အခန်း ၁၆၆
Vol. 17 Ch. 166
အခန်း (၁၆၆) - အခွင့်အရေး
ရန်ယွမ်၏ ရှင်းပြချက်ကို ကြားသောအခါ ဝေ့ပိုင်၏ မျက်လုံးများက အရောင်လက်သွားပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ဒါဆိုရင် ငါတို့တွေ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး စွမ်းရည်တွေကို တတ်နိုင်သမျှ မြှင့်တင်ရမယ်...”
“အသက်ရှူရုံနဲ့တင် စွမ်းရည်တွေကို တကယ်မြှင့်တင်နိုင်တယ်ဆိုရင် ပုံဆောင်ခဲအမြုတေ အများကြီး သက်သာသွားလိမ့်မယ်..."
ဤစကားကို ကြားသည်နှင့် မင်ဝေတပ်ဖွဲ့ဝင်များက သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြ၏။
အဆင့်မြင့်ဖုတ်ကောင်တစ်ကောင်က ကျားနီကြေးစားတပ်ဖွဲ့မှ လူအားလုံးနီးပါးကို သတ်ပစ်လိုက်ကြောင်း သတင်းရပြီးနောက်ပိုင်း လူတိုင်းက သူတို့၏ စွမ်းရည်အဆင့်များကို အပြေးအလွှား မြှင့်တင်နေကြလေသည်။
ထို့ကြောင့် သဘာဝလွန်စွမ်းအားရှင် အများအပြားမှာ သူတို့၏ စွမ်းရည်များ မြှင့်တင်ရန်အတွက် ပုံဆောင်ခဲအမြုတေများ အားလုံးကို အသုံးပြုပစ်လိုက်ကြသဖြင့် အစားအစာနှင့် ရေရရှိရန် တံတိုင်းတည်ဆောက်သည့် အလုပ်ကို မဖြစ်မနေ လက်ခံနေကြရပေသည်။
သူတို့၏ ဗိုလ်ကြီးပြောသည့်စကားသာ အမှန်ဆိုလျှင် ဤထူးဆန်းသော ဖြစ်ရပ်ကြီး မပျောက်ကွယ်သွားမီ ဤအခွင့်အရေးကို ဆုပ်ကိုင်၍ စွမ်းရည်များကို တတ်နိုင်သမျှ မြှင့်တင်ထားကြရမည် ဖြစ်၏။
သူတို့၏ စွမ်းရည်များ မည်မျှအထိ တိုးတက်လာမည်ဆိုသည့်အပေါ် မူတည်၍ နောင်တစ်ချိန်တွင် အစားအစာနှင့် ရေဝယ်ယူရန် ပုံဆောင်ခဲအမြုတေအချို့ကို ချွေတာနိုင်ပေလိမ့်မည်။
ထိုအသိစိတ်ဖြင့် မင်ဝေတပ်ဖွဲ့ဝင်များက အလုပ်ဆက်လုပ်ကြလေသည်။ သူ၏ တပ်ဖွဲ့ဝင်များ မည်မျှ စိတ်လှုပ်ရှားနေကြောင်း မြင်သောအခါ ရန်ယွမ်က ကျေနပ်သွားပြီး အမည်းရောင်သတ္တုရိုင်းများကို ဆက်လက်၍ အရည်ကြိုနေလိုက်သည်။
ဤနည်းအားဖြင့် အပန်းဖြေစခန်း ဧရိယာတစ်ဝိုက်ရှိ အကာအကွယ်အစီအရင်အတွင်း ပိတ်မိနေသော နတ်ဘုရားစွမ်းအင်များကို စုပ်ယူရင်းဖြင့် သူတို့အားလုံးမှာ ကိုယ်ခံစွမ်းအားများကို အလိုလျောက် လေ့ကျင့်ပြီးသား ဖြစ်နေချေသည်။
မင်ဝေတပ်ဖွဲ့သည် အစားအစာရရှိရန်နှင့် စွမ်းရည်များ လေ့ကျင့်ရန် ကြိုးစားပန်းစား အလုပ်လုပ်နေချိန်တွင် မုန့်ကျယ်လန်နှင့် ဝမ်နတို့မှာ လေးနာရီကျော်ကြာ အလုပ်လုပ်ပြီးနောက် အနားယူနေကြ၏။
မုန့်ကျယ်လန်က ကျောပိုးအိတ်ထဲမှ ဘီစကွတ်နှစ်ခုကို ထုတ်ယူလိုက်ပြီး သူမ၏ အချစ်ဆုံးသူငယ်ချင်းကို တစ်ခုကမ်းပေးကာ ပြောလိုက်သည်။
"နန... ဒါက ငါတို့ရဲ့ နောက်ဆုံးကျန်တဲ့ အစားအစာပဲ... မနက်ဖြန် မနက်စာအတွက် အစားအစာတချို့ ချန်ထားနိုင်အောင် ဒီနေ့ ငါတို့ ကြိုးကြိုးစားစား အလုပ်လုပ်ရမယ်..."
