← Chapters

အခန်း ၁၅၄

Vol. 16 Ch. 154

အခန်း ၁၅၄

Vol. 16 Ch. 154

Chapter 154 :လျှို့ဝှက်ဆေးပညာကျင့်စဥ်များပေါ်ပေါက်လာမှု။

ရာချီသောဆေးပညာရှင်တို့ကလည်း တစ်ယောက်ပြီးတစ်ယောက်ဝင်သွားကြ၏။

လီချင်းလျန်လည်း ဝင်သွားလိုက်တော့ အထဲတွင် တစ်ဦးတည်းဆေးဖော်ခန်းတစ်ခုသို့ရောက်သွားကြောင်း တွေ့လိုက်ရသည်။

ဆံပင်ဖြူနှင့်လူငယ်ပုံစံဝိညာဉ်လေးက သူမကို ဘေးတွင်ပေါ်လာလေ၏။

လီချင်းလျန်ကလည်း အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး လက်ကိုဆုပ်၍ အရိုအသေပြုလိုက်သည်။

“အစောင့်အရှောက်အအကြီးအကဲကို ဂါဝရပြုပါတယ်။”

“ငါ့ကို လောင်ချမ်လို့ပဲခေါ်ပါ။”

လူငယ်လေးက ဆိုလာသည်။

“အမ်း၊ ဟုတ်ကဲ့ပါ။ လောင်ချမ်။”

လောင်ချမ်ကလည်း ခေါင်းညိတ်၍ပြောလိုက်သည်။

“မင်းက ဘယ်လိုမီးမျိုးလိုအပ်လဲ။ ငါ အသုံးများတဲ့ ဒုတိယအဆင့်နဲ့တတိယအဆင့်ဝိညာဉ်မီးတွေအထိတော့ ထောက်ပံ့ပေးနိုင်တယ်။”

သူက ဆေးဖော်စပ်ရာဒယ်စောက်များစွာကို သန့်စင်ထားသလို ဝိညာဉ်မီးအချို့ကိုပါ သန့်စင်ဖူးသည်လေ။ ထို့နောက်တွင်လည်း ဤဆေးပညာအခမ်းအနားအတွင် ဆေးဝါးဆိုင်ရာတောင်ထိပ်သို့ သီးသန့်သွား၍ ဝိညာဉ်မီးတော်တော်များများကို သန့်စင်ခဲ့၏။

လီချင်းလျန်မှာ အလေးနက်ဖြစ်သွားသည်။

“ဘယ်မီးမဆိုရတာလား။”

“ဟုတ်တယ်၊ နောက်ပြီး မင်းမှာ ဆေးလုံးဖော်ဖို့ မီးပြင်းဖိုမရှိဘူးဆိုရင်လည်း ငါပေးမယ်။”

လောင်ချမ်ဆိုလိုက်သည်။

“ကျွန်မ တတိယအဆင့်သန့်စင်ဝိညာဉ်မီးတောက်ကို လိုချင်တယ်။”

လီချင်းလျန်က ပြောသည်။

“ရတယ်။”

လောင်ချမ်က လက်ဝှေ့ယမ်းလိုက်ရာ ဆေးဖော်ခန်း၏အလယ်၌ သန့်စင်ဝိညာဉ်မီးတောက်တစ်ခုပေါ်လာလေသည်။

လီချင်းလျန်လည်း ကိုယ်ပိုင်မီးပြင်းဖိုကိုထုတ်ပြီး မီးအပေါ်တွင်တင်လိုက်၏။ သူမ အနည်းငယ်စမ်းသပ်ကြည့်လိုက်တော့ ဤဝိညာဉ်မီးတောက်မှာ တကယ်ကို ညင်သာ၍ သူမကိုယ်တိုင်၎င်းကို သန့်စင်ထားသလို သူမ၏စိတ်ဝိညာဉ်အာရုံဖြင့် အလွယ်တကူထိန်းချုပ်နိုင်မှန်းသိလိုက်ရသည်။

