အခန်း ၁၅၆
Vol. 16 Ch. 156
Chapter 156: အင်အားစုများအားလုံးပေါင်းခြင်း၊ ခုနစ်စဥ်ကြယ်ဆေးပညာကျင့်စဥ်။
ခုနစ်ရက်တာပြိုင်ပွဲက နောက်ဆုံးချိန်ရောက်လာလေပြီ။
တစ်ရာ့ရှစ်ယောက်သောဆေးပညာရှင်များဟာ ပျံထွက်လာကြလျက်၊ အားလုံးကလည်း အလွန်ပင်ပန်းနွမ်းနယ်နေဟန်ရှိ၏။
သူတို့ ထွက်လာပြီးသည်နှင့်ချက်ချင်း လေထုအလယ်ရှိအဆင့်စာရင်းကို မော့ကြည့်လိုက်ကြသည်။
လူတိုင်းအံ့ဩသွားရသည်မှာကား ပထမနေရာတွင် လီချင်းလျန်ချိတ်ဆွဲနေခြင်းပင်။
ဤအချင်းအရာမှာ လူတိုင်းကို ရိုက်ချိုးလိုက်ပြီး နောင်တတကြီးဖြင့် ငိုက်စိုက်ကြသွားစေလေသည်။
သိသိသာသာကို လီချင်းလျန် ဗိုလ်ဆွဲသွားရခြင်းအကြောင်းမှာ သူမက အရင်ဦးစွာ ပြတ်ပြတ်သားသားဆုံးဖြတ်ချက်ချလိုက်ခြင်းကြောင့်သာပင်တည်း။
ခြေတစ်လှမ်းသာသည်နှင့် ခြေလှမ်းတိုင်းက လူတိုင်းထက်ရှေ့ရောက်လျက် အဆုံးတွင်မူ သူမဟာ ကံကောင်းခြင်းများစွာဖြင့် ဆေးပညာအခမ်းအနား၏အနိုင်ရရှိသူဟူသော ဂုဏ်ပုဒ်ကို ဆွတ်ခူးရရှိသွားလေတော့သည်။
“ငါ၊ ငါက တကယ်ကြီး ပထမနေရာရသွားတာလား။ ဒါ၊ ဒါ တကယ်ရော ဟုတ်ရဲ့လား။”
လီချင်းလျန်မှာ အံ့ဩတကြီး ပျော်ရွှင်စွာအော်ဟစ်နေတော့၏။
သူမဂိုဏ်း၏အကြီးအကဲမှာလည်း ပျော်ရွှင်နေလေသည်။
“တော်တယ်၊ တော်တယ်။”
စုယွမ် မတ်တပ်ရပ်လိုက်ပြီး လီချင်းလျန်ကို ကြည့်ကာ ပြောလိုက်၏။
“ဂုဏ်ယူပါတယ်၊ လီချင်းလျန်။ မင်းက ဆေးပညာအခမ်းအနားရဲ့အနိုင်ရသူဆိုတဲ့ ဂိုဏ်ပုဒ်ကို အောင်မြင်စွာရခဲ့ပြီ။ ငါ မင်းကို အထူးတလည် စတုတ္တအဆင့်ဝိညာဉ်မီးနဲ့ဆုချီးမြင့်မယ်။ မင်း အနာဂတ်ကျရင် ဒီလူအိုကြီးကို ကျော်နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
သူ လက်တစ်ချက်ယမ်းလိုက်တော့ ဒယ်စောက်ထဲမှ ဝိညာဉ်မီးတစ်ခုက ထွက်လာပြီး လီချင်းလျန်ဆီ ပျံသန်းသွား၏။
လီချင်းလျန်ကလည်း ဝိညာဉ်မီးကို အံ့ဩပျော်ရွှင်စွာ လက်ခံလို့ ကျေးဇူးတင်လိုက်သည်။
“ကျေးဇူးတင်ပါတယ်၊ အကြီးအကဲစု။”
