← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅) အဓိပ္ပာယ်မရှိတဲ့ ရတနာရှာဖွေရေး တာဝန်နဲ့ အိမ်မွေးတိရစ္ဆာန် အသစ်

ဂန်ပါမှိုခြောက်သည် တကယ့်ကို ထိပ်တန်း အစားအသောက်ပင် ဖြစ်ပေသည်။

ယခင်က ရွှီယန် မယုံကြည်ခဲ့သော်လည်း တစ်ကြိမ် စားကြည့်ပြီးနောက်တွင်တော့ ယုံကြည်သွားခဲ့တော့၏။

ဤမှိုများက ဆေးကြောရန် အလွန်ခက်ခဲလှပြီး အပိုင်းပိုင်း ဆုတ်ဖြဲပြီးနောက် အကြိမ်ပေါင်းများစွာ ရေဆေးရပေသည်။ ကြော်ရသည့် နည်းလမ်းကလည်း ရိုးရှင်းလှ၏။ ဒယ်အိုးထဲတွင် ဆီပူလာပါက ဝက်ဆီနှင့် နှမ်းဆီတို့ကို ရောစပ်လိုက်ပြီး ငရုတ်သီး ထည့်ကာ မွှေးလာသည်အထိ ကြော်ရသည်။ ထို့နောက် ရေဆေးထားသော ဂန်ပါမှိုများကို အိုးထဲသို့ ထည့်ကာ အဆက်မပြတ် မွှေပေးရမည် ဖြစ်၏။

ကြော်နေစဉ်အတွင်း ဆား အနည်းငယ် ပိုထည့်ရမည်ဖြစ်ပြီး အခြား ဟင်းခတ်အမွှေးအကြိုင်များ ထည့်ရန် မလိုတော့ချေ။

ကြော်ပြီး၍ ပန်းကန်ထဲသို့ ထည့်လိုက်သည်နှင့် ထမင်းဖြင့် နယ်ကာ တိုက်ရိုက် စားသုံးနိုင်ပြီ ဖြစ်သည်။ အဆင့်မြင့် အစားအစာများကို ယေဘုယျအားဖြင့် အလွန် ရိုးရှင်းသော ချက်ပြုတ်နည်းများသာ လိုအပ်သည်ဆိုသည့် စကားက ဤသဘောတရားကို ဆိုလိုခြင်းပင်။

ရွှီယန်က ဂန်ပါမှိုများကို ထမင်းဖြင့် နယ်ကာ အရသာကို မြည်းစမ်းကြည့်လိုက်၏။

ဤခံစားချက်ကို သေချာ ဖော်ပြရန် ခက်ခဲလှပေသည်။ တောအုပ်၏ လတ်ဆတ်မှုများ ပါဝင်နေပြီး သစ်ဆွေးနှင့် မှိုများ၏ ထူးခြားသော အငန်နှင့် အချိုဓာတ် အရသာများလည်း ပါဝင်နေ၏။ ထို့အပြင် အချိုဓာတ် အနည်းငယ်နှင့် မီးခိုးနံ့ ခပ်သင်းသင်းလေးလည်း ပါဝင်နေကာ ဝါးလိုက်သည့် အခါတွင်လည်း အိစက်ပြီး ဝါးလို့ အလွန်ကောင်းပေသည်။

တစ်လုတ် စားလိုက်သည်နှင့် အလွန်ကို အရသာရှိလှ၏။

ဤဘက်မှ လူများက ဂန်ပါမှို စားရန်အတွက် ငွေကုန်ခံရမည်ကို ဝန်မလေးကြချေ။ အထူးသဖြင့် တောင်ထဲမှ ယခုလေးတင် ခူးလာသော တောရိုင်း မှိုများကို ပို၍ပင် နှစ်သက်ကြပေသည်။

ရွှီယန် ခူးလာသော မှိုများက အလွန် များပြားလွန်းသဖြင့် တကယ်ပင် စား၍ မကုန်နိုင်တော့ချေ။ ထို့ကြောင့် နောက်တစ်နေ့ နံနက်ပိုင်းတွင် သူက တောထွက်ပစ္စည်း ဈေးတန်း သို့ သွားရောက်ကာ မှိုများကို သွားရောင်းလိုက်၏။ ဒေသခံ ယဉ်ကျေးမှုထဲသို့ ဝင်ရောက် ပေါင်းစပ်လိုက်ခြင်းပင်။

ချန်ပိုင်တောင်တန်း ၏ တောထွက်ပစ္စည်း ဈေးတန်းတွင် ဂျင်ဆင်း ရောင်းချသူက အများဆုံးဖြစ်ပြီး နေရာအနှံ့တွင် ဂျင်ဆင်း ရောင်းသူများကိုသာ တွေ့ရပေသည်။ ထိုဂျင်ဆင်းများ အားလုံးက စိုက်ပျိုးထားသည်များ ဖြစ်သဖြင့် တန်ဖိုး မကြီးလှဘဲ တစ်ပင်လျှင် နှစ်ယွမ်ခန့်သာ ပေးရ၏။

ဤဘက်ရှိ တောထွက်ပစ္စည်း ဈေးတန်း တွင်တော့ မှိုရောင်းသူများသာ ပြည့်နှက်နေပေသည်။ မျိုးစုံသော မှိုများ အကုန်လုံး ရှိ၏။ ထို့အပြင် ဒေသခံများက ပစ္စည်း အရည်အသွေးကို သေချာ ကြည့်တတ်ကြပေသည်။ ဆိုင်ရှင် ပြောပြရန်ပင် မလိုဘဲ အချက်အနည်းငယ် ကြည့်လိုက်ရုံဖြင့် မှိုကောင်း မကောင်းကို သူတို့ သိရှိနိုင်ကြ၏။

ရွှီယန် ခူးလာခဲ့သော ကြက်မှို နှင့် ဂန်ပါမှို များက အလွန် လူကြိုက်များလှသဖြင့် သိပ်မကြာခင်မှာပင် အကုန် ရောင်းထွက်သွားတော့သည်။ သူက သူ့အတွက် တန်ဖိုးကြီး မှို အမြောက်အများကို ချန်ထားခဲ့ပြီးနောက် ထိုမှိုများကို ယူကာ အရှေ့မြောက် ဒေသသို့ ပြန်လာခဲ့၏။

မှိုများ ရောင်းရသဖြင့် ငွေအတော်လေး ရလိုက်ရာ ရွှီယန် တွက်ချက်ကြည့်လိုက်သောအခါ ခရီးစရိတ်နှင့် တည်းခိုစရိတ်များကို အတိအကျပင် ပြန်လည် ကာမိသွားတော့သည်။ အပြင်ထွက်လည်ရသည်က ငွေအတော်လေး ကုန်လှပြီး အသွားအပြန် လေယာဉ်လက်မှတ်ခ ပင်လျှင် အတော်လေး များပြားပေသည်။ အရင်းပြန်ရသည်ဆိုကတည်းက အမြတ်ပင် ဖြစ်၏။

"တောကြောင်ဝက်ဝံလေးတွေက တကယ် ချစ်စရာကောင်းတာပဲ... နည်းနည်းလောက် မွေးထားချင်လိုက်တာ"

"ဒါပေမယ့် နှမြောစရာကောင်းတာက ငါတို့ဆီက ရာသီဥတုက သူတို့ ရှင်သန်ဖို့ သိပ်မသင့်တော်ဘူးလေ... စိတ်ကူးယဉ်ရုံပဲ တတ်နိုင်တော့မှာပဲ"

