ငါ မင်းကို စောင့်နေခဲ့တာ
Vol. 99 Ch. 1375
အကွဲကြောင်းထဲ ရောက်သည်နှင့် မန်ဟိုက ရှင်းပြသည်။ “ငရဲဘုံ ၃၃ ဘုံမှာ ပိတ်လှောင်ခံထားရတဲ့ ဝိညာဉ်တွေအကုန်လုံး ဉာဏ်နီဉာဏ်နက်များတဲ့ကောင်တွေချည်းပဲ။ အပြင်သူသားရဲတွေကတော့ တစ်ကောင်နဲ့တစ်ကောင် ဉာဏ်ရည်အဆင့်ချင်း မတူပေမယ့် သူတို့ကို စကားတစ်ခွန်းနှစ်ခွန်းနဲ့ ဖြဲခြောက်ပြီး ငါ့ရဲ့ကျင့်ကြံခြင်းအခြေစွမ်းအား ထုတ်ပြလိုက်ရင် နောက်ဆုတ်သွားကြလိမ့်မယ်
“အဲဒါဆို ငါတို့အတွက် သူတို့နဲ့ရင်ဆိုင်ရတာ ပိုလွယ်မယ်"
မန်ဟို့အကြောင်းသိသူများမှအပ ရွေးချယ်ခံအများစုက လေးလေးနက်နက် ခေါင်းညိတ်ကြသည်။ သူ့အကြောင်းသိသူများ၏ မျက်နှာအမူအရာများမှာတော့ ထူးဆန်းနေပြီး ခြောက်ကပ်ကပ်ရယ်လိုက်ကြသော်လည်း ဘာမှမပြောကြပေ။
“ရှင်းရှင်းပြောရရင် သူတို့ကို ဖြဲခြောက်ဖို့ လိုတယ်” ထိုအချက်ကို အသားပေးပြောပြီးနောက် သူသည် ရွေးချယ်ခံအုပ်စုကို သင်္ချိုင်းဗိမာန်ထဲ ခေါ်သွား၏။ ဤနေရာသို့ နောက်ဆုံးတစ်ခေါက် ရောက်ခဲ့တုန်းက မှတ်မိသည်အပေါ် အခြေခံ၍ သူက သူတို့ကို ပင်မအဆောင်သို့ လျင်မြန်စွာ ခေါ်သွားသည်။ သူတို့သွားနေကြစဉ် ပတ်ဝန်းကျင်မှာ သူ ချန်ခဲ့သည့်အတိုင်း ပြောင်တလင်းခါနေသည်ကို သူ၏မျက်ဝန်းထောင့်မှ မြင်နေရ၏။ တရားခံက သူမဟုတ်ပါလော။
သို့သော် ကျန်ရှိသူတိုင်းမှာတော့ မျက်လုံးအပြူးသားနှင့် ဘေးဘီဝဲယာကို ကြည့်နေကြသည်။ သူတို့ဖြတ်ကျော်လာသည့် သင်္ချိုင်းအခန်းတစ်ခန်းစီးတိုင်းတွင် အဆင်တန်ဆာများကင်းမဲ့လျက် ပျက်စီးနေသောနံရံများနှင့် ကြမ်းခင်းတစ်ချပ်မကျန် ခွာထားရသော ကြမ်းပြင်များကို မြင်ကြရသည်။ နေရာအတော်များများမှာ ခွေးများ အပြောင်ကိုက်ဖြတ်ထားသကဲ့သို့ အပြောက်အမွန်းများ ကင်းမဲ့နေ၏။
ရွေးချယ်ခံများ၏ပါးစပ်မှ ဘုရားတသံများ ထွက်လာသည်။
“မကောင်းတော့ဘူး။ ဒီနေရာကို အရင်ရောက်လာခဲ့တဲ့ လူတစ်ယောက်ရှိနေတယ်”
“ဘ..ဘယ်လောက်တောင် အတင့်ရဲလိုက်သလဲ။ တစ်ခုမှကိုမကျန်အောင် အပြောင်ရှင်းသွားခဲ့တာပဲ...”
“ကြမ်းခင်းတွေတောင် ချမ်းသာမပေးဘူးဟ...”
