း ရှုပ်ထွေးတယ်... အမေ နားမလည်နိုင်ပါဘူး"

သူ၏စကားကို ကြားသောအခါ အမေဖြစ်သူက သူ့ကို နှစ်ခွန်းခန့် ဆူပူလိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။

တောဟင်းရွက်များ ပို့ပေးပြီး ဆိုင်မှ ပစ္စည်း အနည်းငယ် ယူကာ တာ့ဟွမ် ကိုလည်း သွားရောက် စနောက်ပြီးနောက် ရွှီယန်က မာဝန် ကို လာကြိုခိုင်းကာ လယ်ယာခြံဝင်းသို့ ပြန်သွားခဲ့၏။ ရွှီယန်က မာဝန် ကို ဒီဇယ် သုံးဘီးဆိုင်ကယ် ဖြင့်သာ လာကြိုခိုင်းပြီး အိမ်စီးကား ဖြင့် မလာခိုင်းချေ။ ဤမျှလောက် ခရီးတိုလေးကို ရွာသူရွာသားများ မြင်သွားပါက အတင်းအဖျင်းများ ထပ်ပြောနေကြဦးမည် ဖြစ်၏။

လယ်ယာခြံဝင်းသို့ ပြန်ရောက်သောအခါ ရွှီယန်က နျိုကျွမ်း ကို တောဟင်းရွက်များဖြင့် ဟင်းတစ်ခွက် ကြော်ခိုင်းပြီး နောက်ထပ် တစ်ခွက်ကိုတော့ အသုပ် လုပ်ခိုင်းလိုက်သည်။ သူဌေးက ပြောလာသဖြင့် နျိုကျွမ်း ကလည်း သေချာ ဂရုစိုက်ကာ ချက်ချင်းပင် စတင် အလုပ်လုပ်တော့၏။ သိပ်မကြာခင်မှာပင် ဟင်းသုံးခွက်က ရွှီယန်၏ ခြံဝင်းထဲသို့ ရောက်ရှိလာခဲ့သည်။

လယ်သမား ကြော် တစ်ခွက်လည်း ပါဝင်သေး၏။ လက်အောက်တွင် လူရှိခြင်းက ဘာမဆို အဆင်ပြေလှပေသည်။

ရွှီယန်က တောဟင်းရွက်များနှင့် လယ်သမား ကြော်ကို မြည်းစမ်းကြည့်ရာ အရသာက အလွန် ကောင်းမွန်လှ၏။ ခွေးသုံးကောင်က ပုံမှန်အားဖြင့် ရွှီယန် ထမင်းစားသည်ကို မြင်လျှင် အစောကြီးကတည်းက ဝိုင်းရံလာတတ်သော်လည်း ဤတစ်ကြိမ်တွင်တော့ သိသာစွာပင် တောဟင်းရွက်များကို မြင်သောအခါ အကုန်လုံး ခြံဝင်းအပြင်ဘက်တွင်သာ ဆော့ကစားနေကြပြီး အထဲသို့ ဝင်မလာကြချေ။ သူတို့က အစိမ်းရောင် ဟင်းသီးဟင်းရွက်များကို လုံးဝ စိတ်မဝင်စားကြပေ။

ရွှီယန်က ကိုယ်တိုင်သာ မြည်းစမ်းနေလိုက်၏။ နေ့ရက်များက တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးသွားပြီး မှန်လုံအိမ် ထဲမှ သီးနှံများက ရင့်မှည့်လာမည့် အရိပ်အယောင်များ ပြသလာပြီ ဖြစ်သည်။ ဝန်ထမ်းများက နေ့တိုင်း စနစ်တကျ အလုပ်လုပ်နေကြပြီး လယ်ယာခြံဝင်းက ယခုလောလောဆယ်တွင် အလွန် တိုးတက်ဖြစ်ထွန်းနေသည့် မြင်ကွင်းမျိုး ရှိနေ၏။ အဓိကအားဖြင့် အော်ဒါများ ရရှိထားပြီးဖြစ်သဖြင့် စိုက်ပျိုးထားသည့် အရာများ အားလုံး အရောင်းအဝယ် ဖြစ်မည်ဖြစ်ရာ လယ်ယာခြံဝင်း၏ တိုးတက်မှုက တည်ငြိမ်နေပေသည်။

တိရစ္ဆာန်များ၏ အခြေအနေကလည်း တည်ငြိမ်နေ၏။ အကောင်လေးများက နေ့တိုင်း ပျော်ရွှင်စွာ နေထိုင်နေကြသည်။ ဝက်ဝံမည်း က တစ်ခါတရံ လာရောက်၍ အစာတောင်းတတ်၏။ ကျားသစ် လူးနား က အားလုံး ပုံမှန်ဖြစ်ပြီး နောက်ထပ် တစ်လကျော်ခန့် နေလျှင် ကလေးမွေးတော့မည် ဖြစ်သည်။ ထိုအခါကျလျှင် ကလေးမွေးပြီး အားဖြည့် အစားအစာများ ပိုကျွေးရဦးမည် ဖြစ်၏။

ရွှီယန်က နှစ်ရက်ခန့် အလုပ်များပြီးနောက် အပြင်ထွက်၍ တောင်ပေါ်သွားလည်ရန် ဆုံးဖြတ်လိုက်ပြန်သည်။ သူက ဤတစ်ကြိမ်တွင် ယူနန် ဘက်သို့ အာရုံရောက်သွား၏။ ဤရာသီက ယူနန်တွင် မှို များ ရင့်မှည့်သည့် ရာသီပင် ဖြစ်သည်။ ထိုဘက်တွင် ရာသီဥတု နွေးထွေးပြီး တောင်များလည်း ပေါများသဖြင့် မှိုများလည်း အများအပြား ရှိပေသည်။ တောင်ကို မှီခို၍ တောင်မှ အသီးအပွင့်များကို စားသုံးခြင်းပင် ဖြစ်၏။ ထို့အပြင် ဒေသခံ အများအပြားက နေ့တိုင်း လတ်ဆတ်သော မှိုများကို လိုက်လံ ရှာဖွေစားသောက်ကြသည်။

