← Chapters

အခန်း ၅၂၉

Vol. 53 Ch. 529

အခန်း ၅၂၉

Vol. 53 Ch. 529

အခန်း (၅၂၉)

ဟွေ့ကျိခရိုင်၊ ရွာတစ်ရွာ။

" ဦးလေး ချင်ဧကရညဇ်က တကယ် ကောက်ကျစ်တယ်။ သူက အမိန့်တော်တစ်ခုတည်းနဲ့ ဥက္ကာခဲကိစ္စကို ဖိနှိပ်လိုက်တယ်။ ပြီးတော့ ချူပြည်သူတွေက သူ့ကို ယုံကြည်နေကြတယ်။ ဒီတစ်ခါ သတင်းဖြန့်တာက သူတို့ကို ယုံကြည်အောင် မလုပ်နိုင်တဲ့အပြင် ချူပြည်သူတွေ တိုင်ကြားလိုက်လို့ ကျွန်တော်တို့ ညီအကိုတွေ ဆုံးရှုံးလိုက်ရတယ်။ ကျေးဇူးကန်းတွေ..." ရှန်းယုက ဒေါသတကြီး ပြောလိုက်သည်။

" တော်တော့။ " ရှန်းလျန်က ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ " အခုကစပြီး ထပ်မထွက်နဲ့တော့။ အခွင့်အရေးကို စောင့်ပါ။ ချင်အင်ပါယာက ရှန်းကျိုးနယ်မြေကို လုံးဝထိန်းချုပ်ထားပြီး သာမန်ပြည်သူတွေကို အသက်ရှင်ဖို့ လမ်းကြောင်းပေးထားတယ်။ ငါတို့မှာ အခွင့်အရေးမရှိတော့ဘူး။ ပြည်သူတွေရဲ့ ရင်ထဲက အရင်နိုင်ငံတွေကလည်း ပျောက်ကွယ်သွားပြီ။ ငါတို့က ကောင်းကင်ရဲ့ ဒေါသ ကျလာအောင်ပဲ စောင့်ရလိမ့်မယ်။ " ရှန်းလျန်က ဖြည်းညင်းစွာ ပြောလိုက်သည်။

သူတို့ လုပ်နိုင်သမျှကို လုပ်ခဲ့ပြီးပြီဖြစ်သည်။ သို့သော် ရှန်းကျိုးနယ်မြေမှ ချင်အင်ပါယာ၏ အရှိန်အဝါအောက်တွင် သူတို့က ဘာမှမလုပ်နိုင်ကြပေ။

ထိုအချိန်တွင်....

" တပ်မှူး မကောင်းတော့ဘူး။ ချင်စစ်တပ်က ကျွန်တော်တို့ကို ဝိုင်းထားပြီ။ ချင်က ကျွန်တော်တို့ကို ရှာတွေ့သွားပြီ။ " လက်အောက်ခံတစ်ယောက်က ထိတ်လန့်တကြားပြေးလာပြီး ပြောလိုက်သည်။

" ဘာ..." ရှန်းလျန်နှင့် ရှန်းယုတို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။

၎င်းက ချူနယ်မြေတစ်ခုတည်းမဟုတ်ပေ။ ချင်နယ်မြေတစ်ခုလုံးတွင် ရှိသော နိုင်ငံခြောက်ခုမှ အကြွင်းအကျန်များ၏ ခံတပ်များကို ချင်စစ်တပ်က ဝန်ရံထားသည်။ ထျန်းရွှမ်ကြေးမုံက တရားဝင်နိုင်ငံသားဖြစ်ကြောင်း သက်သေပြနိုင်သော်လည်း စာရင်းအတုများဖြင့် နိုင်ငံသားအဖြစ် လုပ်ထားကြသည်။ ထို့ကြောင့် နိုင်ငံခြောက်ခုမှ အကြွင်းအကျန်အများအပြားကလည်း ထျန်းရွှမ်ကြေးမုံကို ရရှိခဲ့သည်။

သို့သော် သူတို့ နားမလည်ကြခြင်းဖြစ်သည်။ ထျန်းရွှမ်ကြေးမုံက ချင်နိုင်ငံသားများ၏ အထောက်အထားသာမက အင်ပါယာရတနာတစ်ခုဖြစ်ပြီး ၎င်း၏ အာဏာကို ကျောက်နှင့် ရင်ကျန့်တို့က ဆုပ်ကိုင်ထားကြသည်။

ဥက္ကာခဲနှင့် ပက်သက်သော သတင်းများကို ရင်ကျန့်က တားမြစ်ခါးပြီး တစ်ယောက်ယောက်က ထိုအကြောင်းကို ပြောလိုက်သည်နှင့် သူတို့၏ တည်နေရာနှင့် အချက်အလက်များက ပေါ်လာပြီး ဟေးပင်းထိုင်နှင့် ယန်ထင်တို့က ချက်ချင်း စုံစမ်းကြသည်။