“သောက်ကျိုးနည်း။ အပြင်သူတွေတော့ မဟုတ်လောက်ပါဘူးနော်”
မြင်နေရသောအရာကြောင့် ရွေးချယ်ခံအားလုံး တုန်လှုပ်နေကြသည်။ လီလင်းအာနှင့် မန်ဟို့အကြောင်းသိသူများပင် တရားခံကို မရိပ်စားမိကြပေ။ ချန်ဖန်းတစ်ယောက်သာ တခဏချီတုံချတုံဖြစ်နေပြီးနောက် မန်ဟို့ကို လှမ်းကြည့်သည်။
မန်ဟိုသည် ရှေ့ဆုံးတွင်ဖြစ်၍ လူတိုင်းပြောနေသည်ကို ကြားသောအခါ မရှက်မိဘဲ မနေတော့ပေ။ သူက ရှင်းပြမည့်အစား အရှိန်သာတင်လျက် တအံ့တဩ ဘုရားတနေသော ရွေးချယ်ခံအုပ်စုကို လောဘပိတ်လှောင်ခံထားရသည့် ဗဟိုခန်းမသို့ ဦးဆောင်ခေါ်သွားသည်။
ခန်းမသို့ ရောက်သောအခါ ရွေးချယ်ခံများမှာ ပွက်လောရိုက်သွားတော့သည်။ ဤသည်မှာ အားလုံးအထဲ အကြီးဆုံးအခန်းဖြစ်သလို၊ အပြောင်ဆုံးနေရာလည်း ဖြစ်သည်။ အလယ်အကျဆုံးနေရာမှလွဲ၍ မည်သည့်အရာမှ မကျန်ခဲ့ပေ။ ပြောင်တလင်းကိုခါနေ၏။
“မဖြစ်နိုင်တာကြီး”
“ဘာမှကို မကျန်ခဲ့တာဟ။ လခွမ်း သေချာပေါက် အပြင်သူတွေပဲ ဖြစ်ရမယ်” ရွေးချယ်ခံအားလုံး မိုးမီးလောင်ကုန်သည်။ သို့သော် ဤအခိုက်အတန့်တွင် အလယ်အကျဆုံးနေရာထဲတွင် ဝိညာဉ်မီးလုံးတစ်လုံး ပေါ်လာ၏။ ထိုမျက်နှာမှာ ကျိတ်မနိုင်ခဲမရ ဒေါသူပုန်ထနေပုံပေါ်သည်။
“ငါ့ချီးတဲ့မှ မင်းရောက်လာပြန်ပြီကိုး... ဒီတစ်ခေါက် ဘာလုပ်ဦးမှာလဲ
“မင်းက ငါ့အသက်စွမ်းအားတွေကို ခိုးပြီး ငါ့သင်္ချိုင်းထဲက သဂြိုဟ်ပစ္စည်းအားလုံး အပြောင်ရှင်းသွားခဲ့တယ်လေ။ ကြမ်းခင်းတွေကိုတောင် ကလော်ထုတ်ပြီး အင်္ဂတေတွေတောင် ခွာသွားတာ။ ငါ့လိုးမ ခွေးသူတောင်းစားလေး မင်း ဘာဆိုဘာမှမချန်ခဲ့တာတောင် အခုဘာလိုချင်ပြန်ပြီလဲ
“မန်ဟို” နာကြည်းနေသောဟိန်းဟောက်သံကြီးက သင်္ချိုင်းတစ်ဂူလုံးတွင် ပဲ့တင်ထပ်သွားသည်။ မန်ဟို့အနောက်ရှိ အုပ်စုမှာတော့ ပါးစပ်အဟောင်းသားနှင့် သူ့ကို လှမ်းကြည့်ကြလေသည်။ သူတို့မှာ သူ့ကို ပထမဆုံးမြင်လိုက်ရသလို ခံစားလိုက်ရ၍ မျက်နှာအမူအရာများ တစ်မျိုးတစ်မည်ဖြစ်ကုန်သည်။
သူတို့သည် သူတို့ဖြတ်လာခဲ့သမျှနေရာတိုင်း၏ ကြမ်းခင်းများကို ခွာယူသည်အထိပင် လွန်လွန်းသော လူကို ဆဲဆိုကြိမ်းမောင်းနေခဲ့ကြ၏။ ထိုတရားခံက ... မန်ဟိုဖြစ်နေလိမ့်မည်ဟု မည်သို့ထင်ခဲ့မည်နည်း။
“ဒါ...ဒါ....”
