အခန်း ၅၂၄
Vol. 53 Ch. 524
အခန်း (၅၂၄)
" ဧကရာဇ်မင်းမြတ် အခုဆိုရင် ကျောင်းတော်တွေကို တည်ထောင်တာ နှစ်နှစ်ကျော်သွားပါပြီ။ ခရိုင်ကျောင်းတော်တွေမှာ ကျောင်းသားတွေ ရောက်နေတာလည်း တစ်နှစ်နီးပါး ရှိပါပြီ။ နောက်တစ်ဆင့်အနေနဲ့ ခရိုင်ကျောင်းတော်က ကျောင်းသားတွေက်ု ပြည်နယ်ကျောင်းတော်ကို စေခွှတ်ဖို့ပါပဲ။ လာမယ့်နှစ်ကျရင် ပြည်နယ်ကျောင်းတော်မှာ စာမေးပွဲကျင်းပပါလိမ့်မယ်။ " လွီပုဝေက ပြုံးပြီး ပြောလိုက်သည်။
" ပြည်နယ်ကျောက်းတော်ကနေ မြို့တော်ကို စာမေးပွဲလာဖြေတဲ့ ပထမဆုံးကျောင်းသားတွေကို အလေးထားဆက်ဆံရမယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" ကျွန်တော်မျိုးလည်း အဲ့လိုရည်ရွယ်ထားပါတယ်။ မြို့တော်ကျောင်းတော်က အဆင်သင့်ပြင်ဆင်ပြီးပါပြီ။ လာမယ့်နှစ်မှာ စာမေးပွဲဖြေဆိုမယ့် ကျောင်းသားတွေကို စောင့်မျှော်နေပါတယ်။ စာမေးပွဲမှာ ဘာတွေပါဝင်မလဲဆိုတာကတော့ ဧကရာဇ်မင်းမြတ်ပဲ ဆုံးဖြတ်ရပါလိမ့်မယ်။ " လွီပုဝေက ပြောလိုက်သည်။
" စာမေးပွဲနဲ့ပက်သက်ပြီး ကျုံးဖုကို အာဏာအပြည့်အဝ ပေးထားတာပဲ။ စာစစ်မှူးတွေအတွက်ဆို ရွှင်ဇီနဲ့ ပညာရပ်တစ်ရာကျော်က ပညာရှင်တွေကို ဖိတ်ခေါ်လိုက်ပါ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီးကို စိတ်ပျက်အောင် မလုပ်ပါဘူး။ " လွီပုဝေက ကျေနပ်စွာ လက်ခံလိုက်သည်။
ထိုအချိန်တွင်....
ဝုန်း ဝုန်း ဝုန်း....
ရှန်းကျိုးနယ်မြေ၏ အထက် ကောင်းကင်တွင် ရုတ်တရက် မိုးခြိမ်းသံကဲ့သို့ တုန်ခါမှုများ ဆက်တိုက်ထွက်ပေါ်လာသည်။ ကမ္ဘာကြီးတစ်ခုလုံး တုန်ခါသွားသကဲ့သို့ ဖြစ်သည်။
" ဘာဖြစ်တာလဲ။ " ရင်ကျန့်က မျက်မှောင်ကြုတ်ပြီး ခန်းမအပြင်ဘက်သို့ ကြည့်လိုက်သည်။
" ဧကရာဇ်မင်းမြတ် ဥက္ကာခဲတစ်ခုက ရှန်းယန်မြို့တော်ကို ကျဆင်းလာပါတယ်။ " ရန်ရှောင်က ခန်းမထဲသို့ ပြေးဝင်လာပြီး အမြန်လျှောက်တင်လိုက်သည်။
" ဘာ..." ရင်ကျန့်က ရုတ်တရက် ခန်းမအပြင်ဘက်သို့ ရောက်ရှိသွားသည်။
ဝန်ကြီးအားလုံးကလည်း အံ့အားသင့်သွားကြပြီး ခန်းမအပြင်ဘက်သို့ အပြေးအလွှား ထွက်သွားကြသည်။ သူတို့က အနီရောင်အလင်းတန်းတစ်ခုနှင့်တူသော ဥက္ကာခဲတစ်ခုက ရှန်းယန်မြို့ဆီသို့ ဦးတည်လာနေသည်ကို မြင်လိုက်ရသည်။ ၎င်းသာ ကျဆင်းလာလျှင် ကြီးမားသော ပျက်စီးဆုံးရှုံးမှုများ ကြုံတွေ့ရမည်မှာ သေချာသည်။