နှစ်စဉ် ဤကိစ္စကြောင့် အဆိပ်သင့်သူ အများအပြား ရှိသော်လည်း အားလုံး၏ စိတ်အားထက်သန်မှုကိုတော့ တားဆီး၍ မရနိုင်ချေ။ ဒေသခံများက အကယ်၍ အဆိပ်သင့်သွားပါက မှို မကျက်သေး၍သာ ဖြစ်မည်ဟု တွေးကြပြီး မှိုတွင် ပြဿနာ ရှိသည်ဟု လုံးဝ မထင်မှတ်ကြပေ။

ဆုံးဖြတ်ပြီးသည်နှင့် ရွှီယန်က ချက်ချင်း စတင် လှုပ်ရှားတော့၏။ သူက မှိုခူးရန် နာမည်ကြီးသည့် တောင်ကြီး တစ်လုံးကို ရှာဖွေပြီး နောက်တစ်နေ့တွင် ထိုနေရာသို့ သွားရောက်ခဲ့သည်။ ရောက်သွားသောအခါ ရွှီယန် တစ်ယောက်လုံး မှင်တက်သွားတော့၏။ တစ်တောင်လုံး လူများ ပြည့်နှက်နေပြီး တောင်ပေါ်လမ်းများတွင်လည်း လူများ ပြည့်ကျပ်နေသည်။

စုံစမ်းကြည့်တော့မှ ယခုအခါ မှိုခူးခြင်းက အလွန် နာမည်ကြီးသည့် ခရီးသွား လုပ်ငန်း တစ်ခု ဖြစ်နေပြီး အခြားဒေသမှ ခရီးသွား အများအပြားက လာရောက် ခူးယူကြကြောင်း သိလိုက်ရ၏။ ထို့ကြောင့် နေရာအနှံ့တွင် အရောင်စုံ ဦးထုပ်ဆောင်းထားသော လူများကိုသာ မြင်တွေ့ရခြင်း ဖြစ်သည်။

"ခရီးသွား လုပ်ငန်းတဲ့လား"

ရွှီယန်က မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။ ယခုခေတ် လူများ၏ ဘဝက တကယ်ကို စုံလင်လှပေသည်။ ဤသို့ ကြည့်လိုက်လျှင် တောင်ထဲတွင် မှိုခူးရခြင်းက တကယ်ကို ပျော်စရာ ကောင်းသည့် ကိစ္စတစ်ခု ဖြစ်ပေမည်။

'ကြည့်ရတာ လမ်းမကြီးကနေ သွားလို့ မရတော့ဘူး ထင်တယ်... လူသူမနီးတဲ့ တောတောင် တွေဆီ သွားမှ ရတော့မယ်'

'ယူနန် က တောင်တွေ ပေါများတော့ တောင်တစ်လုံးလောက် ရှာဖို့က မခက်ခဲပါဘူး'

ရွှီယန်က စိတ်ထဲမှ တွေးလိုက်သည်။

သို့သော် အတန်အသင့် တက်ရလွယ်ကူသော တောင်တိုင်းတွင် လူများ ရှိနေကြ၏။ အလွန် ကြမ်းတမ်း မတ်စောက်သော တောင်များတွင်သာ လူမရှိကြပေ။ ရွှီယန်က ယခင်က ကျောက်တောင်တက် ကျွမ်းကျင်မှု နှင့် လက်ဆုပ်အား မြှင့်တင်ခြင်း စွမ်းရည်များကို ရရှိထားသဖြင့် တောင်တက်ခြင်းက သူ့အတွက်တော့ မခက်ခဲလှချေ။ လာပြီးမှတော့ လက်ဗလာဖြင့် ပြန်၍ မဖြစ်ပေ။

ထို့ကြောင့် ရွှီယန်က ယနေ့ ခရီးသွား ဧရိယာ တွင် မှိုခူးရန် မရည်ရွယ်တော့ဘဲ လူသူမနီးသည့် တောတောင်များဆီသို့ သွားရောက်၍ ရှုခင်းကြည့်ရန် ဆုံးဖြတ်လိုက်၏။

သူ ထွက်ခွာသွားချိန်မှာပင် ဘယ်သူက အော်လိုက်မှန်း မသိသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"လောင်ရွှီ... လောင်ရွှီ ပါလား"

ခရီးသွားများက လည်ပတ်ရန် ထွက်လာကြခြင်း ဖြစ်ရာ မြင်သမျှကို ဓာတ်ပုံရိုက်ချင်ကြသည်။ အကယ်၍ နာမည်ကြီး လိုက်ဖ်လွှင့်သူနှင့် တွေ့ဆုံပါက သေချာပေါက် အတူတူ ဓာတ်ပုံ တွဲရိုက်ချင်ကြမည်သာ ဖြစ်၏။ ရွှီယန်က တစ်တောင်လုံး ပြည့်နှက်နေသော ခရီးသွားများကို မြင်သောအခါ အကယ်၍ ရပ်လိုက်ပါက နာရီအနည်းငယ် အတွင်း သေချာပေါက် ထွက်သွားနိုင်မည် မဟုတ်ကြောင်း သိလိုက်သည်။

သူက ချက်ချင်းပင် ခြေဝါးတွင် ဆီသုတ်ထားသည့်အလား အလွန် လျင်မြန်စွာ လစ်ထွက်သွားတော့၏။ လုံးဝ မကြားလိုက်သကဲ့သို့ပင် ဟန်ဆောင်နေလိုက်သည်။ တောင်အောက်သို့ ဆင်းရာတွင် တက်လာစဉ်ကထက် မည်မျှလောက် မြန်ဆန်သွားမှန်းပင် မသိနိုင်ချေ။

ထို့နောက် ရွှီယန်က သင့်တော်မည့် တောင်တက် နေရာကို စတင် ရှာဖွေတော့၏။ သူက တကယ်ပင် တောင်တန်းကြီး တစ်ခုကို ရှာတွေ့ခဲ့သော်လည်း တောင်တက်လမ်းက အလွန် မတ်စောက်ပြီး အခြေခံအားဖြင့် ဆက်တိုက် ဖြစ်နေသော ချောက်ကမ်းပါးများသာ ဖြစ်ပေသည်။ တက်သွားချင်ပါက အားစိုက်ထုတ်ရဦးမည် ဖြစ်၏။ သူ၏ အတွက်ကတော့ အခက်အခဲ သိပ်မရှိလှချေ။

