အခန်း ၁၅၂
Vol. 16 Ch. 152
Chapter 152: ဆေးပညာအခမ်းအနားစတင်လေပြီ။
ဆေးပညာအခမ်းအနားမှာ စတင်တော့ချေမည်။
ကျင့်ကြံရေးလောကတစ်ခွင်လုံးရှိဆေးပညာရှင်များကလည်း ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းသို့ ဦးတည်လာကြလေပြီ။
ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းဟာ လွန်ခဲ့သောနှစ်လလောက်က နတ်ဆိုးဂိုဏ်း၏ရုတ်ချည်းတိုက်ခိုက်မှုကို အောင်မြင်စွာပြန်လည်တိုက်ခိုက်နိုင်ခဲ့ရာ နတ်ဆိုးဂိုဏ်း၏မြောက်ကြွမြောက်ကြွလှုပ်နေမှုများကိုလည်း တစ်ခါတည်း ဖိနှိပ်ပြီးသားဖြစ်သွားခဲ့၏။
နတ်ဆိုးဂိုဏ်းများကတော့ လိပ်လိုမျိုး အန္တရာယ်ကိုခံစားမိသည်နှင့်အခွံထဲပြန်ဝင်ပုန်းသွားကြရာ ယခုအချိန် ကျင့်ကြံရေးလောက၏လေထုအခြေအနေမှာ များစွာပိုငြိမ်းချမ်းနေ၏။
ကျင့်ကြံသူအများစုကလည်း ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းက ဆေးပညာအခမ်းအနားကိုရည်မှန်း၍ ဤသို့ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်မည်ဟု တွေးတောကြရာ လူများစွာမှာ ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းကို ပို၍လေးစားလာကြတော့သည်။
ဆေးဝါးဆိုင်ရာတောင်ထိပ်မှာ လွန်စွာအသက်ဝင်လှုပ်ရှားနေလေ၏။
အသက်နှစ်တစ်ရာအောက်ရှိဆေးပညာရှင်များက ဆေးဝါးဆိုင်ရာတောင်ထိပ်သို့ တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာပြီး အခမ်းအနားစသည်အထိ ယာယီတည်းခိုကြတော့၏။
“ဒါခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းရဲ့ဆေးဝါးဆိုင်ရာတောင်ထိပ်လား၊ တကယ်ခမ်းနားတာပဲ။”
“ငါကြားတာ ဒီမှာ ဆေးပညာရှင်ဆရာကြီးတော်တော်များများအပြင် ဆေးပညာဘိုးဘေးတစ်ယောက်တောင်ရှိတယ်တဲ့။ ငါတို့ သူတို့ကို တွေ့ခွင့်ရနိုင်မလားမသိဘူးနော်။”
“တာအိုရောင်းရင်း ဒီတစ်ခေါက်အခမ်းအနားမှာ ဘယ်ဆရာသခင်ကများ ဒိုင်လုပ်မယ်ကြားလဲ။”
“မသိဘူးရယ်။ ဒါမျိုးလျှို့ဝှက်ချက်က ဘယ်ပေါက်ကြားလိမ့်မလဲ။”
“ငါတို့သာ ဒိုင်ကိုသိခဲ့ရင် ခေါင်းစဥ်တွေကိုလည်းမှန်းလို့ရပြီး အခမ်းအနားမှာ အရည်အချင်းတွေအပြည့်ထုတ်လို့ရမှာပေါ့ကွ။”
“အိပ်မက်သာမက်နေလိုက်။”
ဆေးဝါးဆိုင်ရာတောင်ထိပ်၏တပည့်တစ်ယောက်အနေဖြင့် ကျိုးဝူယိုက လက်ရှိတွင် ဆေးပညာပါရမီရှင်လေးတစ်ဦးကို လမ်းပြပေးနေ၏။