“အဟမ်း၊ ထိပ်တန်းဆယ်ယောက်လည်း ဝိညာဉ်မီးဆုရရှိမယ်။”
တတိယအဆင့်ရှိဝိညာဉ်မီးကိုးခုက ဒယ်စောက်ထဲမှာ ထွက်ပေါ်လာပြီး ကျန်ရှိသည့် ထိပ်တန်းဆယ်ယောက်ဆီရောက်ရှိသွားတော့သည်။
လူတိုင်းကလည်း ကျေးဇူးအသီးသီးတင်လာကြ၏။
တတိယအဆင့်ဝိညာဉ်မီးဆိုသည်မှာ အလွန်အဖိုးတန်လှသည်မဟုတ်သော်ငြား စုယွမ်ပေးသည့်မီးတောက်အမျိုးအစားများက ရှားပါးသည့်အမျိုးအစားများဖြစ်ပြီး သန့်စင်ရန်လည်း ခက်ခဲသည့်အရာများပင်။
သို့သော် စင်စစ်တွင် ဝေဟင်ကမ္ဘာပန်းကန်လုံးအတွက်မူ ဝိညာဉ်မီးကဲ့သို့အရာများကို ဝိညာဉ်ကျောက်တုံးများသုံး၍ သန့်စင်နိုင်ပေ၏။ ဤသည်မှာ ဝေဟင်ကမ္ဘာပန်းကန်၏စွမ်းရည်တစ်ခုဖြစ်ပေသည်၊ ၎င်းက ဝိညာဉ်မီးမျိုးစေ့နှင့်ဝိညာဉ်ကျောက်တုံးများများရှိလျှင်ပင် ဝိညာဉ်မီးတောက်ကောင်းကောင်းကို ထုတ်လုပ်လာနိုင်၏။
ထိုအတွက်ကြောင့် စုယွမ်အလွန် ရက်ရောနေရခြင်းပါပေ။
စုယွမ် ခေါင်းညိတ်လိုက်သည်။
သူ လူအုပ်ကြီးကို တစ်ချက်ကြည့်၍ ဆက်ပြောလိုက်၏။
“နောက်ထပ်အနေနဲ့ သုံးရက်တာဆေးပညာဖလှယ်ပွဲရှိလိမ့်မယ်။ လူတိုင်းက လွတ်လပ်စွာပြောနိုင်ပြီး မင်းတို့ရဲ့ဆေးပညာတာအိုအပေါ်အမြင်တွေကို ဖလှယ်နိုင်တယ်။ သုံးရက်ကြာပြီးတဲ့နောက်မှ အစောင့်အရှောက်ဝိညာဉ်ကပဲ အကောင်းဆုံးပြောကြားနိုင်တဲ့သူသုံးယောက်ကို ရွေးချယ်လိမ့်မယ်။”
“ဘယ်သူအရင်စမလဲ။”
“ကျွန်တော်အရင်စပါမယ်။”
လူတစ်ယောက်က ချက်ချင်းပြောလာ၏။
စုယွမ်လည်း ပြုံးလိုက်ပြီး ထိုလူကို လှည့်ကြည့်လိုက်သည်။ ထိုသူမှာ လီချင်းလျန်၏ဂိုဏ်းက အကြီးအကဲတစ်ဦးဖြစ်၏၊ တကယ်ကို ဆရာတူ၊ တပည့်တူပါပေ။
မကြာမီတွင် သူ့လမ်းပြမှုဖြင့် အနှီဝိညာဉ်အဆင့်ကူးပြောင်းခြင်းအကြီးအကဲက စင်မြင့်ပေါ်သို့ ဆေးပညာအတွေ့အကြုံများကိုဖလှယ်ရန် ရောက်လာ၏။
“ကျွန်တော့်အမြင်မှာဆိုရင် ဆေးပညာထဲအရေးကြီးဆုံးအရာက ဆေးကုန်ကြမ်းတွေရဲ့အချိုးအစားဂုဏ်သတ္တိတွေမဟုတ်ဘူး၊ ကောင်းကင်နဲ့မြေကြီးရဲ့ဝိညာဉ်စွမ်းရည်တွေပေါင်းစပ်တာပဲ...”