ထို့ကြောင့် နောက်တစ်နေ့ နံနက်စောစောတွင် ရွှီယန်က လိုက်ဖ်ကို စောစောစီးစီး စတင် ဖွင့်လိုက်သည်။ လူအများအပြားက မြေအောက်ရထား ပေါ်တွင် အလုပ်သွားနေကြဆဲ သို့မဟုတ် အလုပ်ခွင်သို့ ရောက်ခါစ အလုပ်မစသေးဘဲ ဖုန်းသုံးနေကြဆဲ ဖြစ်၏။

ထိုလူများက ဖုန်းကို ထုတ်ကြည့်လိုက်သောအခါ ရွှီယန်က ကျောပိုးအိတ် တစ်လုံးကို လွယ်ထားပြီး ကျောက်တောင် နံရံပေါ်တွင် တွယ်ကပ်ကာ အိမ်မြှောင် တစ်ကောင်ကဲ့သို့ အပေါ်သို့ တက်နေသည်ကို မြင်လိုက်ရသည်။ ထိုလူများ အားလုံး ချက်ချင်းပင် အိပ်ချင်ပြေသွားကြတော့၏။

'လခွမ်း... ဒါက လောင်ရွှီ လား'

'သူ ဘာတွေ လုပ်နေတာလဲ'

အားလုံးက နံနက်ခင်း လိုက်ဖ်လွှင့်ခြင်းက ဤမျှလောက် စိတ်လှုပ်ရှားစရာ ကောင်းလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြချေ။ ယေဘုယျအားဖြင့် ဤအချိန်တွင် လိုက်ဖ်ကြည့်သူ အရေအတွက် အလွန် နည်းပါးလှပေသည်။ သို့သော် ရွှီယန်၏ လိုက်ဖ်ကတော့ ယခင်အတိုင်းပင် စည်ကားနေဆဲ ဖြစ်၏။

ချောက်ကမ်းပါးက အလွန် မတ်စောက်ပြီး အခြေခံအားဖြင့် ကိုးဆယ် ဒီဂရီ ဒေါင်လိုက်နီးပါး ဖြစ်နေကာ ထိုအပေါ်တွင် ပုံစံမကျသော ကျောက်တုံးများ ရှိနေပြီး အကယ်၍ ပြုတ်ကျသွားပါက မည်သို့ ဖြစ်သွားမည်ကိုပင် မတွေးရဲလောက်အောင် ဖြစ်ပေသည်။ ရွှီယန်ကတော့ အလွန် အေးဆေးနေ၏။

ပထမဆုံးအနေဖြင့် ဤချောက်ကမ်းပါးက ထောင့်အနည်းငယ် ရှိပြီး အပြင်ဘက်သို့ စောင်းနေသဖြင့် ဒေါင်လိုက်နီးပါးသာ ဖြစ်နေခြင်း ဖြစ်သည်။ ထို့အပြင် လက်ကိုင်ရန်နှင့် ခြေချရန် နေရာများ အများအပြား ရှိနေပေသည်။ နောက်တစ်ချက်ကတော့ ချောက်ကမ်းပါးများက တစ်ခုပြီး တစ်ခု ဆက်နေခြင်းဖြစ်ပြီး လုံးဝ ဆက်တိုက် ဖြစ်နေခြင်း မဟုတ်သဖြင့် အန္တရာယ်က ထင်သလောက် မကြီးမားချေ။ ဤကဲ့သို့သော ချောက်ကမ်းပါးမျိုးကို သူ အကြိမ်ပေါင်းများစွာ တက်ဖူးပြီး ဖြစ်၏။

ရွှီယန်က ချောက်ကမ်းပါး တစ်ခုပေါ်သို့ တက်လာပြီးနောက် အဝတ်အစားများပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး အေးဆေးစွာ ပြောလိုက်သည်။

"ဒီနေ့ တောင်ထဲ ဝင်လာတာ ဘာကိစ္စမှ သိပ်မရှိပါဘူး... မှို လာခူးတာပါ... ဒီဘက်က မှို တွေက တော်တော် ကောင်းတယ်... ကြီးလည်း ကြီးတယ်... အများကြီးလည်း ရှိတယ်"

ထို့နောက် သူက အရှေ့သို့ ဆက်လျှောက်သွားပြီး အပေါ်သို့ ထပ်တက်ရဦးမည် ဖြစ်၏။ သူ၏စကားကို ကြားသောအခါ လိုက်ဖ်ထဲမှ ကြည့်ရှုသူများ အားလုံး မှင်တက်သွားကြတော့သည်။

'မှိုခူးတာတဲ့လား…ဘယ်သူကများ ဒီလိုမျိုး မှိုခူးဖူးလို့လဲ…လောင်ရွှီ... မင်းက တကယ်ကို သာမန် လမ်းကြောင်းအတိုင်း မသွားတော့ဘူးပဲ..’

အခန်း (၂၆၂) ထူးခြားသော ရတနာရှာဖွေရေး စွမ်းရည်နှင့် မှင်တက်သွားကြသော ဒေသခံများ

တောနက်ထဲတွင် မှိုခူးသည့် ဗီဒီယိုများကို အားလုံး အများအပြား မြင်ဖူးကြပေသည်။

သို့သော် ဤကဲ့သို့ ချောက်ကမ်းပါးအတိုင်း အပေါ်သို့ တွယ်တက်နေသည်ကိုတော့ အားလုံး ယခုမှ ပထမဆုံး အကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်၏။ ဤသည်ကလည်း နံနက်ခင်း အချိန်လေး ဖြစ်ရာ အင်တာနက်သုံးစွဲသူများ အားလုံး မှင်တက်သွားကြတော့သည်။