အချိန်များကုန်လွန်လာပြီး မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ကြာသွားခဲ့သည်။ ချင်နယ်မြေကို သန့်စင်ခြင်းက ပြီးဆုံးသွားခဲ့သည်။

ချင်နန်းတော်၊ ညီလာခံခန်းမ၏ အပြင်ဘက်ရင်ပြင်တွင် အကျဉ်းသားရာချီက ကြိုးတုပ်ခံထားရပြီး ဒူးထောက်နေကြသည်။ သူတို့က နိုင်ငံခြောက်ခုမှ တော်ဝင်မိသားစု၏ အကြွင်းအကျန်များနှင့် ပူးပေါင်းကြံစည်သော အရာရှိများနှင့် အထက်တန်းလွှာများ ဖြစ်ကြသည်။

" ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်အတိုင်း ကမ္ဘာကြီးကို သန့်စင်ပြီးပါပြီ။ ဟေးပင်းထိုင်က ခရိုင်စစ်တပ်တွေနဲ့ ပူးပေါင်းပြီး နိုင်ငံခြောက်ခုက အကြွင်းအကျန်တွေရဲ့ ခံတပ် ၈၇ ခုကို ချေမှုန်းခဲ့ပြီး လူ ၇၀၀၀ ကျော်ကို ကွပ်မျက်ခဲ့ပါတယ်။ ဒါက ခေါင်းဆောင်တွေ၊ ပူးပေါင်းကြံစည်တဲ့ အရာရှိတွေနဲ့ အထက်တန်းလွှာတွေပါ။ ဧကရာဇ်မင်းမြတ်ရဲ့ စီရင်ချက်ကို စောင့်နေပါတယ်။ " သွမ်လောက ဦးညွှတ်ပြီး ပြောလိုက်သည်။

ရင်ကျန့်က အောက်မှ အကျဉ်းသားများကို အေးစက်စွာ ကြည့်လိုက်သည်။ အောက်မှ အကျဉ်းစားအများစုက ကြောက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားကြသော်လည်း အချို့ကတော့ ခေါင့်မော့ပြီး မုန်းတီးမှုများ၊ မကျေနပ်မှုများဖြင့် ကြည့်နေကြသည်။ ရှန်လျန်၊ ရှန်းယု၊ ကျန်းလျန်နှင့် အခြားသူများဖြစ်ကြသည်။

" ကွပ်မျက်စေ။ " ရင်ကျန့်က ပြတ်သားစွာဖြင့် အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " နန်းတွင်းကိုယ်ရံတော်များက ပြန်ဖြေပြီး သူတို့၏ ဓားများကို မြှောက်လိုက်ကြသည်။

" ငါတို့နိုင်ငံကို ပြန်လည်ထူထောင်ဖို့နဲ့ လက်စားချေဖို့က အခုတော့ အချည်းနှီးဖြစ်သွားပြီ။ ခမည်းတော်အတွက် သားတော် လက်စားမချေပေးနိုင်ခဲ့ဘူး။ " ကျန်းလျန်က ခါးသီးစွာ ပြုံးပြီး မျက်လုံးများကို မှိတ်လိုက်သည်။

" ချူမှာ မိသားစုသုံးခုပဲ ကျန်နေရင်တောင် ချင်ကို ဖျက်ဆီးမယ့်သူက ချူပဲ ဖြစ်လိမ့်မယ်။ တစ်နေ့ကျရင် မင်းတို့ ချင်နိုင်ငံက ငါတို့ ချူလက်အောက်ကို သေချာပေါက် ကျရောက်လာလိမ့်မယ်။ " ရှန်းလျန်က သေဆုံးခြင်းမတိုင်မီ အော်ဟစ်လိုက်သည်။

" ဦးလေး နောက်ဘဝတွင် ဦးလေးနဲ့ ပြန်ဆုံပြီး ကျွန်တော်တို့ ချင်နိုင်ငံကို ဖျက်ဆီးပစ်မယ်။ " ရှန်းယုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

" ကွပ်မျက်လိုက်။ " ရန်ရှောင်က အမိန့်ပေးလိုက်သည်။

နန်းတွင်းကိုယ်ရံတော်များက ဓားများကို ချလိုက်ကြပြီး ခေါင်းများစွာက ကြမ်းပြင်ပေါ်သို့ လိမ့်ကျသွားသည်။ သွေးများက နန်းရင်ပြင်ကို စွန်းထင်သွားသည်။

" ဟမ်..." ရင်ကျန့်၏ အကြည့်ထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်။

