အခန်း ၁၅၇
Vol. 16 Ch. 157
Chapter 157
နောက်တစ်ခိုက်တန့်တွင် စုယွမ် လှုပ်ရှားလာခဲ့သည်။
သူက ရုတ်တရက် ချက်ချင်းထရပ်ကာ မြေပြင်ပေါ်ဆင်းသက်လိုက်၏။ ထို့နောက်တွင်မူ ကြယ်အလင်းတန်းတို့က သူ့ခြေထောက်အောက်မှထွက်လာကြလေသည်။ လူတိုင်းမှာ နောက်ဆုတ်ပေးကြတော့လေသည်။
ထို့နောက် မြေပြင်ပေါ်တွင် ကြယ်အလင်းကြောင့် ရှုပ်ထွေးသောအစီအရင်တစ်ခုက ပေါ်ပေါက်လာ၏။ ကြယ်စင်အလင်းတို့မှာ နဂါးများကဲ့သို့ပျံသန်းကာ အချင်းချင်းချိတ်ဆက်သွားကြပြီး ဆေးဖော်စပ်ရာဒယ်စောက်တစ်လုံးပုံပေါ်လာလေသည်။
လူတိုင်း၏ထိတ်လန့်နေသောအကြည့်အောက်မှာပင် မြေပြင်ရှိအစီအရင်များအားလုံးက စုစည်း၍ အထက်ကောင်းကင်ယံပေတစ်သောင်းလောက်ထိ ထိုးတက်သွားလေ၏။
ထိုအချိန်တွင် ကောင်ကင်ရှိခုနစ်စဉ်ကြယ်ကလည်း လွန်စွာတောက်ပလာပြီး အလင်းစူးစူးတို့ဖြာကျလာကြသည်။
ကောင်းကင်မှကျဆင်းလာသောကြယ်အလင်းတို့က မြေပြင်မှ ထွက်လာသောအလင်းတို့နှင့် မြေပြင်တွင် တွေ့ဆုံသွားပြီး အချင်းချင်းပေါင်းစပ်ကာ တောင်တစ်လုံးအရွယ်အစားရှိ ကြယ်စွမ်းအင်ဆေးဖော်ဒယ်စောက်ကြီးတစ်လုံးဖြစ်ပေါ်လာလေသည်။
လူတိုင်းမှာ ပါးစပ်များဟောင်းလောင်းဟလျက် အနှီမှင်သက်ဖွယ်မြင်ကွင်းကို အသံတစ်ချက်မှမထွက်ဘဲ ကြည့်နေမိကြ၏။
စုယွမ်၏အမူအရာကလည်း တည်ငြိမ်နေဆဲ၊ သူက ဝေဟင်ကမ္ဘာပန်းကန်လုံးကို ကြည့်လိုက်သည်။ ဝေဟင်ကမ္ဘာပန်းကန်လုံးမှာကား ပါရမီလေးများထုတ်လုပ်ခဲ့သောဆေးတို့၏ဝိညာဉ်အနှစ်ကို စုပ်ယူလိုက်သောကြောင့် အမျိုးမျိုးသော ဝိညာဉ်ရည်တို့ကို ထုတ်လုပ်နိုင်နေ၏။
အနှီဆေးရည်တို့မှာ နောက်တစ်ကြိမ် ဆေးဖော်စပ်ရာတွင် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်ပေသည်။
စုယွမ်လည်း လက်ဆန့်လိုက်၏။ ခြောက်ဆယ့်ငါးမျိုးသောဝိညာဉ်ဆေးရည်တို့က ဝေဟင်ကမ္ဘာပန်းကန်လုံးထံမှထွက်ပေါ်လာပြီး ရောင်ခြယ်အမျိုးမျိုးအဖြစ် ကောင်းကင်ကို ထိုးတက်ကာ ကြယ်စွမ်းအင်တို့အကြားတိုးဝင်သွားကြလေသည်။
စုယွမ် ကောင်းကင်သို့ပျံတက်လိုက်သည်။ တစ်ခဏချင်းတွင်း ခြောက်ဆယ့်ငါးမျိုးသော ပုံရိပ်တို့ပေါ်လာပြီး တစ်ခုချင်းစီကလည်း ဆေးပညာကျင့်စဉ်တစ်မျိုးစီကို ပြသနေလျက် ကြယ်စွမ်းအင်ဒယ်စောက်ကြီးထဲထိုးဝင်သွားကြ၏။