“ကျွန်မက လီချင်းလျန်ပါ၊ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကျင့်ကြံသူပါ။ ဒီက မောင်လေးကို ဘယ်လိုခေါ်ရမလဲမသိဘူး။”
ဆေးပညာရှင်တစ်ဦးက ပြုံး၍မေးလာသည်။
ကျိုးဝူယိုပြန်ဖြေလိုက်၏။
“ကျိုးဝူယိုပါ။”
လီချင်းလျန်က စပ်စုလာလေသည်။
“ရှင်က ချီစုဆောင်းခြင်းအဆင့်ခြောက်ကိုရောက်နေတာမလား။ ဂိုဏ်းထဲဝင်တာဘယ်နှနှစ်ရှိပြီလဲ။”
“နှစ်နှစ်နဲ့ခြောက်လလောက်ပေါ့။”
ကျိုးဝူယိုပြန်ပြောလိုက်၏။
“ဟုတ်လား၊ မဆိုးဘူးပဲ။ ရှင်က ဆေးဝါးဆိုင်ရာတောင်ထိပ်ကတပည့်မလား။ ရှင် ဆေးပညာကိုမသင်ရသေးဘူးလားဟင်။”
ကျိုးဝူယိုမှာ ရပ်တန့်သွားပြီး ပြန်ပြောလိုက်သည်။
“ကျွန်တော်က ပထမအဆင့်ဆေးဝါးတွေကိုတောင် သန့်စင်နိုင်နေပြီ။”
“ဘယ်လို။”
လီချင်းလျန် အံ့သြသွား၏။
“ရှင်က ပထမအဆင့်ဆေးတွေတောင် သန့်စင်နိုင်ပြီလား။ နောက်ပြီး ဂိုဏ်းထဲဝင်ကနှစ်နှစ်ကျော်ပဲရှိသေးတယ်။ ဒါ့အပြင် ရှင့်ရဲ့ကျင့်ကြံဆင့်ကလည်း ချီစုဆောင်းခြင်းအဆင့်ခြောက်ကိုတောင်ရောက်နေပြီ။”
ကျိုးဝူယို သက်ပြင်းချလိုက်သည်။
“ကျွန်တော့်ကျင့်ကြံရေးကဘာမှမဟုတ်ပါဘူး။ ဆေးပညာစွမ်းရည်ကလည်း လက်ခံလို့ရရုံလေးပါပဲ။”
သူ စုယွမ်ကိုတွေးလိုက်မိသည်။ အနှီလူကမူ ယခုဆိုလျှင် ရွှေအမြူတေအဆင့်အကြီးအကဲတောင်ဖြစ်နေချေပြီ။ သူတို့ဆိုတာ ယှဥ်ဖို့တောင်မထိုက်တန်ပါပေ။
သို့ဖြစ်ရာ ချီစုဆောင်းခြင်းအဆင့်ခြောက်ဆိုတာလည်း ဘာမှမဟုတ်တော့။
“ကျွန်မ ရှင့်ရဲ့အရိုးအသက်ကိုစစ်ကြည့်လို့ရမလား။”
“ရတာပေါ့။”
လီချင်းလျန်လည်း သူမလက်ဖဝါးကို ကျိုးဝူယိုအပေါ်တင်၍ တစ်ခုခုကို အာရုံခံနေလိုက်၏။
ကျိုးဝူယိုကတော့ တည်ငြိမ်နေလျက် သူမကို စမ်းသပ်ခွင့်ပြုထားသည်။
လီချင်းလျန်က ထိတ်လန့်တကြီး ပြောလာ၏။
“ဆယ့်ရှစ်နှစ်နဲ့ခြောက်လပဲရှိသေးတယ်။ ရှင်က တကယ်ပဲ ဂိုဏ်းထဲဝင်က နှစ်နှစ်ကျော်ပဲရှိသေးတာပဲ။ ဘယ်လိုများ ပထမအဆင့်ဆေးဝါးတွေကိုသန့်စင်နိုင်ရတာလဲ။ ကျွန်မကြည့်လို့ရမလား။”
ကျိုးဝူယိုလည်း ကူရာမဲ့သွားရ၏၊ သို့သော် လီချင်းလျန်မှာ အဝေးမှလာသည့်ဧည်သည့်ဖြစ်ရာ သူ သူမကို ဆေးဖော်စပ်သည့်အခန်းဆီခေါ်သွားလိုက်သည်။
လီချင်းလျန်၏အကြည့်အောက်တွင် သူက ကျွမ်းကျင်စွာဖြင့် ပထမအဆင့်ချီစုဆောင်းခြင်းဆေးလုံးတစ်လုံးကို သန့်စင်လိုက်၏။