အပြန်လမ်းတွင် ရွှီယန်က တောကြောင်ဝက်ဝံလေးများကို လွမ်းဆွတ်နေဆဲပင်။

တောကြောင်ဝက်ဝံကို အိမ်မွေးတိရစ္ဆာန် အဖြစ် မွေးမြူ၍ မရနိုင်သလို စျေးနှုန်းကလည်း အလွန် ကြီးမားလှပြီး အနည်းဆုံး ယွမ် တစ်သိန်းခွဲခန့်မှ စတင်ပေသည်။ သို့သော် တောကြောင်ဝက်ဝံ အစားထိုး အနေဖြင့် ရက်ကွန်းဝက်ဝံ ကိုတော့ မွေးမြူ၍ ရနိုင်ပေသည်။

လူအများအပြားက တောကြောင်ဝက်ဝံ နှင့် ရက်ကွန်းဝက်ဝံ ကို အမြဲတမ်း မှားယွင်းတတ်ကြသော်လည်း တကယ်တမ်းတွင် ၎င်းတို့ နှစ်ခုကြားရှိ ကွာခြားချက်က အလွန် ကြီးမားလှ၏။

ချစ်စရာကောင်းပြီး အသည်းယားစရာ ကောင်းသည်က တောကြောင်ဝက်ဝံ ဖြစ်ပြီး ခိုးကြောင်ခိုးဝှက် ပုံစံမျိုး ရှိနေသည်ကတော့ ရက်ကွန်းဝက်ဝံ ပင် ဖြစ်သည်။

လောလောဆယ်တွင် ပြည်တွင်း၌ ရက်ကွန်းဝက်ဝံ ရောင်းချသူများ ရှိနေပြီး အတော်လေး ရှားပါးသဖြင့် စျေးနှုန်းက အနည်းငယ် ကြီးကာ ယွမ် တစ်သောင်း ဝန်းကျင်ခန့် ရှိပေသည်။ ဤအကောင်များက ပြည်ပတွင်တော့ အလွန် ပေါများလွန်းလှပြီး အမှိုက်ပုံးများထဲတွင် အများအပြား ရှိနေတတ်ကြ၏။ သူတို့က အမှိုက်ပုံးထဲသို့ ဝင်ရောက် မွှေနှောက်ရသည်ကို အလွန် သဘောကျကြသဖြင့် လူများလည်း အမြင်ရိုးနေကြပြီ ဖြစ်သည်။

တကယ်တမ်းတွင် ရက်ကွန်းဝက်ဝံ များက အတော်လေး ချစ်စရာ ကောင်းသော်လည်း အပြုအမူများက အနည်းငယ် မယဉ်ကျေးခြင်းသာ ဖြစ်၏။ ဥပမာအားဖြင့် ဂလက်ဆီ စောင့်ရှောက်သူများ ဇာတ်ကားထဲမှ ရက်ကွန်းဝက်ဝံ ဆိုလျှင် အလွန် ချစ်စရာ ကောင်းပေသည်။

ရွှီယန်က လယ်ယာခြံဝင်းသို့ တောက်လျှောက် ပြန်လာခဲ့ပြီး လယ်ယာခြံဝင်း၏ အလုပ်များကို ပြန်လည် စတင် လုပ်ကိုင်နေတော့၏။ ယူနန် ခရီးစဉ်လေးက သူ့ကို အတော်လေး လွမ်းဆွတ်စေခဲ့ပြီး နောက်ပိုင်းတွင်လည်း ထပ်သွားရန် ရည်ရွယ်ထားသည်။

ရက်အနည်းငယ်ခန့် အလုပ်များပြီးနောက် ရွှီယန်က အားလပ်နေသဖြင့် တောင်ထဲဝင်ကာ ကျားသစ်များကို သွားရှာလိုက်၏။

ကောင်လေး နှစ်ကောင်က မူလက အမဲလိုက်ထွက်ရန် ချိန်းဆိုထားသော်လည်း ရွှီယန် ပေါ်လာသည်ကို မြင်သည်နှင့် ချက်ချင်းပင် လှဲချလိုက်ကြတော့သည်။ သူတို့က ရွှီယန်နှင့် အတူတကွ နေထိုင်ရသည့် ဘဝကို အသားကျနေပြီ ဖြစ်၏။

လူးနား ၏ ဗိုက်က ပို၍ ကြီးလာပြီး နောက်ထပ် တစ်လခန့်နေလျှင် မွေးတော့မည်ဟု ခန့်မှန်းရပေသည်။ ဤသည်ကလည်း ကောင်းသော ကိစ္စပင် ဖြစ်၏။

သူတို့နှင့် အတူတကွ အချိန်ဖြုန်းပြီးနောက် ရွှီယန်က တောင်ထဲဝင်ကာ တာဝန်တစ်ခု လုပ်ဆောင်ရန် ရည်ရွယ်လိုက်သည်။

ဤတစ်ကြိမ် တာဝန်ကတော့ သူ ထင်မှတ်မထားသည့် အရာမျိုး ဖြစ်နေခဲ့၏။

[ရတနာရှာဖွေရေး တာဝန်ကို နှိုးဆွလိုက်ပါပြီ... ချေးကောက်မယ် ချေးကောက်မယ်]

[တာဝန် ဖော်ပြချက်... တောရိုင်း တိရစ္ဆာန် ဆယ်မျိုး၏ မစင်များကို စုဆောင်းပါ... တောရိုင်း တိရစ္ဆာန် သီးသန့်သာ ဖြစ်ရမည်]

[တာဝန် ဆုလာဘ်... ချစ်စရာ ရက်ကွန်းဝက်ဝံ တစ်ကောင်... အိမ်မွေးတိရစ္ဆာန် အရောင်းဆိုင် အော်ဒါဖြစ်ပြီး ရရှိလာမည့် ရက်ကွန်းဝက်ဝံသည် မျိုးရိုးဗီဇ အလွန် ကောင်းမွန်ပါသည်]

တာဝန် ဖော်ပြချက်ကို ကြားသောအခါ ရွှီယန် တစ်ယောက်လုံး မှင်တက်သွားတော့၏။

'ချေးကောက်ရမယ် ဟုတ်လား'

'ငါလို ချန်ပိုင်တောင်တန်းရဲ့ နံပါတ်တစ် လူမိုက်ကြီးကို ချေးသွားကောက်ခိုင်းနေတာလား'

'အဲဒါတောင် တောရိုင်းတိရစ္ဆာန် ဆယ်မျိုးရဲ့ ချေးကို ကောက်ရဦးမယ်ပေါ့'

သို့သော် စနစ်၏ တာဝန်များက အဓိပ္ပာယ် မရှိသည်မှာ တစ်ကြိမ် နှစ်ကြိမ် မဟုတ်တော့သဖြင့် ရွှီယန်လည်း အသားကျနေပြီ ဖြစ်၏။ နောင်တွင် နံနက်စောစောထပြီး ချေးသွားကောက်ရမည့် သီချင်းကို အကျယ်ကြီး အော်ဆိုရင်း တောင်ထဲဝင်ကာ တကယ်ပင် ချေးသွားကောက်ရတော့မည် ဖြစ်သည်။

တွေးမိသည်နှင့် ချက်ချင်း စတင် လုပ်ဆောင်တော့၏။

တာဝန် အသေးစိတ် လိုအပ်ချက်က တိရစ္ဆာန် ဆယ်မျိုး၏ မစင်များကို တစ်နေရာတည်းတွင် စုဆောင်းထားရန် ဖြစ်သည်။ တကယ်ကို လွန်ကဲလှပေသည်။

"ချစ်စရာ ရက်ကွန်းဝက်ဝံလေး တစ်ကောင်အတွက်တော့ သည်းခံလိုက်ပါတော့မယ်"

"ချေးသွားကောက်မယ်ဟေ့"

