အခန်း ၁၆၅
Vol. 17 Ch. 165
အခန်း (၁၆၅) - ထူးဆန်းသော ဖြစ်စဉ်
ကျီယန်က သူ့ကို ပြုံးပြနေသည်ကို မြင်သောအခါ ‘အောင်း’က ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
"သာမန်လူသား... မင်းက တော်တော်လေး သတ္တိရှိတာပဲ..."
လိပ်ကြီးက သူ့ကို စကားပြောနေမှန်း သိလိုက်ရသဖြင့် ကျီယန်က ပြုံးလိုက်ကာ မေးလိုက်၏။
"ဟယ်လို... ကျွန်တော့်ကို ပြောနေတာလား..."
ကျီယန်၏ ပါးစပ်မှ ထွက်ပေါ်လာသော စိမ်းသက်လှသည့် ဘာသာစကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ဤနေရာသည် လောကဘုံခြောက်ပါး မဟုတ်ကြောင်းကို ‘အောင်း’က သိလိုက်လေသည်။
ဘာသာစကား မတူညီမှုကြောင့် သူတို့အချင်းချင်း ဆက်သွယ်ရန် နည်းလမ်းမရှိတော့ကြောင်းကိုလည်း 'အောင်း’က နားလည်သွားချေပြီ။
ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ‘အောင်း’က ပြုံးလိုက်ကာ ပြောလိုက်သည်။
"ဒီနေရာမှာ ဆုံတွေ့ရတာက ရေစက်ပါလို့ပဲ..."
“မင်းတို့နှစ်ယောက်က စစ်မှန်သော နတ်ဘုရားမ ကျူးလင်၊ မိစ္ဆာနတ်ဘုရားနဲ့ အဆင့်မြင့်နတ်ဘုရား လီချိုးတို့ကို သိနေမှတော့ တွေ့ဆုံခြင်း လက်ဆောင်အနေနဲ့ မင်းတို့နှစ်ယောက်ကို တစ်ခုခု ပေးရမှာပေါ့..."
ကျီယန်နှင့် ထန်ဝေ့တို့က လိပ်ကြီးထံမှ ကျူးလင်နှင့် လီချိုးတို့၏ အမည်များကို ကြားလိုက်ရသောအခါ ဤလိပ်ကြီးမှာ အမှန်တကယ် စကားပြောနိုင်ပြီး ယခု သူတို့ကို စကားပြောနေခြင်းဖြစ်ကြောင်း သေချာသွားကြတော့၏။
ကျီယန်နှင့် ထန်ဝေ့တို့အား မည်သည့်အရာ ပေးရမည်ကို အတန်ကြာ စဉ်းစားပြီးနောက် အောက်က သူတို့နှစ်ဦးကို ရေသူမမျက်ရည် တစ်ပုလင်းစီ ပေးရန် ဆုံးဖြတ်လိုက်လေသည်။
ဆုံးဖြတ်ချက်ချပြီးသွားသောအခါ ‘အောင်း’က ၎င်း၏ စိတ်ဝိညာဉ်နန်းတော်ထဲမှ ရေသူမမျက်ရည် နှစ်ပုလင်းကို ထုတ်ယူလိုက်၏။
ကျောက်စိမ်းပုလင်းငယ် နှစ်လုံးက ကျီယန်နှင့် ထန်ဝေ့တို့ထံသို့ တည်ငြိမ်စွာ ပျံသန်းလာချိန်တွင် ‘အောင်း’က ပြောလိုက်ပေသည်။
"မင်းတို့နှစ်ယောက်က အနာဂတ်မှာ လောကဘုံခြောက်ပါးကို သွားရောက်လည်ပတ်ရမယ့် ကံပါလာတယ်... တစ်နေ့ကျရင် ပြန်တွေ့ကြတာပေါ့..."
