← Chapters

အခန်း ၁၅၉

Vol. 16 Ch. 159

အခန်း ၁၅၉

Vol. 16 Ch. 159

Chapter 159

နောက်ဆုံးတွင် လီချင်းလျန်က မျက်လုံးဖွင့်လာပြီး အတိဒုက္ခကို ကျော်ဖြတ်နိုင်ခဲ့သူတစ်ဦး၏ပျော်ရွင်မှုကို ထိန်းမရတော့ပါပေ။

“ဒါက...ဒါ ဆေးလုံးရဲ့အာနိသင်လား။ ကောင်းကင်ဘုံကိုတောင် ဖိဆန်မနေဘူးလား။”

“ဆေးက လူတစ်ယောက်ရဲ့စိတ်ကိုတောင် ကာကွယ်ပေးနိုင်တာလား၊ နတ်ဆိုးနှလုံးသားကိုတောင် ခုခံနိုင်တာလား။”

နှင်းဓါးအကြီးအကဲက မြန်မြန်မေးလာသည်။

“ရှောင်လျန်၊ ဘာဖြစ်သွားတာလဲ။”

လီချင်းလျန်က ကြောက်ရွံ့နေဟန်ဖြင့် ပြောလာသည်။

“ကျွန်မ နတ်ဆိုးနှလုံးသားဆီက ဝါးမျိုခံတော့မယ်ထင်တာ။ ဒါပေမဲ့ ရုတ်တရက်ကြီး ကျွန်မစိတ်ကရှင်းလင်းသွားတာ။ အဲ့ဒီနတ်ဆိုးနှလုံးသားပုံရိပ်ယောင်ကလည်း ချက်ချင်းအားနည်းသွားပြီး ကျွန်မလည်း ဖောက်ထွက်နိုင်ခဲ့တာပဲ။”

နှင်းဓါးအကြီးအကဲက ခေါင်းညိတ်၍ မေးသည်။

“ရွှေအမြုတေရဲ့အရည်အသွေးက ဘယ်လိုလဲ။”

ရွှေအမြုတေများမှာ အခြေခံအားဖြင့် အဆင့်သုံးခုခွဲခြားနိုင်၏၊ အမြင့်တန်း၊ အလတ်တန်းနှင့် အနိမ့်တန်းဟူ၍ဖြစ်ပြီး တစ်ခုချင်းစီတွင် အဆင့်သုံးဆင့်ထပ်မံခွဲခြားလျက် စုစုပေါင်း ကိုးခုရှိပေသည်။

ယေဘုယျအားဖြင့် အမြင့်တန်းအဆင့်တာအိုအုတ်မြစ်က အလတ်တန်းစာရွှေအမြုတေကို ရရှိနိုင်ပြီး ထိပ်တန်းအဆင့်တာအိုအုတ်မြစ်ကတော့ အမြင့်တန်းအဆင့်ရွှေအမြုတေကို ရရန်အခွင့်ရေးရှိ၏။

လီချင်းလျန်က အလွန်ပျော်ရွှင်အံ့ဩသွားပုံပြလာသည်။

“အကြီးအကဲ၊ ကျွန်မက အမြင့်တန်းအဆင့်ရွှေအမြုတေရတယ်နဲ့တူတယ်၊ သတ္တမအဆင့်ပဲ။”

သူမ သူမ၏ရွှေအမြုတေကို ဆင့်ခေါ်ကာ လူတိုင်းရှေ့ပြသလိုက်သည်။ ၎င်း၏အရွယ်အစားနှင့်အရည်အသွေးက တကယ်ပဲ သတ္တမအဆင့်ကို ပြည့်မှီပေ၏။ အမြုတေမှာ ခုနစ်စဉ်အရောင်လင်းလက်နေလျက် အလွန်ထူးခြားနေလေသည်။

နှင်းဓါးအကြီးအကဲကလည်း ချီးကျူးလာတော့သည်။

“ငါ မင်း အမြင့်တန်းအဆင့်ရွှေအမြုရမယ်လို့ထင်မထားခဲ့ဘူး။ ရွှေအမြုတေအဆင့်မှာ သေချာကြိုးစားကျင့်၊ မင်း နဝမအဆင့်ထိရောက်သွားနိုင်တယ်။ ဒီလိုဆိုရင် ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရောက်ဖို့ ပိုလွယ်သွားပြီ။”