ရွှီယန်က ဆုံးဖြတ်ချက် ချလိုက်သည်။

နောက်တစ်နေ့တွင် ရွှီယန်က အိတ်တစ်အိတ်ကို ဆွဲကာ စိတ်အားထက်သန်စွာဖြင့် တောင်ပေါ်သို့ တက်လာခဲ့၏။ သူက ယခင်အတိုင်းပင် ပတ်ဝန်းကျင်ကို အချိန်နှင့်အမျှ လေ့လာနေလိုက်သည်။ ယခင်က ဤသို့ လုပ်ဆောင်ခြင်းက မှိုနှင့် တိုင်းရင်းဆေးပင် စသည့် တောထွက်ပစ္စည်းများကို ရှာဖွေရန် ဖြစ်သော်လည်း ယနေ့တွင်တော့ မတူညီတော့ချေ။

ယနေ့ သူ ရှာဖွေရမည်က အခြား အရာတစ်ခု ဖြစ်ပေသည်။

"ဒါက ဒရယ်ပြောက်ချေး ဖြစ်ရမယ်... တစ်မျိုး ရပြီ"

ရွှီယန်က တူးရွင်းငယ် တစ်လက်ကို ယူကာ လေတိုက်၍ ခြောက်သွေ့နေသော ဒရယ်ပြောက် မစင် အနည်းငယ်ကို ကော်ယူပြီး အိတ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် သူက ဆက်လက် ရှာဖွေနေလိုက်သည်။

ယနေ့ သူ လုပ်ဆောင်နေသည့် ကိစ္စက လိုက်ဖ်လွှင့်ရန် မသင့်တော်သဖြင့် သူက လိုက်ဖ်မဖွင့်ခဲ့ချေ။ မည်သို့ပင်ဆိုစေ လိုက်ဖ်လွှင့်ခြင်းက ကိုယ်တိုင် ရွေးချယ်ခွင့် ရှိသည် မဟုတ်ပါလား။

ထို့နောက် သူက တောသမင်ငယ်... ယုန်... တောကြက် နှင့် ကြွက် တို့၏ မစင်များကို ထပ်မံ ရှာတွေ့ခဲ့သည်။

ထို့နောက် ပုရွက်ဆိတ်... တောင်စာကလေး နှင့် ကျီးကန်း တို့၏ အညစ်အကြေးများကို ထပ်မံ ရှာတွေ့ခဲ့ပြန်၏။

ယနေ့တွင်တော့ သူက တောအုပ်ထဲမှ ချေးကောက်သမားကြီး အဖြစ်သို့ ကူးပြောင်းသွားခဲ့ပြီ ဖြစ်သည်။ မတူညီသော တိရစ္ဆာန်များ၏ မစင်များကို ရှာဖွေရန် တောနက်ထဲတွင် ဖြတ်သန်း သွားလာနေရ၏။

"လခွမ်း... ဒီချေးကောက်ရတာက မှိုကောက်ရတာထက်တောင် ခက်နေသေးတယ်"

ရွှီယန်က ရင်ထဲမှ လှိုက်၍ ညည်းတွားလိုက်သည်။

သူက မနည်း ကြိုးစား ရှာဖွေပြီး တစ်ပုံ တွေ့သွားသောအခါ ကြည့်လိုက်ရာ ဒရယ်ပြောက်၏ မစင်ပင် ဖြစ်နေသဖြင့် ထပ်နေခဲ့ပြီ ဖြစ်၏။ ထိုအရာက သူ့ကို အနည်းငယ် စိတ်ပျက်သွားစေသည်။

တွက်ကြည့်လိုက်ရာ နောက်ထပ် နှစ်မျိုး လိုနေသေး၏။

ကံကောင်းသည်မှာ သူ့တွင် တပည့် နှစ်ကောင် ရှိနေသဖြင့် သူ၏ တာဝန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ပေသည်။ ရွှီယန်က ရှောင်ဟွာ နှင့် လူးနား တို့ နေထိုင်ရာ ဧရိယာဘက်သို့ တောက်လျှောက် လျှောက်သွားခဲ့၏။

ရွှီယန် ပေါ်လာသည်ကို မြင်သောအခါ ရှောင်ဟွာ က ချက်ချင်းပင် ပျော်ရွှင်စွာ ပြေးလာတော့သည်။ ထို့အပြင် ရွှီယန်က တူးရွင်းတစ်လက် ကိုင်ထားပြီး အိတ်တစ်အိတ် ဆွဲလာသည်ကို သူ သတိထားမိလိုက်၏။

ရှောင်ဟွာ က ပစ္စည်းကောင်းများ ဖြစ်မည်ထင်ပြီး ချက်ချင်းပင် ပျော်ရွှင်စွာဖြင့် အိတ်အနားသို့ တိုးကပ်လာကာ နှာခေါင်းဖြင့် အိတ်ထဲမှ အနံ့ကို ရှူရှိုက်ကြည့်လိုက်သည်။

ထိုသို့ ရှူရှိုက်လိုက်မိသောအခါ ရှောင်ဟွာ တစ်ကောင်လုံး ဘဝကြီးကို စိတ်ပျက်သွားတော့၏။

'ဒါ ဘာကြီးလဲ'

ရှောင်ဟွာ ၏ ကြည်လင်နေသော မျက်လုံးကြီးများထဲတွင် အံ့ဩတုန်လှုပ်မှုများ ပေါ်လာခဲ့သည်။

ရှောင်ဟွာ မှာ မှင်တက်သွားပြီး ရွှီယန်ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေတော့၏။

"ကြည့်မနေနဲ့... မင်းဟာလည်း လိုတယ်"

"မျိုးရိုးကောင်းတဲ့ ရက်ကွန်းဝက်ဝံလေး တစ်ကောင်ရဖို့ ငါလည်း မလွယ်ပါဘူးကွာ"

ရွှီယန်က ရှောင်ဟွာ ၏ ခေါင်းကို ပွတ်သပ်ရင်း သက်ပြင်းချကာ ပြောလိုက်သည်။

ရှောင်ဟွာ က ချက်ချင်းပင် ခြေလှမ်းအနည်းငယ်ခန့် အဝေးသို့ ပြေးထွက်သွားတော့၏။

ရွှီယန်က ဘေးဘက် ဧရိယာဆီသို့ လျှောက်သွားလိုက်ရာ သိပ်မကြာခင်မှာပင် လေတိုက်၍ ခြောက်သွေ့နေသော ရှောင်ဟွာ ၏ မစင်ကို ရှာတွေ့သွားတော့သည်။ ဤအခိုက်အတန့်တွင် ရွှီယန်က တကယ်ပင် ကြောင်ချေးကော်သမား ဘဝသို့ ရောက်ရှိသွားပြီး ကြောင်ချေးများ ကော်နေရပြီ ဖြစ်၏။

ဤသည်ကလည်း ပြည့်စုံသွားပြီဟု ဆိုရမည် ဖြစ်သည်။

'တကယ်ကို အနံ့အသက်တွေနဲ့ ပြည့်နှက်နေတဲ့ နေ့တစ်နေ့ပဲ'

ရွှီယန်က စိတ်ထဲမှ တိတ်တဆိတ် တွေးလိုက်၏။

သို့သော် သူက ဤအရာများကို သိပ်ပြီး မရွံရှာလှချေ။ မည်သို့ပင်ဆိုစေ သူက စိုက်ပျိုးရေး လည်း လုပ်ကိုင်နေပြီး လယ်ယာခြံဝင်း ထွက် မြေဩဇာများကို အသုံးပြုနေရသဖြင့် ထိုမျှလောက် မရွံရှာတော့ခြင်း ဖြစ်၏။

ရွှီယန်က ဤနေရာတွင် ချေးကော်နေသည်။

ရှောင်ဟွာ နှင့် လူးနား တို့က သူ့ကို သိချင်စိတ်ဖြင့် အကဲခတ်နေကြ၏။

လူးနား က ရှောင်ဟွာ ကို ကြည့်လိုက်ရာ ၎င်း၏ အကြည့်က...

