အပိုင်း(၉၈၇)
Vol. 020 Ch. 987
ထိုအဖြစ်ကို ကြည့်ကာ ဝမ်လင်းသည် သက်ပြင်းချမိရုံသာ တတ်နိုင်သည်။ သူက မိုးကြိုးသားရဲ၏ ဘာမထိအကြည့်နှင့် လောကကို တုန်လှုပ်စေခဲ့သည့် မောက်မာသောဟိန်းသံကို မှတ်မိနေဆဲပင်။
ခုချိန်၌ မိုးကြိုးသားရဲကို ကြည့်သည့်အခါ ၎င်း၏ အရင်မူလပုံစံဟန်ပန်သည် အရိပ်အယောင်ပင် မရှိတော့ပေ။
နောင်တရသလို ခံစားမိရင်း ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်း၍ မိုးကြိုးသားရဲကို အလင်းတန်းအဖြစ်သို့ ပြောင်းလဲစေပြီး သူ့သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်လေသည်။ရှုလီကောကမူ ချက်ခြင်းနောက်ဆုတ်၍ အလျင်စလို ပြောလိုက်၏။ “သခင်…ငါ အပြင်မထွက်ရတာ ကြာမြင့်လှပြီ။ဒါ့ကြောင့် ငါ့ကို ကျေးဇူးပြုပြီး သိုလှောင်အိတ်ထဲ ပြန်မထည့်ပါနဲ့နော်။ငါက ဒီနေရာဟာ အန္တရာယ်ကင်းတယ်လို ခံစားမိတယ်။ဒါ့ကြောင့် သခင်က ငါ့ကို အချိန်ခဏလောက် လွတ်လပ်ခွင့် ပေးပါလား…”
ဝမ်လင်းက ရှုလီကောကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒီနေရာက မင်းထင်ထားတာထက် အန္တရာယ်ပိုများတယ်…။ဒါ့ကြောင့် အထဲ ပြန်ဝင်ပါ…”
ထိုသို့ပြောလိုက်ပြီးနောက် ဝမ်လင်းက သူ့လက်ကို ဝေ့ယမ်း၏။ ရှုလီကောက ဒေါသထွက်နေ၏။သို့သော် သူက ဘာတစ်ခုမှ ပြန်မပြောဝံ့ပေ။ သူ့စိတ်ထဲကနေသာ ကျိန်ဆဲနေသည်။
အပြင်ပိုင်းတွင်မူ ရှုလီကောသည် ဒေါသထွက်ဟန် တစွန်းတစပင် မထုတ်ဖော်ဝံ့ပေ။သူက ဝမ်လင်း၏ သိုလှောင်အိတ်ထဲသို့ ပြန်ဝင်ရောက်လိုက်ရ၏။
ဝမ်လင်းက လမြွေနဂါး၏ခန္ဓာကိုယ်ထဲ၌ ဖျပ်ခနဲ ဖျပ်ခနဲ သွားလာနေ၏။သူ့နတ်ဘုရားအာရုံကို သူ့ပတ်လည်တွင် ဝန်းရံထားပြီး သတိကိုအဆုံးစွန်ဆုံး ထားရင်း လှုပ်ရှားနေသည်။
ဝမ်လင်းက သည်လမြွေနဂါးနှင့် ပတ်သတ်၍ ကျွမ်းဝင်နေပေပြီ။ ထို့ကြောင့် သူသည် သူသွားလိုသည့်နေရာကို တွေးစရာမလိုဘဲ တည့်တည့်သွားသည်။ အတိတ်တုန်းကသာဆိုလျှင် ဝမ်လင်းက အခုလိုမျိုး သွားလာလိမ့်မည် မဟုတ်ပေ။ တကယ်တော့ အတိတ်တုန်းက လမြွေနဂါးကြီး၏ ခန္ဓာကိုယ်ထဲ၌ လမြွေနဂါးငယ်များစွာ ရှိနေခဲ့သည် မဟုတ်လား။