ထိုအချိန်တွင် ရွှီယန်၏ ဗီဒီယိုများကို သီးသန့် ဖြတ်တောက် တည်းဖြတ်လေ့ရှိသော မားကတ်တင်း အကောင့်ပိုင်ရှင် ကျောက်ကျစ် ကလည်း ရွှီယန်၏ လိုက်ဖ်ကို ကြည့်ရှုနေ၏။ ရွှီယန်က ချောက်ကမ်းပါးအတိုင်း တွယ်တက်နေသည်ကို မြင်သောအခါ သူလည်း လုံးဝ အိပ်ချင်ပြေသွားတော့သည်။

"လခွမ်း... အစ်ကိုယန် က ဘာတွေ လုပ်နေပြန်ပြီလဲ"

ကျောက်ကျစ် က မြင်ကွင်း တစ်ခုကိုမျှ လက်လွတ်သွားမည် စိုးသဖြင့် ရွှီယန်၏ ဗီဒီယို အဟောင်းများကို အလျင်အမြန် ပြန်ရှာကြည့်လိုက်၏။ ဤမျှလောက် ကောင်းမွန်သည့် ဗီဒီယိုမျိုးကို သူ သေချာပေါက် ဖြတ်တောက် တည်းဖြတ်ရမည် ဖြစ်သည်။

နံနက်စောစောစီးစီးတွင် အကြောင်းအရာ အသစ်တစ်ခု ရရှိလိုက်သဖြင့် ကျောက်ကျစ် ၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ အပြည့် ဖြစ်နေတော့၏။

လိုက်ဖ်ထဲမှ ကွန်မန့်များကလည်း အဆက်မပြတ် တက်လာနေသည်။

[လောင်ရွှီ... ဖြည်းဖြည်း လုပ်ပါ... ဒါက အရမ်း မြင့်လွန်းနေပြီ]

[တောင်တန်းတွေရဲ့ ဘုရင်ကြီးပဲ]

[ငါ့ရဲ့ အစ်ကိုယန် ပီသပါပေတယ်... ဆရာကြီးပဲ]

[အရမ်း မိုက်တယ်... ဒီလိုမျိုးတောင် တတ်သေးတာပေါ့]

ထိုအချိန်တွင် ရွှီယန်က နောက်ထပ် ချောက်ကမ်းပါး တစ်ခုပေါ်သို့ ထပ်မံ ရောက်ရှိလာခဲ့ပြန်သည်။ သူက အရှေ့သို့ လှမ်းကြည့်လိုက်ရာ အရှေ့ဘက်တွင် ကျယ်ပြန့်သော သစ်တောနှင့် မြက်ခင်းပြင်များကို တွေ့လိုက်ရ၏။ သစ်ပင်ပန်းမန်များက အလွန် ထူထပ်လှပေသည်။

ဤဘက်တွင် ရာသီဥတုက စောစောစီးစီး ပူနွေးလာသဖြင့် တောအုပ်ထဲတွင် ပိုးကောင်များ အော်မြည်သံကိုပင် ကြားနေရပြီဖြစ်ပြီး အနည်းငယ် ဆူညံနေပေသည်။ ချန်ပိုင်တောင်တန်း ၏ အေးစက်မှုနှင့် နှိုင်းယှဉ်ကြည့်ပါက ဤနေရာက ပို၍ စည်ကားနေ၏။

"နောက်ဆုံးတော့ အပေါ်ရောက်လာပြီ"

"ဒီနေ့ တောင်ထဲ ဝင်လာတာ မှိုလေး ဘာလေး ခူးမလို့ပါ"

"ဒီဘက်က မှို တွေကို ကျွန်တော် အရမ်း စိတ်ဝင်စားနေတာ... အရမ်း စားလို့ကောင်းတယ်လို့ ကြားဖူးတယ်လေ... အမြဲတမ်း စမ်းကြည့်ချင်နေတာ"

ရွှီယန်က အဝတ်အစားများပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။

ယခုအချိန်က နံနက် ကိုးနာရီ ရှိနေပြီ ဖြစ်၏။ တွက်ချက်ကြည့်ပါက တောင်တက်ရန် စုစုပေါင်း နှစ်နာရီခန့် အချိန်ယူခဲ့ရပြီး အချိန် သုံးပုံတစ်ပုံခန့်ကို ချောက်ကမ်းပါးပေါ်တွင် တွယ်တက်ခဲ့ရကာ ကျန်အချိန်များကိုတော့ လမ်းလျှောက်ခဲ့ရခြင်း ဖြစ်သည်။ အမြန်နှုန်းက မြန်သည်ဟု ဆိုရမည် ဖြစ်၏။

ရွှီယန်က လိုက်ဖ်ကြည့်ရှုသူ အရေအတွက်ကို တစ်ချက် ကြည့်လိုက်ရာ လောလောဆယ်တွင် အွန်လိုင်းမှ ကြည့်ရှုသူ ခုနစ်သောင်းကျော် ရှိနေသည်ကို တွေ့လိုက်ရသည်။

"အလုပ်ဆင်းရက်ကြီးကို လိုက်ဖ်ထဲမှာ လူဒီလောက်တောင် များနေတာလား... ယူနန် ကနေ ကြိုဆိုပါတယ်ဗျာ"

ရွှီယန်က ပြုံး၍ ပြောလိုက်၏။

သူ၏စကားသံ အဆုံးတွင် လူအတော်များများက ပြန်လည် တုံ့ပြန်လာကြသည်။

[ကျွန်တော်တို့ အလုပ်ဝင်ခါစ ရှိသေးတာ... ခဏလောက် အပျင်းထူတာက ပုံမှန်ပါပဲ]

[ဟားဟားဟား... လောင်ရွှီ... ခုနက ကျွန်တော်တို့ သူဌေး မင်းရဲ့ လိုက်ဖ်ကို ကြည့်နေတာ မြင်လိုက်တယ်]

[မင်း ဒီလို လုပ်နေမှတော့ ငါတို့ မကြည့်ဘဲ နေလို့မှ မရတာ]

[မနက်စောစောစီးစီး လက်ဗလာနဲ့ ကျောက်တောင်တက် နေတာကို အားပေးဖို့ မလာလို့ ဘယ်ဖြစ်မလဲ]