ထိုစကားများကို ချန်ထားခဲ့ပြီးနောက် ‘အောင်း’က နားကွဲမတတ် ဟိန်းဟောက်လိုက်ကာ ကောင်းကင်ယံတွင် မျောလွင့်နေသော အစီအရင်ကြီးထဲသို့ ပြန်လည်ပျံသန်းသွားလေသည်။
‘အောင်း’က အစီအရင်ကြီးကို ဖြတ်သန်းသွားသည့် အခိုက်အတန့်တွင်ပင် ထိုအစီအရင်ကြီးမှာ ချက်ချင်း ပျောက်ကွယ်သွားတော့၏။
ကျီယန်နှင့် ထန်ဝေ့တို့က သူတို့ရှေ့တွင် မျောလွင့်နေသော ကျောက်စိမ်းပုလင်းငယ်ကို တိတ်ဆိတ်စွာ ကြည့်ရင်း ထိုနေရာတွင် ရပ်နေကြကာ အချင်းချင်း အကဲခတ်လိုက်ကြသည်။
အချိန်အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ထန်ဝေ့က သူ့ရှေ့တွင် မျောလွင့်နေသော ကျောက်စိမ်းပုလင်းကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
"လောင်ယန်... ဒါက လိပ်ကြီးပေးသွားတဲ့ လက်ဆောင်လား..."
ကျီယန်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေ၏။
"အင်း..."
သူ၏စကားကို ကြားသောအခါ ထန်ဝေ့က ပြုံးလိုက်ပြီး သူ့ရှေ့တွင် မျောလွင့်နေသည့် ကျောက်စိမ်းပုလင်းကို ယူလိုက်လေသည်။ ထို့နောက် ကျောက်စိမ်းပုလင်းငယ်ကို ညင်သာစွာ လှုပ်ရမ်းလိုက်ပြီး ပြောလိုက်ပေသည်။
"လိပ်ကြီးက ငါတို့ကို ရေတစ်မျိုးမျိုး ပေးသွားပုံရတယ်..."
ထန်ဝေ့က လိပ်ကြီးထံမှ လက်ဆောင်ကို လက်ခံပြီးဖြစ်သည်ကို မြင်သောအခါ ကျီယန်လည်း ၎င်းကို ယူလိုက်၏။
လီချိုး နိုးလာရန် အချိန်အနည်းငယ် စောင့်ရဦးမည်ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူတို့နှစ်ဦးမှာ မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကြကာ လိပ်ကြီးပေးသွားသော နက်နဲသည့် လက်ဆောင်ကို စတင်စစ်ဆေးကြည့်ရှုနေကြတော့သည်။
မိနစ်လေးဆယ်ကြာပြီးနောက် ကျီယန်က တောက်လောင်နေသော နေမင်းကြီးကို မော့ကြည့်လိုက်ပြီးနောက် သတိလစ်နေသည့် လီချိုးကို ကြည့်ကာ ပြောလိုက်လေ၏။
"ရာသီဥတုက ပိုပိုပြီး ပူလာပြီ... ရှောင်ဝေ့... သူ့ကို စံအိမ်ဆီ ပြန်ရွှေ့သင့်လား..."
ထန်ဝေ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းခါယမ်းလိုက်ကာ ပြောလိုက်သည်။
"ငါတို့ လွယ်လွယ် မရွှေ့သင့်ဘူး ထင်တယ်... ရှောင်လင်နဲ့ လောင်ရှို့က ဒီကောင်ကို တမင်သက်သက် ဒီနေရာကို ခေါ်လာတာ မဟုတ်ဘူးလား..."
“သူက ဒီနေရာမှာ လှဲနေမှ သက်သာလာမှာလည်း ဖြစ်နိုင်တယ်လေ... စံအိမ်ဆီ ပြန်ရွှေ့လိုက်လို့ သူ နိုးမလာတော့ရင် ဘယ်လိုလုပ်မလဲ... ဒါဆိုရင် ငါတို့က သူ့ကို မတော်တဆ သတ်လိုက်သလို ဖြစ်မသွားဘူးလား..."