" ဥက္ကာခဲတစ်ခုက ဘယ်လိုလုပ်ရုတ်တရက် ကျလာတာလဲ။ " ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။
" ဧကရာဇ်မင်းမြတ် ဒီဥက္ကာခဲသာ မြို့ပေါ်ကို ကျလာရင် လူတွေအများကြီး သေပါလိမ့်မယ်။ ကျွန်တော်မျိုး မြို့သူမြို့သားတွေကို ချက်ချင်း ရွှေ့ပြောင်းခိုင်းလိုက်ပါမယ်။ " လွီပုဝေက စိုးရိမ်စွာ ပြောလိုက်သည်။
ရှန်းယန်မြို့တော်က လူဦးရေအထူထပ်ဆုံးဖြစ်ပြီး ဥက္ကာခဲသာကျလာလျှင် မြို့တစ်ဝက်က ပျက်စီးသွားပေလိမ့်မည်။
" နောက်ကျသွားပြီ။ " ရင်ကျန့်က ကျဆင်းလာသော ဥက္ကာခဲကို ကြည့်ပြီး သူ၏ အမူအရာကလည်း လေးနက်သွားသည်။
" ငါရှိနေသရွေ့ ဘာမှမဖြစ်ဘူး။ " ရင်ကျန့်က ပြောလိုက်ပြီး ကောင်းကင်သို့ ပျံသန်းသွားသည်။
မြို့ထဲ၌လည်း ကောင်းကင်မှ ကျဆင်းလာသော ဥက္ကာခဲကို ကြည့်ပြီး ပြည်သူများက ထိတ်လန့်သွားကြသည်။ ထိုအချိန်တွင် ရင်ကျန့်က ရှန်းယန်မြို့အထက် ဟင်းလင်းပြင်သို့ ရောက်သွားသည်။
" ချင်ပြည်သူတို့ စိတ်မပူကြနဲ့။ ငါရှိနေတဲ့အတွက် ဒီဥက္ကာခဲကို ကြောက်စရာမလိုဘူး။ " ရင်ကျန့်က အင်ပါယာကံကြမ္မာစွမ်းအားဖြင့် ပေါင်းစပ်ပြီး အော်ပြောလိုက်သည်။
" ဧ ဧကရာဇ်မင်းမြတ်က အင်မော်တယ်လား။ "
" ဧကရာဇ်မင်းမြတ်က ပျံနိုင်တယ်။ "
" အိမ်ရှေ့စံမင်းသားကို လူလောကထဲ ဆင်းသက်လာတဲ့ သူတော်စင်တစ်ပါးလို့ ပြောကြတယ်။ အခုတော့ ဧကရာဇ်မင်းမြတ်ကလည်း အင်မော်တယ်ဖြစ်နေတာပဲ။ "
" ဧကရာဇ်မင်းမြတ်ကို ယုံကြည်ကြ။ ငါတို့ ဘေးကင်းလိမ့်မယ်။ "
ပြည်သူများက ဟင်းလင်းပြင်အထက်တွင် ရပ်နေသော ရင်ကျန့်ကို ကြည့်ပြီး အံ့အားသင့်ကာ စိတ်အေးသွားကြသည်။ ရှန်းယန်မြို့တော်တွင် ပြည်သူအများစုက ချင်လူမျိုးဟောင်းများဖြစ်ကြပြီး သူတို့၏ ဧကရာဇ်ကို အကြွင်းမဲ့ ယုံကြည်ကြသည်။
" ဥက္ကာခဲ..." ရင်ကျန့်က တဖြည်းဖြည်း နီးကပ်သွားသောအခါ ဥက္ကာခဲက ကြီးမားသော မီးလုံးကြီးအဖြစ် ပြောင်းလဲသွားသည်။
" ချင်အင်ပါယာရဲ့ နယ်မြေမှာ ငါက ကောင်းကင်ပဲ။ " ရင်ကျန့်က ဥက္ကာခဲကို ကြည့်ပြီး အော်ဟစ်လိုက်သည်။ ဧကရာဇ်တံဆိပ်တော်က သူ၏ ပတ်ပတ်လည်တွင် ပျံဝဲနေပြီး အင်ပါယာကံကြမ္မာစွမ်းအားများနှင့်အတူ ရွှမ်ငှက်က ထွက်ပေါ်လာသည်။
ဝုန်း....
