← Chapters

အခန်း ၅၂၅

Vol. 53 Ch. 525

အခန်း ၅၂၅

Vol. 53 Ch. 525

အခန်း (၅၂၅)

ရင်ကျန့်က မျက်မှောင်ကြုတ်သွားသည်။ ဥက္ကာခဲကိုးလုံးက ကောင်းကင်မှ ကျဆင်းလာခြင်းဖြစ်သည်။ ၎င်းက သူမမျှော်လင့်ထားသောအရာဖြစ်သည်။

" ဒါကို ကောင်းကင်ရဲ့ အလိုလို့ ခေါ်တာလား။ ကောင်းကင်က ဒီလောက်ထိ လုပ်မယ်လို့ မင်းတို့ ယုံကြည်နေကြတာလား။ ကောင်းကင်ဘုံက သက်ရှိတွေကို ပုရွက်ဆိတ်တွေလို တန်ဖိုးထားတာလား။ " ရင်ကျန့်က အေးစက်စွာ အော်ဟစ်လိုက်သည်။

ဝန်ကြီးအားလုံးကလည်း စိတ်မသက်မသာဖြစ်နေကြသည်။ ဥက္ကာခဲကိုးလုံး ကျဆင်းလာပြီး ချင်အင်ပါယာကို ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။ ၎င်းကို ကောင်းကင်၏ အလိုဟုပြောလျှင် လွန်ကဲရာကျပေလိမ့်မည်။

" ငါမင်းတို့ကို ပြောလိုက်မယ်။ ဥက္ကာခဲတွေကျလာပြီး ချင်ပြည်သူတွေရဲ့ အသက်ကို ထိခိုက်စေတာက ကောင်းကင်ရဲ့အလို လုံးဝမဟုတ်ဘူး။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" ဧကရာဇ်မင်းမြတ် ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ကြမလဲ။ " လီစီက မေးလိုက်သည်။

" ပြည်နယ်ရှစ်ခုရဲ့ အုပ်ချုပ်ရေးမှူးတွေကို အမိန့်ပေးလိုက်။ ဥက္ကာခဲကြောင့် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကယ်ဆယ်ဖို့နဲ့ နှစ်သိမ့်ပေးဖို့ တပ်ဖွဲ့တွေ စေလွှတ်လိုက်ပါ။ ဥက္ကာခဲနဲ့ ပက်သက်တဲ့ အရာအားလုံးကို ထျန်းရွှမ်ကြေးမုံကတစ်ဆင့် မြို့တော်ကို ပို့ခိုင်းလိုက်။ ဥက္ကာခဲတွေနဲ့ ပက်သက်ပြီး ဆွေးနွေးတာကို တားမြစ်တယ်။ ထျန်းရွှမ်ကြေးမုံမှာလည်း ဥက္ကာခဲတွေနဲ့ ပက်သက်တဲ့ အချက်အလက်တွေ ပေးပို့ခွင့်မပြုဘူး။ " ရင်ကျန့်က အမိန့်ပေးလိုက်ပြီး ရွှေရောင်စာလုံးများ ထွက်ပေါ်လာသည်။

ပထမဆုံး သူ၏ ထျန်းရွှမ်ကြေးမုံက တောက်ပလာပြီး ဥက္ကာခဲများအကြောင်း ဆွေးနွေးခြင်းကို တားမြစ်လိုက်သည်။ ယခုအခါ ထျန်းရွှမ်ကြေးမုံကို ပြည်သူများကြားတွင် ဖြန့်ဝေထားပြီး စွမ်းဆောင်မှုရမှတ်များဖြင့် ဆက်သွယ်နိုင်ကြသည်။ ဥက္ကာခဲများအကြောင်း ချင်အင်ပါယာတစ်ခုလုံး ပျံ့နှံ့သွားလျှင် သက်ရောက်မှုအချို့ ရှိလာနိုင်သည်။ ထို့ကြောင့် အစကတည်းက တားမြစ်လိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။