အကယ်၍ အလတ်တန်းအဆင့်ဆိုပါလျှင် ကြိုးစားကျင့်ကြံလျှင်တောင် သတ္တမအဆင့်ထိသာရောက်နိုင်ပြီး စိတ်ဝိညာဉ်ဖွံဖြိုးခြင်းအဆင့်အတွက် မျှော်လင့်ချက်ရှိသော်ငြား ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ကတော့ ရရန်အလွန်ခက်ခဲပေမည်သာ။သို့သော်ငြား သူမက အမြင့်တန်းအဆင့်ကို ရရှိသွားသည့်အတွက်အရာအားလုံး ပြောင်းလဲသွားချေပြီ။ သူမသာ နဝမအဆင့်ထိကျင့်ကြံနိုင်ပါက ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်ရရှိရန်အခွင့်အရေးမှာ ပိုများသွားချေပြီ။

လီချင်းလျန်ဟာ ဆေးလုံးလေးတစ်လုံးဖြင့်ပင် ကံကြမ္မာတစ်ခုလုံးကတောင် ပြောင်းလဲသွားသည်ဟုဆို၍ ရနိုင်သည်။ ထို့အပြင် သူမဟာ အသက်တစ်ရာတောင်မပြည့်သေးလေရာ သက်တမ်းကလည်း အရှည်ကြီးကျန်သေး၏။

ရရှိလာသောအကျိုးရလဒ်များမှာ လွန်စွာများလွန်းပါသည်လေ။

လူတိုင်းမှာ စုယွမ်လက်ထဲရှိကျန်ရှိနေကြသောဆေးလုံးများကို အပူတပြင်းစိုက်ကြည့်တော့သည်။ ဤသည်မှာကား မျိုးဆက်သစ်လေးများအတွက် အကောင်းဆုံးရတနာပါပေ။ ၎င်းက တာအိုအုတ်မြစ်ကို တိုးမြင့်ပေးနိုင်သလို နတ်ဆိုးနတ်နှလုံးသားကိုပါ ကျော်ဖြတ်နိုင်ရန် ကူညီပေး၏။ ထိုအရာက ကောင်းကင်နှင့်မြေကြီး၏ရတနာများနှင့်တောင် ယှဉ်နိုင်သည်လေ။

စုယွမ်လည်း အနည်းငယ် ချောင်းဟန့်လိုက်၏။

“ မင်းတို့အားလုံး ဆေးရဲ့အာနိသင်ကို မြင်ပြီးပြီဆိုမှတော့ ငါလည်း လေလံဈေးစလိုက်ပါမယ်။ ပထမဆုံးဆေးလုံးအတွက် ထိပ်တန်းဝိညာဉ်ကျောက်တုံးတစ်ခုက စကြတာပေါ့။”

လူတစ်ယောက်က ချက်ချင်း ဈေးခေါ်လာသည်။

“ထိပ်တန်းဝိညာဉ်ကျောက်တုံးတစ်ရာ။”

တန်ဖိုးမှာ ချက်ချင်းကို အနိမ့်တန်းအဆင့်ဝိညာဉ်ကျောက်တုံးသန်းတစ်ရာအထိ တိုးမြင့်သွားလေ၏။ ယေဘုယျအားဖြင့်ဆိုလျှင် ပင်မအုတ်မြစ်အတွက် အရင်းအမြစ်များက ဝိညာဉ်ကျောက်တုံးသန်းအနည်းငယ်ကျသင့်လေ့ရှိသည်၊ သို့သော် ဤသည်မှာတော့ ပထမဆုံး သန်းတစ်ရာအထိရောက်သွားခြင်းပါပေ။