စုယွမ်လည်း နားထောင်ကြောင်း ခေါင်းညိတ်ပြလိုက်၏၊ ၎င်းက နက်နဲသောဆေးပညာအတွေ့အကြုံပါပေ။
အနှီဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကျင့်ကြံသူက စတင်လိုက်သော်ကြောင့် အခြားသောဆေးပညာရှင်များ တစ်ယောက်ပြီးတစ်ယောက်လည်း သူတို့၏အတွေ့အကြုံများ ဖလှယ်ရန် ရှေ့တက်လာကြတော့သည်။ အချို့ဆေးပညာရှင်များဆိုလျှင် အချင်းချင်းတောင် ပြန်လည်ချေပကြရင်း အပြန်အလှန်ပြောဆိုကြရာ အလွန်စည်ကားနေတော့၏။
ဤသို့ဖြင့် လူတိုင်းက အဖွဲ့ငယ်လေးများ ဖွဲ့ရင်း ဆေးပညာပြဿနာများကို ဆွေးနွေးကြတော့၏။
စုယွမ်လည်း စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေရင်း လူတိုင်းပြောတာကို တိတ်တဆိတ်နားထောင်နေလိုက်သည်။
ယခုအချိန်အထိ ဘယ်သူကမှတော့ လျှို့ဝှက်ချက်များအထိ ထုတ်မပြောကြသေးသော်လည်း စုယွမ်အတွက်တော့ ဒါကတောင်လုံလောက်နေလေပြီ။
ဤသို့ဖြင့် ထိုအတိုင်း သုံးရက်တာဆက်လက်နေပေ၏။
လူတိုင်းပြောတာပြီးသွားချိန်တွင် ဝေဟင်ကမ္ဘာပန်းကန်လုံးက ကျင့်ကြံသူသုံးယောက်ကို အဆွေးနွေးအကောင်းဆုံး၊ ဖလှယ်ဆုံးလူများအဖြစ် ရွေးချယ်ပေးလာ၏။
ထိုသူတို့ထဲ လီချင်းလျန်ဂိုဏ်းဖြစ်သော ဓါးနန်းတော်မှ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရှိသူအကြီးအကဲ ရွှယ်ကျန်းလည်းပါဝင်၏။
အနှီဝိညာဉ်အသွင်ကူးပြောင်းခြင်းအကြီးအကဲမှာ တကယ်ကို အတားအဆီးမရှိပါပေ၊ သူဟာ ဆေးပညာအတွေ့အကြုံများကို အဟန့်အတားတောင်မရှိဘဲ အလုံးစုံထုတ်ပြောလာရာ အလွန်လေးစားဖွယ်ကောင်းပေသည်။
အနှီကျင့်ကြံသူသုံးဦးနှင့်အတူ လီချင်းလျန်တို့က စုယွမ်၏ရှေ့တွင် တင်ပျင်ခွေထိုင်နေကြ၏၊ သူတို့က စုယွမ်၏ဆေးဖော်စပ်သောလုပ်ငန်းစဉ်ကို အနီးကပ်ကြည့်ရှုရန် အခွင့်ရသည်ပေ။
စုယွမ် ပြောလိုက်သည်။
“ဆေးပညာအခမ်းအနားက ပြီးတော့မယ်။ ဒီတစ်ခေါက်မှာ ဒီလူအိုကြီးလည်း အကျိူးတော်တော်များများရသွားပါတယ်။ ဒီအခွင့်အရေးကို ယူရင်း ငါ ဆေးဝါးတစ်သုတ်ကို အထူးတလည်သန့်စင်ပေးပါရစေ။ သန့်စင်ပြီးသွားတဲ့အခါ ငါလည်းပဲ ဆေးပညာတာအိုအပေါ် ငါ့ရဲ့အမြင်တွေကို မျှဝေပေးပါ့မယ်။ တကယ်ကို အမှားအယွင်းလေးတွေရှိလာရင်လည်း သည်းခံပေးဖို့တောင်းဆိုပါတယ်။”