" ငါ့အမိန့်ကို တစ်ကမ္ဘာလုံးသိအောင် ထုတ်ပြန်လိုက်။ ချင်အင်ပါယာက တိုးတက်နေပေမယ့် ပြိုလဲသွားတဲ့ နိုင်ငံတွေရဲ့ အကြွင်းအကျန်တွေက ရှုပ်ထွေးမှုတွေ ဖန်တီးပြီး ကောလဟာလတွေ ဖြန့်နေတယ်။ သူတို့က မိစ္ဆာတွေနဲ့ နတ်ဆိုးတွေရဲ့ နည်းလမ်းတွေကို အကူအညီယူထားကြတယ်။ ဒီနေ့ကစပြီး ပြည်နယ်ကိုးခုက ခရိုင် ၃၆ခုလုံးမှာရှိတဲ့ တပ်ဖွဲ့တွေအားလုံးက အင်ပါယာတစ်ခုလုံးကို ရှာဖွေရမယ်။ ချင်နယ်မြေမှာ ထျန်းရွှမ်ကြေးမုံမရှိသူ၊ အိမ်ထောင်စုစာရင်းမရှိသူမှန်သမျှကို အကျဉ်းချရမယ်။ တကယ်လို့ အခြားနိုင်ငံတွေရဲ့ အကြွင်းအကျန်တွေလို့ အတည်ပြုနိုင်ရင် ချက်ချင်း ကွပ်မျက်ရမယ်။ " ရင်ကျန့်က နောက်ထပ်အမိန့်တစ်ခုကို ထုတ်ပြန်လိုက်သည်။

ယခုအဖြစ်အပျက်များကြောင့် နိုင်ငံခြောက်ခု၏ အကြွင်းအကျန်များက ခဖင်နယ်မြေထဲတွင် ရှုပ်ထွေးအောင် လုပ်ကြမည်ကို ရင်ကျန့်က ကြိုသိနေသည်။ ထို့ကြောင့် သူက ပြည်သူတွေရဲ့ စိတ်ကို တည်ငြိမ်အောင်လုပ်ပြီး အကြွင်းအကျန်များ လှုပ်ရှားမရအောင် လုပ်ထားခြင်းဖြစ်သည်။

" အမိန့်အတိုင်းပါ။ " လွီပုဝေက ချက်ချင်း လက်ခံလိုက်သည်။

" ကောင်းပြီ။ ဝန်ကြီးတို့ အရမ်းစိုးရိမ်နေစရာမလိုဘူး။ ကောင်းကင်ပြိုကျလာရင်တောင် ငါထမ်းထားမယ်။ငါ မခံနိုင်ရင်တောင် အိမ်ရှေ့စံမင်းသားက ခံနိုင်ရည်ရှိပါလိမ့်မယ်။ မင်းတို့က ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ကြပါ။ " ရင်ကျန့်က ကြောက်ရွံ့နေသော အရာရှိများကို ကြည့်ပြီး လေးနက်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုးတို့ နားလည်ပါတယ်။ " ဝန်ကြီးများက ပြန်ပြောလိုက်ကြသည်။

" အားလုံးသွားကြတော့။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

အရာရှိများ ထွက်ခွာသွားသောအခါ ရင်ကျန့်က ဥက္ကာခဲဆီသို့ နီးကပ်သွားသည်။

" ဟမ့် ဒီလိုလုပ်နိုင်တာက ဖုန်းအာပြောတဲ့ အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေပဲဖြစ်ရမယ်။ မင်းတို့ကို ငါမမြင်ဖူးပေမယ့် မင်းတို့က အမြင့်မှာထိုင်ပြီး ငါ့ကမ္ဘာကြီးကို နှောက်ယှက်ပြီး စစ်ပွဲတွေနဲ့ ရှုပ်ထွေးမှုတွေကြား ပြန်တွန်းပို့ဖို့၊ ပြည်သူတွေကို စစ်မီးထဲ ပြန်ဆွဲခေါ်ဖို့ ရည်ရွယ်နေတာပဲ။ မင်းတို့ရဲ့ ဆန္ဒအတိုင်း ငါ ဖြစ်ခွင့်ပေးမှာမဟုတ်ဘူး။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