လိုက်ဖ်က အလွန် စည်ကားနေ၏။ ရွှီယန် တောင်ထဲဝင်၍ မှိုခူးနေချိန်မှာပင် သူ၏ ဗီဒီယိုက အင်တာနက်ပေါ်တွင်လည်း နာမည်ကြီးလာခဲ့သည်။

နာမည်ကြီး လိုက်ဖ်လွှင့်သူ တစ်ယောက်က ဟန်ဆောင်မှု အလျဉ်းမရှိဘဲ လက်ဗလာဖြင့် ကျောက်တောင်တက်နေခြင်းက ဖြစ်ပေါ်လာသည်နှင့် သေချာပေါက် ရေပန်းစားလာမည်သာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ လူအနည်းငယ်သာ ဤသို့ လုပ်နိုင်သည် မဟုတ်ပါလား။

အင်တာနက်သုံးစွဲသူများက သူ ကျောက်တောင်တက် နေသည့် ဗီဒီယိုကို ကြည့်ပြီးနောက် အလွန် အံ့ဩသွားကြတော့သည်။

"ဒီလူက တောင်ထဲ ဝင်တဲ့ နာမည်ကြီး လိုက်ဖ်လွှင့်သူ မဟုတ်လား... ဒီလောက်တောင် စွမ်းတာလား"

"လခွမ်း... လောင်ရွှီ က တကယ်ကို ဆရာကြီးပဲ"

"ဒါမှ အစစ်အမှန် တွေကိုပဲ ပြတဲ့ လိုက်ဖ်လွှင့်သူ အစစ်ကွ"

"သူ နာမည်ကြီးတာ အဆန်းတော့ မဟုတ်ဘူး... တကယ်ကို အစွမ်းရှိတာကိုး"

တောထဲတွင် ရွှီယန်က မှိုများကို စတင် ရှာဖွေနေ၏။

သူ ရှာဖွေစရာပင် မလိုချေ။ တောအုပ်ထဲသို့ ဝင်လိုက်သည်နှင့် မြက်ခင်းထဲတွင် အပြည့် ပေါက်ရောက်နေသည်ကို တွေ့လိုက်ရသည်။

ရွှီယန်က ထိုင်ချလိုက်ပြီး မြက်ခင်းပြင်ထဲမှ မှိုအပြည့်ကို ကြည့်ကာ ချက်ချင်း ဘာပြောရမှန်းပင် မသိတော့ချေ။

"လခွမ်း... ဒီဘက်က မှို တွေကလည်း အရမ်း များလွန်းနေပြီ"

"ဒါတွေ အကုန်လုံးပဲ"

"မှို အသိုက် ကို သွားထိုးမိသလို ဖြစ်နေပြီ"

ရွှီယန်၏ မျက်လုံးများထဲတွင် ဝမ်းသာမှု အရိပ်အယောင်များ ပေါ်လာခဲ့၏။ ယခုအခါ ဝါးခြင်းတောင်း မပါလာသည်ကိုသာ နှမြောနေမိသည်။ ကျောပိုးအိတ်ကိုသာ လွယ်ထားရသဖြင့် အများကြီး ထည့်၍ မရနိုင်ချေ။

မြေပြင်ပေါ်တွင် ပေါက်နေသည်များက အဖြူရောင် မှိုများဖြစ်ပြီး ဤမှိုများကို ရွှီယန် သိရှိ၏။ ၎င်းတို့ကို မှိုစိမ်း ဟု ခေါ်သည်။

မှိုစိမ်း ကလည်း ဒေသခံများ အလွန် နှစ်သက်ကြသည့် မှိုတစ်မျိုးပင် ဖြစ်သည်။

ရွှီယန်က ဤမျှများပြားသော မှိုများကို ကြည့်ကာ ချက်ချင်း မည်သို့ စတင်ရမည်ကိုပင် မသိတော့ချေ။ ဤတောအုပ်ထဲသို့ သာမန်လူများ တက်လာနိုင်မည် မဟုတ်သဖြင့် တကယ်ပင် ခူးသူ မရှိခြင်းကြောင့် မှိုများ ဤမျှလောက် များပြားနေခြင်းကလည်း ပုံမှန်သာ ဖြစ်၏။

အကယ်၍ ရွှီယန်ကဲ့သို့ တက်လာရမည် သို့မဟုတ်ပါက အဝေးကြီးမှနေ၍ တောင်ကြီးများကို ဖြတ်ကျော်ကာ လမ်းလျှောက်လာရမည် ဖြစ်သည်။

"ဒါတွေ အကုန်လုံးက မှိုစိမ်း တွေပဲ... မှိုစိမ်း က မှိုတွေရဲ့ အလယ်အလတ် အဆင့်လောက်မှာ ရှိတယ်"

"ဥပမာ မှိုနီ... နို့နှစ်မှို... ကြေးဝါမှို တို့က သူ့ကို မမီဘူး"

"သိုးဗိုက်မှို... ကျားလက်ဝါးမှို... ကြက်မှို... မှိုခြောက် တွေကကျတော့ သူ့ထက် ပိုကောင်းတယ်"

"မှိုစိမ်း က စံသတ်မှတ်ချက် တစ်ခုလို့တောင် ပြောလို့ ရတယ်"

ရွှီယန်ကလည်း မှိုကျွမ်းကျင်သူ တစ်ယောက်ဖြစ်ရာ မှိုများနှင့် ပတ်သက်၍ အတော်လေး နားလည်ထားပေသည်။ ချန်ပိုင်တောင်တန်း မှ မှိုများက ဤဘက်လောက် မများသော်လည်း မျိုးစိတ် အများအပြား ရှိပြီး ရွှီယန်လည်း မြင်ဖူးထား၏။

ထိုအချိန်တွင် ဒေသခံ အများအပြားက ရွှီယန်၏ ဗီဒီယိုကို ကြည့်နေကြသည်။ သူတို့က ဤမှိုခင်းကြီးကို မြင်သောအခါ မျက်လုံးများပင် ပြူးသွားကြတော့၏။