သူ၏စကားကို ကြားလိုက်ရပြီးနောက် ကျီယန်က ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်ပေ၏။
"ဒါဆိုရင် မိုးကာတဲလေးဆောက်ဖို့ ကူညီပေးပါဦး... သူ့ကို ဒီတောက်လောင်နေတဲ့ နေပူအောက်မှာ ဒီအတိုင်း ပစ်ထားလိုက်ရင် ခဏနေ အခြောက်ခံထားတဲ့ အလောင်းကောင် ဖြစ်သွားလိမ့်မယ်..."
ထိုသို့ပြောပြီးနောက် ကျီယန်က သူ၏ နေရာလွတ်စွမ်းရည်ထဲမှ မိုးကာတဲ တစ်စုံကို ထုတ်ယူလိုက်လေသည်။
ဤနေရာတွင် လီချိုးကို အချိန်အတော်ကြာ စောင့်ရှောက်ပေးရဦးမည်ဖြစ်ကြောင်း သိလိုက်ရသဖြင့် ထန်ဝေ့မှာလည်း ကျီယန်ကို မိုးကာတဲ ဆောက်ရာတွင် ကူညီပေးရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ပေ။
သူတို့နှစ်ဦး မိုးကာတဲ ဆောက်ရန် အလုပ်ရှုပ်နေကြစဉ်တွင် သဘာဝလွန်စွမ်းအားရှင် အချို့က ယနေ့လေထုထဲရှိ ထူးခြားမှုတစ်ခုကို သတိထားမိလာကြသည်။
ထိုစဉ် ရန်ယွမ်မှာ လေးနာရီကြာ အလုပ်လုပ်ပြီးနောက် အနားယူနေ၏။
အသက်အနည်းငယ်မျှ ရှူသွင်းလိုက်ပြီးနောက်တွင် သူ၏ ကြွက်သားများမှ နာကျင်ကိုက်ခဲမှုများမှာ ပျောက်ကွယ်သွားလေသည်။
တစ်ချိန်တည်းမှာပင် စွမ်းရည်များကို အလွန်အကျွံ အသုံးပြုမှုကြောင့် မူးဝေနေသော သူ၏စိတ်မှာလည်း ပိုမို ကြည်လင်လာကြောင်း ခံစားလိုက်ရပေသည်။
စောစောက ရုတ်တရက် ဖြစ်ပွားခဲ့သော ငလျင်ကို ပြန်လည်တွေးတောရင်း ရန်ယွမ်မှာ နက်ရှိုင်းသော အတွေးများထဲသို့ နစ်မြုပ်သွားတော့၏။
သူတို့၏ ဗိုလ်ကြီးမှာ အတွေးထဲ နစ်မြုပ်နေသည်ကို မြင်သောအခါ မင်ဝေတပ်ဖွဲ့ဝင် တစ်ဦးက မေးလိုက်လေသည်။
"ဗိုလ်ကြီး... မျက်နှာကြီးက တည်လှချည်လား... ဘာတွေ တွေးနေတာလဲ..."
သူ၏အမေးကို ကြားလိုက်ရသဖြင့် ရန်ယွမ်မှာ အတွေးများထဲမှ ရုန်းထွက်လာခဲ့၏။ သူက စောစောက မေးလိုက်သော လူကို ကြည့်လိုက်ပြီး ပြန်မေးလိုက်ပေသည်။
"ရုတ်တရက် ငလျင်လှုပ်ပြီးသွားတော့ လေထုထဲမှာ တစ်ခုခု ထူးခြားသွားတာကို သတိထားမိလိုက်လား..."