“ဒါက ဘယ်လိုကျင့်စဉ်မျိုးတုန်း။”
“တအားကို ခမ်းနားလွန်းတာပဲ။”
“ဒါက ကောင်းကင်ကို အဖုံးအဖြစ်အသုံးပြုပြီး မြေပြင်ကို အခံ၊ ကြယ်စွမ်းအင်ကို မီးပြင်းဖိုအနေနဲ့အသုံးပြုနေတာပဲ။”
“ဒီဆေးကျင့်စဉ်က တအားနက်နဲလွန်းတယ်၊ တစ်ခုချင်းစီကတောင် တအားမြင့်တာပဲ။”
“မြန်မြန် မှတ်တမ်းတင်ထားလိုက်၊ ငါတို့ ပြန်ရောက်တဲ့အခါ လေ့လာလို့ရတာပေါ့။”
ထိုအချိန်တွင် လူတိုင်းမှာ စုယွမ်ကြောင့် အလွန်တရာအံ့ဩထိတ်လန့်လျက် ရှိကြ၏။
“ဒါက ဘယ်လိုတောင်လုပ်တာလဲ။”
ဂိုဏ်းချုပ်ကုမှာ ထိုစကားကိုသာ ဖန်ခါတလဲလဲ ဆိုနိုင်တော့ပေသည်။
အမတအကြီးအကဲနန်ကုန်းကလည်း ရင်းနှီးနေသောစွမ်းအင်ပြောင်းလဲမှုတို့ကို ခံစားလိုက်ရသည်။ ထိုခံစားမှုကလည်း မသေမျိုးမျိုးစေ့တောင်ကြားကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရာမှရရှိလာသောခံစားချက်ပင်၊ ၎င်းက ကာလံဒေသပြောင်းလဲခြင်း၏လှုပ်ခတ်မှုဖြစ်နေပေ၏။
သူ စုယွမ်လုပ်ပြနေသောနိယာမများကို ခန့်မှန်း လိုက်နိုင်၏၊ သို့သော်ငြား ဘိုးဘေးဆရာသခင်ချန်ရစ်ထားခဲ့သောလျှို့ဝှက်နယ်မြေကြီးမှာ တစ်စုံတစ်ယောက်ဆီမှသန့်စင်ခံလိုက်ရပြီဟူသောအဖြစ်အပျက်ကြီးမှာ သူ့ကိုလွန်စွာထိတ်လန့်သွားစေခဲ့သည်ပေ။
ခုနစ်စဉ်ကြယ်ဂိုဏ်းအထက်ရှိဝေဟင်ကလည်း ထိုအချိန်တွင် စုယွမ်ထံမှ ညွန်ကြားခံလိုက်ရသည့်အလား ဦးတည်ရာများဆက်တိုက်ပြောင်း၍ စုယွမ်၏ဆေးဖော်ရာ ဒယ်စောက်ထဲကျရောက်လာ၏။
ထိုအချိန် ခုနစ်စဉ်ကြယ်အစွမ်းကို စုပ်ယူနေသောဝိညာဉ်ပင်များဖြစ်ပါစေ၊ ခုနစ်စဉ်ကြယ်ကျင့်စဉ်များကို ကျင့်ကြံနေသောကျင့်ကြံသူများဖြစ်ပါစေ၊ အကုန်လုံးထံသို့ ထိုအခိုက်အတန့်လေးအတွင်း ခုနစ်စဉ်ကြယ်စွမ်းအင်က ပြတ်တောက်သွားပြီး ထိုအစား ဆေးဖော်ရာဒယ်စောက်အတွင်းသို့သာ အလုံးစုံတိုးဝင်သွားကြတော့သည်။
ကြယ်စွမ်းအင်များစွာက စုစုံသွားကြပြီး ညဉ့်အမှောင်ထုတစ်ခွင် ကြယ်စွမ်းအင်တို့ကသာ လွန်စွာလင်းလက်နေလေ၏။
ကြယ်စွမ်းအင်ဖြင့်ဖန်တီးထားသော ဒယ်စောက်ကြီးများမှာ ပို၍ထင်ရှားလာပြီး အထဲရှိ ခြောက်ဆယ့်ငါးမျိုးသောဝိညာဉ်ဆေးရည်တွေကလည်း ကြယ်စွမ်းအင်ကြောင့် သန့်စင်ခံလိုက်ရပြီး ရောင်စုံဆေးလုံးတစ်လုံးအဖြစ် ဖွဲ့စည်းသွားကြပေသည်။