'မင်းရဲ့ ခေါင်းဆောင်ကြီးက ဘာလုပ်နေတာလဲ'

ရှောင်ဟွာ ၏ မျက်လုံးများထဲတွင်လည်း အံ့ဩမှု အချို့ ရှိနေပြီး...

'မသိပါဘူး... သူလာတာနဲ့ အနံ့ဆိုးတဲ့ဟာတွေ လာတူးနေတာပဲ'

ကျားသစ် နှစ်ကောင်လုံးက ရွှီယန်၏ အပြုအမူကို နားမလည်နိုင်ကြချေ။ သူတို့၏ အမြင်တွင်တော့ ရွှီယန်က အနံ့ဆိုးသော အရာအချို့ကို တူးဖော်ကာ အိတ်ထဲသို့ ထည့်ပြီး အိတ်ဝကို ပိတ်လိုက်ကာ ကျေနပ်နေသည့် အပြုံးမျိုး ပြသနေသည်ကို မြင်တွေ့လိုက်ရခြင်းပင်။

ပြဿနာ ရှိနေပြီ ဖြစ်၏။

ထိုအချိန်တွင် ရွှီယန်က ရှောင်ဟွာ ကို ကြည့်ကာ အေးဆေးစွာ လက်လှမ်းပြရင်း ပြောလိုက်သည်။

"မင်းတို့နှစ်ကောင် နားနေလိုက်ဦး... ငါ့မှာ အရေးကြီး ကိစ္စလေး ရှိသေးလို့ သွားလိုက်ဦးမယ်"

ထိုသို့ပြောပြီးနောက် သူက လှည့်ထွက်သွားခဲ့၏။

ကျားသစ် နှစ်ကောင်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့တော့သည်။ ရွှီယန်ကတော့ ယနေ့က အတော်လေး ချောမွေ့သည်ဟု ခံစားနေရ၏။ အစက အချိန်အတော်ကြာအောင် ရှာရမည်ဟု ထင်ထားခဲ့သော်လည်း တကယ်တမ်း ရှာကြည့်တော့လည်း အတော်လေး လွယ်ကူနေပေသည်။

နောက်ထပ် ရွှီယန်၏ ပစ်မှတ်ကတော့ ဝက်ဝံမည်း ပင် ဖြစ်သည်။

သူ့တွင် ဝက်ဝံမည်း တပည့် တစ်ကောင် ရှိပြီး လယ်ယာခြံဝင်းသို့ အစာလာတောင်းလေ့ ရှိ၏။ လတ်တလောတွင်တော့ လာရောက်မှု အနည်းငယ် ကျဲသွားပြီး တောင်ထဲတွင် အစားအသောက်များ ပေါများနေသဖြင့် သိပ်မဆာလောင်သောကြောင့် ဖြစ်ပုံရသည်။

ရွှီယန်က သိပ်မကြာခင်မှာပင် ဤကောင်ကြီးကို ရှာတွေ့သွားခဲ့သည်။

သူက သစ်ပင်ကြီး တစ်ပင်ကို ကျောမှီထားပြီး သစ်ပင်စည်ကို အဆက်မပြတ် ပွတ်တိုက်နေကာ အမူအရာက အလွန်ကို ဟာသမြောက်လှပေသည်။ ဤသည်က ဝက်ဝံမည်း များ သီးသန့် ယားယံမှု ဖြေဖျောက်သည့် ပုံစံပင်။

ကျောဖြင့် သစ်ပင်စည်ကို ပွတ်တိုက်ရခြင်းက တစ်ယောက်ယောက်က သူ့ကို ကျောကုတ်ပေးနေသကဲ့သို့ ခံစားရပြီး အလွန် ဇိမ်ကျလှပေသည်။

ဤကောင်ကြီး ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ ရွှီယန်လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

'ဒီကောင်ကြီးက တော်တော် ဇိမ်ခံတတ်တာပဲ'

သို့သော် ရွှီယန်တွင် လုပ်စရာ အရေးကြီး ကိစ္စ ရှိသေးသဖြင့် ဤအတိုင်း ခဏမျှ ကြည့်နေပြီးနောက် ဝက်ဝံမည်း ရှိရာဆီသို့ လျှောက်သွားလိုက်သည်။

ဝက်ဝံမည်းက ရွှီယန် လာသည်ကို မြင်သောအခါ ချက်ချင်းပင် ပျော်ရွှင်စွာ နှုတ်ဆက်လာ၏။ ရွှီယန်ကလည်း သူ့အတွက် ပန်းသီး နှစ်လုံး ပြင်ဆင်လာခဲ့သည်။

ထို့နောက် ရွှီယန်က ဝက်ဝံမည်း နှင့် အတူတကွ ပတ်ဝန်းကျင်တွင် လှည့်ပတ် သွားလာနေလိုက်၏။ ဤကောင်ကြီးက သူ၏ အညစ်အကြေးများကို တော်တော်လေး ဖုံးကွယ်ထားတတ်ပြီး လမ်းတစ်လျှောက်လုံး ဝက်ဝံမည်း ၏ မစင် အရိပ်အယောင်များကို မတွေ့ရချေ။

ရွှီယန်က ဝက်ဝံမည်း ကို ကြည့်လိုက်သည်။

‘ကိုးမျိုးတော့ ပြည့်သွားပြီဖြစ်ပြီး မင်းရဲ့ ဟာလေး တစ်ပုံပဲ လိုတော့တာ’

ဝက်ဝံမည်း က ရွှီယန်၏ အကြည့်များ မမှန်ကြောင်း သတိထားမိသွားသောအခါ ချက်ချင်းပင် အနည်းငယ် စိုးရိမ်သွားတော့၏။

'အစ်ကိုကြီး... ခင်ဗျား ကျွန်တော့်ကို ဘာလုပ်ချင်လို့လဲ'

သူ၏ပုံစံကို မြင်သောအခါ ရွှီယန်က အနည်းငယ် ပြုံးလိုက်သည်။ ဤကဲ့သို့သော ကိစ္စမျိုးက သဘာဝအတိုင်းသာ အကောင်းဆုံး ဖြစ်၏။ သို့သော် ကံကောင်းစွာဖြင့် သိပ်မကြာခင်မှာပင် ရွှီယန်က ပစ်မှတ်ကို အောင်မြင်စွာ ရှာတွေ့သွားခဲ့သည်။

ဤတာဝန်ကတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်၏။

တာဝန် ပြီးဆုံးသွားပြီးနောက် ရွှီယန်က အိတ်ထဲမှ အရာများကို အကုန် လွှင့်ပစ်လိုက်သည်။ အိတ်က အမှိုက်ဖြစ်သဖြင့် သူက ပြန်ယူသွားရဦးမည် ဖြစ်၏။

အချိန်လည်း အတော်လေး နောက်ကျနေပြီဖြစ်ရာ ရွှီယန်က ဝက်ဝံမည်း ကို နှုတ်ဆက်ပြီးနောက် လယ်ယာခြံဝင်းသို့ ပြန်လာခဲ့တော့သည်။

ဝမ်ဝူ က မြက်ခင်းပြင်တွင် လမ်းလျှောက်နေစဉ် ရွှီယန် ပြန်လာသည်ကို မြင်သောအခါ အမြန် နှုတ်ဆက်လိုက်၏။

"ခြံပိုင်ရှင်... ဒီနေ့ကော ဘာရတနာတွေ ကောက်ရလာပြန်ပြီလဲ"

"ခင်ဗျား တောထွက်ပစ္စည်း ရှာတဲ့ အရည်အချင်းက တကယ်ကို မြင့်လွန်းတယ်... အခုတောင် အင်တာနက်ပေါ်မှာ ခင်ဗျား မှိုကောက်နေတဲ့ ဗီဒီယိုတွေ ရှိနေသေးတယ်"