နန်းတွင်းကိုယ်ရံတော်တစ်ယောက်၏ ဓားက လေထဲတွင် ရပ်တန့်နေပြီး အောက်သို့ ခုတ်ချရန် ရုန်းကန်နေရသည်။ သူ၏ ဓားအောက်တွင် အခြားသူမဟုတ်ဘဲ ရှန်းယုပင်ဖြစ်သည်။

" ဧကရာဇ်မင်းမြတ် ဒီလူမှာ ပြဿနာတစ်ခုခုရှိတဲ့ပုံပဲ။ ကျွန်တော်မျိုး ဓားကို အောက်ချလို့မရဘူး။ " နန်းတွင်းကိုယ်ရံတော်က ပြောလိုက်သည်။

" ဟားဟား.... ရင်ကျန့် မင်းသတ်နိုင်ရင် ငါ့ကို သတ်စမ်း။ ကောင်းကင်ဘုံက ငါ့ကို စောင့်ရှောင်ထားတယ်။ မင်းငါ့ကို မသတ်နိုင်ဘူး။ " ရှန်းယုက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

သူက သေရန် အဆင်သင့်ဖြစ်နေသော်လည်း နန်းတွင်းကိုယ်ရံတော်၏ ဓားက ကျမလာခဲ့ပေ။ ၎င်းက ရှန်းယုကို ယုံကြည်မှုရှိစေပြီး သူက ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

" သူ့ကို စောင့်ရှောက်နေတဲ့ ကံကြမ္မာစွမ်းအားနဲ့ တူတဲ့ စွမ်းအားတစ်ခုခု ရှိနေတဲ့ပုံပဲ။ " ရင်ကျန့်က ရှန်းယုထံမှ ကံကြမ္မာစွမ်းအားနှင့် တူညီသော စွမ်းအားတစ်ခုကို ခံစားမိလိုက်သည်။

" မင်းကို မသတ်နိုင်ဘူးလို့ ထင်နေတာလား။ " ရင်ကျန့်က ပြုံး၍ သူ၏ လက်ကို မြှောက်လိုက်သည်နှင့် ဧကရာဇ်တံဆိပ်တော်က ထွက်ပေါ်လာသည်။ ရှန်းယုကို ကံကြမ္မာက စောင့်ရှောက်ထားရင်တောင် ချင်အင်ပါယာ၏ ကြီးမားသော ကံကြမ္မာစွမ်းအားကို ခုခံနိုင်မည်မဟုတ်ပေ။

" ခမည်းတော် " ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာပြီး ကျောက်ဖုန်းနှင့် ကွေ့ကူကျိတို့က ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာကြသည်။

" အိမ်ရှေ့စံမင်းသားကို ဂါရဝပြုပါတယ်။ " အရာရှိအားလုံးက အံ့အားသင့်သွားကြပြီး ချက်ချင်း ဦးညွှတ်လိုက်ကြသည်။

" အခမ်းအနားတွေ မလိုဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ဒါက ကွေ့ကူကျိဖြစ်ရမယ်။ " ရင်ကျန့်၏ အကြည့်က ကွေ့ကူကျိအပေါ်သို့ ကျရောက်သွားသည်။

" ကျွန်တော်မျိုး ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။ " ကွေ့ကူကျိက ပြုံး၍ ရင်ကျန့်ကို ဦးညွှတ်လိုက်သည်။

" အင်ပါယာဆရာ ထပါ။ အခု အင်ပါယာဆရာက ချင်အင်ပါယာနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတာက ချင်အတွက် ကံကောင်းခြင်းပါပဲ။ ဝန်ကြီးတို့ အင်ပါယာဆရာကို ဂါရဝပြုကြ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" အင်ပါယာဆရာကို ဂါရဝပြုပါတယ်။ " အရာရှိများက လေးစားစွာဖြင့် ဦးညွှတ်လိုက်ကြသည်။

" ဝန်ကြီးတို့ အခမ်းအနားတွေ မလိုပါဘူး။ ကျုပ်က ဧကရာဇ်မင်းမြတ်နဲ့ အိမ်ရှေ့စံမင်းသားတို့ရဲ့ ဂုဏ်ပြုမှုကို ခံရပြီး ချင်အင်ပါယာနဲ့ ပူးပေါင်းခွင့်ရတာ ကျုပ်အတွက် ဂုဏ်ယူစရာပါ။ " ကွေ့ကူကျိက ပြုံး၍ ပြောလိုက်သည်။