လီချင်းလျန်၏မျက်လုံးများမှာ တောက်ပသွားတော့သည်။ သူမ ကျိုးဝူယို၏နည်းလမ်းများက တော်တော်လေးကျွမ်းကျင်တာကို မြင်နေရ၏၊ သူ၏ဆေးဝါးသန့်စင်မှုစွမ်းရည်ကမြင့်သလို စိတ်ဝိညာဉ်အာရုံ၊ဝိညာဉ်စွမ်းအင်အကုန်လုံးက အဆင့်တူသာမန်ကျင့်ကြံသူအများစုထက် ပို၍အားကောင်းပေ၏။
ဆေးဝါးကိုဖော်စပ်ပြီးသွားသည့်အချိန်တွင် လီချင်းလျန်မှာ မနေနိုင်ဘဲ မေးလိုက်မိသည်။
“ရှင်က ဒီဆေးဝါးတောင်ထိပ်မှာ ပါရမီရှင်တစ်ယောက်ပဲဖြစ်ရမယ်။ အခုလို လမ်းပြတဲ့အလုပ်လာလုပ်နေတာ အချိန်ဖြုန်းနေတာပဲ။”
ကျိုးဝူယိုမှာ ရပ်တန့်သွားလျက်၊ ပြီးမှခေါင်းခါပြလိုက်သည်။
“ဘာကိုပါရမီရှင်ရမှာလဲ။ မနောက်ပါနဲ့၊ ကျွန်တော့်လိုလူတွေက နေရာတိုင်းမှာရှိတာပဲ။”
စုယွမ်၏ထိပ်သီးကျင့်စဥ်များပေါ်ထွက်လာပြီးကတည်းက ဆေးပညာကျင့်စဥ်များက လွန်စွာနက်နဲလာသလို အသေးစိတ်ကျလာခဲ့သည်။ အထူးသဖြင့် ပထမအဆင့်ဆေးလုံးတစ်ခုအတွက်ဆိုလျှင် မိနစ်ပိုင်းအထိကို သေချာရှင်းပြထားခဲ့၏။
ကျိုးဝူယိုမှာ ဆေးပညာပါရမီရှင်အဆင့်ထိတော်မရောက်သေးသော်ငြား ပထမတန်းစားလူများထဲပါသည်ဟုတော့ပြော၍ရပါ၏။
လီချင်းလျန်လည်း မထိန်းနိုင်ဘဲ မေးလိုက်ရသည်။
“ရှင့်ဆရာကဘယ်သူလဲ။”
ကျိုးဝူယို တုံ့ဆိုင်းသွားရသည်။ သူ ဂိုဏ်းကဤအတွက် လျှို့ဝှက်ချက်ဘာညာဟူ၍ကန့်သတ်ထားခြင်းမရှိသည်ကို ပြန်တွေးလိုက်ပြီး ထုတ်ပြောလိုက်၏။
“ကျွန်တော်က အကြီးအကဲစုရဲ့ဆေးပညာအမွေကိုသင်ထားတာပါ။ ဒါပေမဲ့ သူ့တပည့်တော့ မဟုတ်ဘူး။ ဒီအတိုင်းကံကောင်းပြီး သူ့ဆီက ကိုယ်တိုင်သင်ကြားပေးတာ နည်းနည်းခံထားရရုံပါပဲ။”
သူ စုယွမ်က ပြဿနာများအကြောင်းရှင်းလင်းပြသည်များကို နားထောင်ခဲ့ရသောနေ့ရက်များကို ပြန်တွေးမိသည်။ ထိုအချိန်တုန်းကတော့ သူဟာ ရှားပါးအခွင့်အရေးကိုရနေမှန်း မသိခဲ့သည်ပေ။
“စုယွမ်တဲ့လား။”
လီချင်းလျန်မှာ ထိုနာမည်အကြောင်း ဘာမှတ်ဥာဏ်မှမရှိသည်ပေ။
သူမ၏အတွေးထဲ စုယွမ်ဆိုသောလူကို မသေမျိုးအငွေ့အသက်များဖြင့် လူအိုကြီးတစ်ယောက်ဟု အလိုအလျောက်တွေးမိသွားရသည်။ သူမ စုယွမ်ကို မတွေ့ဖူးသော််ငြား ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းထဲတွင် အကြီးအကဲဟုခေါ်ဆိုခံရသူတိုင်းမှာ ရွှေအမြူတေအဆင့်အထက်များဖြစ်သည်ကိုသိ၏။ ထိုကြောင့် သူမလည်း စုယွမ်ကို ဆေးပညာဆရာသခင်ကြီးတစ်ယောက်ဟုသာ သတ်မှတ်လိုက်ပေသည်။
ဤသည်မှာ လီချင်းလျန်သာမဟုတ်။