ဝမ်ဝူ က မူလက မြှောက်ပင့်ပြောဆိုနေခြင်း ဖြစ်သော်လည်း ယနေ့ ရွှီယန် တကယ်တမ်း ဘာတွေ ကြုံတွေ့ခဲ့ရသလဲ ဆိုသည်ကိုတော့ သူ သေချာပေါက် သိရှိမည် မဟုတ်ချေ။

"ဘာမှမရှိပါဘူး... ငါ ဒီအတိုင်း လျှောက်သွားနေတာပါ"

ရွှီယန်က နောက်သို့ပင် မလှည့်ကြည့်ဘဲ လက်ကာပြလိုက်ပြီးနောက် သူ၏ အခန်းထဲသို့ အလျင်အမြန် ပြန်သွားကာ ရေချိုးတော့၏။

ယနေ့ ကိစ္စကတော့ ဤမျှဖြင့် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ သူက အိမ်မွေး တိရစ္ဆာန် အသစ် တစ်ကောင်ကို ကြိုဆိုရဦးမည် ဖြစ်၏။

အခန်း (၂၆၆) လယ်ယာခြံဝင်းပိုင်ရှင် တစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ဘေးလူတွေက လုံးဝ စိတ်ကူးယဉ်လို့တောင် မရနိုင်ဘူး

ပြည်ပနိုင်ငံများတွင် ရက်ကွန်းဝက်ဝံများ၏ အဆင့်အတန်းက ပြည်တွင်းမှ တောကြောင်များနှင့် အတူတူပင် ဖြစ်သည်။

ချစ်စရာလည်း ကောင်းသလို အလွန်လည်း ပေါများလှပေသည်။ ထို့အပြင် ရုပ်ရည်သန့်ပြန့်သည်များ ရှိသလို ရုပ်ဆိုးသည်များလည်း ရှိကာ အဓိကအားဖြင့် မျိုးစိတ်အပေါ်တွင်သာ မူတည်၏။

မျိုးစိတ်ကောင်းပြီး သေချာ သင်ကြားပေးထားပါက မွေးမြူရသည်မှာ သန့်ရှင်းပြီး အလွန် ချစ်စရာကောင်းပေသည်။

ရွှီယန်၏ အကြံအစည်မှာ သန့်ရှင်းသော တစ်ကောင်ကို မွေးမြူရန်ပင် ဖြစ်၏။

သူက မွေးမြူရေး စင်တာနှင့် ဆက်သွယ်ကြည့်သောအခါမှသာ သူမှာယူထားသော အော်ဒါက အကောင်းဆုံး ရက်ကွန်းဝက်ဝံ မျိုးစိတ် ဖြစ်ကြောင်း သိရှိလိုက်ရသည်။

အရွယ်အစားက အနည်းငယ် သေးငယ်ပြီး အလွယ်တကူ မဝလာနိုင်ချေ။

ရုပ်ရည်က ဂလက်ဆီ စောင့်ရှောက်သူများ ထဲမှ ဒုံးပျံ နှင့် အလွန် တူပေသည်။

တစ်ရက်အကြာတွင် ရက်ကွန်းဝက်ဝံလေး ကို လူကိုယ်တိုင် လာရောက် ပို့ဆောင်ပေးခဲ့၏။

မည်သို့ပင်ဆိုစေ ဈေးကွက်ပေါက်ဈေးအရ ရက်ကွန်းဝက်ဝံ တစ်ကောင်လျှင် ယွမ် ရှစ်ထောင် အထက်တွင် ရှိပြီး ဈေးကြီးသည်များ ဆိုလျှင် ယွမ် နှစ်သောင်းခန့်ပင် ရှိရာ သေချာပေါက် လူကိုယ်တိုင် လာပို့ပေးရမည်သာ ဖြစ်၏။

ကောင်လေးက လယ်ယာခြံဝင်းသို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သဖြင့် အနည်းငယ် ကြောက်လန့်နေသည်။ ၎င်းက လှောင်အိမ်ထဲတွင် မှောက်နေပြီး ပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်နေပြီး မျက်နှာအမူအရာက အနည်းငယ် သနားစရာ ကောင်းနေ၏။

မွေးမြူရေး စင်တာက သူတို့ဆီရှိ အိမ်မွေး တိရစ္ဆာန်များကို ငယ်ငယ်ကတည်းက သားဆက်ခြားထားပြီး သက်ဆိုင်ရာ မွေးမြူခွင့် လက်မှတ်များလည်း အစုံအလင် ပါရှိသဖြင့် မျိုးပွားမည့် ပြဿနာကို စိတ်ပူစရာ မလိုဘဲ သာမန်အတိုင်း မွေးမြူထားရုံဖြင့် ရပြီဖြစ်ကြောင်း ရွှီယန်ကို ပြောပြခဲ့သည်။

ကောင်လေးက ဤကမ္ဘာကြီးနှင့် အလွန် စိမ်းသက်နေဆဲပင်။

လယ်ယာခြံဝင်းတွင် နောက်ထပ် အဖွဲ့ဝင် အသစ်တစ်ယောက် ထပ်တိုးလာခဲ့ပြီ ဖြစ်၏။

ရွှီယန်က သူ၏ ချစ်စရာကောင်းသော ပုံစံလေးကို ကြည့်ကာ သေချာ ဂရုစိုက် စောင့်ရှောက်ရန် ဆုံးဖြတ်လိုက်ပြီး နွားနို့ အနည်းငယ် တိုက်လိုက်သည်။

သူက သေးသေးကွေးကွေးလေး ဖြစ်ပြီး တောရိုင်း ရက်ကွန်းဝက်ဝံ များနှင့် မတူညီချေ။ အနည်းဆုံးတော့ ခန္ဓာကိုယ်က ထိုမျှလောက် မဖောင်းကားနေဘဲ အရောင်အသွေးကလည်း အနည်းငယ် တောက်ပနေကာ ကြည့်ရသည်မှာ အလွန် အသည်းယားစရာ ကောင်းနေ၏။

အဓိကအားဖြင့် နို့တိုက် သတ္တဝါများ၏ သားပေါက်လေးများက အမြဲတမ်း ချစ်စရာကောင်းတတ်ကြပြီး အထူးသဖြင့် အမွေးများ စတင် ပေါက်လာသည့် အချိန်တွင် အချစ်စရာ အကောင်းဆုံးပင် ဖြစ်သည်။

ယခုအခါ မြေခွေးလေး လေးကောင်က ဤအဆင့်သို့ ရောက်နေပြီဖြစ်ရာ ရွှီယန်က အလွန် သဘောကျနေမိ၏။

ရက်ကွန်းဝက်ဝံ ကို ရွှီယန်က ခြံဝင်းထဲတွင် မွေးထားပြီး ဒုံးပျံ ဟု နာမည်ပေးလိုက်သည်။

ဤကောင်လေးက အစပိုင်းတွင် အနည်းငယ် ကြောက်လန့်နေသော်လည်း တဖြည်းဖြည်းနှင့် သတ္တိ ပိုကောင်းလာခဲ့၏။

ရှောင်ဟေး က သူငယ်ချင်း ဖွဲ့ရသည်ကို သဘောကျသဖြင့် သူ့အနားသို့ အမြဲ သွားကစားတတ်သည်။ ရက်ကွန်းဝက်ဝံလေး ကလည်း အထီးကျန်နေသည် ထင်၏... ရှောင်ဟေး နှင့် အမြဲတမ်း အတူတူ သွားကစားတတ်ပေသည်။

တစ်ခါတရံ ရွှီယန်က သူ့ကို ခေါ်ကာ လယ်ယာခြံဝင်းထဲတွင် လျှောက်လည်ရင်း အခြား တိရစ္ဆာန်များကို လိုက်ပြတတ်သည်။