သို့ရာတွင် ထိုလမြွေနဂါးငယ်များစွာသည် သေဆုံးသွားခဲ့ပြီး ဖြစ်၏။ ထို့အတွက်ကြောင့် လမြွေနဂါးငယ်များ၏ အန္တရာယ်က အတော်လေး လျော့ပါးသွားခဲ့ချေပြီ။
သူက ရှေ့သို့ သွားလာနေရင်း သူ့အသွင်က သုန်မှုန်လာ၏။ သူက လမြွေနဂါးထဲသို့ ဝင်ရောက်ပြီးသည့်နောက် လမြွေနဂါးသည် ဝဲကတော့ထဲသို့ ဖြတ်သန်းလာပြီးနောက် တစ်ခုခုမှားနေပြီဟု ခံစားမိ၏။
သည်နေရာ၌ အရင်ကလည်း မူလစွမ်းအင်မြောက်များစွာ မရှိခဲ့သော်လည်း သူသည် အချို့အဝက်စွမ်းအင်ကိုတော့ ခံစားမိသေး၏။သို့သော် ခုချိန်၌ သူသည် မူလစွမ်းအင်ကို တစ်စက်တလေမှ မထောက်လှမ်းမိတော့ပေ။
ထိုအဖြစ်က သူ့စိတ်ကို တင်းကြပ်စေ၏။ ယခုလို မခံစားမိရုံဆိုပါက ကိစ္စတစ်ခုသာ ဖြစ်ဦးမည်။ သို့သော် သူက မည်သည့်မူလစွမ်းအင်ကိုမှ မခံစားမိသည့်အပြင် သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ပင် ဖြည်းဖြည်းချင်း လွင့်ပြယ်နေသည်ဟု ခံစားမိနေရသည်။ဤအရာက ပြဿနာပင်။
ထိုအဖြစ်က သူ့ကို ကြီးစွာ တုန်လှုပ်စေမိ၏။သူက သူ့ကိုယ်သူ အလျင်အမြန် စစ်ဆေးကြည့်ရာ မမြင်ရသောအားတစ်ခုက ဖိနှိပ်ထားသလို ခံစားမိ၏။ ထိုဖိနှိပ်မှုက ချိပ်ပိတ်မှုတစ်ခုနှင့် တူသည်။၎င်းက နှေးကွေးသော်လည်း သူသာ သည်နေရာတွင် အချိန်အကြာကြီး ရှိနေပါက သူ့မူလစွမ်းအင်အားလုံး ချိပ်ပိတ်ပစ်ခံရနိုင်သည်။
“ဒါက လမြွေနဂါးနဲ့ ဘာမှ မပတ်သတ်လောက်ဘူး။ဒီလိုဖြစ်တာဟာ လမြွေနဂါး ရှိနေတဲ့ နေရာနဲ့သာ သက်ဆိုင်လိမ့်မယ်။လမြွေနဂါးထဲမှာတောင် ဒီလိုဖြစ်နေရင်း အပြင်ဘက်မှာဆို ငါ့မူလစွမ်းအင် ပျောက်ကွယ်တဲ့နှုန်းက ပိုမြန်ဆန်နေမှာ ငါ စိုးရွှံ့မိတယ်…”
ဝမ်လင်းက သူ့ညာလက်သီးကို ဆုပ်၍ လက်သီးချက်တစ်ချက် ထုတ်ဖော်သည်။သူ့မျက်လုံးက တလက်လက် ဖြစ်နေ၏။ ခဏအကြာတွင် သူ့မျက်လုံးသည် လွန်စွာ တောက်ပလာလေသည်။
“ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ရဲ့ စွမ်းအားကိုတော့ ဒါက သက်ရောက်မှု မရှိဘူးပဲ။ ဒီအတွက်ကြောင့် ငါဟာ ဒီနေရာမှာ အကျိုးကျေးဇူးအချို့ ပိုဆုပ်ကိုင်နိုင်လိမ့်မယ်…”