ကျောက်ဖုန်း၏ ပြောကြားမှုအရ ကမ္ဘာပေါ်တွင် အင်မော်တယ်များနှင့် နတ်ဘုရားများ ရှိနေကြောင်း သူသိခဲ့ရသည်။ အစပိုင်းတွင် ရင်ကျန့်၏ စိတ်ထဲတွင် လေးစားမှုအနည်းငယ် ရှိခဲ့သည်။ အဆုံးတွင် အင်မော်တယ်များက အင်မော်တယ်ဘုံတွင် မြင့်မားစွာ ရပ်တည်နေကြခြင်းဖြစ်သည်။ သို့သော် ယနေ့ ဥက္ကာခဲများ၏ ဖြစ်ရပ်က ထိုအင်မော်တယ်များ၏ လက်ချက်ဖြစ်သည်မှာ သံသယဝင်စရာမလိုပေ။ ဥက္ကာခဲများကျဆင်းမှုကြောင့် ပြည်သူများစွာ သေဆုံးခဲ့ရသည်။ ရင်ကျန့်က ဒေါသမထွက်ဘူးဆိုလျှင် သူက ချင်ရှီဟွမ်းဖြစ်ရန် မထိုက်တန်တော့ပေ။

ချူနယ်မြေ၊ ဟွေကျိခရိုင်ရှိ လျို့ဝှက်နေရာတစ်ခုတွင်။

" ဦးလေး သတင်းကောင်းတစ်ခုရှိတယ်။ " ရှန်းယုက ဝမ်းသာစွာဖြင့် ပြေးလာသည်။

" ဘာဖြစ်တာလဲ။ " ရှန်းလျန်က မေးလိုက်သည်။

" ကောင်းကင်ကနေ ဥက္ကာခဲတစ်လုံး ပြုတ်ကျလာတယ်။ ဟွေကျိခရိုင်က မြို့တစ်ခုရဲ့ တစ်ဝက်​ကျော်လောက်ပျက်စီးသွားတယ်။ " ရှန်းယုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

၎င်းကို မြင်သောအခါ ရှန်းလျန်က မျက်မှောင်ကြုတ်သွားသည်။ " ယုအာ မင်းဘာပြောလိုက်တာလဲ။ ငါတို့ ချူနိုင်ငံက ချင်လက်အောက်ရောက်သွားပေမယ့် ဟွေ့ကျိခရိုင်က ပြည်သူတွေက ချူပြည်သူဟောင်းတွေပဲ။ သူတို့ ထိခိုက်သွားတာကို မင်းက ဘာလို့ဝမ်းသာနေတာလဲ။ "

" ဦးလေး အဲ့ဒါကြောင့်မဟုတ်ပါဘူး။ အဓိကက ဥက္ကာခဲကြောင့်ပါ။ " ရှန်းယုက သူ၏ စိတ်ကို ထိန်းချုပ်ပြီး ပြောလိုက်သည်။

" ဥက္ကာခဲက ဘာဖြစ်လို့လဲ။ " ရှန်းလျန်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

" ကျွန်တော်တို့ရဲ့ ညီအကိုတစ်ယောက်က အဲ့ဒီမှာ အိမ်ထောင်စုစာရင်းနဲ့ ရှိနေပြီး ဥက္ကာခဲပေါ်မှာ စာတွေ ရေးထားတာကို တွေ့ခဲ့ရတယ်။ ကျွန်တော် အဲ့ဒါတွေကို ကူးရေးထားတယ်။ ဦးလေး ကြည့်ကြည့်ပါဦး။ " ရှန်းယုက စိတ်လှုပ်ရှားစွာဖြင့် သူ၏ ရင်ဘတ်ထဲမှ ပိုးထည်စတစ်ခုကို ထုတ်ပေးလိုက်သည်။