ဝမ်နက ခေါင်းညိတ်လိုက်ပြီး ဘီစကွတ်ကို ယူကာ ဖြည်းဖြည်းချင်း ဝါးစားလိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ရုတ်တရက် သက်ပြင်းချလိုက်ပြီး ပြောလာ၏။
"ယွဲ့ယွဲ့နဲ့ ယွီယန်တို့က ငါတို့အဖွဲ့ထဲကနေ ဘာလို့ ရုတ်တရက် ထွက်သွားကြတာလဲဆိုတာကို ငါ နားမလည်နိုင်သေးဘူး... ငါတို့ သူတို့ကို စိတ်ခုစရာများ လုပ်မိလို့လား..."
ဝမ်းနည်းပြီး တွေဝေနေသော သူမ၏ မျက်နှာကို ကြည့်ရင်း မုန့်ကျယ်လန်က သူမ၏ ပခုံးကို ပုတ်ပေးလိုက်ကာ ပြောလိုက်သည်။
"နန... ငါတို့ ဘာအမှားမှ မလုပ်ခဲ့ပါဘူး... ဒါကလေ... ငါတို့က အရမ်း အားနည်းလွန်းနေလို့ ယွဲ့ယွဲ့နဲ့ ယွီယန်အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်သွားခဲ့တာပါ..."
ထိုသို့ ပြောပြီးနောက် မုန့်ကျယ်လန်က ဖုန်မှုန့်များ ဖုံးလွှမ်းနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။
"အခုလို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အသက်ရှင်ခွင့်ရတာကလည်း ကောင်းတဲ့ကိစ္စတစ်ခုပါပဲ..."
“ဘဝမှာ အရေးကြီးဆုံးက ကျေးဇူးတင်တတ်ဖို့လို့ ငါထင်တယ်... အခုလို အေးအေးချမ်းချမ်း နေနိုင်တာနဲ့တင် ဒါက လုံလောက်နေပါပြီ..."
မုန့်ကျယ်လန်၏ စကားကို ကြားသောအခါ ဝမ်နကလည်း ဖုန်ထူနေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။
ဟန်ရှင်းယွဲ့၊ ကျိုးယွီယန်တို့နှင့် တစ်ဖွဲ့တည်း ရှိနေစဉ်က နေ့စဉ်နေ့တိုင်း မည်မျှပင်ပန်းခဲ့ရကြောင်း တွေးမိသောအခါ ဝမ်နက သူမ၏ လက်ရှိဘဝကို တကယ်ပင် အလွန်ကျေနပ်သွားချေသည်။
သူမနှင့် မုန့်ကျယ်လန်တို့မှာ အခြားသူများအတွက် အလုပ်လုပ်ပေးစရာ မလိုတော့သလို အမှားလုပ်မိမည်ကိုလည်း ကြောက်ရွံ့နေစရာ မလိုတော့ဘဲ နောက်ဆုံးတွင် သူတို့ကိုယ်တိုင်အတွက် အသက်ရှင်ရန် အချိန်ရသွားပြီ ဖြစ်သည်။
ထိုအသိဖြင့် ဝမ်နက ဘီစကွတ်များကို စားသောက်ပြီးသွားသောအခါ ပြောလိုက်လေသည်။
"နင်ပြောတာ မှန်တယ်... အခုငါတို့ဘဝက အရင်ကထက် ပိုကောင်းပြီး ပိုပျော်စရာကောင်းတယ်လို့ ငါလည်း ထင်တယ်...”
“ငါတို့မှာ စားစရာလုံလုံလောက်လောက် မရှိပေမဲ့ ငါတို့ကိုယ်တိုင်အတွက် အသက်ရှင်နေနိုင်ပြီပဲ... ဒါက ငါ့အတွက်တော့ လုံလောက်တာထက်ကို ပိုနေပါပြီ..."
ထိုသို့ ပြောပြီးနောက် သူမက မတ်တပ်ရပ်လိုက်ပြီး ကိုယ်လက်ဆန့်ထုတ်လိုက်၏။ စက္ကန့်အနည်းငယ် ကြာသောအခါ ဝမ်နက ရုတ်တရက် မေးလိုက်သည်။
"မုန့်မုန့်... ငါတို့ နားနေတာ ဘယ်လောက်ကြာပြီလဲ..."