ကောင်လေးက မြေခွေးလေးများနှင့်လည်း အဆင်ပြေပေသည်။

သို့သော် ကြောင်ကျား ဆန်း​ပြောင် ကို မြင်သောအခါတွင်တော့ လန့်ပြီး နောက်သို့ပင် မလှည့်ကြည့်ရဲတော့ဘဲ ချက်ချင်း ထွက်ပြေးတော့၏။

ကြောင်ကျား က သူ ကမန်းကတန်း ထွက်ပြေးသွားသည့် ကျောပြင်ကို ကြည့်ကာ ဂရုမစိုက်တော့ချေ။

ထို့နောက်ပိုင်းတွင် အမြဲတမ်း ဤသို့ပင် ဖြစ်နေပြီး ဘာကြောင့်မှန်းတော့ မသိချေ။ ရက်ကွန်းဝက်ဝံ က ကြောင်ကျား ကို မြင်သည်နှင့် ချက်ချင်း ထွက်ပြေးတော့သည်။ တည့်တည့်ကြည့်ရဲသည့် သတ္တိပင် မရှိတော့ချေ။

ကြောင်ကျား ဆီမှ လူသတ်ငွေ့များကို သူ ခံစားသိရှိနိုင်သည် ထင်၏။ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလှပေသည်။

ရွှီယန်က ကောင်လေး အတွက် အပေါ်အင်္ကျီလေး တစ်ထည်နှင့် အရွယ်အစား သေးငယ်သော ကစားစရာ ရိုင်ဖယ်သေနတ် တစ်လက်ကို ပြင်ဆင်ပေးထားသေး၏။

သူ့ကို အင်္ကျီလေး ဝတ်ပေးပြီး ရိုင်ဖယ်သေနတ် ကို ပွေ့ခိုင်းထားလိုက်ရာ ထိုပုံစံက ရုပ်ရှင်ထဲမှ ဇာတ်ကောင်နှင့် တကယ်ကို တူနေတော့သည်။

ကောင်လေး ကလည်း အင်္ကျီဝတ်ရသည်ကို သဘောကျပေသည်။

ဤချစ်စရာကောင်းသော ရက်ကွန်းဝက်ဝံလေး က လယ်ယာခြံဝင်းတွင် တရားဝင် နေရာယူသွားခဲ့ပြီ ဖြစ်၏။ မျိုးစိတ်ကောင်းပြီး စရိုက်ကလည်း အလွန် ကောင်းမွန်ပေသည်။ စနစ်မှ ထုတ်ပေးလိုက်သည်နှင့် သေချာပေါက် ပစ္စည်းကောင်းများသာ ဖြစ်ရမည် မဟုတ်ပါလား။

ဤသို့ဖြင့် လယ်ယာခြံဝင်းတွင် နှစ်ရက်ခန့် အနားယူကာ လယ်ယာခြံဝင်း ကိစ္စများကို လုပ်ဆောင်ရင်း တစ်ခါတရံ ဈေးထဲသို့ သွားကာ ပေါင်မုန့်များ သွားရောင်းခဲ့သည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ရွှီယန်က လယ်ယာခြံဝင်းထဲတွင် လိုက်ဖ်လွှင့်ရန် ဆုံးဖြတ်လိုက်၏။

အင်တာနက်သုံးစွဲသူများ ဝင်ရောက်လာသည်နှင့် သူတို့ မြင်တွေ့လိုက်ရသည်မှာ ပွင့်လန်းနေသော နေကြာပန်းခင်းကြီး တစ်ခုပင် ဖြစ်သည်။

လယ်ယာခြံဝင်းမှ ဝန်ထမ်းများက ကောက်ရိုးဦးထုပ် ဆောင်းကာ ပန်းခင်းထဲတွင် ပေါင်းသင်နေကြ၏။

ရွှီယန်ကလည်း ကောက်ရိုးဦးထုပ် ဆောင်းကာ ပတ်ဝန်းကျင်တွင် လမ်းလျှောက်နေသည်။ ယနေ့က လယ်ယာခြံဝင်း၏ နေ့စဉ်ဘဝကို လိုက်ဖ်လွှင့်ခြင်းဖြစ်ပြီး တစ်ခါတရံ အားလုံးနှင့် စကားစမြည် ပြောဆိုနေခြင်း ဖြစ်၏။

အဓိကအားဖြင့် သူ၏ နေကြာပန်းခင်း က အလွန် လှပနေသဖြင့် ရွှီယန်က အားလုံးကို ပြသချင်နေခြင်းပင်။

မြင်ကွင်းထဲတွင် နေကြာပန်းများက နေမင်းဆီသို့ ဦးတည်ကာ ဖူးပွင့်နေကြပြီး ရွှေရောင် တောက်ပနေကြ၏။

ရှုခင်းက တကယ်ကို လှပလှပေသည်။

အင်တာနက်သုံးစွဲသူများမှာ နေကြာပန်းခင်း၏ အလှအပတွင် ချက်ချင်းပင် နစ်မြောသွားကြတော့သည်။

[တကယ်ကို လှပတဲ့ နေကြာပန်းခင်းကြီးပဲ... ဒါက ဘယ်ခရီးသွား နေရာလဲ... ကျွန်တော်လည်း သွားပြီး ဓာတ်ပုံရိုက်ချင်လို့]

[ဒီနေကြာပန်းတွေက တကယ်ကို လှတာပဲ]

[လောင်ရွှီ ကိုယ်တိုင် စိုက်ထားတာတော့ မဟုတ်ဘူးမလား]

[မေ့နေလို့... သူက စိုက်ပျိုးရေး မှာလည်း ကျွမ်းကျင်တယ်လေ]

အားလုံးက အသီးသီး အံ့ဩချီးကျူးနေကြသည်။

ထိုအချိန်တွင် ရွှီယန်က လိုက်ဖ် မြင်ကွင်းထဲသို့ ဝင်ရောက်လာပြီး ပြုံးကာ ပြောလိုက်၏။

"ဒါတွေက လယ်ယာခြံဝင်းက နေကြာပန်းတွေပါ... မတ်လ တုန်းက စိုက်ထားတာ အခု နှစ်လလောက် ရှိတော့ ပွင့်လာပြီလေ"

"ဒီနေကြာပန်း မျိုးစိတ်က တော်တော် ကောင်းတယ်... ပန်းပွင့် အရွယ်အစား ကြီးတော့ သေချာပေါက် နေကြာစေ့ အများကြီး ထွက်မှာ"

"အခြေအနေကို ကြည့်ရသလောက်ဆိုရင် အစေ့တွေကလည်း အပြည့်အဝ ရှိမယ့် ပုံပဲ"

ရွှီယန်က အားလုံး၏ ကွန်မန့်များကို မြင်သောအခါ ရင်ထဲတွင် အတော်လေး သက်သောင့်သက်သာ ဖြစ်သွား၏။

သူ့ကို ချီးကျူးသည်များ အပေါ်တွင် သိပ်ပြီး ခံစားချက် မရှိသော်လည်း သူစိုက်ပျိုးထားသော အပင်များနှင့် မွေးမြူထားသော တιရိစ္ဆာန်များကို ချီးကျူးလာလျှင်တော့ ရင်ထဲတွင် ဝမ်းသာသွားမိသည်သာ။

နေကြာပန်းများက အလွန် လှပလှပေသည်။

သူတို့က နေရောင်ခြည်ကို မျက်နှာမူကာ ကြီးထွားလာကြ၏။

ထိုအချိန်တွင် ရွှီယန်က ဘေးဘက်သို့ လျှောက်သွားကာ ကောင်းကင်မှ နေမင်းကို လက်ညှိုးထိုးပြပြီး ပြောလိုက်သည်။