ဟင်းလင်းပြင်တွင် ရုတ်တရက် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ဥက္ကာခဲက မမြင်ရသော အတားအဆီးတစ်ခုနှင့် တိုက်မိသွားပြီး ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။ အဆုံးမရှိသော စွမ်းအားများ ပြည့်နှက်နေသော ဥက္ကာခဲက အတင်းအကျပ် တားဆီးခြင်းကို ခံလိုက်ရသည်။
" ဧကရာဇ်မင်းမြတ်က တားဆီးလိုက်ပြီ။ " ရှန်းယန်မြို့အတွင်းမှ ပြည်သူများက ဥက္ကာခဲရပ်တန့်သွားသည်ကို မြင်သောအခါ အားလုံးက ဝမ်းသာသွားကြသည်။
ရှန်းယန်နန်းတော်တွင် ရင်ကျန့်၏ စွမ်းအားကို ကြည့်ပြီး အရာရှိများက အံ့အားသင့်သွားကြသည်။
" ဧကရာဇ်မင်းမြတ်က အင်ပါယာကံကြမ္မာစွန်းအားကို ထိန်းချုပ်နိုင်သွားပြီပဲ။ အခုဆိုရင် အင်မော်တယ်တစ်ယောက် ဆင်းလာရင်တောင် ဧကရာဇ်မင်းမြတ်က ကြောက်စရာမလိုတော့ဘူး။ "
" အရမ်းစွမ်းအားကြီးတာပဲ။ ငါ အရာရှိတာဝန်ပုံဖော်ခြင်းကို ကျင့်ကြံထားပေမယ့် ဒီလောက်ကြီးမားတဲ့ အင်ပါယာကံကြမ္မာစွမ်းအားကို မသုံးနိုင်ဘူး။ "
" သိုင်းတာအိုမှာဆိုရင် ဆရာသခင်အဆင့်ကို ကျော်လွန်မှသာ ဒီလိုလုပ်နိုင်လိမ့်မယ်။ မဟုတ်ဘူး။ ချင်အင်ပါယာမှ အိမ်ရှေ့စံမင်းသားလွဲရင် ဧကရာဇ်မင်းမြတ်ပဲ ဒီလိုစွမ်းအားမျိုး ထုတ်ဖော်နိုင်လိမ့်မယ်။ "
အရာရှိများက ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြသည်။ ရင်ကျန့်၏ လှုပ်ရှားမှုက မည်မျှစွမ်းအားကြီးကြောင်း သူတို့ နားလည်ကြသည်။
ဟင်းလင်းပြင်အထက်တွင် ရင်ကျန့်က ရပ်တန့်သွားသော ဥက္ကာခဲကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။
" ချင်အင်ပါယာရဲ့ ကံကြမ္မာစွမ်းအား ၃၀ ရာခိုင်နှုန်းကို သုံးနိုင်တာ တကယ်ကံကောင်းတယ်။ မဟုတ်ရင် ငါလည်း တားနိုင်မှာမဟုတ်ဘူး။ " ရင်ကျန့်က စိတ်ထဲမှ တွေးလိုက်သည်။
ကံကြမ္မာလမ်းစဉ်မှာ ရုပ်ခန္ဓာနှင့် နတ်ဝိညာဉ်က အင်ပါယာကံကြမ္မာစွမ်းအားကို မည်မျှအထိ ခံနိုင်ရည်ရှိသည်အပေါ်မူတည်သည်။ ရင်ကျန့်၏ နတ်ဝိညာဉ်က အင်ပါယာကံကြမ္မာစွမ်းအားအများစုကို လက်ခံနိုင်ရန် အနည်းဆုံး တစ်နှစ်နှစ်နှစ်လောက် ကျင့်ကြံရဦးမည်ဖြစ်သည်။
" ငြိမ်သက်စမ်း။ " ရင်ကျန့်က လက်ဝှေ့ရမ်းလိုက်ပြီး ဥက္ကာခဲကို အင်ပါယာကံကြမ္မာစွမ်းအားများနှင့် ထိန်းချုပ်ကာ နန်းတော်ဆီသို့ ဆင်းသက်သွားသည်။