[လိုက်ဖ်လွှင့်သူက ဘယ်မှာလဲ... နေရာလေး ပြောပါဦး... ဒီမှိုစိမ်းတွေကို ငါလည်း လာခူးချင်လို့]

[မှိုတွေ အများကြီးပဲ... ဒါ ဘယ်နေရာလဲဟ]

[ဒီကိုလာချင်ရင်တော့ လိုက်ဖ်လွှင့်သူလို အရင် ကျောက်တောင်တက် တတ်အောင် သင်ထားဦး]

[သူ ရောက်နေတဲ့ နေရာက သာမန်လူတွေ တက်လာနိုင်တဲ့ နေရာ မဟုတ်ဘူးလေ]

ရွှီယန်က သေချာစွာ စစ်ဆေးကြည့်လိုက်၏။ မှိုများ အလွန် များပြားသဖြင့် အမြင်လှပြီး ကြီးမားလုံးဝန်းကာ ကြည့်ရသည်နှင့် မှိုကောင်းမှန်း သိသာသည့် အရာများကိုသာ ရွေးချယ် ခူးယူလိုက်သည်။

အကယ်၍ မှိုစိမ်း က လူများကို အရူးအမူး မဖြစ်စေသေးဘူး ဆိုလျှင် ရွှီယန်က အရှေ့သို့ ထပ်မံ လျှောက်သွားလိုက်ရာ အရှေ့ဘက်တွင် ကြက်မှို အခင်းကြီး တစ်ခု ထွက်ပေါ်လာခဲ့၏။

ကြက်မှို... အလွန် တန်ဖိုးကြီးသော မှိုတစ်မျိုး ဖြစ်သည်။

ဒေသခံ အတော်များများ၏ အမြင်တွင် ကြက်မှို၏ အရသာက ထိပ်ဆုံး သုံးခုစာရင်းဝင် နိုင်ပေသည်။ မှိုခြောက်... ကျားလက်ဝါးမှို တို့နှင့် အတူတူပင် အကောင်းဆုံး မှိုများ ဖြစ်၏။ ယေဘုယျအားဖြင့် ကြက်မှို တစ်အုပ်ကို တွေ့ရလျှင်ပင် အလွန် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်သည်။

သို့သော် ယခု ရွှီယန်၏ အရှေ့တွင်တော့ ကြက်မှိုများက အုပ်စုလိုက် ပေါက်ရောက်နေကြ၏။

ရွှီယန်က ဤမြင်ကွင်းကို မြင်သောအခါ အနည်းငယ် အံ့ဩသွားတော့သည်။ ယနေ့ အကျိုးအမြတ်က ဤမျှလောက် ကြီးမားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ချေ။

ဤနေရာသို့ ရောက်လာပြီးနောက် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ကိုပင် အသုံးပြုစရာ မလိုတော့ချေ။

ဤနေရာ တစ်ဝိုက်လုံးက ရတနာများချည်းသာ ဖြစ်၏။

အွန်လိုင်း ဗီဒီယို ပလက်ဖောင်းများက လိုက်ဖ်လွှင့်သူ၏ နေရာပေါ် မူတည်၍ သူ၏ ဗီဒီယိုများကို ဖြန့်ဝေပေးတတ်သဖြင့် ဒေသခံ အများအပြားက ရွှီယန်၏ လိုက်ဖ်ကို ကြည့်ရှုနေကြသည်။

သူတို့က အုပ်စုလိုက် ပေါက်ရောက်နေသော ကြက်မှိုများကို မြင်သောအခါ ချက်ချင်းပင် ရူးသွပ်သွားကြတော့၏။

[လခွမ်း... ဒါ ဘယ်နေရာလဲ... မြန်မြန် ပြောပြပါ... ဒါ ဘယ်နေရာလဲလို့]

[အဲဒါ အကုန်လုံး လတ်ဆတ်တဲ့ ကြက်မှို တွေလား... ဒီလောက်တောင် များတာလား... စနောက်နေတာတော့ မဟုတ်ပါဘူးနော်]

[အား... ကြည့်ရင်းနဲ့ကို သွားရည်ကျလာပြီ]

[ဒီလူက နယ်ဝေးက လာတာလား... လာတာနဲ့ ဒီလို မှိုအုပ်စုကြီးကို တွေ့သွားတာလား]

ထိုအချိန်တွင် ရွှီယန်လည်း အနည်းငယ် အံ့ဩနေဆဲပင်။

"ဒီလောက်များတဲ့ ကြက်မှိုတွေကို ကျွန်တော် ပထမဆုံး မြင်ဖူးတာပဲ... တကယ် လွန်လွန်းတယ်"

"ကြက်မှို စျေးက တော်တော် ကြီးတယ်နော်... အထူးသဖြင့် တောရိုင်း ကြက်မှို ပေါ့"

"တောရိုင်း မှိုက စိုက်ပျိုးထားတဲ့ မှိုထက် အရသာ အများကြီး ပိုကောင်းတယ်"

"ဒီလောက်များတဲ့ ကြက်မှိုတွေ ကျွန်တော် လုံးဝ စားလို့ ကုန်မှာ မဟုတ်ဘူး"

ရွှီယန်က ညည်းတွားလိုက်သည်။

သူက ထိုင်ချလိုက်ပြီး ကျောပိုးအိတ်ထဲမှ ပလတ်စတစ်အိတ် တစ်လုံးကို ထုတ်ယူကာ ကြက်မှိုများကို စတင် ခူးယူတော့၏။

ခူး၍ မကုန်နိုင်ချေ... လုံးဝ ခူး၍ မကုန်နိုင်ပေ။

ရွှီယန်က အကောင်းများကိုသာ ရွေးချယ် ခူးယူလိုက်ရာ သိပ်မကြာခင်မှာပင် အိတ်တစ်အိတ် အပြည့် ရရှိသွားပြီး ကျောပိုးအိတ်ထဲသို့ပင် ထည့်၍ မရတော့လောက်အောင် ဖြစ်သွား၏။

သို့သော် သူ ခူးယူလိုက်သော ကြက်မှိုများက ဤဧရိယာရှိ မှိုများ၏ ငါးပုံတစ်ပုံခန့်သာ ရှိသေးသည်။