“ဒီလိုဝိညာဉ်မီးတောက်မျိုုးက တကယ်ကိုရှားတာ။ ကျွန်မ အရင်က ဒီလိုမျိုးတစ်ခုကို သန့်စင်နိုင်ဖို့ တွေးခဲ့ဖူးတယ်။ အခုဒီမှာ တကယ်ကြီး ဒီမီးတောက်ကို သုံးခွင့်ရသွားမယ်မထင်ထားဘူး။”

လီချင်းလျန်က ပျော်ရွှင်စွာပြောလာသည်။

“မင်းသာ ထိပ်တန်းအဆင့်ဆယ်ယောက်ကိုဝင်ရင် ငါကိုယ်တိုင် မင်းကို ဝိညာဉ်မီးတောက်တစ်ခု လတ်ဆောင်ပေးပါ့မယ်။”

လောင်ချမ်က ခပ်ယဲ့ယဲ့ပြုံး၍ ဆိုလာသည်။

“လောင်ချမ် တကယ်ပြောနေတာလား။”

လီချင်းလျန်မှာ ယှဉ်ပြိုင်လိုစိတ်များ ဟုန်းဟုန်းတောက်သွားရသည်။

“အရမ်းလည်းဈေးကြီးတာမှ မဟုတ်တာ၊ မီးတောက်လေးတစ်ခုပဲဥစ္စာ၊ ဝိညာဉ်ကျောက်တုံးသန်းချီလောက်ပဲကျမှာ။ ဒါက ပစ္စည်းကောင်းစာရင်းထဲတောင်မဝင်သေးပါဘူး။”

ပဥ္စမအဆင့်ဟူသည့်ဝိညာဉ်ရတနာဖြစ်သည်နှင့်အညီ တကယ်ကို ချမ်းသာလှသည်ပဲ။

သူမလည်း ဆက်လက်၍ စိတ်လှုပ်ရှားစွာဖြင့် သန့်စင်ဝိညာဉ်မီးတောက်နှင့် ရင်းနှီးအောင် လုပ်နေလိုက်၏။

ရုတ်တရက် လောင်ချမ်က ပြောလာသည်။

“လူတစ်ယောက်က အမှတ်တစ်ခုရသွားပြီ၊ အဆင့်ဇယားစဉ်တာလည်း စပြီ။”

သူ လက်ဝှေ့ယမ်းလိုက်တော့ အလင်းဖျော့ဖျော့မျက်နှာပြင်တစ်ခုမှာ လီချင်းလျန်၏အရှေ့တွင် ပေါ်လာလေ၏။

【1】: ကျန်းရိခွမ်: 5မှတ်

【2】: ချုံခယ်: 3မှတ်

【108】: လီချင်းလျန်: 0မှတ်

အလျင်လိုမှုတစ်ခုက လီချင်းလျန်၏ရင်ထဲထိုးတက်လာလေသည်။

“လောင်ချမ်၊ ရှင် ကုန်ကြမ်းတွေရောထောက်ပံ့နိုင်လား။ ကျွန်မ သစ်သားဝိညာဉ်အသီး၊ ငွေအသည်းမြက်...”

သူမ ပြောပြီးသည်နှင့် လိုအပ်သောဆေးဘက်ဆိုင်ရာ ကုန်ကြမ်းတို့မှာ သူမရှေ့့၌ ပေါ်လာကြလေ၏။

ပစ္စည်းများ၏အရည်အသွေးများလည်း ကောင်းမွန်လှသည်ပင်။

လီချင်းလျန်လည်း တုံ့ဆိုင်းမနေတော့ဘဲ ကုန်ကြမ်းများကို မြန်မြန်ကောက်ယူလိုက်သည်။ သူမလည်း ပစ္စည်းများ၏အရည်အသွေးနှင့်အဆင့်ကို အနည်းငယ်စစ်ဆေးကြည့်ချိန်တွင် ခုနစ်စဉ်အကြွင်းမဲ့ဂိုဏ်းရှိကုန်ကြမ်းများမှာ ပြင်ပ ပစ္စည်းများထက် ဆယ်ရာခိုင်နှုန်းလောက် ပိုအားကောင်းကြောင်းတွေ့လိုက်ရသည်။ တကယ်တော့ ၎င်းက သူမ ပုံမှန်သုံးနေကြနှင့်မတူရာ လိုက်လျောညီထွေမှုကို စစ်ဆေးနေခြင်းလည်း ဖြစ်၏။

