← Chapters

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း ၁၆၄

Vol. 17 Ch. 164

အခန်း (၁၆၄) - နတ်ဘုရားသွေးကြောများ စိုက်ပျိုးခြင်း

ကျူးလင် မြေပြင်ပေါ်သို့ မလဲကျမီ ရှို့ဝူက သူမကို အမြန်ဖမ်းထိန်းလိုက်လေသည်။ သူမ၏ ဖြူရော်နေသော မျက်နှာလေးကို မြင်လိုက်ရပြီး ခန္ဓာကိုယ်အပူချိန်မှာလည်း ပုံမှန်မဟုတ်ဘဲ အလွန်အေးစက်နေသည်ကို ခံစားလိုက်ရသောအခါ ရှို့ဝူသည် အခြားမည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ သူမကိုပွေ့ချီကာ အိမ်သို့ ပြန်သွားတော့၏။

သူက တံခါးကို ခြေထောက်ဖြင့် ကန်ဖွင့်လိုက်ပြီး စိုးရိမ်တကြီး အော်ခေါ်လိုက်သည်။

"ထူထူ..."

စက္ကန့်အနည်းငယ်အကြာတွင် ထူထူက သူ၏ရှေ့၌ ပေါ်လာပေသည်။

ကျူးလင်၏ အခြေအနေကို မြင်သောအခါ ယုန်လေးသည် သူ့လက်ဖဝါးများကို ကျူးလင်၏ ခန္ဓာကိုယ်ပေါ်သို့ အမြန်တင်လိုက်ပြီး သူမ၏ ဒန်တျန်အတွင်းသို့ စူးစမ်းရှာဖွေလိုက်လေ၏။

တစ်စက္ကန့်အကြာတွင် ထူထူက အံ့ဩတကြီး မေးလိုက်သည်။

"သခင်မ... ဘာလို့ သခင်မရဲ့ ဒန်တျန်ထဲမှာ နတ်ဘုရားစွမ်းအင် အရိပ်အယောင်လေးတောင် မရှိတော့တာလဲ..."

ကျူးလင်က မျက်လုံးများ မှိတ်ထားပြီး ထူထူ၏ မေးခွန်းများကို မဖြေနိုင်သည်ကို မြင်သောအခါ ရှို့ဝူက သူမကို တင်းကျပ်စွာ ဖက်ထားရင်း ပြောလိုက်လေသည်။

"ရှောင်လင်... မင်း အိပ်ပျော်သွားလို့မဖြစ်ဘူး... ကိုယ့်ကို ကြည့်စမ်းပါဦး..."

ကျူးလင်သည် သူ၏ ထိတ်လန့်တကြား ခေါ်သံများကို ကြားလိုက်ရသဖြင့် မျက်လုံးများကို ခက်ခဲပင်ပန်းစွာ ဖွင့်ကြည့်လာ၏။

ရှို့ဝူနှင့် ထူထူတို့က စိုးရိမ်ပူပန်နေသည်ကို မြင်သောအခါ သူမသည် စကားပြောချင်သော်လည်း နှုတ်ခမ်းပင် မဖွင့်နိုင်အောင် ဖြစ်နေရှာသည်။

ရှေးဟောင်းနတ်ဘုရားသားရဲ ‘အောင်း’ကို ဆင့်ခေါ်ရန် သူမ၏ နတ်ဘုရားစွမ်းအင်များအားလုံးကို ကုန်စင်အောင် သုံးစွဲထားခဲ့ကြောင်း သိနေသဖြင့် ကျူးလင်က ထူထူကိုကြည့်ကာ စိတ်ချင်းဆက်သွယ်၍ ပြောလိုက်လေ၏။

"ထူထူ... စိတ်မပူပါနဲ့... ‘အောင်း’က နတ်ဘုရားသွေးကြောတွေ စိုက်ပျိုးပြီးသွားရင် ငါ အဆင်ပြေသွားမှာပါ..."

သူမ၏ စကားကို ကြားသောအခါ ထူထူက သက်ပြင်းတစ်ချက် ချလိုက်ပြီး ပြောလိုက်သည်။

"သခင်မ... သခင်မရဲ့ သတ္တိကို ကျွန်တော် တကယ်လေးစားပါတယ်...”