ဤသို့ မေးလိုက်သည်နှင့်တစ်ပြိုင်နက် ရုတ်တရက် ငလျင်လှုပ်ပြီးနောက်တွင် သူ၏ စွမ်းရည်များကို အသုံးပြုပြီးနောက်၌ပင် ပင်ပန်းသည်ဟု မခံစားရတော့ပေ။
ယခင်ကထက် ပိုမို သန်မာလာသလို ခံစားရကာ စိတ်လည်း ပိုကြည်လင်လာကြောင်း ထိုလူက ရုတ်တရက် သတိပြုမိသွားလေသည်။
ဤနေရာရှိ လေထုကို ရှူသွင်းလိုက်ရုံဖြင့် သူ့ကို ပိုမို သန်မာလာစေသကဲ့သို့ပင်။
သူ၏ အမူအရာကို မြင်သောအခါ ရန်ယွမ်က ထိုသူသည်လည်း သူနှင့် ထပ်တူ ခံစားလိုက်ရကြောင်း သိလိုက်သည်။ ရန်ယွမ်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေ၏။
"အခုကစပြီး လူတိုင်း တစ်နာရီခြားတစ်ခါ ကိုယ့်စွမ်းရည်တွေရဲ့ ကွာခြားချက်ကို ဂရုစိုက်ကြည့်ကြ... ဒီနေ့ ပြီးသွားတဲ့အခါ အသေးစိတ် အစီရင်ခံစာကို လိုချင်တယ်..."
သူ၏အမိန့်ကို ကြားပြီးနောက် မင်ဝေတပ်ဖွဲ့ဝင်များအားလုံးမှာ ဇဝေဇဝါ ဖြစ်သွားကြပေသည်။ ရန်ယွမ်၏ ဘေးတွင် ရပ်နေသော လျန်မင်က ရုတ်တရက် မေးလိုက်၏။
"အာယွမ်... မင်း ဘာလုပ်ဖို့ စီစဉ်နေတာလဲ..."
ရန်ယွမ်က သူ့ကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
"ရုတ်တရက် ငလျင်လှုပ်ပြီးသွားတော့ ငါ အသက်ရှူသွင်းလိုက်တိုင်း ငါ့ရဲ့စွမ်းရည်က နည်းနည်းလေး တိုးလာတယ်လို့ ခံစားလိုက်ရတယ်...”
“ဒါပေမဲ့ နှစ်ခါလောက် အသက်ရှူပြီးသွားတော့ ဘာမှ မခံစားရတော့ဘူး... ငါ့ရဲ့ စွမ်းအင်အများစုကို ကုန်ခမ်းသွားအောင် သုံးပြီးတဲ့ အချိန်ကျမှပဲ အဲဒီခံစားချက်မျိုးကို ပြန်ရနိုင်တော့တယ်..."
ထိုသို့ပြောပြီးနောက် သူက တပ်ဖွဲ့ဝင်များကို ကြည့်ကာ ပြောလိုက်ပေ၏။
"ဒီထူးဆန်းတဲ့ ဖြစ်စဉ်က စောစောက ရုတ်တရက် ငလျင်လှုပ်ခဲ့တာနဲ့ သက်ဆိုင်နိုင်တယ်လို့ ငါထင်တယ်...”
“ငါက အသက်ရှူတာကတစ်ဆင့် ငါ့ရဲ့စွမ်းရည်တွေကို တိုးတက်စေနိုင်တယ်ဆိုရင် မင်းတို့အားလုံးလည်း ငါ ခုနက လုပ်ခဲ့သလိုမျိုး ကိုယ့်စွမ်းရည်ကို တိုးတက်အောင် လုပ်နိုင်မယ်လို့ ထင်တယ်..."
ထို့နောက် ရန်ယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး ထပ်လောင်းပြောလိုက်လေသည်။
"ငါတို့ ဒီလိုမျိုး ဘယ်လောက်ကြာကြာ လုပ်နိုင်မလဲဆိုတာ မသိတာ တစ်ခုပဲ...”
“ဒါက ရုတ်တရက် ငလျင်လှုပ်ပြီးနောက် အချိန်တိုအတွင်းမှာပဲ ဖြစ်ပေါ်လာတဲ့ ယာယီဖြစ်စဉ်တစ်ခု ဖြစ်နိုင်သလို အမြဲတမ်းဖြစ်စဉ်တစ်ခုလည်း ဖြစ်နေနိုင်တယ်..."