ရှန်းလျန်က ဖွင့်ကြည့်ပြီး​နောက် အကြောင်းအရာများကို မြင်သောအခါ အံ့အားသင့်သွားပြီး သူ၏ မျက်နှာတွင် ဝမ်းသာသော အရိပ်အယောင်များ ပေါ်လာသည်။

" ရှန်းကျိုးနယ်မြေမှာ ချင်ဧကရာဇ် သေဆုံးပြီး လောကကြီး ကွဲပြားသွားရမယ်။ ချင်အင်ပါယာက ရှုပ်ထွေးသွားပြီး အဆုံးမရှိတဲ့ ဘေးဒုက္ခတွေ ကြုံတွေ့ရမယ်။ ကောင်းကင်ကံကြမ္မာကို ပိုင်ဆိုင်ထားသူက ရှန်းကျိုးနယ်မြေကို သိမ်းပိုက်နိုင်လိမ့်မယ်။ "

" ဒီ ဒီစာတွေက ဥက္ကာခဲပေါ်မှ တကယ်ရေးထားတာလား။ " ရှန်းလျန်က မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

" ဦးလေး မြို့ထဲက ကျွန်တော်တို့လူက သူ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပါ။ " ရှန်းယုက လေးနက်စွာ ပြောလိုက်သည်။

" ကောင်းကင်ကနေ ဥက္ကာခဲကလာပြိး ချင်အင်ပါယာပျက်စီးမယ့်အကြောင်း ကြေညာသွားတယ်။ ကောင်းကင်က တကယ်အမြင်ရှိတာပဲ။ ချင်အင်ပါယာရဲ့ ကံကြမ္မာကုန်ဆုံးတော့မယ့် လက္ခဏာပဲ။ ဟားဟား....တကယ်ကောင်းတယ်။ ချူနိုင်ငံကို ပြန်လည်ထူထောင်ဖို့ မျှော်လင့်ချက်ရှိလာပြီ။ ချင်ရှီဟွမ်၊ ကျောက်ဖုန်း သူတို့က စစ်ပွဲတွေ ဆင်နွှဲပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။ သူတို့က ကောင်းကင်ဘုံရဲ့ ဒေါသကို ဆွလိုက်တာပဲ။ " ရှန်းလျန်က စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

" ဦးလေး ဒီဥက္ကာခဲပေါ်က စာလုံးတွေက ချင်အင်ပါယာရဲ့ ကံကြမ္မာကုန်ဆုံးတော့မယ်ဆိုတာ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ ပုန်ကန်မှုကို စတော့မလား။ " ရှန်းယုက မျှော်လင့်ချက်များဖြင့် ပြောလိုက်သည်။

" မရဘူး။ ဒီလောက်နဲ့ မလုံလောက်သေးဘူး။ ကောင်းကင်က ဥက္ကာခဲကျလာတာက ကံကြမ္မာရဲ့ အမိန့်ပဲ။ ဒါပေမယ့် ငါတို့က မီးပိုတောက်လာအောင် လောင်စာထည့်ရမယ်။ ဒီသတင်းကို တစ်ကမ္ဘာလုံးဖြန့်ရမယ်။ အဲ့ဒီအခါ ချင်နယ်မြေတစ်ခုလုံး ရှုပ်ထွေးသွားလိမ့်မယ်။ အဲ့ဒါက ငါတို့ရဲ့ အခွင့်အရေးပဲ။ " ရှန်းလျန်က ပြောလိုက်သည်။