“အခုလက်ရှိ ကျင့်ကြံတဲ့အဆင့်လေးနဲ့တောင် ရှေးဟောင်းနတ်ဘုရားသားရဲ ‘အောင်း’ ကို ဆင့်ခေါ်ရဲတဲ့ သတ္တိမျိုး သခင်မဆီမှာ တကယ်ရှိနေတာပဲ..."

ကျူးလင်မှာ အလွန်မောပန်းနွမ်းနယ်နေပြီ ဖြစ်သောကြောင့် စိတ်ချင်းဆက်သွယ်ကာ ထပ်ပြောလိုက်လေ၏။

"လောလောဆယ် ငါ အိပ်တော့မယ်... ငါ့အတွက် စိတ်မပူဖို့ ရှို့ဝူကို ပြောပြပေးဦး..."

မိမိ၏သခင်မမှာ လှုပ်ရှားရန်ပင် ခွန်အားမရှိတော့လောက်အောင် အားနည်းနေသည်ကို မြင်သောအခါ ထူထူက ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလေသည်။

"ဟုတ်ကဲ့ပါ သခင်မ..."

ထူထူ၏ အဖြေကို ကြားလိုက်ရပြီးနောက် ကျူးလင်သည် မျက်လုံးများကို မှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့၏။

ထူထူက နောက်ထပ် စကားတစ်ခွန်းမျှ မပြောရသေးမီ ရှို့ဝူက ထိတ်လန့်တကြားဖြင့် ကျူးလင်ကို အသည်းအသန် အော်ခေါ်လိုက်ပေသည်။

"ရှောင်လင်... မျက်လုံးဖွင့်ပါဦး... ရှောင်လင်..."

ထူထူသည် ရှို့ဝူ၏ ဖြူရော်နေသော မျက်နှာကိုကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်လေ၏။

"ရှို့ဝူ... ငါ့သခင်မက သူမရဲ့ နတ်ဘုရားစွမ်းအင်တွေ ပြန်လည်ပြည့်ဖြိုးလာဖို့ အိပ်စက်အနားယူဖို့ လိုအပ်တယ်...”

“မင်း အခုလို အော်ဟစ်နေတာတွေ၊ သူမရဲ့ ခန္ဓာကိုယ်ကို လှုပ်ယမ်းနေတာတွေကို ရပ်လိုက်လို့ ရမလား..."

ထူထူ၏ စကားကို ကြားပြီးနောက် ရှို့ဝူက ခေတ္တမျှ ရပ်တန့်သွားပြီး ထူထူကို လှမ်းကြည့်ကာ မေးလိုက်သည်။

"သူမ အဆင်ပြေပါ့မလား..."

ထူထူက ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလေ၏။

"ဟိုအဘိုးကြီး 'အောင်း' က နတ်ဘုရားသွေးကြောတွေ စိုက်ပျိုးပြီးသွားရင် ငါ့သခင်မ အဆင်ပြေသွားလိမ့်မယ်...”

“ဒါကြောင့် သူမခန္ဓာကိုယ်ကို လှုပ်ယမ်းနေတာတွေ ရပ်ပေးပါ... ငါ့သခင်မက အခုချိန်မှာ အိပ်စက်ဖို့ တကယ်လိုအပ်နေတာ... အဲဒီလိုမှမဟုတ်ရင် သူမ သေသွားလိမ့်မယ်..."

ကျူးလင် သေဆုံးသွားနိုင်ကြောင်း ကြားလိုက်ရသောအခါ ရှို့ဝူက ခေတ္တမျှ မှင်တက်သွားပြီးနောက် ပြောလိုက်လေသည်။

"ငါ နားလည်ပါပြီ..."

ထိုသို့ပြောပြီးနောက် သူက ကျူးလင်ကို သေချာစွာ ပွေ့ချီကာ သူမ၏ အိပ်ခန်းဆီသို့ ပြန်ခေါ်သွားတော့၏။ ထူထူက တတိယထပ်သို့ တက်သွားသော သူ့ကို ကြည့်ရင်း တွေးလိုက်ပေသည်။

'ငါ့သခင်မက ဒီမိစ္ဆာနတ်ဘုရားကို သူမအပေါ် ဒီလောက်အထိ ချစ်မြတ်နိုးလာအောင် အရင်တုန်းက ဘာတွေများ လုပ်ခဲ့သလဲဆိုတာ ငါ တကယ်မသိတော့ဘူး...’