"နေကြာပန်းတွေရဲ့ သဘာဝက တကယ် စိတ်ဝင်စားဖို့ ကောင်းတယ်... အားလုံးပဲ ကြည့်လိုက်... နေက ဟိုဘက်မှာ ရှိတယ်"

"နေကြာပန်း အားလုံးက အဲဒီဘက်ကို မျက်နှာမူထားကြတာ"

"သူတို့က နေရောင်ခြည် ရှိတဲ့ ဘက်ကို လိုက်ပြီး ကြီးထွားလာကြတာလေ"

"တစ်ခါတလေ အချိန်နည်းနည်း ခြားပြီး ကြည့်လိုက်ရင် သူတို့ရဲ့ မျက်နှာမူတဲ့ ဘက်က သိသိသာသာ ပြောင်းသွားတာကို မြင်ရတယ်"

"နေကြာပန်းတွေက လှည့်နိုင်တယ်လေ... ပန်းပွင့်ကို နေမင်းဘက် အမြဲ မျက်နှာမူထားအောင် လုပ်ကြတာ"

အားလုံးက နေကြာပန်းများ၏ အကြောင်းကို နည်းနည်းပါးပါး ကြားဖူးထားကြပြီး ဖြစ်၏။

ယခု ကိုယ်တိုင် မြင်တွေ့လိုက်ရသောအခါ အလွန် စိတ်ဝင်စားစရာ ကောင်းသည်ဟု ခံစားလိုက်ရသည်။

ထိုအချိန်မှာပင် တစ်ယောက်ယောက်က သံသယ ဖြစ်စရာ အချက်ကို သတိထားမိသွား၏။

[နေကြာပန်းတွေက နေ့တိုင်း နေထွက်တဲ့ အရှေ့ဘက်ကို လှည့်တယ်... နေဝင်တော့ အနောက်ဘက်ကို လှည့်တယ်ဆိုရင် သူတို့က ဘယ်အချိန်မှာ ပြန်လှည့်ကြတာလဲ]

[နေ့တိုင်း နေထွက်လာတာနဲ့ နေကြာပန်းတွေက အကုန်လုံး ခေါင်းကို တပြိုင်နက်တည်း လှည့်ကြတာများလား]

[အဲဒီ မြင်ကွင်းက နည်းနည်းတော့ လန့်စရာ ကောင်းမှာနော်]

[ဟုတ်တယ်... သူတို့ ဘယ်လို ပြန်လှည့်ကြတာလဲ]

ရွှီယန်က မူလကတည်းက အားလုံးနှင့် စကားစမြည် ပြောဆိုနေခြင်းဖြစ်ရာ အားလုံး၏ မေးခွန်းများကို မြင်သောအခါ ချက်ချင်း ရှင်းပြလိုက်သည်။

"သူတို့က ချက်ချင်းကြီးတော့ ပြန်မလှည့်ကြပါဘူး... ညတိုင်း ဖြည်းဖြည်းချင်း ပြန်လှည့်ကြတာပါ"

ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက ညဘက်တွင် နေကြာပန်းများ တိတ်တဆိတ် လှည့်နေသည့် ပုံစံကို စိတ်ကူးယဉ်ကြည့်လိုက်ရာ မနေနိုင်ဘဲ အနည်းငယ် ထူးဆန်းသည်ဟု ခံစားလိုက်ရတော့၏။

တကယ်ကို ဆန်းကြယ်တဲ့ အပင်တွေပဲ...

ထိုအချိန်မှာပင် အင်္ကျီလက်ပြတ်လေး ဝတ်ထားသော ရက်ကွန်းဝက်ဝံလေး က မလှမ်းမကမ်းမှနေ၍ ရွှီယန် ရှိရာသို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။

ရွှီယန်က သူ့ကို အလွန် ရင်းနှီးကျွမ်းဝင်နေသော်လည်း အင်တာနက်သုံးစွဲသူများကတော့ ယခုမှ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်၏။

ဒရုန်း ကင်မရာက ရက်ကွန်းဝက်ဝံ ပြေးလာသည့် မြင်ကွင်းကို အတိအကျ ရိုက်ကူးမိသွားသည်။

ကွန်မန့်များ ချက်ချင်းပင် စည်ကားလာတော့၏။

[ဟိုမှာ ကြည့်... အဲဒါ ဘာကြီးလဲ]

[ဘာကောင်လေး ပြေးလာတာလဲ]

[ငါ မြင်တာ မမှားပါဘူးနော်... အဲဒါ ကာကွယ်ရမယ့် တိရစ္ဆာန် မဟုတ်လား]

[ဒါ ရက်ကွန်းဝက်ဝံ မဟုတ်ဘူးလား]

အားလုံးက အလွန် အံ့ဩသွားကြတော့သည်။

ပြည်တွင်းမှာ ဘယ်လယ်ယာခြံဝင်း ကများ ဒီအကောင်ကို မွေးထားလို့လဲ။

အစပိုင်းတွင် အားလုံးက သူတို့ မျက်စိမှားသည်ဟု ထင်ခဲ့ကြပြီး မီးခိုးရောင် ယုန် တစ်ကောင်ဟု ထင်ခဲ့ကြ၏။

သို့သော် အနားရောက်လာမှသာ တကယ်ကို ရက်ကွန်းဝက်ဝံ တစ်ကောင် ဖြစ်နေကြောင်း သိရှိလိုက်ရတော့သည်။

လူအများအပြားက ရက်ကွန်းဝက်ဝံ များကို သေချာ မသိကြသဖြင့် ကာကွယ်ရမည့် တိရစ္ဆာန် ဟု ထင်မှတ်နေကြခြင်း ဖြစ်၏။ လက်တွေ့တွင် ယခုအခါ ပြည်တွင်း၌ ရက်ကွန်းဝက်ဝံ များကို တရားဝင် မွေးမြူခွင့် ရှိနေပြီ ဖြစ်သည်။

ရွှီယန်က စည်ကားနေသော ကွန်မန့်များကို မြင်သောအခါ အနောက်သို့ လှည့်ကြည့်လိုက်၏။ ရက်ကွန်းဝက်ဝံ ဒုံးပျံ ကို မြင်သောအခါ ပြုံး၍ ရှင်းပြလိုက်သည်။

"ဟိုတစ်လောက ယူနန် မှာ တောကြောင်ဝက်ဝံ တွေ့ခဲ့တယ် မဟုတ်လား... အဲဒါက မွေးလို့ မရဘူးဆိုတော့ ရက်ကွန်းဝက်ဝံ တစ်ကောင်ပဲ မွေးလိုက်တာ"

"ရက်ကွန်းဝက်ဝံ က အခု အိမ်မွေး တိရစ္ဆာန်ပါ... မွေးလို့ ရပါတယ်... ကာကွယ်ရမယ့် တိရစ္ဆာန် မဟုတ်ပါဘူး"

"ဒီကောင်လေးက တကယ်တော့ တော်တော်လေး ချစ်စရာကောင်းပါတယ်... ပြည်ပမှာ အရမ်း ပေါများနေလို့ လူတချို့က သူ့အပေါ် အမြင် မကောင်းကြတာပါ"

"တကယ်တော့ မျိုးစိတ် အပေါ်မှာ မူတည်ပါတယ်... ကျွန်တော့် ရက်ကွန်းဝက်ဝံလေး က အမွေးလေးတွေ ဖြူဖျော့ဖျော့လေးနဲ့ မျိုးစိတ် တော်တော် ကောင်းတာ"

ဤရက်ကွန်းဝက်ဝံလေး က သေးသေးကွေးကွေးလေး ဖြစ်ပြီး ခေါင်းလေးကလည်း သေးငယ်၏။ ကြည့်ရသည်မှာ အလွန် ချစ်စရာ ကောင်းပေသည်။