လူတိုင်းက စုယွမ်ကို မျှော်လင့်တကြီး ကြည့်လာကြသည်။
ထိုအချိန်တွင် စုယွမ် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။
【အမည်】: စုယွမ်
【နယ်မြေ】: ချင်းခယ်ကုန်းမြေ
【အဆင့်】: လူသိများကျော်ကြား(530501/ 10000000)
【ကျင့်ကြံမှုအဆင့်】: ထိပ်ဆုံးအခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် (99/100)၊ ရွှေကြယ်အဆင့်ထိပ်ပိုင်း။
【ပါရမီစွမ်းရည်တစ်】: အလုပ်နှင့်နားနေဖလှယ်မှု: လက်ရှိနားနေချိန်: ၁၀၁ရက်။
【ပါရမီစွမ်းရည်နှစ်】: တာအိုပညာနှင့်သဘာ။
【ပါရမီစွမ်းရည်သုံး】: ခုနစ်စဥ်ကြယ်။
【ပါရမီစွမ်းရည်လေး】: စိတ်အာရုံ။
【ပါရမီစွမ်းရည်ငါး】: ရှိန်ဝါမြင့်၊ လေဟာနယ်အဆင့်နှောင်းပိုင်းအရှိန်အဝါ။
စုယွမ်က သူ့ဒန်ထျာန်အတွင်းပြန်ကြည့်လိုက်ရာ ရွှေရောင်တလက်လက်တောက်ပနေသောကြယ်စဉ်ကိုးခုအကြား အစီအရင်သုံးခုသာ ရှိနေသည်ကို တွေ့လိုက်ရသည်၊ ခြောက်ခုမှာ လွတ်နေသေးရာ သူလည်း ဆေးပညာနှင့်ပတ်သက်သောတာအိုအစီအရင်တစ်ခုကို ထည့်ရန်ဆုံးဖြတ်လိုက်၏။
ရွှေအမြူတေအဆင့်သို့ရောက်ချိန်တွင် လူတစ်ယောက်က တာအိုအစီအရင်များကို ရွှေအမြူတေပေါ်တွင် ရေးထွင်းနိုင်သည်။ အနှီတာအိုအစီအရင်ကလည်း ကျင့်ကြံသူတစ်ဦးကျင့်ကြံရေးလမ်းကြောင်း၏အခြေခံများဖြစ်လာလိမ့်မည်ပေ။
လူတချို့က မန္တန်တာအိုအစီအရင်များကို ထည့်သွင်းလို့ သက်ဆိုင်ရာအစီအရင်ကို မိမိနှင့်တသားတည်းကျစေ၏။ အချို့ကတော့ ဓါးတာအိုအစီအရင်ကို ထည့်သွင်း၍ ရွှေအမြူတေကို ဓါးရှည်သဏ္ဍန်တိုက်ရိုက်ပြောင်းပစ်ကြသည်၊ ထို့သို့လုပ်လိုက်ပါက အနာဂတ်တွင် ဓါးတစ်ချောင်းတည်းနှင့်ပင် ဓါးကျင့်စဉ်တစ်သိန်းလောက်ကို ကျင့်ကြံနိုင်သွားပေမည်လေ။
သို့သော်လည်း အများစုကတော့ အရှိန်အဟုန်အဆင့်တာအိုမန္တာန်များကိုသာ ထည့်သွင်းရင်း အနာဂတ်တွင် ၎င်းက အယူအဆအဆင့်ဖြစ်လာဖို့ ရည်ရွယ်ကြပေသည်။