“အဟမ်း... အိမ်ရှေ့မင်းသားက တကယ် ရှိန်စရာကောင်းပါပေတယ်”
လူတိုင်းမှာ ခပ်ယဲ့ယဲ့ရယ်လိုက်ပြီး မန်ဟို့ကို ကြည့်နေသော သူတို့၏မျက်လုံးများတွင် ထူးဆန်းသောအရိပ်အယောင်တို့ကို မြင်ရနိုင်၏။ သူတို့စိတ်ထဲတွင် ပုံဖောက်တည်ဆောက်ထားသည့် မန်ဟို၏ပုံရိပ်မှာ တဖြည်းဖြည်း ပြိုကျနေလေပြီ။
မန်ဟိုက မျက်မှောင်ကြုတ်၍ အေးစက်စက်နှာမှုတ်ကာ ဝိညာဉ်မီးလုံးထံ လျှောက်သွားသည်။ တုံ့ပြန်သည့်အနေဖြင့် စူးစူးဝါးဝါးအော်သံတစ်သံက မီးအတွင်းမှ ပဲ့တင်ထပ်လာသည်။
“ဝေးဝေးနေနော်။ ပြန်သွားစမ်း သောက်ရှက်မရှိတဲ့ ခွေးကောင်။ မင်းက အဲဒီတုန်းက အကောင်စုတ်ထက်တောင် ပိုအရှက်မရှိသေးတယ်”
မန်ဟိုက ရွေးချယ်ခံများကို ပြန်လှည့်ကြည့်ကာ ရှင်းပြသည်။ “ဒီဝိညာဉ်မီးအဆီတချို့ကို ငါ စုပ်ယူထားပြီးသားမလို့ အခုကျန်တာက အပိုင်းအစလေးတစ်စသာသာပဲ။ မင်းတို့အတွက် အကူအညီဖြစ်မှာမဟုတ်ဘူး” ထို့နောက် သူက ညာလက်ကို ဆန့်တန်းကာ မျက်နှာမှအော်သံများကို လျစ်လျူရှုရင်း ဖမ်းဆုပ်သည့်လက်ဟန် လုပ်လိုက်ရာ ဝိညာဉ်မီးအုံးသည် သူ့လက်ထဲ ဆွဲငင်ခံလိုက်ရ၏။ ထိုအခါ ၎င်း၏ပတ်ပတ်လည်ရှိ အကျဉ်းချတိုင်များ ပြိုကျသွားသည်။
ထို့နောက် မန်ဟိုသည် လက်သီးဆုပ်ကာ ဝိညာဉ်မီးအား သူ့လက်ဝါးထက်တွင် ပျောက်ကွယ်သွားစေ၏။ ၎င်းကို စုပ်ယူပြီးနောက် သူက စောစောက ချိတ်ပိတ်ခံထားရသော နေရာသို့ ဝင်လိုက်ရင်း ခေါင်းဟန့်ကာ တခဏချီတုံချတုံ ဖြစ်နေသည်။ အတန်ငယ်တွေးပြီးသော် သူသည် သူ့အနောက်ရှိ အုပ်စုကို လျစ်လျူရှု၍ ဓားပျံတစ်လက်ထုတ်ကာ လူတိုင်း၏မျက်စိရှေ့မှာပင် ကျန်ကြမ်းခင်းများကို စ,ကလော်တော့၏။
ရွေးချယ်ခံများ၏အောက်မေးရိုးများ မြေကြီးနှင့် ထိလုမတတ်ကျသွားသည်။
တစ်နေရာလုံးကို ထမင်းစားရေသောက်ပမာ လွယ်ကူသွက်လက်စွာ အပြောင်ရှင်းနိုင်သည်အထိ ကျွမ်းလှသော မန်ဟို့ကို သူတို့အားလုံး ငေးကြည့်နေကြသည်။ သူက ပြိုကျသွားသည့်တိုင်များကိုပင် သိမ်းပြီးနောက် အင်္ကျီလက်စခါကာ ခြေဆောင့်နင်းလိုက်သည်။ မြေကြီးထက်၌ အကွဲကြောင်းတစ်ကြောင်း ပေါ်လာ၏။