သို့သော် ဤမျှလောက်က မဖြုံပါလေ။ သူမလည်း ချက်ချင်း ကုန်ကြမ်းများကို မီးပြင်းဖိုထဲထည့်၍ ဆေးစဖော်တော့သည်။

ရှောင်ချမ်ကတော့ ဘေးတွင်ရပ်လျက်၊ ပြောင်ပြောင်တင်းတင်းပင်ကြည့်နေပြီး သူမလုပ်ငန်းစဉ်တစ်ခုလုံးကို အသေးစိတ်မှတ်တမ်းတင်နေ၏၊ ကုန်ကြမ်းရွေးချယ်ပုံ၊ ကုန်ကြမ်းများကို သန့်စင်ပုံ၊ ပေါင်းစပ်ပုံနှင့်အတူ ဆေးလုံးဖွဲ့စည်းရန် အချိန်ယူပုံစသည်ဖြင့် အသေးစိတ်ကို မှတ်တမ်းတင်နေပေသည်။

ထိုအချိန်တွင် စုယွမ်ကတော့ ရှိမြဲနေရာတွင်ရပ်၍ မျက်လုံးမှိတ်ထားရင် ဆေးဖော်စပ်နေသည့်ပုံရိပ်များကို ကြည့်နေသည်။

သူ ဂိုဏ်းအမျိုးမျိုးမှလာသောဤပါရမီရှင်လေးများက တကယ်ကို ထူးချွန်းကြကြောင်းတွေ့ရှိလိုက်ရ၏။ အများစုမှာ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ဖြစ်သော်ငြား တတိယအဆင့်ဆေးလုံးများကိုတောင် သန့်စင်နိုင်ကြပေလေသည်။

ဤသည်မျိုးက မိမိအဆင့်ထက်ကျော်လွန်၍ လုပ်နိုင်ခြင်းမျိုးဖြစ်လင့်ကစား ဤနေရာရှိလူတိုင်းကတော့ လုပ်နိုင်နေ၏။ ထို့အပြင် သူတို့၏ဆေးဖော်စပ်နည်းတိုင်းမှာ တမူထူးခြားကြလျက် သူ ယခင်ကမမြင်ဖူးသောနည်းလမ်းပေါင်းများစွာပါဝင်နေလေသည်။

ဆေးဝါးဆိုင်ရာတောင်ထိပ်တွင် စုယွမ်လေ့လာခဲ့သော ဆေးပညာလျှို့ဝှက်ကျင့်စဉ်များရှိလျှင်တောင် အဖွဲ့အစည်းတစ်ခု၏အမွေအနှစ်လေးတစ်ခုက ကျင့်ကြံရေးလောကတစ်ခုလုံး၏ဆေးပညာနည်းလမ်းများနှင့် ယှဉ်နိုင်မည်နည်း။

အင်အားစုအသီးသီးရှိအမွေအနှစ်များအားလုံးမှာ ကောင်းကျိုးကိုယ်စီရှိကြပြီး ဤပါရမီရှင်လေးများတော့ အနှီအမွေတို့၏ကိုယ်စားပြုများဟုတောင်ခေါ်၍ရ၏။