စဉ်းစားနေရင်း ဝမ်လင်းက ရှေ့တည့်တည့်သို့ ဦးတည်သွား၏။
“ဒီချိပ်ပိတ်မှုက စွန့်ပစ်ခံမသေမျိုးကလန်က အဆောင်တွေရဲ့ ချိပ်ပိတ်မှုမျိုးနဲ့ အလားသဏ္ဌာန်တူနေတာပဲ…” ဝမ်လင်းက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်တို့ကို ဂရုတစိုက်ထိန်းချုပ်ထား၏။ခဏအကြာတွင် သူက လမြွေနဂါး၏အရိုးရှိနေသော နေရာနားသို့ ရောက်လာခဲ့သည်။
ခဏတာကြည့်လိုက်ပြီးနောက် ဝမ်လင်း၏အသွင်က အလေးအနက်ဖြစ်လာ၏။ လမြွေနဂါး၏ အရိုးသည် မူလတုန်းက စိတ်ဝိညာဉ်စွမ်းအင်အမြောက်အများကို ထုတ်လွှတ်ပေး၏။သို့ရာတွင် ခုချိန်တွင်မူ လုံးဝ ပျောက်ကွယ်နေချေသည်။
“ကြည့်ရတာ ဒီနေရာက ချိပ်ပိတ်မှုဟာ မူလစွမ်းအင်အပြင် စိတ်ဝိညာဉ်စွမ်းအင်ကိုပါ ဖိနှိပ်ထားတဲ့ပုံပဲ။ ကျင့်ကြံသူတွေ စုပ်ယူနိုင်တဲ့ အရာအားလုံး ချိပ်ပိတ်ခံရတာ ဖြစ်နိုင်တယ်။ဒါပေမဲ့လည်း ငါ့အတွက်တော့ ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ် ရှိနေတဲ့အတွက် ဒါဟာ တကယ့်ပြဿနာကြီး မဟုတ်တော့ဘူး…” ဝမ်လင်းက လမြွေနဂါး၏အရိုးတစ်လျှောက် သွားနေရင်း သူ့မျက်လုံးက အေးစက်မှုတို့ဖြင့် တဖျပ်ဖျပ် ဖြစ်နေသည်။
“ဒီနေရာဟာ ကျင့်ကြံသူတွေအပေါ်မှာ အများကြီးသက်ရောက်တဲ့အတွက် အခြားလူတွေအပေါ်လည်း သက်ရောက်မှု ရှိနေမှာပဲ။ဒါ့ကြောင့် ငါဟာ ဒီနေရာမှာ အချိန်ကြာကြာ ပိုနေနိုင်လေ ပိုကြီးမားတဲ့အကျိုးတစ်ခုခု ဆုပ်ကိုင်မိနိုင်လေ ဖြစ်လိမ့်မယ်…”
ဝမ်လင်းက အရိုးအတိုင်း သူ ရှေးဟောင်းနတ်ဘုရားကလေးငယ်ကို တွေ့ရှိခဲ့သော နေရာသို့ တန်းတန်းမတ်မတ် သွားနေ၏။
သူက လှုပ်ရှားနေရင်း ရှေ့မှ ကျယ်လောင်သော မြည်ဟိန်းသံနှင့် တုန်ခါမှုတို့ ဖြစ်ပေါ်လာ၏။ ထိုတုန်ခါမှု ရောက်ရှိလာသည်နှင့် ဝမ်လင်းသည် သူ့ခြေထောက်မှာ မတည်မငြိမ် ဖြစ်သွားသကဲ့သို့ ခံစားမိ၏။
ဝမ်လင်းက အသွေးအသားနံရံကို ထိုးစိုက်ရင်း ရှေ့သို့ ဆက်တိုးလာသည်။ အသံက ပိုကျယ်လောင်လာ၏။ မန္တာန်များမှ တုန်ခါမှုလှိုင်းများလည် ရံဖန်ရံခါ ထွက်ပေါ်လာနေသည်။ထိုအဖြစ်က ဝမ်လင်းကို ရပ်တန့်သွားစေသည်။