‘သူက လူသားတစ်ယောက်အဖြစ် ပြန်လည်ဝင်စားလာတာတောင် နည်းနည်းလေးမှ ပြောင်းလဲမသွားဘူးပဲ...’

‘သူ့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ဘာမှဖုံးကွယ်မထားဘဲ ထုတ်ဖော်ပြသလာတဲ့အခါ အရင်ကထက်တောင် ပိုပြီးပြင်းထန်နေသလိုပဲ...'

ကျူးလင်၏ အိပ်ခန်းထဲသို့ ဝင်သွားပြီးနောက် ရှို့ဝူက သူမကို ကုတင်ပေါ်တွင် ဂရုတစိုက် ချပေးလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို သန့်စင်ပေးရန် ရေနွေးသွားယူလေသည်။

ကျူးလင်၏ ခန္ဓာကိုယ်ပေါ်မှ ချွေးစေးများကို သုတ်သင်ပေးပြီးနောက် ရှို့ဝူသည် သူမကို စောင်ခြုံပေးလိုက်ကာ ကုတင်ဘေးရှိ ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်၏။

သူမ၏ အေးစက်နေသော လက်လေးများကို ဆုပ်ကိုင်ထားပြီး သူ့လက်များဖြင့် နွေးထွေးလာစေရန် ကြိုးစားပေးနေသည်။ သူသည် သူမကို စိုက်ကြည့်ရင်း တိုးညင်းစွာ ပြောလိုက်ပေသည်။

"ရှောင်လင်... မင်းကို ဘာမှအဖြစ်မခံနိုင်ဘူးနော်..."

ရှို့ဝူက ကျူးလင်ကို စောင့်ရှောက်ပေးနေစဉ် အိမ်နှင့် မလှမ်းမကမ်းတွင် ကျီယန်နှင့် ထန်ဝေ့တို့ နှစ်ယောက်မှာ မည်သို့လုပ်ရမှန်းမသိ ဖြစ်နေ၏။

သူတို့နှစ်ဦးသည် မြေပြင်ပေါ်တွင် သတိလစ်မေ့မြောကာ လဲကျနေသော လီချိုးကို တိတ်ဆိတ်စွာ ကြည့်နေကြ၏။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ကျီယန်က မော့ကြည့်လိုက်ရာ ’အောင်း’ သည် လေထဲတွင် လွင့်မျောနေပြီး သူနားမလည်နိုင်သော တစ်စုံတစ်ရာကို လုပ်ဆောင်နေသည်ကို မြင်လိုက်ရသည်။

ဧရာမလိပ်ကြီးက အခြားတစ်နေရာသို့ ပျံသန်းသွားသည်ကို မြင်သောအခါ ကျီယန်က ပြောလိုက်သည်။

"အရင်တုန်းက ရှောင်လင် ပြောခဲ့တာတွေက တကယ်အမှန်တွေ ဖြစ်ပုံရတယ်..."

သူ့စကားကို ကြားလိုက်ရပြီးနောက် ထန်ဝေ့မှာ သတိပြန်ဝင်လာလေ၏။ သူက ကျီယန်ကို ကြည့်ကာ မေးလိုက်သည်။

"မင်းက ဘာကိုဆိုလိုချင်တာလဲ..."

ကျီယန်က အခြားနတ်ဘုရားသွေးကြောတစ်ခုကို အလုပ်ရှုပ်စွာ စိုက်ပျိုးနေသည့် ‘အောင်း' ကို လက်ညိုးထိုးပြရင်း ပြောလိုက်လေသည်။

"ရိုးရိုးသာမန် မိန်းကလေးတစ်ယောက်ကများ အဲဒီဧရာမလိပ်ကြီးကို လေဟာနယ်ထဲကနေ လွယ်လွယ်ကူကူ ဆင့်ခေါ်နိုင်လိမ့်မယ်လို့ မင်း ထင်နေလို့လား..."