“ကဲ ငရဲဘုံ (၂) ဆီ ဆက်ကြစို့” မန်ဟို အကွဲကြောင်းထဲ ဆင်းသွားစဉ် ရွေးချယ်ခံများမှာ တစ်ယောက်ကိုတစ်ယောက် အူတူတူကြည့်လိုက်ကြသည်။ စောစောက မန်ဟို၏အပြုအမူများက သူတို့စိတ်ကူးပုံဖော်ထားသည့် သူ၏ပုံံစံကို လုံးဝဖျက်စီးပစ်လိုက်လေပြီ။ တခဏတွန့်ဆုတ်နေပြီးနောက် သူတို့လည်း သူနှင့်အတူ မြေကွဲကြောင်းထဲ လိုက်ဝင်သွားကြသည်။
ငရဲဘုံ (၂) တွင် မန်ဟို၏မောက်မာသောဟန်ပန်ကို သူတို့ မျက်မြင်တွေ့ရန်ပြန်သည်။
“ငါ့အသတ်အဖြတ်အရှိန်အဝါကို မင်း ခံစားရလား။ ဒီမှာ ငါ မင်းကို ပြောပြမယ်။ ငါက ပါရာဂွန်တစ်ဦးကို သတ်ခဲ့ပြီး နောက်တစ်ယောက်ကို ကျွန်ပြုခဲ့တာကွ။ တတိယတစ်ယောက်ကိုဆို ခန္ဓာဖောက်ခွဲရအောင် ဖိအားပေးနိုင်ခဲ့တယ်” ငရဲဘုံ (၂) ထဲတွင် မီးတောက်မီးလျှံများဖြင့် ဖွဲ့စည်းထားသော အပြင်သူသားရဲတစ်ကောင် ရှိ၏။ လောလောဆယ်တွင် ၎င်းမှာ မန်ဟို၏မောက်မာခက်ထန်မှုကြောင့် တုန်ရီနေသည်။ သူ့ထံမှ ဖိအားနှင့်အရှိန်အဝါက ၎င်းကို ကြောက်လန့်စေလေသည်။
ထို့နောက် ရွေးချယ်ခံများ၏ရှေ့မှာတင် မန်ဟိုက ငရဲဘုံ (၂) ၏ သင်္ချိုင်းကို အပြောင်ရှင်းပြန်သည်... မြက်ပင်လေးတစ်မျှင်တောင် မချန်ခဲ့သော လေပွေတစ်လုံး တိုက်သွားသည့်အလား ထင်ရ၏....
ထိုကဲ့အကျင့်မျိုးနှင့် ထိုကဲ့သို့စရိုက်များမှာ ... ပြောင်းလဲမရသောအရာများသာ...
မန်ဟိုသည် သူတစ်ယောက်တည်းလုပ်ရခြင်းက အချိန်ကြာကြောင်း သဘောပေါက်လိုက်၍ ရွေးချယ်ခံများကို ကူပေးဖို့ ကပျာကယာ လှမ်းခေါ်၏။ “လာကြ လာကြ ငါတို့မှာ အချိန်မရှိဘူးလေကွာ” သူက ပြောသည်။ “ငါ့ကို ကူပါဦး။ ဒီနေရာကို အပြောင်ရှင်းပေးကြပါဦး”
ချန်ဖန်းက တဟားဟား အော်ရယ်ရင်း ကူပေးဖို့ မြန်မြန်ဆန်ဆန် ထွက်သွားသည်။ လီလင်းအာမှာ သူမပါးစပ်လေးကို အုပ်ထားပြီး ကျီယင်၏မျက်နှာမှာတော့ သုန်မှုန်နေ၏။ ဝမ်ယိုချိုင်၏နှုတ်ခမ်းများက တုန်ရီလာသည်။ ကျန်ရွေးချယ်ခံများမှာတော့ တစ်ယောက်ကိုတစ်ယောက် ရှက်ရွံ့စွာ ကြည့်နေကြသော်လည်း မငြင်းနိုင်၍ မြန်မြန်ကူညီပေးကြတော့သည်။
ဤသည်မှာ သူတို့ တစ်ခါမှ မလုပ်ခဲ့ဖူးသော အရာပင်။ သူတို့ခမျာ မန်ဟို ဤမျှအစွမ်းထက်လာရသည့် အကြောင်းရင်းမှာ ယခုလိုအရာမျိုး လုပ်၍ဖြစ်မည်ဟုသာ သူတို့ကိုယ်သူ ပြောရင်း သက်ပြင်းတဟင်းဟင်းချနေကြတော့သည်။
တစ်ခုမကျန်အပြောင်ရှင်းပြီးနောက်ဆုံး ငရဲဘုံ (၂) ၏ ဗဟိုသင်္ချိုင်းခန်းမသို့ သူတို့ ရောက်လာကြသည်။ ထိုနေရာရှိ ဝိညာဉ်မီးသည် လောဘ၏ဝိညာဉ်မီးထက် များစွာပို၍ အစွမ်းထက်၏။ သူတို့အုပ်စု ခန်းမထဲ ဝင်လိုက်လျှင်ချင်း မယုံကြည်နိုင်ဖွယ်ဖိအားတစ်ခု ပေါ်ထွက်လာသည်။ သို့သော် မန်ဟိုက အေးစက်စက်သာ နှာမှုတ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်ရင်း ရှေ့တစ်လှမ်းတက်ကာ ၎င်းကို ဖိနှိပ်လိုက်၏။
တောင်ပင်လယ်စွမ်းအားမှ အားဖြည့်ပေးထားသော မန်ဟို၏လက်ရှိကျင့်ကြံခြင်းအခြေခံနှင့် သင်္ချိုင်းဂူထဲရှိ တားမြစ်မန္တန်များနှင် ပေါင်းစည်းသွားသည့်အခါ သူ့အတွက် ဤနေရာ၏ ဝိညာဉ်များကို ဖိနှိပ်ဖို့ လွယ်ကူရိုးရှင်းသွားသည်။ ဝိညာဉ်မီးထဲမှ ဟိန်းဟောက်သံများ ထွက်လာသော်လည်း ၎င်းမှာ တန်ပြန်မတိုက်ခိုက်နိုင်ပေ။
ဤနေရာတွင် အတိတ်ခေတ်မှ အစွမ်းထက်ပညာရှင်တစ်ဦး၏ ဝိညာဉ်မီးကို စုပ်ယူဖို့ ရွေးချယ်ခံ ၃၃ ယောက်ထဲမှ တစ်ယောက် နေကျန်ခဲ့သည်။ ဤရွေးချယ်ခံ ကျရှုံးလျှင် သေမည်။ အောင်မြင်လျှင် သူ၏ကျင့်ကြံအဆင့်သည် ခုန်ပျံတက်သွားလိမ့်မည်။ သက်တမ်းတချို့ကိုသာ စတေးဝံ့လျှင်တော့ သူသည် တာအိုဥသျှောင်အဆင့်ကို ကျော်ကာ နှစ်ခြောက်ဆယ်စက်ဝန်းတစ်ခုအထိ အင်ပါယာသခင်အဆင့်နှင့် ညီမျှလိမ့်မည်။
ရွေးချယ်ခံတစ်ယောက် ချန်ခဲ့ပြီးနောက် မန်ဟိုက သူတို့အုပ်စုကို ငရဲဘုံ (၃) သို့ ခေါ်သွား၏။ ထို့နောက် ငရဲဘုံ (၄) ၊ (၅) ... သူတို့သွားနေစဉ် သူက ပါရာဂွန်များကို မည်ကဲ့သို့သတ်ခဲ့ကြောင်း၊ မည်ကဲ့သို့ကျွန်ပြုခဲ့ကြောင်း၊ မည်သို့ခန္ဓာဖောက်ခွဲစေခဲ့ကြောင်း ပြောရင်း အပြင်သူသားရဲများကို ခြိမ်းခြောက်နေ၏။
ပထမတော့ ရွေးချယ်ခံများမှာ အံ့ဩကြသော်လည်း တဖြေးဖြေး အသားကျလာပြီး ထူးထူးခြားခြား မခံစားရတော့ပေ။ ထိုမျှသာမက ငရဲဘုံ ၃၃ ဘုံထဲ ဆင်းလာတုန်းက ခံစားခဲံ့ရသော စိုးရိမ်သောကတို့လည်း တစတစလျော့နည်းလာသည်။
မန်ဟို ဝိညာဉ်မီးလုံးတစ်လုံးပြီးတစ်လုံးကို ဖိနှိပ်၍ ၎င်းတို့အား စုပ်ယူရန် ရွေးချယ်ခံတစ်ယောက်ပြီးတစ်ယောက် ချန်ထားခဲ့သည်ကို ကြည့်ပြီးနောက် ရွေးချယ်ခံတို့သည် ပို၍စိတ်အေးလက်အေး ရှိလာကြ၏။
အဆုံးသတ်တွင် မန်ဟို့အနေဖြင့် ဘာမှပြောစရာမလိုတော့ပေ။ သူ၏အသတ်အဖြတ်အရှိန်အဝါ ဖြာထွက်သွားသည်နှင့် ရွေးချယ်ခံများက သူ့စကားအတိုင်း ကြွားဝါးတတ်သည်။
“သူက ပါရာဂွန်တစ်ဦးကို သတ်ခဲ့တယ်။ နောက်တစ်ယောက်ကို ကျွန်ပြုခဲ့တယ်။ နောက်တစ်ယောက်ကိုကျ ခန္ဓာဖောက်ခွဲအောင် ဖိအားပေးနိုင်ခဲ့တယ်။ ကြောက်လား ကြောက်ရင် ထွက်သွားလိုက်”
မန်ဟိုမှာ သင်္ချိုင်းများကို အပြောင်ရှင်းစရာပင် မလိုတော့ပေ။ ရွေးချယ်ခံများအတွက် ထိုအလုပ်မှာ မထူးဆန်းတော့သလို ကျွမ်းပင်ကျွမ်းလာကြသည်။ နောက်ဆုံးတော့ သူတို့က သူမျှော်လင့်ထားသည်ထက်ပင် ကျော်ကုန်ကြပြီး သူပင် သတိမထားမိသော နေရာများကို ရှာကာ အပြောင်ရှင်းကြလေသည်။ မန်ဟိုမှာ မချီးကျူးမိဘဲ မနေတော့။
တဖြည်းဖြည်း ဤနေရာသို့ ရောက်စတုန်းက ခံစားခဲ့ရသော စိတ်ဖိစီးမှုတို့အားလုံး ပျောက်ကွယ်သွားသည်။ ယခုတွင် သူတို့၏ ငရဲဘုံခရီးမှာ အပန်းဖြေခရီးထွက်နေသလို ဖြစ်လာတော့သည်...
ငရဲဘုံ (၇) ၊ (၈) ၊ (၉) ....
မန်ဟို့နောက်လိုက်နေသော ရွေးချယ်ခံအရေအတွက်မှာ တစတစ နည်းပါးလာခဲ့၏။ ဝိညာဉ်မီးလုံးတစ်လုံးစီအတွက် ရွေးချယ်ခံတစ်ယောက်နေကျန်ခဲ့တိုင်း ရယ်မော၍ မန်ဟိုတို့အား နှုတ်ဆက်တတ်သည်။ သို့သော် သူတို့၏ရယ်သံနောက်ကွယ်တွင် စိတ်ပိုင်းဖြတ်ထားမှုနှင့် ခိုင်မာပြတ်သားမှု ရှိနေသည်။
“အိမ်ရှေ့မင်းသား။ ကျုပ် ဒီမှာ အဆင်ပြေတယ်။ မင်းသား ကျုပ်တို့ရှင်းနိုင်ခဲ့တာထက်ပိုပြီး အပြောင်ရှင်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ တာအိုရောင်ရင်းတို့၊ ကံကြမ္မာကောင်းရယူတာမှာ ကံကောင်းကြပါစေ...” ဝိညာဉ်မီးလုံး၏နေရာတိုင်းတွင် ယခုလို နှုတ်ဆက်စကားဆိုကြလေသည်။
အချိန်များကုန်လွန်သွားသည်။ ငရဲဘုံ (၁၅)၊ ငရဲဘုံ (၁၆) ၊ ငရဲဘုံ (၁၇) ... နောက်ဆုံးတော့ ငရဲဘုံ (၃၁) ကို ဖြတ်၍ (၃၂) သို့ ရောက်လာသည်။ ထို့နောက် ငရဲဘုံ (၃၃)။
မန်ဟို့အတွက် ငရဲဘုံ (၃၃) ဘုံလုံးကို ဖြတ်သွားရန် တစ်လခန့်ကြာလိုက်သည်။ ယခုအချိန်တွင် သူ့ဘေး၌ ရွေးချယ်ခံတစ်ယောက်မှ မကျန်တော့ပေ။ တချို့ဝိညာဉ်မီးများမှာ ရွေးချယ်ခံတစ်ယောက်တည်း စုပ်ယူရန် အင်မတန်အားပြင်းလွန်းသဖြင့် တစ်ယောက်ထက်ပို၍ သူ ချန်ခဲ့သည်။
ထို့ကြောင့် ငရဲဘုံ (၃၃) သို့ ရောက်သည့်အခါ သူတစ်ယောက်တည်း ဖြစ်၏။ ဤ (၃၃) ဘုံမြောက်ငရဲမှာ အာကာသဟင်းလင်းပြင်၏ အနက်ဆုံးအပိုင်း၌ တည်ရှိပြီး ဝင်ဝင်ချင်း မန်ဟိုသည် တောင်ထိပ်တစ်ခုပေါ်တွင် တင်ပျဉ်ထိုင်နသော လူငယ်တစ်ယောက်ကို မြင်လိုက်ရ၏။
ထိုလူငယ်က အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ကာ အေးစက်သောခံစားချက်ကို ပေးစွမ်းနေသည်။ ဤသည်က မည်သူပဲဖြစ်ဖြစ်၊ ကိုယ်အစစ်မဟုတ်ဘဲ ကိုယ်ပွားဖြစ်၏။
အရက်ပုလင်းတစ်ပုလင်းက သူ့အရှေ့တွင် ပျံဝဲနေပြီး ရံဖန်ရံခါ ထိုလူငယ်က ၎င်းကို မော့သောက်တတ်သည်။ အောက်ဘက်၊ တောင်ခြေတွင် ဗလာကျင်းရှင်းလင်းနေသော ချိုင့်ဝှမ်းကျယ်တစ်ခု ရှိပေသည်။
မန်ဟိုက ချဉ်းကပ်သွားနေစဉ် ဘေးဘီဝဲယာကို ကြည့်နေပြီးနောက်ဆုံး သူ၏အကြည့်က လူငယ်အပေါ် ကျရောက်သွားသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် ဤနေရာမှာ ကျန်ငရဲဘုံ ၃၂ ဘုံနှင့် ကွဲပြားနေသလို ခံစားရ၏။ သင်္ချိုင်းမရှိ၊ အပြင်သူသားရဲမရှိ၊ ဝိညာဉ်မီးလည်းမရှိသလို၊ ချိတ်စည်း သို့မဟုတ် တားမြစ်မန္တန်များပင် ကင်းမဲ့နေသည်။ ပါရာဂွန်ကိုးတံဆိပ်က ဤနေရာတွင် မည်သည့်ရတနာမှ မချန်ထားခဲ့သယောင် ထင်ရသည်။
မန်ဟို့အတွက် တောင်ထိပ်ပေါ်ရှိ အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်သည် အလွန်ထူးဆန်း၏။ သူက သိသိသာသာပင် ကိုယ်ပွားဖြစ်သော်လည်း သူ၏ကျင့်ကြံခြင်းအဆင့်ကို မမြင်ရပေ။ ပထမအခိုက်အတန့်တွင် ထိုလူငယ်သည် မိုးမီးလောင်အောင် ဒေါသထွက်နေပုံရသော်လည်း နောက်တခဏတွင် အေးချမ်းတည်ငြိမ်နေပုံပေါ်ပြန်၏။
လူငယ်က မန်ဟို့ကို မော့ကြည့်လိုက်ပြီး သူ၏မျက်ဝန်းများက ရှေးဆန်နေသည်။ “နောက်ဆုံးတော့ ရောက်လာပြီကိုး... ငါ မင်းကို စောင့်နေခဲ့တာ အင်မတန် ကြာခဲ့ပြီ”