လတ်တလောတွင် သူက သစ်သား၊ မီးနှင့် သတ္ထုအယူအဆအဆင့်တာအိုအစီအရင်များကို ရွေးချယ်ထားပြီး ထိုသည်တို့က သာမာန်မန္တန်တာအိုအစီအရင်များထက်ပိုမြင့်သလို အရှိန်အဟုန်အဆင့်အစီအရင်များထက်လည်း မြင့်၏။ ထပ်ပေါင်းဆိုရသော် သူက ဆေးပညာ၊ အစီအရင်ပညာ၊ အဆောင်ပညာနှင့် လက်နက်ပညာတို့ကို ရွှေကြယ်များအတွင်းထည့်သွင်း၍ ရေနှင့်မြေစွမ်းအင်အယူအဆတို့ကိုပါ မှီညမ်းရန် ပြင်ဆင်ထားပေသည်။
နောက်ဆုံးတွင်မှ သူက ကြယ်စွမ်းအင်အယူအဆကိုသုံးကာ ထိုအရာအားလုံးကို ထိန်းညှိမွမ်းမံပေမည်။
ဤနည်းအားဖြင့် သူ၏ရွှေအမြူအခြေခံက ကြယ်စင်များကဲ့သို့ တည်ငြိမ်ပြည့်စုံကာ အပြစ်အနာအဆာကင်းမဲ့ပေလိမ့်မည်သာ။
သူ၏အတွေးထဲ အတွေးပေါင်းများစွာက ဖြတ်ပြေးသွားလျက် နောက်ဆုံးတွင် စုယွမ်လည်း အလုပ်နှင့်နားနေဖလှယ်မှုစွမ်းရည်ကို အသက်သွင်းလိုက်၏။
ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့်အထိ အသက်သွင်းလိုက်ပေသည်။
နားလည်မှုစွမ်းရည်မှာ ကျင့်ကြံချိန်များနှင့် ပြောင်းပြန်အချိုးကျလျက် အလွန်မြင့်မားသွားတော့သည်။
ထို့အချိန်တွင် စုယွမ်မှာ သူဟာ တကယ်ဉာဏ်ကြီးရှင်ဖြစ်သွားပြီလို့တောင် ခံစားလာရသည်။
သူ ယခင်တုန်းက ဝေခွဲမရဖြစ်ခဲ့သောအရာများကလည်း ထိုအခိုက်အတန့်လေးတွင် အကုန်ရှင်းလင်းသွားကြ၏။
ဤဆယ်ရက်တာအတွင်းရခဲ့သော ဆေးပညာအတွေ့အကြုံများနှင့် ဆေးပညာကျင့်စဉ်များကလည်း စုယွမ်အဖို့ ဆေးပညာတာအိုကိုနားလည်ရန် လောင်စာများဖြစ်လာကြပေသည်။
ယခင်ကရှိခဲ့သောဆေးဝါးသန့်စင်သည့်အတွေ့အကြုံများနှင့်ပါ ပေါင်းလိုက်ပါက သူ၏ဆေးပညာအဆင့်ကလည်း မိုးထိတိုင် ထိုးတက်သွားတော့၏။
သူ့အနားရှိ လူလေးဦးမှာ စုယွမ်မျက်လုံးပိတ်ထားသည်ကို မြင်သည့်အတွက် သူ့ကို မနှောင့်ယှက်ကြပေ။
ထိုသို့သောကျင့်ကြံသူကြီးများ၏ကျင့်ကြံချိန်အယူအဆများက သာမန်သေမျိုးများနှင့်ကွာခြားလှသည်ပေ၊ ထို့ကြောင့် ၎င်းက တရားထိုင်ခြင်းမျှသာ ဖြစ်သည့်အတွက် သူတို့ စောင့်ဆိုင်းနိုင်ပါ၏။
နာရီကြာပြီးနောက်တွင် စုယွမ် ရုတ်ချည်း မျက်လုံးပြန်ဖွင့်လာခဲ့သည်။ အနှီမျက်လုံးများထဲ အလင်းများက တောက်ပလျက် မီးတောက်အလား တောက်လောင်နေလေ၏။ မရေတွက်နိုင်သောအတွေ့အကြုံများက တစ်ခါတည်းနှင့် သူ့စိတ်နှလုံးအတွင်းပျော်ဝင်သွားခဲ့ပြီး ကိုယ်ပိုင်ကျင့်စဉ်များနှင့်ပေါင်းစပ်သွားကြလေတော့သည်။