စုယွမ် ၎င်းတို့ထဲမှ အချို့ကိုနားမလည်တောင် စိတ်အနှောင့်အယှက်မဖြစ်ပါပေ။

ဆေးပညာတာအိုဆိုသည်မှာ ကျင့်ကြံရေးတွင် အရေးပါလှသောလမ်းကြောင်းတစ်ခုဖြစ်သည်။ သူ၏ကျင့်ကြံရေးလမ်းစဉ်မှာ လက်ရှိတွင် လွယ်ကူနေသေးတောင် သူရှေ့ဆက်မည့် အစီအစဉ်တစ်ခုတော့လို၏။ အကယ်၍များတစ်နေရာရာတွင် အခက်ကြုံကာ ကျင့်ကြံရေးကရပ်တန့်သွားပါက အဘယ့်နည်း။

ထို့ကြောင့် ယခုတစ်ခေါက်အခွင့်အရေးကိုယူကာ အခြားသူများ၏ဆေးပညာကျင့်စဉ်များကို သင်ယူခြင်းကလည်း အလွန်အရေးပါသည်ပင်။

သူများကျင့်စဉ်များကို ခိုးယူခြင်းက သိက္ခာမရှိသည့်လုပ်ရပ်မျာလော။

သို့သော် သူက ဘာများခိုးယူနေလို့ပါနည်း။ လောင်ချမ်ကတောင် ပေါ်ပေါ်တင်တင်ကြည့်နေခြင်းမဟုတ်လား။ တစ်ဖက်ဆေးပညာရှင်များတောင် ၎င်းကို စိတ်ထဲမထားလျှင် သူလည်း စိတ်ထဲ လုံးဝမထားပါပေ။

ထို့အချိန် ဆေးပညာအခမ်းအနားကွင်းပြင်တွင် ကြီးမားသောအလင်းမျက်နှာပြင်ကြီးပေါ်လာပြီး ဆေးပညာရှင်တစ်ရာ့ရှစ်ဦး၏ရလဒ်များကို အချိန်နှင့်တပြေးညီပြသထား၏။

နာမည်များဟာ စဉ်ဆက်မပြတ်အပေါ်အောက်ကူးပြောင်းနေရာ လူအုပ်မှာလည်း အချိန်နှင့်အမျှ စိုးရိမ်ပူပန်လာရ၏။

“ဒီတစ်ခေါက်ဆေးပညာပြိုင်ပွဲကတော်တော်လေးပြင်းထန်တာပဲ။”

“ဟုတ်ပါ့၊ အောင်မြင်နှုန်း၊ အမြန်၊ ဆေးဝါးရွေးချယ်တာ အကုန်ကုန်ကို ထည့်စဉ်းစားပြီး လုပ်ထားတာပဲ။”

“ငါလည်း အသေးစိတ်ကိုတစ်ခုကိုမြင်လိုက်တယ်၊ တကယ်လို့ ပြိုင်ပွဲဝင်တွေက ဆေးဝါးတစ်မျိုးထဲကိုပဲ ထပ်ခါတလဲလဲဖော်စပ်ရင် ရတဲ့အမှတ်ကလည်း တဖြည်းဖြည်းနည်းသွားလိမ့်မယ်။ ဒါက ပြိုင်ပွဲဝင်တွေရဲ့အခြေခံကို စစ်တာပဲ။”

“ဒီအတိုင်းဆို ဒီတစ်ခေါက်ပြိုင်ပွဲက တော်တော်လေးတရားမျှတတယ်ပြောလို့ရတယ်။ အစောင့်အရှောက်ဝိညာဉ်ကို အမှတ်ပေးခိုင်းတာက လူတွေ အမှတ်ပေးတာထက် ပိုတိကျတယ်။ ဒါက ဆေးပညာရှင်တွေရဲ့အခြေခံဘယ်လောက်ခိုင်သလဲစစ်တာ။ ဒီလိုနည်းနဲ့ဆိုရင် ရှုံးသွားရင်တောင် လက်ခံရလွယ်တာပေါ့။”

“နောက်ပြီး လေဟာနယ်အဆင့်အကြီးအကဲတစ်ယောက်က အခမ်းအနားကို ဦးစီးနေမှတော့ ပထမရတဲ့သူရမဲ့ ဆေးပညာကံကောင်းခြင်းက ပိုပြီးတောင် အဆင့်မြင့်လောက်တယ်။ လူတိုင်းကတော့ အစွမ်းကုန်ကြိုးစားနေကြတော့တာပဲ။”