"ခူးလို့ မကုန်တော့ဘူး... ဒါသာ ချန်ပိုင်တောင်တန်း မှာ ဆိုရင် သိပ်ကောင်းမှာပဲ... ဝန်ထမ်းတွေကိုပါ ခေါ်လာပြီး အကုန် ခူးလိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် ယွမ် ထောင်ဂဏန်းလောက်တော့ သေချာပေါက် ရနိုင်တယ်"

"ဒီလောက်များတဲ့ တောရိုင်း ကြက်မှို တွေက သေချာပေါက် အဲဒီလောက် တန်ဖိုး ရှိတယ်"

ရွှီယန်က အနည်းငယ် နှမြောတသစွာဖြင့် ပြောလိုက်၏။

"ကျွန်တော် အထဲကို ထပ်ဝင်ကြည့်ဦးမယ်... တခြား မှိုတွေ ရှိသေးလားလို့... ဒါတွေကိုတော့ ဒီအတိုင်း ထားခဲ့လိုက်တော့မယ်"

"ဒါပေမယ့် အများကြီးတော့ ပြန်လာဖြစ်မှာ မဟုတ်ဘူး... ကျွန်တော် စီစဉ်ထားတဲ့ တောင်အောက်ဆင်းမယ့် လမ်းက တောင်ရဲ့ နောက်တစ်ဖက်ကနေ ဆင်းမှာဆိုတော့ ပြန်လှည့်လာမှာ မဟုတ်ဘူးလေ"

ရွှီယန်က အရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ ဒေသခံ အင်တာနက်သုံးစွဲသူ အများအပြားက ထိုမြင်ကွင်းကို ကြည့်ရင်း အလွန် စိတ်မကောင်း ဖြစ်နေကြ၏။

ဒီလောက်များတဲ့ မှိုတွေကို မင်းက မခူးဘူးလား... တကယ် နှမြောစရာ ကောင်းလိုက်တာ။ သို့သော် မတတ်နိုင်ချေ။ ရွှီယန်က တကယ်ကို ခူး၍ မကုန်နိုင်သဖြင့် ဖြစ်သည်။

အန္တရာယ်ကြားမှ ရတနာကို ရှာဖွေရသည် ဆိုသကဲ့သို့ ဤနေရာက လူသူအရောက်အပေါက် နည်းပါးပြီး လာခူးသူ မရှိသဖြင့် ရွှီယန် လာရောက်သောအခါ သေချာပေါက် ရလာဒ်ကောင်းများ ရရှိခြင်း ဖြစ်၏။

မနေ့က သွားခဲ့သည့် နာမည်ကြီး ခရီးသွား ဧရိယာ တွင်တော့ တစ်တောင်လုံး လူများ ပြည့်နှက်နေသည်ကို သွားသတိရလိုက်မိသည်။ မှိုအနည်းငယ် ရရှိရန်ပင် ကံကောင်းသည်ဟု ဆိုရမည် ဖြစ်၏။

ရွှီယန်က ခုနက လိုက်ဖ် မြင်ကွင်းများက အင်တာနက်ပေါ်တွင် နာမည်ကြီးသွားမှန်း မသိခဲ့ချေ။ အထူးသဖြင့် ဒေသတွင်းတွင် အလွန် ပြင်းထန်သော ဆွေးနွေးမှုများကိုပင် ဖြစ်ပေါ်စေခဲ့သည်။

အားလုံးက ဤမျှလောက် များပြားသော ကြက်မှိုများကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ကြချေ။ အလကား ရသကဲ့သို့ပင် ဖြစ်နေသည် မဟုတ်ပါလား။

ယခင်က တန်ဖိုးကြီး ကြက်မှိုများကို သစ်ရွက်ခြောက်များ၏ အောက်ခြေတွင် ပုန်းကွယ်နေသည်ကိုသာ တွေ့ရလေ့ရှိပြီး တစ်ခါတရံမှသာ အနည်းငယ် ခူးယူနိုင်ခဲ့သည်။ ယခုတော့ ကော်ပီကူးပြီး ပြန်ချထားသကဲ့သို့ပင် အုပ်စုလိုက်ကြီး ဖြစ်နေ၏။

ပို၍ ဒေါသထွက်စရာ ကောင်းသည်မှာ ရွှီယန်က အချို့ကိုသာ ခူးယူပြီးနောက် နောက်သို့ပင် ပြန်မကြည့်ဘဲ ထွက်သွားခြင်းပင် ဖြစ်သည်။ ဤမျှ လတ်ဆတ်ပြီး အရသာရှိသော ကြက်မှိုများကို နေရာမှာပင် ထားရစ်ခဲ့ခြင်း ဖြစ်၏။

ဤသည်က မှိုများကို စော်ကားလိုက်ခြင်းပင်။

"အရမ်း ဒေါသထွက်ဖို့ ကောင်းတာပဲ... ဒီလောက်များတဲ့ ကြက်မှို တွေကို သူက မခူးဘူးတဲ့... တကယ် အလဟဿ ဖြစ်တာပဲ"

"ဒီလို အခြေအနေမျိုးကို ကြုံရတာတောင် ထွက်သွားတယ်ပေါ့... သူ ဘယ်လိုလုပ် ထွက်သွားနိုင်ရတာလဲ"

"ဒီလောက်များတဲ့ ကြက်မှို တွေကို ပထမဆုံး မြင်ဖူးတာပဲ... တကယ်ကို သူ့အတွက် ကံကောင်းမှု ကြီးပဲ"

"မင်း ခူးလိုက်ပါကွာ... မင်း ဘယ်လောက်အထိ ခူးနိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"

မည်သို့ပင်ဆိုစေ ရွှီယန်၏ လိုက်ဖ်ကြည့်ရှုသူ အရေအတွက်က အဆက်မပြတ် တိုးလာနေပြီး ပွဲလာကြည့်သူများက ပိုမို များပြားလာသည်။