အင်တာနက်သုံးစွဲသူများက ရက်ကွန်းဝက်ဝံ ကို အိမ်မွေး တိရစ္ဆာန်အဖြစ် မွေး၍ ရကြောင်း ကြားလိုက်ရသဖြင့် အတော်လေး အံ့ဩသွားကြတော့သည်။ ဤသည်က သူတို့ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

[တကယ်ကြီး အိမ်မွေး တိရစ္ဆာန်အဖြစ် မွေးလို့ ရတာလား... အရမ်း ချစ်စရာ ကောင်းတာပဲ]

[ခုနက ရှာကြည့်လိုက်တာ ရှစ်ထောင် ကနေ တစ်သောင်းခွဲ အထိ ရှိတယ်... မဝယ်နိုင်ပါဘူး]

[ဒီအကောင်တွေက ပြည်ပမှာ နေရာတိုင်း ရှိနေတာကို ဒီလောက်တောင် ဈေးကြီးတာလား]

[တကယ် ထူးဆန်းတာပဲနော်]

[ဒါက ပုံမှန် မဟုတ်ဘူးလား... သြစတြေးလျ မှာ သားပိုက်ကောင် တွေ အများကြီး ရှိနေတာကို ပြည်တွင်းမှာ ဝယ်လို့တောင် မရတာလေ]

အားလုံးက ထပ်မံ၍ ဆွေးနွေးနေကြပြန်သည်။

ရက်ကွန်းဝက်ဝံလေး က ရွှီယန်၏ ဘေးတွင် လိမ္မာစွာ ရပ်နေပြီး ရွှီယန်၏ ဘောင်းဘီစကိုပင် သူ၏ လက်သည်းလေးများဖြင့် ကိုင်ထားသေး၏။

သူက အနည်းငယ် တွန့်ဆုတ်နေဆဲပင်။ ဤသို့ ဖြစ်နေလေ ပို၍ ချစ်စရာ ကောင်းလေ ဖြစ်၏။

ထိုအချိန်တွင် မြေခွေးလေး လေးကောင်က ဤဘက်သို့ ခုန်ပေါက်ကာ လာရောက် ဆော့ကစားကြသည်။ သူတို့၏ သတ္တိက ပိုကောင်းပြီး ရွှီယန်ကို မြင်သည်နှင့် တန်းပြေးလာကြတော့၏။

ရက်ကွန်းဝက်ဝံလေး က မြေခွေးများကို သတိထားမိသွားသောအခါ ရွှီယန်၏ ခြေရင်းတွင် အမြန် ပုန်းအောင်းလိုက်ပြီး ခေါင်းလေး ပြူကာ မြေခွေးများကို သတိထား၍ အကဲခတ်နေတော့သည်။

မြေခွေးလေး များက ရက်ကွန်းဝက်ဝံလေး ကို သတိထားမိသွားသောအခါ အကုန်လုံး အလွန် စိတ်ဝင်စားသွားကြ၏။ အားလုံးက သေးသေးကွေးကွေး အကောင်လေးများ ဖြစ်ကြပြီး မျက်လုံးများထဲတွင် ကမ္ဘာကြီးအပေါ် သိချင်စိတ်များ ပြည့်နှက်နေကြသည်။

တိရစ္ဆာန် သားပေါက်လေးများက အဖြူစင်ဆုံး အချိန်ကာလတွင် ရှိနေကြပြီး မျိုးစိတ်မတူညီသော်လည်း သူငယ်ချင်းများ ဖြစ်လာနိုင်ကြပေသည်။

မြေခွေးလေး များက ရက်ကွန်းဝက်ဝံလေး ရှိရာသို့ သိချင်စိတ်ဖြင့် တိုးကပ်လာကြ၏။ မြေခွေးများထံမှ အန္တရာယ် မရှိကြောင်း ခံစားမိသည် ထင်၏... ရက်ကွန်းဝက်ဝံလေး ကလည်း မြေခွေးလေးများ ရှိရာသို့ ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။

ဤမြင်ကွင်းလေးက လိုက်ဖ် မြင်ကွင်းတွင် ပေါ်လာသောအခါ အင်တာနက်သုံးစွဲသူများ ချက်ချင်းပင် အသည်းယားသွားကြတော့သည်။ လယ်ယာခြံဝင်းက တကယ့်ကို နေရာကောင်းလေး တစ်ခုပင် ဖြစ်ပြီး ဘာချစ်စရာ အကောင်လေး မဆို အကုန် ရှိနေ၏။

ထို့အပြင် အမြဲတမ်း ချစ်စရာ တိရစ္ဆာန် သားပေါက်လေးများ ရှိနေတတ်သည်။

ရွှီယန်က မတ်တပ်ရပ်ကာ ကောင်လေးများ သူ၏ ခြေရင်းတွင် ဆော့ကစားနေသည်ကို ကြည့်နေလိုက်၏။ မည်သို့ပင်ဖြစ်စေ အကုန်လုံးက လယ်ယာခြံဝင်းတွင် မွေးမြူထားခြင်းဖြစ်ရာ သူတို့ သင့်မြတ်စွာ နေထိုင်ကြသည်ကို မြင်ရသောအခါ ရွှီယန်လည်း ဝမ်းသာမိပေသည်။

မြေခွေးလေး လေးကောင်က လယ်ယာခြံဝင်းထဲတွင် မွေးဖွားလာခြင်းကြောင့် ဖြစ်မည်... သူတို့ လေးကောင်လုံးက အပြင်သို့ သိပ်မထွက်ကြချေ။

သူတို့၏ မိဘများကဲ့သို့ အမြဲတမ်း ပျောက်ဆုံးနေတတ်သည်မျိုး မဟုတ်ပေ။

သို့သော် ကြီးလာပါက အပြင်သို့ ထွက်သွားချင်လာနိုင်ပေသည်။ နောက်ပိုင်းတွင် သားပေါက်ချိန်၌ လယ်ယာခြံဝင်းတွင် နေထိုင်ပြီး ကြီးလာပါက တောထဲသို့ ပြန်လည် ဝင်ရောက်သွားကြမည်သာ ဖြစ်၏။

ရက်ကွန်းဝက်ဝံလေး နှင့် မြေခွေးလေးများက တဖြည်းဖြည်း ရင်းနှီးလာကြပြီး သိပ်မကြာခင်မှာပင် အတူတကွ ဆော့ကစားနေကြတော့သည်။

ချစ်စရာကောင်းသော အကောင်လေးများက မြက်ခင်းပြင်တွင် ခုန်ပေါက်နေကြ၏။

ရွှီယန်က သူတို့ကို ခဏခန့် ကြည့်ပြီးနောက် ပေါင်းပင် နှစ်ပင်ကို နုတ်ကာ ဒရယ်ပြောက်လေး ဆီသို့ သွားရောက် လည်ပတ်လိုက်သည်။

ဝန်ထမ်းများကတော့ ကြိုးစားပမ်းစား ပေါင်းသင်နေကြဆဲပင်။

လယ်ယာခြံဝင်းပိုင်ရှင် တစ်ယောက် ဖြစ်ရခြင်းက စိတ်ပိုင်းဆိုင်ရာ ဖိအား အနည်းငယ် များသော်လည်း စိတ်ကို ပြင်ဆင်နိုင်ပြီး လယ်ယာခြံဝင်းကို စနစ်တကျ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နိုင်ပါက အတော်လေး ပျော်ရွှင်စရာ ကောင်းပေသည်။

ထို့အပြင် ရွှီယန်တွင် စနစ် လည်း ရှိနေသေးသည် မဟုတ်ပါလား။

လယ်ယာခြံဝင်းပိုင်ရှင် တစ်ယောက်၏ ပျော်ရွှင်မှုကို ဘေးလူများက လုံးဝ စိတ်ကူးယဉ်လို့တောင် မရနိုင်ချေ။

All Chapters