ဆေးပညာရှင်များစွာမှာ ထိုမြင်ကွင်းကြောင့် ညှိ့ယူခံလိုက်ရပြီး နက်နဲလှသောမြင်ကွင်းကို နားလည်သဘောပေါက်ရန် ကြိုးစားနေကြ၏။
ဤသို့သော ဆေးဖော်စပ်ရာမြင်ကွင်းမှာကား တစ်ကြိမ်တစ်ခါမြင်ဖူးသည်နှင့် တစ်သက်မမေ့နိုင်စရာပါပေ။
ထိုအချိန် စုယွမ်၏ချီအနည်အနှစ်တို့ကလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကုန်ခမ်းနေလင့်ကစား သူ့ခန္ဓာကိုယ်ထဲရှိ ယွမ်ရေကန်တားမြစ်အခင်းအကျင်းကလည်း ထိုနှုန်းအတိုင်း ကြောက်မခန်းလိလိ ပြန်လည့်ဖြည့်တင်းပေနေ၏။
စက္ကန့်အနည်းငယ်လေးအတွင်းတွင်ပင် သူက ရွှေအမြူတေအဆင့်တစ်ဦး၏ခံနိုင်ရည်အောက်ဆုံးအထိ စွမ်းရည်များကို သုံးစွဲနေသော်ငြား ယွမ်ရေကန်အခင်းအကျင်းကြောင့် လွတ်လွတ်ကျွတ်ကျွတ် တောင့်ခံထားနိုင်ပေသည်။
တစ်နာရီထက်နည်းနည်းစွန်းစွန်းကြာပြီးနောက်တွင် စုယွမ်လည်း နောက်ဆုံးဆေးပညာကျင့်စဉ်ကို ပြသ၍ ဒယ်စောက်ထဲထည့်လိုက်တော့သည်။
အကျိုးဆက်အားဖြင့် ဒယ်စောက်ကြီးတစ်ခုလုံးမှာ ဝုန်းကနဲ ပေါက်ကွဲသွားတော့၏။
အရောင်ကိုးရောင်တို့က ပေါက်ထွက်လာပြီး ကောင်းကင်ပြင်ကို ခြယ်သသွားကြလေသည်။
လူတိုင်း၏အမူအရာမှာ ပြောင်းလဲသွားပြီး မီးပြင်းဖိုကြီးတော့သွားပြီဟု တွေးလိုက်မိသည်။
သို့သော်ငြား သူတို့မှာ မီးပြင်းဖိုကြီးပျောက်ကွယ်သွားပြီးနောက် ထိုနေရာတွင် ဆေးလုံးကိုးခုက ကြယ်စွမ်းအင်တို့နှင့်အတူ ရောင်စဉ်ခုနစ်ခုတောက်ပလျက် ထွက်ပေါ်လာတာကို မြင်လိုက်ရ၏။
စုယွမ်၏နှလုံးသားထဲ အလင်းပွင့်မှုအလုံးစုံက အပြင်းအထန်ဝင်ရောက်လာကြသည်။ ဆေးဖော်သည့်လုပ်ငန်းစဉ်အတွင်း အမျိုးမျိုးသောအမြင်များကို တစ်ခုခုပေါ်လာကြရင်း ဆေးပညာတာအိုအပေါ်နားလည်မှုကလည်း နောက်ထပ်အဆင့်တစ်ခုထိရောက်ရှိသွားကြတော့၏။
ခုနစ်စဉ်ကြယ်ဆေးကျင့်စဉ်မှာ လုံးဝပြီးမြောက်သွားချေပြီ။
ဝေဟင်ကမ္ဘာပန်းကန်လုံးကတော့ အလွန်ကို အပျော်လွန်နေ၏။ ၎င်းမှာ အသက်ပြင်းပြင်းရှုလိုက်ပြီး ဆေးလုံးကိုးခုမှထွက်လာသောဝိညာဉ်အနှစ်တို့ကို တစ်ဝကြီးစုပ်ယူတော့သည်။ သူ၏အဆင့်မှာ ပြောင်းလဲမသွားသော်ငြား အများကြီးတော့ တိုးတက်လာခဲ့ပေသည်။