လူအုပ်ကြီးမှာ အဆက်မပြတ်ဆွေးနွေးနေကြသည်။ ယခုတစ်ခေါက်ပြိုင်ပွဲသည်ကား လူတိုင်းတွေးထားသည်ကျော်လွန်နေသည်ပင်၊ ထိုသည်မှာ မကောင်းသည်မျိုးမဟုတ်၊ ထိုအစား ပို၍ကောင်းသွားပြီး ဆေးပညာရှင်တစ်ဦး၏အရည်အချင်းကို အပြည့်အဝထုတ်ဖော်ခွင့်ရသွားခဲ့၏။

စုယွမ်ကလည်း ဆွေးနွေးနေတာများကို နားထောင်ရင်း နှုတ်ခမ်းထောင့်များ ကွေးတက်လာရသည်။ ဤသို့ယှဉ်ပြိုင်ပုံစံမျိုးကလည်း သူ ဆေးပညာရှင်တို့၏စွမ်းရည်အလုံးစုံကို ထုတ်ပြခွင့်ရအောင် သေချာစီစဉ်ထားတာ ဖြစ်၏။

ထိုသို့မဟုတ်ဘဲ ပြိုင်ပွဲများက ဆေးဝါးအမျိုးအစားတစ်ခုထဲကိုသာ ဆက်တိုက်သန့်စင်နေခဲ့ပါလျှင် တော်တော်လေး ငြီးငွေ့ဖွယ်ကောင်းသွားမည်။ သို့မဟုတ်ဘဲ ဆေးဝါးအမျိုးမျိုးကို သန့်စင်တာကိုသာ မြင်ရပါက ဆေးပညာရှင်တို့ အတွေ့အကြုံနှင့်စွမ်းရည်ကို ပို၍ ထင်သာမြင်သာဖြစ်စေမည်သာ။

စုယွမ်လည်း ဆေးဝါးတစ်မျိုးခြင်းဆီကို စိတ်ထဲသေချာမှတ်သားနေလျက် ဆေးပညာနှင့်ပတ်သက်သော အသိပညာများက တဖြည်းဖြည်းတိုးလာတော့သည်။

သူက ၎င်းတို့ကိုတစ်ခေါက်တည်းသာကြည့်သည်မဟုတ်။ ယခုတွင်တော့ သူက အဖန်တလဲလဲသေချာကြည့်၍ သေချာမှတ်သားနေသည်၊ အထူးသဖြင့် အဆင့်ဆေးပညာကျင့်စဉ်များဆိုလျှင် ပို၍ပင် အကြိမ်ဖန်များများကြည့်ဖြစ်သေး၏။

အချိန်မှာကား နှေးကွေးစွာ ကုန်ဆုံးနေသည်။

တကယ့်တကယ် အထဲတွင် ဆေးဖော်စပ်နေရသော ဆေးပညာရှင်များအတွက်တော့ ဤသည်မှာ အလွန်ခက်ခဲသော် ပြိုင်ပွဲတစ်ခုပါပင်၊ လူတိုင်း၏ဦးနှောက်မှာ အစွမ်းကုန်အလုပ်လုပ်၍ တစ်ခုသန့်စင်ပြီးသည်နှင့် ပို၍ကောင်းသော မည်သည့်ဆေးဝါးကို ဆက်လက်သန့်စင်ရမည်ကို ဆက်တိုက်တွေးတောနေရသည်။