သူ့အသွင်က အနည်းငယ် ချီတုံချတုံ့ ဖြစ်နေ၏။ ခဏအကြာတွင် သူသည် ဘေးတစ်ဖက်ရှိ အသွေးအသားနံရံထဲသို့ ဝင်ရောက်၏။သူက ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်တိုးသွားနေသည်။
သူ့နတ်ဘုရားအာရံကို ဖြန့်ကျက်၍ ပတ်ဝန်းကျင်ကို ဂရုတစိုက် စူးစမ်းထားသည်။ ခဏအကြာတွင် ဝမ်လင်း၏ နတ်ဘုရားအာရုံက အသွေးအသားနံရံကို ချဲ့ထွက်နေရာကနေ တန့်သွားသည်။သူက အသွေးအသားနံရံအပြင်ဘက်သို့ နီးကပ်စွာ စူးစမ်းကြည့်သည်။
ခဏအကြာတွင် ဝမ်လင်းက နောက်သို့ ပြန်ဆုတ်၏။သူက လမြွေနဂါး၏အရိုးနားသို့ တဖန် ပြန်ရောက်လာသည်။ “ဒီထဲကို ဝင်လာတဲ့ တခြားလူတွေကို ငါ ဘယ်လိုမှ မယှဉ်နိုင်ဘူး။ဒါပေမဲ့လည်း ငါ့မှာ အခွင့်ရေးတွေတော့ ရှိနေသေးတယ်။ သူတို့က မူလစွမ်းအင် ပိုများများသုံးစွဲလေလေ ငါ့အတွက် အကျိုးပိုရှိလေပဲ…”
ဝမ်လင်း သူ့နတ်ဘုရားအာရုံဖြင့် တွေ့မြင်လိုက်သည့်နေရာမှာ ပေတစ်ထောင်လောက် ကျယ်သည့် လွတ်လပ်ဧရိယာတစ်ခု ဖြစ်သည်။ ထိုနေရာ၌ လမြွေနဂါးငယ်များစွာ ရှိနေသော်လည်း ၎င်းတို့အားလုံးက နောက်သို့သာ ဆုတ်နေကြသည်။
ထို့အပြင် ၎င်းနေရာ၌ လူနှစ်ယောက်လည်း ရှိနေပြန်သည်။
ဝူဒိုချန်၏မျက်နှာက ဖြူရောနေ၏။သူ့ခရမ်းရောင်ဝတ်စုံက စုတ်ပြဲနေသည်။သူက သနားစဖွယ်အခြေအနေသို့ ဆိုက်ရောက်နေသည်။ သို့သော် သူထံမှ ပြင်းထန်သောအော်ရာတစ်ခု ပေးစွမ်းနေကာ မားမားရပ်နေ၏။ မည်သူမျှ သူ့နားသို့ ကပ်လာခွင့် မပြုသည့်အလား ရှိနေသည်။
သူ့နောက်၌ ပွင့်ဟနေသော အသွေးအသားနံရံ ရှိ၏။ ထိုနေရာက ရှေးဟောင်းနတ်ဘုရားကလေးငယ် တည်ရှိသောနေရာသို့ ဝင်ပေါက်တစ်ခုလည်း ဖြစ်၏။
ဝူဒိုချန်၏ မျက်နှာချင်းဆိုင်၌ အစိမ်းရောင်ဝတ်စုံနျင့် ရီမူဇီ ရှိ၏။သူ့မျက်နှာက အနည်းငယ် ဖြူရောနေသော်လည်း သူ့မျက်လုံးတို့က တည်ငြိမ်သည်။