လီချင်းလျန်လည်း အချိန်ကောင်းကို တွေ့သွားပြီး မေးလိုက်၏။
“အကြီးအကဲစု၊ ဒါက ဘယ်လိုဆေးလုံးမျိုးလဲ။”
စုယွမ်မှာ ထိုသည်ကိုကြားတော့ ချောင်းခဏဆိုးနေလိုက်သေး၏၊ ပြီးနောက်မှသာ ဖြူဖျော့နေသောမျက်နှာဖြင့်ဆိုလိုက်သည်။
“ဒါက ခုနစ်စဉ်ကြယ်ဆေးလုံးပဲ။ သူ့မှာ အဆင့်သတ်မှတ်ချက်တိတိကျကျမရှိဘူး။ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်တွေရော အဲ့ဒီထက်နိမ့်သူတွေပါ အဆင့်တိုးတက်ဖို့သောက်သုံးနိုင်တယ်။ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်တွေတောင် ဒါကို စားရင် အဆင့်သေးလေးတစ်ခုတက်သွားနိုင်တယ်။ ဒါ့အပြင် ဒါက ခန္ဓာကိုယ်ကို အားဖြည့်ပေးမဲ့ မင်းရဲ့တာအိုအခြေခံကိုပါ တိုးတက်စေမဲ့အာနိသင်လည်းရှိတယ်။”၏
သူလည်း လက်ဆန်းလိုက်တော့ ဆေးလုံးကိုးလုံးမှာ သူ့လက်ထဲ ဝင်ရောက်လာကြသည်။
ထို့နောက် သူပြောလိုက်၏။
“ငါ ဒီနေရာမှာပဲ လေလံတင်လိုက်မယ်။ စိတ်ဝင်စားသူတွေ ဝင်လေလံဆွဲနိုင်တယ်။ ဒီလူအိုကြီးက ဝိညာဉ်ကျောက်တုံးတအားပြတ်လတ်နေတဲ့အတွက် မတတ်သာပါဘူးကွာ။ လူတိုင်းကို ပိုက်ဆံလေးနည်းနည်းဖြုန်းဖို့ပဲ တောင်းဆိုရတော့မယ်။”
အကြီးအကဲ ရွှယ်ကျန်းလည်း ထိုစကားကို နားလည်သွားပြီး ပြောလိုက်သည်။
“အကြီးအကဲက ဒီဆေးလုံးတွေကို သန့်စင်ဖို့ ကြိုးစားထားရတာပါ။ ကျွန်တော်နဲ့ကျွန်တော့်တပည့်အတွက် ဆုအဖြစ်ရလာမဲ့ ဆေးလုံးနှစ်ခုကို အလကားမယူဘဲ လေလံဈေးအတိုင်းပေးပါ့မယ်။”
အခြားနှစ်ယောက်မှာလည်း ကူရာမဲ့သွားပြီး သူတို့ပါ ထိုစကားအတိုင်းပြောလိုက်ရတော့ပေသည်။
စုယွမ်လည်း ဒေါသထွက်သွားဟန်ဆောင်၍ ပြောလိုက်သည်။
“ငါက မင်းတို့ကိုဆုအဖြစ်ပေးမှာလေ၊ ငါ့ကို ခက်ခဲအောင်လုပ်နေကြတာပဲ။”
ရွှယ်ကျန်းလည်း ပြုံး၍ပြောလိုက်သည်။
“အကြီးအကဲစုရဲ့ဆေးလုံးတွေကို ဝယ်ယူခွင့်ရလိုက်တာနဲ့တင် တကယ့်ကို အခွင့်ကောင်းကြီးဖြစ်နေနှင့်ပါပြီ။ ဒါတောင် ကျွန်တော်တို့က ဘယ်လိုလုပ်အလကားယူနိုင်ဦးမလဲ။ ကျွန်တော်တို့လည်း ဒီလိုဆိုတကယ်အဆင်မပြေဖြစ်ရပါလိမ့်မယ်။”
“သဘောတူပေးပါ၊ အကြီးအကဲ။”
စုယွမ်လည်း သက်ပြင်းချလိုက်၏။
“အဲ့ဒါဆိုရင်လည်း ကောင်းပါပြီ၊ ဝိညာဉ်ကျောက်တုံးအတွက်ကတော့ အဆင်ပြေသလောက်ပဲပေးပါတော့။”