" ဥက္ကာခဲတွေ ကျလာပြီးတဲ့နောက်မှာ ဒီအကြွင်းအကျန်တွေက ကောလဟာလတွေ ဖြန့်ခဲ့ကြတယ်။ ငါက အဲ့ဒါကို အစကတည်းက တွေးပြီးသားပါ။ ဖုန်းအာ ဒီနေ့ နိုင်ငံခြောက်ခုရဲ့ အကြွင်းအကျန်တွေကို အမြစ်ပြတ် ချေမှုန်းလိုက်ပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" သူတို့က တကယ်သေသင့်တယ်။ သူကတော့..." ကျောက်ဖုန်း၏ အကြည့်က ရှန်းယုပေါ်သို့ ကျရောက်သွားပြီး ဖြည်းညင်းစွာ လျှောက်သွားသည်။

" ခမည်းတော်၊ ဝန်ကြီးတို့ သူ့ကို သာမန်လက်နက်တွေနဲ့ ဘာလို့မသတ်နိုင်တာလဲဆိုတာ သိကြလား။ " ကျောက်ဖုန်းက ပြုံး၍ပြောလိုက်သည်။

" ဘာလို့လဲ။ " ရင်ကျန့်က အံ့ဩစွာဖြင့် မေးလိုက်သည်။ " သူ့ရဲ့ ခန္ဓာကိုယ်မှာ အင်ပါယာကံကြမ္မာစွမ်းအားနဲ့တူတဲ့ စွမ်းအားတစ်ခု ရှိနေတယ်။ သာမန်လက်နက်တွေနဲ့ သူ့ကို မသတ်နိုင်ပေမယ့် အင်ပါယာကံကြမ္မာစွမ်းအားနဲ့ဆို သူကို သေချာပေါက် သတ်နိုင်လိမ့်မယ်။ "

" ခမည်းတော် ကောင်းကင်တာအိုအကြောင်းကို သိပါသလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" ငါတို့ ဘိုးဘေးတွေက ချင်နိုင်ငံကို တည်ထောင်ပြီး ဒီနေ့ ကမ္ဘာကြီးကို စုစည်းနိုင်ခဲ့တာက ကောင်းကင်တာအိုကြောင့် မဟုတ်ဘူး၊ ရှေးက ချင်ဘုရင်တွေနဲ့ ချင်လူမျိုးဟောင်းတွေကြောင့် ဒီအခြေအနေကို ရောက်လာတာပဲ။ ငါက အဲ့ဒီကောင်းကင်တာအိုကို ဘယ်တော့မှ မယုံကြည်ခဲ့ဘူး။ " ရင်ကျန့်က ဧကရာဇ်တစ်ပါး၏ အရှိန်အဝါများဖြင့် ပြောလိုက်သည်။

" ခမည်းတော်က ဘုရင်ဖြစ်လာပြီး ကမ္ဘာကြီးကို စုစည်းခဲ့တာက ချင်ရဲ့ စွမ်းအားထက်ကျော်လွန်ပြီး ကောင်းကင်တာအိုကြောင့်လို့ ပြောလို့ရတယ်။ ဒါပေမယ့် ချင်က မျိုးဆက်နှစ်ဆက်အတွင်း ပျက်စီးသွားဖို့ ကံကြမ္မာက သတ်မှတ်ထားပြီးသား။ အရင်က သားတော် ခမည်းတော်နဲ့ ဝန်ကြီးတွေကို ပြသခဲ့တဲ့ မူလသမိုင်းကြောင်းပဲ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

" ဒါက ဒီလူနဲ့ ဘာဆိုင်လို့လဲ။ " ရင်ကျန့်က ရှန်းယုကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

" သူက မူလကောင်းကင်အလိုအရ ချင်အင်ပါယာကို ဖျက်ဆီးဖို့ သတ်မှတ်ခံထားရတဲ့သူပဲ။ " ကျောက်ဖုန်းက ရှန်းယုကို ကြည့်ပြီး ပြောလိုက်သည်။

" သူကလား။ " ရင်ကျန့်က ရှန်ယုကို အထင်သေးစွာ ကြည့်လိုက်သည်။

" အရင်က သားတော် ကောင်းကင်ကံကြမ္မာကို ပိုင်ဆိုင်ထားတဲ့ လူတစ်ယောက်ကို သတ်ခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒါက မတော်တတပါ။ အဲ့ဒီတုန်းက ထိုက်တောင်အခမ်းအနားကို သွားတုန်းက အဲ့ဒီကောင်းကင်ကံကြမ္မာနဲ့လူကို တွေ့ခဲ့တာပဲ။ သူ့ကို ဆရာသခင်အဆင့်တွေတောင် မသတ်နိုင်ဘူး။ နောက်ဆုံးတော့ သားတော်ကိုယ်တိုင်ပဲ သူ့ကို သတ်ခဲ့တာ။ " ကျောက်ဖုန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

All Chapters