သို့သော် ဘယ်သူကမှ လွန်သည်ဟုမထင်။ အနှီဆေးလုံးက ရွှေအမြုတေအဆင့်ကို တက်ရန် တစ်ရာရာခိုင်နှုန်းအာမခံနိုင်ပြီး ကျင့်ကြံချိန်များစွာကို လျော့ချပေးကာ သာမာန်ကျင့်ကြံသူလေးတစ်ယောက်ကို ပါရမီရှင်အဖြစ်ပြောင်းလဲပေးနိုင်ကာ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အထိမျှော်မှန်းရသွားစေ၏။ တစ်နည်းဆိုရသော် ၎င်းက ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အတွက် မျိုးစေ့ဟုပင်ပြော၍ရသည်။ ထို့ကြောင့် ဆက်ခံသူရှိသောအကြီးအကဲတို့မှာ ထိုအခွင့်အရေးကို လုံးဝလက်လွှတ်မခံချင်ကြပါပေ။

ထို့အပြင် ဆေးပညာရှင်များဆိုသည်ကလည်း တကယ်ကို ချမ်းသာကြသည်လေ။

“ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးငါးရာ။”

ကောင်းကင်ဖွဲ့စည်းဂိုဏ်းမှ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲက ဆိုလာသည်။

ဤသို့ဖြင့် တန်ဖိုးမှာ သန်းငါးရာအထိချက်ချင်းတက်သွားတော့၏။

“ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးရှစ်ရာ။”

အခြားသောဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်လေလွှင့်ကျင့်ကြံသူတစ်ဦးက ထပ်မံဈေးမြင့်လာသည်။

“ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးနှစ်ထောင်။”

ကောင်းကင်ဖွဲ့စည်းဂိုဏ်း၏ကျင့်ကြံသူက ဆုံးဖြတ်ချက်ချထားဟန်ဖြင့် ဆိုလာသည်။

လူတစ်ချို့ကတော့ တိတ်တဆိတ် မြင်ကွင်းကို ကြည့်ရင်း သီးသန့်အသံပို့နေကြလေပြီ။

“အဲ့ဒါက ကောင်းကင်ဖွဲ့စည်းဂိုဏ်းရဲ့သခင်ယဲ့ဟန်မလား။ ငါကြားတာ သူ့မှာ သားတစ်ယောက်ရှိတယ်တဲ့၊ ဒါပေမဲ့ အဲ့ဒီကလေးရဲ့ပါရမီက တော်တော်ဆိုးတယ်ဆိုပဲ။ သူက ပါရမီကို မြင့်ပေးနိုင်မဲ့နည်းအမြဲရှာနေတာ။ ဒီလောက်အထိ ပြင်းပြင်းထန်ထန်ဖြစ်နေတာ အံ့ဩစရာမရှိတော့ပါဘူး။”

“ဘယ်သူကတော့ ဒါကိုလိုအပ်တဲ့သွေးသားဖြစ်ဖြစ်၊ မိတ်ဆွေရင်းဖြစ်ဖြစ်မရှိလို့လဲ။ ဒီလိုဆေးလုံးမျိုးက နတ်ဘုရားဆေးလုံးလို့တောင်ပြောရတယ်။ လူတစ်ယောက်ရဲ့ကျင့်ကြံရေးလမ်းကြောင်းတစ်ခုလုံးကို ပြန်ပုံသွင်းပေးလိုက်တာ။ ငါဖြင့် ဒါမျိုးတစ်ခါမှ မကြားဖူးခဲ့ပါဘူး။”

ဈေးနှုန်းမှာ အဆက်မပြတ်ပို၍ပို၍မြင့်လာ၏။ စုယွမ်ရှိနေသောကြောင့် မည်သူကမှ ခြိမ်းခြောက်ခြင်းရော အကြမ်းခြင်းတစ်စုံတစ်ရာပါမလုပ်နိုင်ဘဲ သူတို့မှာ ရိုးရှင်းစွာပင် ချမ်းသာကြွယ်ဝမှုပေါ်တွင်သာ လုံးလုံးမှီခိုနေရလေသည်။

နောက်ဆုံးတွင် ဆေးလုံးမှာ ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး ၉၉၉၉၀ခုနှင့်ရောင်းထွက်သွား၏။

ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံး၁၀၀၀၀၀နီးပါးမှာ ဝိညာဉ်အသွင်ကူးပြောင်းခြင်းအဆင့်အကြီးအကဲ ယဲ့ဟန်ကြောင့် ရောက်ရှိသွားခြင်းဖြစ်၏။

အနှီဘိုးဘေးကြီးယဲ့ဟန်ကတော့ ထိုအတွက် ခေါင်းကိုက်နေမလားမသိ၊ နှင်းဓါးအကြီးအကဲကတော့ မျက်နှာပင် အစိမ်းရောင်သန်းနေလေပြီ။

အနှီဈေးမှာ သူ အစကတွေးထားသည်ထက်အများကြီးများနေ၏။ သူက ဆေးလုံးတစ်လုံးက ထိုမျှတော့ဈေးမကြီးနိုင်လောက်ကြောင်းတွေးထားတာဖြစ်သည်၊ အများဆုံး ထိပ်တန်းအဆင့်ဝိညာဉ်ကျောက်တုံးရာချီလောက်ဟူ၍။ သို့သော် လက်ရှိဈေးနှုန်းကတော့ သူတွေးထားသည်နှင့် အဆမတန်များနေ၏။ ထို့အပြင် သူက ထိုဈေးနှုန်းကို နှစ်ဆတောင်ပေးရဦးမည်။ သူ့အိတ်ထဲရှိဝိညာဉ်ကျောက်တုံးများက မလုံလောက်လေရာ သူက မိတ်ဆွေများထံမှတောင် ချေးငှားရတော့မည်။

လီချင်းလျန်လည်း အလွန်ထိတ်လန့်နေရသည်။ သူမဟာ ယခုမှ ရွှေအမြုတေအဆင့်ကို ရောက်ရုံရှိသေး၊ အကြွေးနွံနစ်သွားကြောင်း သဘောပေါက်သွားရ၏။

နှင်းဓါးအကြီးအကဲမှာ လီချင်းလျန်ဆီကို သီးသန့်အသံလွှင့်လာသည်။

“စိတ်မပူပါနဲ့၊ ငါ့ရဲ့တပည့်လိမ္မာလေးရယ်။ အခုကစပြီး အကြွေးပြန်ဆပ်ဖို့အတွက် ဆေးလုံးတွေသန့်စင်တာကိုပဲ အာရုံစိုက်တော့။ မင်းသာ နှစ်သုံးရာလောက်မနားတမ်းသန့်စင်မယ်ဆိုရင် အကြွေးကြေလောက်ပါတယ်။”

လီချင်းလျန်၏အမူအရာမှာ အေးခဲသွားရသည်။ သူမမှာ ဆေးလုံးကိုတောင် ပြန်အန်ထုတ်ချင်သည့်အတိုင်း ပါးစပ်ကိုတောင် ပြန်ဖွင့်လိုက်ရ၏။ ထိုအရာမှာ ဈေးကြီးလွန်းသည့်အတွက် သူမ မတတ်နိုင်သည်ပေ။ ပြန်အန်ထုတ်ပါက အနည်းငယ်တော့ထွက်လာလောက်ဦးမည်ပေ...သို့သော် ၎င်းဟာ အတွေးလေးသက်သက်သာ။ အကျိုးကျေးဇူးများကိုကြည့်လိုက်ပါလျှင် သူမ နှစ်ငါးရာလောက် ဆက်တိုက်အလုပ်ကုန်းရုန်းလုပ်ရလျှင်တောင် တန်ပါသည်လေ။

“ပြန်တွေးကြည့်လိုက်တော့ နှစ်သုံးရာနဲ့မကျေလောက်ဘူးထင်တယ်။ မင်း နှစ်ငါးရာလောက်လုပ်မှ အကြွေးကျေလိမ့်မယ် ထင်တာပဲ။”

နှင်းဓါးအကြီးအကဲက ဆက်ပြောလာ၏။

ဤသည်ကို ကြားတော့ လီချင်းလျန်၏စိတ်အစုံမှာ ဗလာကျင်းသွားလို့ ချက်ချင်း မူးဝေသွားရတော့လေသည်။

All Chapters