ခုနစ်စဥ်အကြွင်းမဲ့ဂိုဏ်းကို ပထမဆုံးအကြိမ်ရောက်လာကြသောဆေးပညာရှင်များကလည်း မနေနိုင်ဘဲ သူတို့ကို လမ်းညွှန်သည့်တပည့်များ၏အခြေအနေကိုမေးမိကြ၏။
ထိုမှတဆင့် သူတို့အားလုံးက စုယွမ်ဟု အမည်ရသောအကြီးအကဲတစ်ယောက်နာမည်ကိုကြားသိခဲ့ရပေသည်။
အခြေခံအားဖြင့်တော့ ချီစုဆောင်းခြင်းအဆင့်တပည့်တိုင်းလိုလိုဟာ အကြီးအကဲစု၏အမွေအနှစ်များကိုလေ့လာနေကြ၏။
ဤသို့ဖြင့် မသိလိုက်ဘာသာပင် စုယွမ်၏အမည်မှာ ဆေးပညာရှင်များအကြား ကျော်ကြားလာတော့သည်။ သူတို့မှာ လူကိုမမြင်ဖူးသော်ငြား နာမည်ကိုတောင် ရင်းနှီးနေကြလေပြီ။
စုယွမ်၏နားထဲတွင်မူ စနစ်မြည်သံများကို အချိန်နှင့်အမျှကြားနေရလေသည်။
စိတ်အာရုံစွမ်းရည်ကြောင့် မြင်ရသည့်မြင်ကွင်းများကိုကြည့်ရင်း သူ့မှာ ပြောစရာစကားပျောက်ရှနေရသည်။
သူ ကျော်ကြားမှုအမှတ်က ထိုသို့နည်းဖြင့်မြင့်လာမည်ဟုမတွေးထားခဲ့ဖူးပေ။
သူလည်း အတွေးနက်သွားရသည်။ အနှီဆေးပညာရှင်များမှာ အနယ်နယ်အရပ်ရပ်ကလာတာဖြစ်ပြီး ဆေးပညာနယ်ပယ်တွင် ပါရမီရှင်များပင်။ သူသာ ထိုသူတို့ရင်ထဲ နက်နက်နဲနဲထင်မြင်ချက်တစ်ခု၊ပုံရိပ်တစ်ခုသာ ချန်ရစ်ထားခဲ့ပါလျှင် သူတို့က သူ့အကြောင်း အခြားသူများကိုဆက်ပြောပါက ကျော်ကြားမှုမှတ်ကလည်း များစွာမြင့်လာရမည်မဟုတ်ပေလား။
ဤသည်ကိုတွေးရင်းဖြင့် စုယွမ်မှာ အကြံတစ်ခုရသွားခဲ့သည်။
ထိုနေ့၌ သူရိန်နေမင်း၏အပူရှိန်မှာ ပြီးပြည့်စုံစွာ သင့်တင့်နေခဲ့၏။
စုစုပေါင်းအားဖြင့် တစ်ရာ့ရှစ်ယောက်သောဆေးပညာရှင်များမှာ ဆေးဝါးဆိုင်ရာတောင်ထိပ်၏ကျယ်ဝန်းသောကွင်းပြင်ကျယ်ထဲ စုဝေးနေကြသည်။
ကြည့်ရှုသူများထဲ အခြားဂိုဏ်းမှလာ၍ အခမ်းအနားကိုကြည့်ရှုနေကြသူများလည်းရှိ၏။ ကျင့်ကြံသူအများစုမှာ မှတ်တမ်းတင်ကျောက်တုံးများကိုပင်ထုတ်၍ ဖြစ်ဖြစ်သမျှကို သတင်းပြန့်လွှင့်ရန် စီစဥ်ထားကြပြီးလေပြီ။
တစ်ရာ့ရှစ်ယောက်သောဆေးပညာရှင်များကလည်း ကွင်းပြင်ထဲအစီအစဥ်တကျဝင်လာလျက်၊ အစီအရင်ဖြင့်ကန့်သတ်ပေးထားသော နေရာငယ်လေးတွင်ဝင်ထိုင်ပြီး ဒိုင်လူကြီးကို တည်ကြည်စွာစောင့်ဆိုင်းနေကြလေ၏။
အချိန်ကျရောက်လာသောအခါ ကောင်းကင်ရှိ တစ်နေရာမှာ စုပ်ပြဲသွားပြီး အပေါက်တစ်ခုရုတ်တရက်ပေါ်လာလေသည်။
ထိုထဲမှ ဆံပင်ဖြူဖြင့် လူအိုကြီးတစ်ယောက်က ဖြေးညင်းစွာလျှောက်ထွက်လာလေ၏။
သူ လျှောက်ထွက်လာချိန်တွင် လူအိုကြီးမှာ ချောင်းအနည်းငယ်ဆိုး၍ အနည်းငယ်မနာကျန်းဖြစ်နေဟန်ပေါ်လေသည်။