" ထျန်းရွှမ်ကြေးမုံ ချင်အင်ပါယာရဲ့ ရတနာက သတင်းစကားတွေ ပေးပို့လို့ရတယ်။ ထျန်းရွှမ်ကြေးမုံရှိတဲ့ ငါတို့ညီအကိုတွေကို သတင်းဖြန့်ခိုင်းလိုက်ပါ။ သတင်းပျံ့သွားရင် ချင်အင်ပါယာက ရှုပ်ထွေးသွားလိမ့်မယ်။ ပြီးတော့ အခြားနိုင်ငံငါးခုက ငါတို့ ညီအကိုတွေကို ဆက်သွယ်ပြီး အခွင့်အရေးကို စောင့်ခိုင်းလိုက်ပါ။ ချင်အင်ပါယာကို ဖျက်ဆီးမယ့်အချိန်က နီးကပ်လာပြီ။ " ရှန်းလျန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ ဦးလေး။ " ရှန်းယုက ခေါင်းညိမ့်ပြီး ထွက်ခွာသွားသည်။

ရှန်းကျိုးနယ်မြေ၏ အရှေ့ဘက်၊ အဆုံးမရှိသော ပင်လယ်ပြင်အတွင် ကျောက်ဖုန်းနှင့် ကွေ့ကူကျိတို့က ပျံသန်းနေပြီး တစ်စုံတစ်ခုကို ရှာဖွေနေကြသည်။

" အဲ့ဒီဖန်လိုအင်မော်တယ်ကျွန်းက တကယ်လျို့ဝှက်လွန်းတယ်။ ဒီလောက်ကြာတဲ့အထိ ရှာနေတာတောင် မတွေ့သေးဘူး။ " ကျောက်ဖုန်းက စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။

" ပင်လယ်က အဆုံးမရှိဘူး။ အော်ရာတစ်ခု စိမ့်ထွက်လာရင်တောင် ကျုပ်တို့ ရှာတွေ့နိုင်ပါတယ်။ " ကွေ့ကူကျိက ပြုံး၍ ပြောလိုက်သည်။

ထိုအချိန်တွင် ကျောက်ဖုန်း၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။

" အိမ်ရှေ့စံမင်းသား ဘာဖြစ်လို့လဲ။ " ကွေ့ကူကျိက ကျောက်ဖုန်း၏ အမူအရာကို သတိထားမိသွားသည်။

" ကောင်းကင်က ဥက္ကာခဲတွေ ကျလာတယ်။ ချင်အင်ပါယာရဲ့ ပြည်နယ်ကိုးခုလုံးမှာ ကျရောက်လာတာပဲ။ ဥက္ကာခဲတိုင်းမှာ ချင်အင်ပါယာပျက်စီးမယ့်အကြောင်း ရေးသားထားတယ်။ " ကျောက်ဖုန်းက လေးနက်စွာ ပြောပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

သူတို့၏ အမြင်တွင် အလင်းမျက်နှာပြင်တစ်ခုပေါ်လာပြီး စာများရေးသားထားသော ဥက္ကာခဲများ ပေါ်လာသည်။

" ဒါတွေက ကောင်းကင်ဘုံရဲ့အလွန်က ဥက္ကာခဲတွေပဲ။ " ကွေ့ကူကျိ၏ အမူအရာက ပြောင်းလဲသွားသည်။

" ကောင်းကင်ဘုံရဲ့အလွန်က ဘာလဲ။ " ကျောက်ဖုန်းက စိတ်ရှုပ်ထွေးသွားသည်။ ကောင်းကင်ဘုံ၏ သူသိသော အကြောင်းအရာများက ယခင်ဘဝမှ ဒဏ္ဍာရီများနှင့် ကွေ့ကူကျိ၏ ပြောပြချက်များအပေါ်သာ အခြေခံထားသည်။

" ကောင်းကင်ဘုံ ကြယ်တာယာကောင်းကင်ရဲ့ အထက်ပဲ။ " ကွေ့ကူကျိက လေးနက်စွာ ပြောလိုက်သည်။ " ကောင်းကင်ဘုံက ဥက္ကာခဲကိုးလုံးက လူသားဘုံထဲကို ကျလာပြီး ကိုးလုံးလုံးမှာ ချင်အင်ပါယာပျက်စီးမယ့်စာတွေ ရေးသားထားတယ်။ "

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters