← Chapters

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း ၁၆၃

Vol. 17 Ch. 163

အခန်း (၁၆၃) - နတ်ဘုရားသားရဲ ‘အောင်း’

ရှို့ဝူ စကားမပြောနိုင်ခင်မှာပင် ကျူးလင်က အထိတ်တလန့်ဖြင့် သူ့ပါးစပ်ကို လက်ဖြင့် အတင်းအုပ်လိုက်လေသည်။ သူမက သူ့ကို စိုက်ကြည့်ကာ အံကြိတ်လျက် တိုးတိုးလေး ပြောလိုက်၏။

"ခုနက ကိစ္စကို သူတို့ကို ပြောရဲပြောကြည့်လေ... ရှင်နဲ့ စကားမပြောဘဲ နေလိုက်မှာ..."

သူမ၏ ချစ်စရာကောင်းသော ခြိမ်းခြောက်မှုကို ကြားပြီး နီမြန်းနေသော မျက်နှာလေးကို ကြည့်ကာ ရှို့ဝူက ပြုံးလိုက်ပြီး လိမ္မာစွာ ခေါင်းညိတ်ပြလိုက်သည်။

ကျီယန်နှင့် ထန်ဝေ့တို့ကို သူမက သူ့အား နမ်းခဲ့ကြောင်း ရှို့ဝူ မပြော‌တော့မှန်း သေချာသွားပြီးနောက် ကျူးလင်က သူမ၏လက်ကို ရုပ်သိမ်းလိုက်လေသည်။

သူမ၏ စိတ်အေးသွားသော အမူအရာကို မြင်လိုက်ရသဖြင့် ရှို့ဝူမှာ ရုတ်တရက် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။

ကျူးလင် သူမ၏လက်ကို ပြန်မရုပ်သိမ်းနိုင်ခင်မှာပင် ရှို့ဝူက သူမ၏ လက်ဖဝါးလေးကို ညင်သာစွာလျက်၍ နမ်းရှိုက်လိုက်ချေသည်။

နူးညံ့ပြီး ပူနွေးနေသော လျှာက သူမ၏ လက်ဖဝါးကို လျက်လိုက်သည်ဟု ခံစားလိုက်ရသောအခါ လျှပ်စီးကြောင်းတစ်ခုက ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားသကဲ့သို့ ဖြစ်သွားရသည်။

ကျူးလင်မှာ လန့်သွားပြီး အလိုအလျောက်ပင် လက်ကို ပြန်ရုတ်လိုက်၏။

သူမက မျက်နှာနီမြန်းစွာဖြင့် ရှို့ဝူကို စိုက်ကြည့်လိုက်ပြီး သူလျက်ခဲ့သောနေရာမှာ ပူနွေးနွေး ထုံကျဉ်နေသည်ဟု ခံစားနေရသည်။ ရင်ဘတ်ထဲတွင်လည်း နှလုံးခုန်နှုန်းမှာ အလွန်မြန်ဆန်နေလေသည်။

ရှို့ဝူက ကျူးလင်အား စနေစဉ်မှာပင် လီချိုးက နှေးကွေးလေးလံစွာ ဝင်လာပြီး မေးလိုက်သည်။

"စစ်မှန်သောနတ်ဘုရားမ ကျူးလင်... နတ်ဘုရားသွေးကြောတွေကို ဘယ်တော့လောက် စိုက်ပျိုးမှာလဲ..."

လီချိုး၏ ဖြူဖျော့နေသော မျက်နှာကို မြင်သောအခါ ကျူးလင်က ခေါင်းကို အနည်းငယ်စောင်းကာ မေးလိုက်၏။

"အဆင့်မြင့်နတ်ဘုရား လီချိုး... ရှင် ဘာဖြစ်နေတာလဲ... နေမကောင်းတဲ့ပုံပဲ..."

လီချိုးက ထိုင်ချလိုက်ပြီး ကုလားထိုင်ကိုမှီကာ သူမကို ကြည့်ရင်း အားနည်းစွာဖြင့် ပြောလိုက်သည်။

"မနေ့က ကျွန်တော့်ရဲ့ နတ်ဘုရားစွမ်းအင် တစ်ဝက်ကျော်ကို ခင်ဗျားကို ပေးလိုက်တာ မေ့သွားပြီလား... နတ်ဘုရားစွမ်းအင် ထပ်မရဘူးဆိုရင် ကျွန်တော် လူသားအသွင်တောင် ဆက်ထိန်းထားနိုင်တော့မှာ မဟုတ်ဘူး..."

ထိုသို့ပြောပြီးနောက် လီချိုးက မျက်လုံးများကို မှိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်လုပ်ဆောင်ချက်များကို တတ်နိုင်သမျှ လှုပ်ရှားမှု နည်းပါးအောင် လုပ်ခြင်းဖြင့် နတ်ဘုရားစွမ်းအင်ကို အတတ်နိုင်ဆုံး ချွေတာရန် ကြိုးစားနေလေသည်။

သူ၏ ခန္ဓာကိုယ်မှာ မှေးမှိန်တော့မည်ကို မြင်လိုက်ရသဖြင့် ကျူးလင်က မတ်တပ်ရပ်ကာ ပြောလိုက်၏။

"ဒါဆို မကောင်းတော့ဘူး... အဆင့်မြင့်နတ်ဘုရား လီချိုး... ရှင် လမ်းလျှောက်နိုင်သေးရဲ့လား..."

သူမ၏ အမေးကို ကြားသောအခါ လီချိုးက မျက်လုံးများကို ဖွင့်လိုက်ပြီး လေးလံစွာ ပြန်ဖြေလိုက်သည်။

"ရပါတယ်..."

ထိုသို့ပြောပြီးနောက် လီချိုးက ကုလားထိုင်မှထကာ ထမင်းစားခန်းထဲမှ ဖြည်းညင်းစွာ လမ်းလျှောက်ထွက်သွားလေသည်။

နံရံကို အမှီပြု၍ လမ်းလျှောက်နေသော သူ့ကို မြင်လိုက်ရသဖြင့် ကျူးလင်က မြန်မြန်ဆန်ဆန် သွားရောက်ကူညီပေးလိုက်သည်။

သို့သော် သူမက လီချိုး၏ လက်မောင်းကို မကိုင်နိုင်ခင်မှာပင် ရှို့ဝူက သူ့ကို ဆွဲယူကာ ကျောပေါ် တင်ပိုးလိုက်ပြီး ပြောလိုက်၏။

"သူ့ကို ကိုယ်ပဲ ပိုးသွားမယ်... မင်း ဘယ်သွားချင်တာလဲ..."

ကျူးလင်က လျင်မြန်စွာပင် ပြောလိုက်သည်။

"အပြင်ဘက်ကို..."

ရှို့ဝူက လီချိုးကို ကျောပေါ်တင်ပိုးထားသည်ကို ကြည့်ရင်း နဂါးနတ်ဘုရားက ငြင်းဆန်လိမ့်မည်ဟု ကျူးလင်က ထင်မှတ်ထားခဲ့သည်။

သို့သော် ရှို့ဝူ လမ်းလျှောက်ထွက်သွားပြီးနောက် လီချိုးက သူ၏ ကျောပေါ်တွင် တိတ်ဆိတ်စွာပင် လှဲလျောင်းနေခဲ့သည်။

စက္ကန့်အနည်းငယ် ကြာပြီးမှသာ လီချိုး ဤမျှ တိတ်ဆိတ်နေရခြင်းမှာ သတိလစ်သွားသောကြောင့် ဖြစ်မှန်း ကျူးလင် သဘောပေါက်သွားကာ သူတို့နောက်သို့ အလျင်စလို ပြေးလိုက်သွားလေသည်။

ထိုင်ခုံတွင် ထိုင်နေကြသော ကျီယန်နှင့် ထန်ဝေ့တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် အလျင်အမြန် မတ်တပ်ရပ်ကာ ကျူးလင်နှင့် အခြားသူများနောက်သို့ လိုက်သွားကြ၏။

မိနစ်အနည်းငယ်အတွင်းမှာပင် ရှို့ဝူသည် လီချိုး၏ နဂါးသွေးကြောများကို မြှုပ်နှံထားသည့်နေရာသို့ ရောက်ရှိသွားချေပြီ။

ရှို့ဝူက လီချိုးကို မြေကြီးပေါ်တွင် လှဲသိပ်လိုက်ပြီးနောက် ကျူးလင်ကို ကြည့်ကာ မေးလိုက်သည်။

"နောက် ဘာဆက်လုပ်ရမလဲ..."

ဖီးနစ်ပင်၏ သစ်ကိုင်းကြောင့် ဖုတ်ကောင်များနှင့် သန္ဓေပြောင်းများ ဆွဲဆောင်ခံရမည်ကို သတိရသွားသဖြင့် ကျူးလင်က အပန်းဖြေစခန်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် အတားအဆီးတစ်ခုကို အလျင်အမြန် တည်ဆောက်လိုက်လေသည်။

ထို့နောက် သူမက ရှုပ်ထွေးသော လက်သင်္ကေတများကို ပြုလုပ်လိုက်၏။

လက်သင်္ကေတများ ပြုလုပ်ပြီးစီးသွားချိန်တွင် သူမ၏ လက်ဝါးများဖြင့် မြေကြီးကို ရိုက်ချလိုက်သည်နှင့် တစ်ပြိုင်နက် အနက်ရောင်နှင့် အဖြူရောင် အစီအရင်တစ်ခု ပေါ်လာသည်။

ဝုန်း... ဝုန်း...

သူမက အစီအရင်ထဲသို့ နတ်ဘုရားစွမ်းအင်များကို ထည့်သွင်းလိုက်သည်နှင့်အမျှ ယင်ယန်အစီအရင်သည် အပန်းဖြေစခန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်အထိ ပို၍ပို၍ ကြီးမားလာလေသည်။

ယင်ယန်အစီအရင်ကို တည်ဆောက်ပြီးနောက် ကျူးလင်က မတ်တပ်ရပ်ကာ သူမ၏ လက်ချောင်းထိပ်များကို ကိုက်လိုက်ပြီး လေထဲတွင် ရှေးဟောင်းနတ်စာများကို စတင်ရေးသားလိုက်၏။

စက္ကန့်အနည်းငယ်အကြာတွင် ရှေးဟောင်းဆင့်ခေါ်ခြင်း မန္တန်ကို သူမ အပြည့်အဝ ရေးဆွဲပြီးစီးသွားသည်။

ထို့နောက် သူမက ညာဘက်လက်ညှိုးနှင့် လက်ခလယ်တို့ကို ကောင်းကင်ဆီသို့ မြှောက်လိုက်ပြီး ဘယ်ဘက်လက်ညှိုးနှင့် လက်ခလယ်တို့ကိုမူ မြေကြီးဆီသို့ ညွှန်ပြလိုက်လေသည်။

သူမက လင်းလက်နေသော လက်ချောင်းထိပ်များဖြင့် လေထဲတွင် စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်ရာ ၎င်းတို့က တောက်ပစွာ လင်းလက်လာတော့သည်။

ကျူးလင်က သူမ၏ နတ်ဘုရားစွမ်းအင်များကို ရှေးဟောင်းဆင့်ခေါ်ခြင်း မန္တန်ထဲသို့ ကူးပြောင်းထည့်သွင်းလိုက်ပြီးနောက် ပြောလိုက်၏။

"ထွက်ပေါ်လာခဲ့စမ်း... ‘အောင်း’..."

ဝုန်း... ဝုန်း...

သူမ၏ စကားအဆုံးတွင် ရွှေရောင်စက်ဝိုင်းကြီးက ပို၍ပို၍ ကြီးမားလာသည်နှင့်အမျှ ကောင်းကင်နှင့် မြေကြီးကြားတွင် ဧရာမအစီအရင်နှစ်ခု ပေါ်လာလေသည်။

နောက်တစ်စက္ကန့်တွင် အစီအရင်နှစ်ခုက လင်းလက်သွားပြီး ရွှေရောင်စက်ဝိုင်းနှင့်အတူ လေထဲတွင် ပေါင်းစပ်သွားကြ၏။

အစီအရင်နှစ်ခု အပြည့်အဝ ပေါင်းစပ်သွားသည့် အခိုက်အတန့်မှာပင် အစီအရင်ထဲမှ နားကွဲမတတ် အသံကြီးထွက်ပေါ်လာချေသည်။

"ဝေါင်း..."

ခန့်ညားထည်ဝါသော ဟိန်းဟောက်သံကို ကြားလိုက်ရသဖြင့် ကျူးလင် မော့ကြည့်လိုက်ရာ အစီအရင်ထဲမှ ဧရာမလိပ်ကြီးတစ်ကောင် ဖြည်းညင်းစွာ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။

ရှို့ဝူနှင့် အခြားသူများ အံ့ဩနေစဉ် ဧရာမလိပ်ကြီးက မြေကြီးပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည်ကို တွေ့လိုက်ရလေသည်။

ဝုန်း...

ရှေးဟောင်းနတ်ဘုရားသားရဲ ‘အောင်း’သည် မြေကြီးပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာသည့် အခိုက်အတန့်တွင် အပန်းဖြေစခန်းတစ်ခုလုံး တုန်လှုပ်သွားတော့သည်။

သူမက ‘အောင်း’အား အောင်မြင်စွာ ဆင့်ခေါ်နိုင်ခဲ့ပြီဖြစ်ကြောင်း မြင်လိုက်ရသောအခါ ကျူးလင်က သက်ပြင်းတစ်ချက် ချလိုက်၏။

‘အောင်း’က မြေကြီးပေါ်တွင် ရပ်နေကာ ခေါင်းကို ငုံ့ကြည့်လိုက်ရာ အောက်ဘက်ရှိ ကျူးလင်နှင့် လီချိုးတို့ကို မြင်တွေ့သွားလေသည်။

‘‌အောင်း’က ၎င်း၏ ဧရာမခြေထောက်များကို ကွေးကာ ဒူးထောက်လိုက်ပြီး ရှေးဟောင်းနတ်ဘုရား ဘာသာစကားဖြင့် ပြောလိုက်သည်။

"စစ်မှန်သောနတ်ဘုရားမ ကျူးလင်နဲ့ အဆင့်မြင့်နတ်ဘုရား လီချိုးတို့ကို ဂါရဝပြုပါတယ်... စစ်မှန်သောနတ်ဘုရားမ ကျူးလင်... ကျွန်တော် ဘာများ အကူအညီပေးရမလဲ..."

‘အောင်း’၏ ခန့်ညားထည်ဝါပြီး လျှို့ဝှက်ဆန်းကြယ်သော အသံကြီးက အပန်းဖြေစခန်းအတွင်း ပဲ့တင်ထပ်သွားသောအခါ သာမန်လူများနှင့် သဘာဝလွန်စွမ်းအားရှင်များအားလုံး မှင်တက်အံ့ဩသွားကြလေသည်။

တောင်ကြီးတစ်လုံးခန့် ကြီးမားပြီး စကားပြောနေသကဲ့သို့ အသံများပြုလုပ်နိုင်သော ဧရာမလိပ်ကြီးတစ်ကောင်ကို သူတို့ ပထမဆုံးအကြိမ် မြင်ဖူးခြင်းပင်။

၎င်း၏ ကျောပေါ်တွင် ကျွန်းတစ်ကျွန်းပင် ရှိနေသေး၏။

ဧရာမလိပ်ကြီးကို မြင်လိုက်ရသောအခါ သူတို့၏ နှလုံးသားထဲတွင် ထူးဆန်းသော အကြောက်တရားနှင့် ရိုသေလေးစားမှုတစ်ခုကို ခံစားလိုက်ရတော့သည်။

ကျူးလင်က ရေခဲပန်းပွင့်ဆွဲကြိုးထဲမှ ကျောက်စိမ်းသေတ္တာ ရှစ်လုံးကို ထုတ်ယူလိုက်ပြီး ရှေးဟောင်းနတ်ဘုရား ဘာသာစကားဖြင့် ပြောလိုက်သည်။

"နတ်ဘုရားသားရဲ အောင်း... အဆင့်မြင့်နတ်ဘုရား လီချိုးရဲ့ နဂါးသွေးကြောပတ်လည်မှာ ဒီနတ်ဘုရားသွေးကြောတွေကို စိုက်ပျိုးပေးဖို့ မင်းရဲ့အကူအညီ လိုအပ်တယ်... တတ်နိုင်သမျှ မြန်မြန် လုပ်ပေးပါ..."

‘အောင်း’က ယခုအခါ လုံးဝနီးပါး မှေးမှိန်နေပြီဖြစ်သော လီချိုးကို ကြည့်ကာ ပြောလိုက်၏။

"အမိန့်ကို နာခံပါတယ်..."

ထိုသို့ပြောပြီးနောက် ၎င်း၏ရှေ့တွင် လွင့်မျောနေသော ကျောက်စိမ်းသေတ္တာ ရှစ်လုံးနှင့်အတူ ကောင်းကင်သို့ ပျံတက်သွားလေသည်။

အပန်းဖြေစခန်း၏ အရပ်ရှစ်မျက်နှာတွင် နတ်ဘုရားသွေးကြောများကို ‘အောင်း’က စတင်စိုက်ပျိုးနေသည်ကို မြင်လိုက်ရသောအခါ ကျူးလင်မှာ ယိုင်နဲ့သွားပြီး သူမ၏ ခြေထောက်များတွင် ခွန်အားများ ဆုံးရှုံးသွားတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ရှို့ဝူမှာ ထိတ်လန့်သွားပြီး သူမဆီသို့ ပြေးသွားကာ အော်လိုက်သည်။

"ရှောင်လင်..."

All Chapters