ဥက္ကာခဲက ညီလာခံခန်းမ၏ အပြင်ဘက်မှ ရင်ပြင်ပေါ်သို့ ကျရောက်သွားသောအခါ အရာရှိများအားလုံးက ထိုဥက္ကာခဲကို ကြည့်လိုက်ကြသည်။ ထိုဥက္ကာခဲက အဆောက်အဦးတစ်ခုစာလောက် ကြီးမားသည်။
" အမြန်ကြည့်ကြ။ အဲ့ဒီပေါ်မှာ စာတွေ ရေးထားတယ်။ " လီစီက အံ့အားသင့်စွာ ပြောလိုက်သည်။
လူတိုင်းက အာရုံစိုက်ကြည့်လိုက်သောအခါ သူတို့အားလုံး၏ အမူအရာများက ပြောင်းလဲသွားကြသည်။ ရင်ကျန့်ကလည်း ဆင်းသက်လာပြီး ဥက္ကာခဲကို ကြည့်လိုက်သည်။ ဥက္ကာခဲပေါ်မှ စာလုံးများကို မြင်လိုက်ရသောအခါ သူ၏ အမူအရာက အေးစက်သွားသည်။
" ရှန်းကျိုးနယ်မြေမှာ ချင်ဧကရာဇ် သေဆုံးပြီး လောကကြီး ကွဲပြားသွားရမယ်။ ချင်အင်ပါယာက ရှုပ်ထွေးသွားပြီး အဆုံးမရှိတဲ့ ဘေးဒုက္ခတွေ ကြုံတွေ့ရမယ်။ ကောင်းကင်ကံကြမ္မာကို ပိုင်ဆိုင်တဲ့သူက ရှန်းကျိုးနယ်မြေကို သိမ်းပိုက်နိုင်လိမ့်မယ်။ "
အရာရှိများကလည်း မျက်နှာပျက်သွားကြသည်။ ထိုဥက္ကာခဲက ကောင်းကင်မှ ကျဆင်းလာခြင်းဖြစ်ပြီး ကောင်းကင်၏ အလိုကို ကိုယ်စားပြုနေသည်။ ကောင်းကင်ဘုံက ချင်အင်ပါယာကို ဖျက်ဆီးလိုခြင်းဖြစ်သည်။
" ကောင်းကင်ဘုံက ချင်အင်ပါယာကို အဆုံးသတ်စေချင်တာလား။ ရယ်စရာပဲ။ " ရင်ကျန့်က ဥက္ကာခဲကို အေးစက်စွာ ကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေသည်။
၎င်းမှာ အင်မော်တယ်နှင့် နတ်ဘုရားများက ချင်အင်ပါယာကို ဖျက်ဆီးရန် ကြိုးစားနေကြခြင်းဖြစ်သည်။ ကံကြမ္မာလမ်းစဉ်ကို ကျင့်ကြံပြီးနောက် ကျောက်ဖုန်းက ကမ္ဘာကြီးအကြောင်းကို ပြောပြခဲ့သည်။
" ငါ့ရဲ့ ဝန်ကြီးတို့ မင်းတို့ ကြောက်နေတာလား။ " ရင်ကျန့်က ကြောက်ရွံ့နေသော အရာရှိများကို ကြည့်လိုက်သည်။
" ဧကရာဇ်မင်းမြတ် ဒီ ဒီဥက္ကာခဲက ကောင်းကင်က ကျဆင်းလာတာပါ။ ဒါက ချင်အင်ပါယာအတွက် မကောင်းတဲ့ ကိစ္စပါ။ " လွီပုဝေက လေးနက်စွာ ပြောလိုက်သည်။
" ဒီဥက္ကာခဲက ကောင်းကင်က ကျလာတာနဲ့ ကောင်းကင်ရဲ့ စကားလို့ မင်းတို့က ယူဆနေကြတာလား။ ကောင်းကင်ရဲ့ အလိုတော်လို့ ထင်နေကြတာလား။ " ရင်ကျန့်က လှောင်ပြုံး ပြုံးလိုက်သည်။