သူတို့နှစ်ယောက်ကြား၌ မန္တာန်တုန်ခါလှိုင်းတို့ ပြည့်နေသည်။ သိသာစွာပင် သူတို့က တိုက်ပွဲခပ်ကြမ်းကြမ်း ဆင်နွှဲခဲ့ကြပြီးသည့်ပုံ ရ၏။ ဝမ်လင်း၏ နတ်ဘုရားအာရုံက သူတို့နှစ်ယောက်ရှိနေသော နေရာသို့ ခဏလေးသာ ရောက်ရှိသွားသော်လည်း သူတို့နှစ်ယောက်ထံမှ မလွတ်မြောက်နိုင်ပေ။ သို့ရာတွင် ဝူဒိုချန်ကော ရီမူဇီကပါ ဝမ်လင်းနှင့်ပတ်သတ်၍ အလေးမထားပေ။
“ကောင်လေး…ငါ့တို့အတွက် ဒီနေရာမှာ မူလစွမ်းအင်ဟာ အကန့်အသတ်နဲ့ ရှိတယ်။ဒီအဘိုးအိုရဲ့ ပစ်မှတ်က ဟိုကောင်းကင်ဘုံသားနဲ့မတူဘူး။ ဒါကို မင်းက ချင်းရွှေနဲ့ တိုက်ခိုက်နေတဲ့ ရွှမ်ပေါင်ကို ကူညီပေးရမယ့်အစား ဘာလို့ ငါ့လမ်းကြောင်းကို ပိတ်ထားရတာလဲ…။ မင်း လုပ်နေတဲ့ပုံက ဘယ်လောက် စိတ်တိုစရာ ကောင်းလိုက်သလဲ…”
ရီမူဇီက ဝူဒိုချန်ကို ထိုသို့ ပြောလိုက်၏။
ဝူဒိုချန်က ပြန်မတု့န်ပြန်ပေ။သူက ရီမူဇီကိုသာ အေးစက်စက် စူးစိုက်ကြည့်နေ၏။သူက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ သူ့လက်ဝါးထက်၌ ငါးရောင်စုံပူဖောင်းတစ်ခု လွင့်မြောလာသည်။
သူ့အကြည့်က ပူဖောင်းပေါ်သို့ ကျရောကနေ၏။သူက တည်ငြိမ်စွာ ဆိုသည်။ “ရွှမ်ပေါင် ဘာလုပ်နေလဲ ငါ ဂရုမစိုက်ဘူး။ ဒါပေမဲ့ ငါ ဒီနေရာမှာ ရှိနေသ၍ ဘယ်သူမှ အထဲဝင်ခွင့် မရှိဘူး…”
ရီမူဇီက သုန်မှုန်နေ၏။ သူက အေးစက်စက်နှာခေါင်းရှုံ့ကာ ရှေ့သို့ လှမ်းသည်။ သူ့ညာလက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေသည်။ သူ့ရှေ့၌ ဧရာမသစ်တုံးတစ်ခု ပေါ်လာသည်။ထိုသစ်တုံးကြီးက သည်နေရာရှိ နေရာအားလုံးကို ယူထားကာ ရှေ့တည့်တည့်သို့ ဆောင့်ချလာသည်။
“ဒီနေရာမှာ ငါဟာ မူလစွမ်းအင်အများကြီး ဖြုန်တီးမပစ်နိုင်ဘူး။ဒါ့ကြောင့် တိုက်ပွဲကို မြန်မြန် လက်စသပ်ရမယ်။ဒါမှသာ ငါဟာ လမြွေနဂါးရဲ့ အတွင်းနက်ပိုင်းထိ သွားနိုင်ပြီး အကြီးအကဲခေါင်းဆောင် ငါ့ကို ပေးခဲ့တဲ့ စမ်းသပ်မှုကို ပြည့်စုံစေနိုင်မှာ…”
ရီမူဇီ၏ ရှေ့ရှိ ဧရာမသစ်တုံးက ထိုးထွက်လာ၏။သည့်အခိုက်၌ ဝူဒိုချန်က သူ့လက်ကို ဝေ့ယမ်းသည်။ ငါးရောင်စုံပူဖောင်းသည် ပျံသန်းထွက်လာကာ ဧရာမသစ်တုံးနှင့် ထိပ်တိုက်တွေ့ဆုံသည်။
ချက်ခြင်းပင် ထိုပူဖောင်းမှာ ပေါက်ကွဲထွက်သွား၏။