ရွှီယန်ကတော့ စိတ်ကြည်နူးစွာဖြင့် တောအုပ်ထဲတွင် လမ်းလျှောက်နေ၏။ ဤနေရာက လူသူအရောက်အပေါက် နည်းပါးပြီး မှိုများလည်း ပေါများလှသည်။ လမ်းလျှောက်လာရင်း မှိုများကို အများအပြား တွေ့မြင်ရ၏။ အဆိပ်ရှိသည်များလည်း ပါသလို အဆိပ်မရှိသည်များလည်း ပါသည်။

တကယ်တမ်းတွင် အများအားဖြင့် တွေ့ရလေ့ရှိပြီး စား၍ရသော မှိုများက အမျိုးအစား အနည်းငယ်သာ ရှိသဖြင့် အကြိမ်အနည်းငယ် စားဖူးလျှင်ပင် မှတ်မိသွားပြီ ဖြစ်၏။

ကောင်းမွန်သော မှိုများကို မတွေ့ရသောအခါ ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ ရတနာရှာဖွေခြင်း လုပ်ဆောင်ချက်ကို ချက်ချင်း အသုံးပြုရန် ရွေးချယ်လိုက်သည်။

ဤကဲ့သို့သော နေရာမျိုးတွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် က အပြည့်အဝ အသုံးဝင်နိုင်ပေသည်။

ထင်သည့်အတိုင်းပင် ရတနာရှိသည့် နေရာကို ပြသလာသောအခါ ရွှီယန်က တောက်လျှောက် လိုက်သွားရာ တကယ်ပင် မှိုခြောက် အခင်းကြီးကို ထပ်မံ တွေ့ရှိသွားတော့၏။

မှိုခြောက် ကို မြင်သောအခါ ရွှီယန်၏ မျက်နှာပေါ်တွင် အပြုံးများ ပိုမို ထင်ဟပ်လာခဲ့သည်။

မှိုခြောက်... ဤသည်က တကယ်ကို အကောင်းဆုံး မှိုတစ်မျိုး ဖြစ်၏။ ယူနန် ဒေသခံ အများအပြား၏ အမြင်တွင်ပင် ဤမှိုက ပထမနေရာတွင် ရှိနေပေသည်။ စျေးကွက်ထဲတွင် တောရိုင်း မှိုခြောက် များက တစ်ကီလိုလျှင် ယွမ် တစ်ထောင့်ငါးရာ ခြောက်ရာအထိ ရောင်းချနေကြရသည်။

ထိုစျေးနှုန်းကို ကြည့်ခြင်းအားဖြင့် ၎င်းက မည်မျှ လူကြိုက်များကြောင်း သိရှိနိုင်ပေသည်။

"ဒီနေ့ ကံတကယ် ကောင်းတာပဲ... ဒီလို တောထွက်ပစ္စည်း ခူးရတဲ့ ပျော်ရွှင်မှုမျိုး မရတာ အတော်ကြာပြီ"

"ဒါတွေကို ကြည့်လိုက်... အကုန်လုံး မှိုခြောက် တွေချည်းပဲ"

"ဒါက ပစ္စည်းကောင်းတွေနော်... ဟင်းကြော်စားရင် ပတ်ဝန်းကျင် တစ်ခုလုံးတောင် မွှေးနေမှာ"

ရွှီယန်က ပြုံး၍ ပြောလိုက်သည်။

ဒေသခံ အများအပြားက ချက်ချင်းပင် မှိုခြောက် မှန်း မှတ်မိသွားကြတော့၏။

[လခွမ်း... အဲဒါတွေက မှိုခြောက် တွေဟ... သူ ဘယ်လို ရှာတွေ့သွားတာလဲ]

[ဒီလူက ဘယ်ကနေ ထွက်လာတာလဲ... ပစ္စည်းကောင်းတွေချည်းပဲ ရှာတွေ့နေတယ်]

[သူရှာတွေ့တဲ့ မှိုတွေက တကယ် ကောင်းတာတွေချည်းပဲ... ငါ လဝက်လောက် ရှာတာတောင် ဒီလောက် မရဘူး]

ထိုကွန်မန့်များကို မြင်သောအခါ ပရိသတ်ဟောင်းများလည်း မနေနိုင်ဘဲ ရယ်မောလိုက်ကြလေသည်။

[တောထွက်ပစ္စည်း ရှာတဲ့ နေရာမှာတော့ လောင်ရွှီ ကို ပြောစရာ မလိုဘူး... တကယ်ကို ဆရာကြီးပဲ]

[ဟားဟားဟား... ဒါက သူ့ရဲ့ အထူး ကျွမ်းကျင်မှုလေ... အရင်က ချန်ပိုင်တောင်တန်း မှာတုန်းကလည်း ဒီလိုပဲ]

[သူ့လောက် ကံကောင်းတဲ့သူ မမြင်ဖူးသေးဘူး... ဘာပစ္စည်းကောင်း မဆို သူ ရှာတွေ့နိုင်တယ်... ရေဒါ ပါလာသလိုမျိုးပဲ]

လိုက်ဖ်ထဲတွင် အလွန် စည်ကားနေ၏။

ရွှီယန်ကတော့ ဝမ်းသာအားရဖြင့် မှိုခြောက်များကို စတင် ခူးယူနေပြီ ဖြစ်သည်။ ဤမျှလောက် လတ်ဆတ်သော မှိုများ ဖြစ်ရာ ညဘက် တည်းခိုခန်း သို့ ပြန်ရောက်ပါက မည်သည်တို့ကို စားရမည်ကိုပင် သေချာ စဉ်းစားရဦးမည် ဖြစ်၏။

ဤမှိုများက လတ်ဆတ်မှသာ စား၍ ကောင်းမည် မဟုတ်ပါလား။

ဒါမှမဟုတ်ရင်လည်း မှိုဟင်းချို ချက်ပြီး အသားစိမ်းတွေနဲ့ ရောစားလိုက်တာက အကောင်းဆုံးပဲ။

မှိုတွေ များလွန်းတာကလည်း ပြဿနာ တစ်ခုပဲလေ... ဒါက ပျော်ရွှင်စရာ ပြဿနာလေး တစ်ခုလို့ ဆိုရမှာပေါ့။

All Chapters