သို့သော် သူတို့က ဆေးဖော်စပ်သည်မှလွဲ၍ ဘာကိုမှစိတ်ပူစရာမလိုပေ။ အကယ်၍ သူတို့၏ဝိညာဉ်စွမ်းအင်များက ကုန်ခမ်းသွားလျှင်တောင် လောင်ချမ်က အလျင်လျင်မြန်စွာဖြင့် ဝိညာဉ်စွမ်းအင်ပြန်အားပြည့်စေသော ဝိညာဉ်ဆေးရည်တစ်မျိုးကို ပေးလာလိမ့်မည်။ သူတို့၏စိတ်ဝိညာဉ်အာရုံတို့ကုန်ခမ်းသွားတောင် ၎င်းကို ချက်ချင်းပြန်ပြည့်စေမည့်ဆေးရည်လည်း ရှိနေပြန်၏။

အချုပ်ဆိုရသော် သူတို့မှာ စက်ယန္တယားများကဲ့သို့ စဉ်ဆက်မပြတ် ဆေးကိုသာ တရပ်ကြမ်း သန့်စင်နေကြရပေသည်။ ထို့အတူ အချိန်အမျှပြောင်းလဲသောအဆင့်သတ်မှတ်ချက်ကြီးမှာ သူတို့ကို ဆက်တိုက် ရတတ်မအေးရအောင် ဖိအားပေးနေသည်လေ။

ဆေးဝါးတစ်မျိုးဖော်စပ်ပြီး၍ ခဏအနားရချိန်တွင် လီချင်းလျန် အဆင့်မျက်နှာပြင်ကို တွေ့လိုက်တော့ အဆင့်ဆယ့်နှစ်ရောက်နေတာကို အံ့ဩတကြီးတွေ့လိုက်ရ၏။

သူမမှာ အမူအရာပြောင်းသွားရသည်။ ယခင်တစ်ခေါက် သူမ ကြည့်တုန်းကတောင် သူမက အဆင့်ခုနစ်တွင် နေရာယူခဲ့သည်လေ။ အခုမှဆေးဝါးတစ်မျိုးသန့်စင်ပြီးရုံရှိသေး သူမ၏အဆင့်ကလည်း ကျသွားခဲ့ရ၏။

သူမ တုံ့ဆိုင်းသွားပြီး အမူအရာမရှိရပ်နေသောလောင်ချမ်ကို ကြည့်လိုက်၏၊ သူမလည်း နောက်ဆုံးတွင် သူမဂိုဏ်း၏လျှို့ဝှက်ဆေးပညာနည်းလမ်းကို ထုတ်သုံးမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

သန့်စင်ဝိညာဉ်မီးတောက်နှင့် ဆေးပညာအခမ်းအနား၏အဆင့်ရလဒ်၊ ထို့အပြင် အစောင့်အရှောက်ဖြစ်သောလောင်ချမ်ကလည်း သူမ နည်းလမ်းများကို စိတ်ဝင်စားပုံမပေါ်ရာ သူမလည်း တွေဝေနေစရာအကြောင်းမရှိတော့ပါလေ။

လောင်ချမ်သာ တကယ် ခိုးသင်ချင်ပါက ဤမျှအထိ သူမဘေးတွင် ပြောင်ပြောင်တင်းတင်းလာရပ်လိမ့်မည်မဟုတ်ပါပေ။

ဆုံးဖြတ်ချက်ချပြီးသောမျက်နှာနှင့် သူမလည်း ချက်ချင်း ကျင့်စဉ်ကို အသက်သွင်းလိုက်တော့သည်။ သူမခန္ဓာကိုယ်ထဲရှိ ဝိညာဉ်စွမ်းအင်လည်ပတ်နေပုံမှာ ရုတ်ချည်းထူးဆန်းသွားလေ၏။ ထိုအချိန်တွင် ခန္ဓာကိုယ်ထဲရှိမရီဒျာန်များကလည်း အဆင့်မြင့်မီးပြင်းဖိုကြီးတစ်ခု၏အစီအရင်အတိုင်း သွယ်တန်းသွားကြလေသည်။

လောင်ချမ်စိတ်ထဲ အနည်းငယ်တင်းကြပ်သွားရာ သူလည်း ပြောင်းလဲမှုများကို မှတ်တမ်းတင်၍ စုယွမ်ထံ ချက်ချင်း ပြသလိုက်၏။

All Chapters