သစ်သားတုံးသည်လည်း တုန်ယင်သွားကာ ပူဖောင်းနှင့်အတူ လွင့်ပါးသွားသည်။
ရီမူဇီ၏ မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြစ်ပေါ်လာ၏။သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ထိုအခါ လက်သည်းခွံအရွယ်အစား အစိမ်းရောင်သစ်သားတုံးလေးတစ်ခု ပျံသန်းထွက်လာ၏။၎င်း ပျံသန်းထွက်လာသည့်အခါ ရီမူဇီက အော်ပြော၏။ “သစ်လုံးတစ်ခု…နယ်ပယ်တစ်ခု…”
သူက ထိုသို့ ပြောလိုက်သည့်နောက် အစိမ်းရောင်သစ်သားတုံးသည် ရုတ်တရက် တုန်ခါကာ ကြီးမားလာသည်။ထို့နောက် အစိမ်းရောင်အခိုးငွေ့တစ်ခုသည် သည်ဧရိယာ၌ ရုတ်တရက် ပျံ့နှံ့လာသည်။
အစိမ်းရောင်အခိုးငွေ့က သည်ဧရိယာ၌ ပြည့်နှက်လာသည့်အခါ ၎င်း၏ကိုယ်ပိုင်နယ်မြေတစ်ခုအလား ဖြစ်ပေါ်သည်။၎င်းက ဝူဒိုချိန်၏ ပတ်လည်၌ ချိပ်ပိတ်မှုတစ်ခုကို ဖန်တီးလေ၏။
ထိုအခွင့်အရေးကို အသုံးချကာ ရီမူဇီသည် ဖျပ်ခနဲ လှုပ်ရှား၍ ဝူဒိုချန်ကို ကျော်သွားသည်။သူက ဝူဒိုချိန်နောက်ရှိ ဝင်ပေါက်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်သွားလေသည်။
ဝူဒိုချန်က အစိမ်းရောင်အခိုးငွေ့များနှင့် ဝန်းရံခြင်း ခံထားရသည်။သို့သော် အသက်ရှုချိန်သုံးခါစာ အချိန်မျှဖြင့် အစိမ်းရောင်အခိုးငွေ့များအတွင်းကနေ ပေါက်ကွဲမှုမျာ ဖြစ်ပေါ်လာသည်။ထို့နောက် ဝူဒိုချန် ဖန်တီးသည့် ပူဖောင်းများက ၎င်းအခိုးငွေ့များကို တိုက်ခတ်သွားစေ၏။
ပူဖောင်းတစ်ခုချင်းစီ ပေါက်ကွဲတိုင်း အစိမ်းရောင်အခိုးငွေ့အချို့သည် လွင့်ပြယ်သွားရသည်။သည့်နောက် အစိမ်းရောင်အခိုးငွေ့များအားလုံး ပျောက်ပျက်သွား၏။သူက ရီမူဇီဝင်သွားသော ဝင်ပေါက်ကိ ကြည့်ကာ ပြုံး၏။ခြေတစ်လှမ်းဖြင့်ပင် သူလည်း ထိုဝင်ပေါက်ထဲသို့ ဝင်ရောက်သွားတော့သည်။
ဝမ်လင်းက လမြွေနဂါး၏အရိုးနားတွင် မတ်တပ်ရပ်နေသည်။သူက ထိုင်ချရန် ဆုံးဖြတ်၏။သူ့သိုလှောင်အိတ်ကို ပုတ်လိုက်ရာ ဓားတစ်လက် ပျံသန်းထွက်လာသည်။ဝမ်လင်းက သူ့လက်ဖြင့် ချိပ်တံဆိပ်တစ်ခုကို ဖြစ်စေပြီး သူ့နတ်ဘုရားအာရုံအပိုင်းစတစ်ခုကို ခွဲကာ ဓားအတွင်းသို့ စေလွှတ်သည်။သူက ထိုဓားကို လက်ဖြင့် ညွှန်၍ ရှေ့တည့်တည့်သို့ ပျံသန်းသွားစေလေသည်။