ကျီယန်၏ မေးခွန်းကို ကြားသောအခါ ထန်ဝေ့က ကျူးလင်နှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည့်အချိန်ကို ပြန်လည်သတိရသွား၏။

ထိုအချိန်ကလည်း သူမသည် မြေပြင်မှ ဧရာမငှက်ကြီးတစ်ကောင်ကို ဆင့်ခေါ်ခဲ့ပြီး အသက်လု ထွက်ပြေးနေသည့်အလား ပျံသန်းထွက်ခွာသွားခဲ့ပေသည်။

စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် ထန်ဝေ့သည် အဝေးမှ ဧရာမလိပ်ကြီးကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"မင်းပြောတာ မှန်တယ်... ကျူးလင်က သာမန်မိန်းကလေးတစ်ယောက်ပဲလို့ ငါလည်း မထင်တော့ဘူး..."

အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် သူတို့နှစ်ဦးက တစ်ယောက်ကိုတစ်ယောက် ပြန်ကြည့်လိုက်ကြပြီး သူတို့၏ အတွေးများမှာ တူညီနေကြောင်း သိလိုက်ကြ၏။

အကယ်၍ ကျူးလင် ပြောခဲ့သည်များသာ အမှန်ဖြစ်ပါက ရှို့ဝူနှင့်ပတ်သက်၍ သူမ ပြောခဲ့သည်များမှာလည်း အမှန်ပင် ဖြစ်ပေလိမ့်မည်။

သူတို့၏ အချစ်ဆုံးသူငယ်ချင်းသည် လောကဘုံခြောက်ပါး၏ မိစ္ဆာနတ်ဘုရား ဝင်စားသူဖြစ်နေကြောင်း တွေးမိလိုက်သောအခါ ကျီယန်နှင့် ထန်ဝေ့တို့မှာ ဘာပြောရမှန်းပင် မသိအောင် ဆွံ့အသွားကြချေသည်။

သူတို့နှစ်ဦးမှာ ယခုလေးတင် သိလိုက်ရသော တုန်လှုပ်ဖွယ်ရာ အကြောင်းရာများကို တွေးတောနေကြစဉ် ‘အောင်း’သည် အပန်းဖြေစခန်းဧရိယာတစ်ဝိုက်၌ နတ်ဘုရားသွေးကြော ရှစ်ခုလုံးကို စိုက်ပျိုးပြီးစီးသွားပြီ ဖြစ်၏။

ဧရာမလိပ်ကြီးက ကျီယန်နှင့် ထန်ဝေ့တို့ထံသို့ ပြန်လည်ပျံသန်းလာပြီးနောက် သူတို့နှစ်ဦးကို စိတ်ဝင်တစားဖြင့် ကြည့်လိုက်လေသည်။

ကျီယန်နှင့် ထန်ဝေ့တို့က သူ့ကို စိုက်ကြည့်နေကြသည်ကို မြင်သောအခါ ‘အောင်း’ က ပြုံးလိုက်ပေသည်။

၎င်းက အလွတ်ဖြစ်သွားသော ကျောက်စိမ်းသေတ္တာ ရှစ်လုံးကို ထုတ်ယူကာ သူတို့ရှေ့ရှိ မြေပြင်ပေါ်တွင် ချထားလိုက်၏။

ထို့နောက် ‘အောင်း’ သည် လီချိုးကို လှမ်းကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်က နတ်ဘုရားစွမ်းအင်များကို စတင်စုပ်ယူနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

ထို့နောက် သူက ကျီယန်နှင့် ထန်ဝေ့တို့ထံသို့ ပြန်ကြည့်လိုက်ပြီး ရှေးဟောင်းနတ်ဘုရားဘာသာစကားဖြင့် ပြောလိုက်လေသည်။

"အဆင့်မြင့်နတ်ဘုရား လီချိုးက ခဏနေရင် အဆင်ပြေသွားပါလိမ့်မယ်..."

ဧရာမလိပ်ကြီးက ဤထူးဆန်းသော စကားလုံးများကို ထပ်မံပြောဆိုလိုက်သည်ကို ကြားသောအခါ ကျီယန်သည် ဤစကားလုံးများတွင် လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားအချို့ ပါဝင်နေသည်ဟု ခံစားလိုက်ရ၏။

ဧရာမလိပ်ကြီးသည်လည်း ထူထူကဲ့သို့ပင် ကျူးလင်၏ အိမ်မွေးတိရစ္ဆာန်ဖြစ်မည်ဟု တွေးလိုက်မိသဖြင့် သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားကာ ‘အောင်း’ ကို ကြည့်၍ ပြုံးပြလိုက်လေတော့သည်။

All Chapters