ထိုမေးခွန်းကို ကြားရသောအခါ အရာရှိအားလုံးက တိတ်ဆိတ်သွားကြသည်။ ရင်ကျန့်က သူတို့ကို အပြစ်မတင်ပေ။ ဤခေတ်တွင် ကောင်းကင်ဘုံ၊ ကောင်းကင်အလိုက အမြင့်ဆုံးအာဏာဖြစ်သည်။ ရှန်းကျိုးနယ်မြေမှ သက်ရှိများ၏ စိတ်ထဲတွင် ၎င်းက စွဲထင်နေသည်။
" ဒါက ကောင်းကင်ရဲ့အလိုဆိုရင်ရော ဘာဖြစ်လဲ မဟုတ်တော့ရော ဘာဖြစ်လဲ။ ဝန်ကြီးတို့ ငါကတော့ ကောင်းကင်ရဲ့အလိုကိုလည်း မယုံဘူး။ ကောင်းကင်အမိန့်ကိုလည်း မယုံဘူး။ ဒီဥက္ကာခဲက ကောင်းကင်ရဲ့ အမိန့်ဆိုရင် ငါက ကောင်းကင်ကို ဆန့်ကျင်မယ်။ ဒီဥက္ကာခဲက နတ်ဆိုးတွေရဲ့ လက်ချက်ဆိုရင် ငါ အဲ့ဒီနတ်ဆိုးတွေကို ဖျက်ဆီးပစ်မယ်။ ဥက္ကာခဲတစ်ခုက ဘာကြောက်စရာရှိလဲ။ ကောင်းကင်အလိုဆိုရင်ရော မင်းတို့က ဒူးထောက်ပြီး အသတ်ခံဖို့ စောင့်နေကြမှာလား။ " ရင်ကျန့်၏ စကားများက ဧကရာဇ်တစ်ပါး၏ အရှိန်အဝါကို သယ်ဆောင်လာသည်။
ထိုစကားများက အရာရှိများ၏ စိတ်ထဲသို့ ဝင်ရောက်သွားပြီး အားလုံးက ရိုသေလေးစားမှုကို ခံစားလိုက်ကြရသည်။
" ကျွန်တော်မျိုးတို့ ဧကရာဇ်မင်းမြတ်နောက်ကို သေတဲ့အထိ လိုက်ပါမယ်။ တကယ်လို့ ဒါက ကောင်းကင်ရဲ့ အလိုဖြစ်နေရင်တောင် ဒီလူအိုကြီးက ဧကရာဇ်မင်းမြတ်နောက်ကို လိုက်ပြီး ကောင်းကင်ကို ဆန့်ကျင်ပါမယ်။ " လွီပုဝေက ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။
" ကျွန်တော်မျိုးတို့ ဧကရာဇ်မင်းမြတ်နောက်ကို သေတဲ့အထိ လိုက်ဖို့ ကျိန်ဆိုပါတယ်။ " အရာရှိအားလုံးက ရင်ကျန့်ကို ဦးညွှတ်လိုက်ကြသည်။
ထိုအချိန်တွင် ဟန်ဖေး၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး လက်ဝှေ့ရမ်းလိုက်သည်နှင့် သူ၏ ထျန်းရွှမ်ကြေးမုံက တောက်ပလာသည်။
" ဧကရာဇ်မင်းမြတ် ပြည်နယ်ရှစ်ခုရဲ့ အုပ်ချုပ်ရေးမှူးတွေက အစီရင်ခံလာပါတယ်။ မြို့တော်ရဲ့ တည်နေရာ လျန်ပြည်နယ်ကလွဲရင် ယန်ပြည်နယ်၊ ဟွေကျိခရိုင်မှာ ဥက္ကာခဲတစ်လုံးကျလာပြီး ပြည်သူတစ်ထောင်ကျော် သေဆုံးသွားပါတယ်။ ကျင်းပြည်နယ် ကျန်းရှီခရိုင်မှာလည်း မြို့တစ်မြို့ကို ဥက္ကာခဲထိမှန်ပြီး လူပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ ချင်းပြည်နယ်မှာလည်း ဥက္ကာခဲတစ်ခု ကျဆင်းလာပါတယ်။ " ဟန်ဖေးက ထိတ်လန့်စွာဖြင့် တင်ပြလိုက်သည်။
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့