ဝမ်လင်း၏နတ်ဘုရားအာရုံသည် ထိုဓားကို ဝန်းရံထား၏။၎င်းက ဖြည်းဖြည်းချင်း ရှေ့သို့ ဆက်၍ ရွှေ့လျားနေသည်။ ၎င်းဓားက ဝင်ပေါက်ထဲသို့ ပျံသန်းဝင်ရောက်ကာ ရှေ့သို့ ဆက်တိုးသွား၏။
“ခုချိန် ဒီဓားထဲမှာ ငါ့နတ်ဘုရားအာရုံ အပိုင်းအစတစ်ခုပဲ ရှိနေတော့ ဒီဓား ဖျက်စီးခံရရင်တောင် ကိစ္စမရှိဘူး။ဒါ့အပြင် သူတို့အမြင်မှာ စီနီယာအစ်ကို ချင်းရွှေကလွဲလို့ ငါ့ကို ပုရွတ်ဆိတ်တစ်ကောင်သာသာပဲ ထင်မြင်လိမ့်မယ်…”
“ဒါပေမဲ့လည်း သူတို့မသိတာက ငါ့မှာ ရှေးဟောင်းနတ်ဘုရားစွမ်းအား ရှိနေတာကိုပဲ။ သူတို့အချင်းချင်း အရင်ဆုံး တိုက်ခိုက်ကြရင် မူလစွမ်းအင်အများကြီး ကျန်တော့မှာ မဟုတ်ဘူး။ အဲ့အချိန်ကြရင် သူတို့အမြင် ပုရွတ်ဆိတ်သာသာ ရှိတဲ့ငါက အခွင့်ကောင်းအချို့ ရလာနိုင်လိမ့်မယ်…”
ဝမ်လင်းက ဓားကို ထိန်းချုပ်ရင်း စဉ်းစားနေ၏။သူ့မျက်လုံးက တလက်လက် ဖြစ်နေသည်။
ထိုဓားပျံက ဝင်ပေါက်ထဲသို့ ဖြည်းဖြည်းချင်း ပျံသန်းဝင်သွား၏။ ရှေ့တည့်တည့်မှ မန္တာန်တုန်ခါလှိုင်းများ ထွက်ပေါ်နေသည့်အတွက် ဝမ်လင်းအဖို့ ၎င်းဓားကို ထိန်းချုပ်ဖို့ အတော်လေး ခက်လှ၏။ ကံကောင်းစွာဖြင့် ဖိနှိပ်မှုအားက သည်နေရာတွင် တည်ရှိနေသည့်အတွက်ကြောင့် သူ့ဓားကို ရှေ့သို့ ပျံသန်းနိုင်ရုံမျှ ထိန်းချုပ်နိုင်စွမ်း ရှိနေသေးသည်။
သိပ်မကြာခင်တွင် ဝမ်လင်း၏နတ်ဘုရားအာရုံနှင့်ဓားက ဝင်ပေါက်ထဲသို့ ရောက်သွား၏။ သူ့ရှေ့၌ ပေါ်လာသည့်အရာက ဖြည်းဖြည်းချင်းလှည့်လည်နေသော ဝဲကတော့ကြီးတစ်ခု ဖြစ်ကာ ထိုဝဲကတော့ထံမှ အဆုံးမဲ့စုပ်အားတစ်ခုကို ပေးစွမ်းနေသည်။
ဝမ်လင်းက ထိုဝဲကတော့ထဲ၌ ရှေးဟောင်းနတ်ဘုရားကလေးငယ် ရှိနေမှန်း သိ၏။ခုချိန်၌ ချင်းရွှေ၊ရီမူဇီနှင့် အခြားလူများ၏ အရိပ်အယောင် မတွေ့ရသေးပေ။ဝမ်လင်းက အနည်းငယ် စဉ်းစားနေ၏။ ထို့နောက် သူက ဓားကို ထိန်းချုပ်ကာ ဝဲကတော့ထဲသို့ တိုက်ရိုက် တိုးဝင်စေလိုက်တော့သည်။
***