မုန့်ကျယ်လန်က သူမကို ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။
"အများဆုံးမှ မိနစ်အနည်းငယ်လောက်ပဲ ရှိဦးမှာပေါ့... ဘာလို့မေးတာလဲ..."
ဝမ်နက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။
"ငါ့ခန္ဓာကိုယ်က နာကျင်ကိုက်ခဲမနေတော့သလို ခံစားရလို့... နင်ရော ဘယ်လိုနေလဲ..."
မုန့်ကျယ်လန်က မတ်တပ်ရပ်လိုက်ကာ ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ဝမ်နကို မျက်လုံးပြူးကာ ကြည့်ရင်း ပြောလိုက်လေသည်။
"ငါ့ကြွက်သားတွေလည်း မနာတော့ဘူး... ခေါင်းကိုက်တာတောင် ပျောက်သွားပြီ..."
သူမ ထိုသို့ပြောလိုက်သည်နှင့် မလှမ်းမကမ်းရှိ လူတစ်စုကလည်း ထိုကိစ္စကို ဆွေးနွေးနေကြသည်ကို သူတို့နှစ်ယောက် ကြားလိုက်ရ၏။
စိတ်လှုပ်ရှားနေသော လူများကိုကြည့်ကာ ဝမ်နနှင့် မုန့်ကျယ်လန်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
ဝမ်နက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် အလေးအနက် ပြောလိုက်သည်။
"မုန့်မုန့်... ငါ အလုပ်ဆက်လုပ်တော့မယ်... နင်လည်း ရေတွေကို တတ်နိုင်သမျှ အများကြီး ထုတ်နိုင်အောင် ကြိုးစားကြည့်...”
“ဒီမှာ တစ်ခုခုဖြစ်နေပုံရတယ်... ဒါက ငါတို့အတွက်တော့ ကောင်းတဲ့ကိစ္စပဲ..."
သူမ၏ စကားကို ကြားသောအခါ မုန့်ကျယ်လန်က ခေါင်းညိတ်လိုက်ပြီး ကျောပိုးအိတ်ထဲမှ ရေသန့်ဘူးခွံအချို့ကို အမြန်ထုတ်ယူလိုက်၏။
အချိန်ဆက်မဖြုန်းတော့ဘဲ သူမ၏ စွမ်းရည်များကို အသုံးပြုကာ ထိုရေသန့်ဘူးခွံများထဲသို့ တစ်ခုပြီးတစ်ခု ရေဖြည့်လိုက်လေသည်။
မိနစ်နှစ်ဆယ်ကြာပြီးနောက် မုန့်ကျယ်လန်က ခေါင်းမူးလာပြီး ပျို့အန်ချင်လာ၏။
၎င်းမှာ စွမ်းရည်များကို အလွန်အကျွံ သုံးစွဲမိခြင်း၏ လက္ခဏာဖြစ်ကြောင်း သိလိုက်သဖြင့် မုန့်ကျယ်လန်က မျက်ခုံးများကို ပွတ်သပ်လိုက်ကာ အသက်ပြင်းပြင်း အကြိမ်အနည်းငယ် ရှူလိုက်သည်။
အတန်ကြာ အနားယူပြီးနောက် ခေါင်းကိုက်ပျောက်သွားကာ စိတ်ထဲတွင် ပိုမိုကြည်လင်လာသကဲ့သို့ ခံစားလိုက်ရသည်။
ဖြစ်ပျက်သွားသည့်အရာကြောင့် မုန့်ကျယ်လန် အံ့ဩသွားပြီး ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးရန် မျက်လုံးများကို အမြန်မှိတ်လိုက်၏။
မျက်လုံးများ ပြန်ဖွင့်လိုက်သောအခါ သူမ၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာလေသည်။ စောစောလေးကပင် သူမ၏ စွမ်းရည်များက အနည်းငယ် တိုးတက်လာခဲ့ခြင်း ဖြစ်ပေသည်။
သူမက လက်ကို ဆုပ်ကိုင်လိုက်ပြီး တွေးလိုက်သည်။
“နန ပြောတာမှန်တဲ့ပုံပဲ... အခု တစ်ခုခုတော့ ဖြစ်နေပြီ..."
“အဲဒါက သဘာဝလွန်စွမ်းအားရှင်တွေအတွက် ကောင်းတဲ့အရာပဲ... ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ငါ့စွမ်းရည်တွေကို တတ်နိုင်သမျှ မြှင့်တင်ရမယ်...”
မုန့်ကျယ်လန်၏ အကြည့်များက ကြည်လင်နေပြီး ရေသန့်ဘူးခွံများကို ရေဆက်ဖြည့်နေလေ၏။
လက်ရှိအချိန်တွင် တစ်စုံတစ်ခု ဖြစ်ပျက်နေပြီး ယင်းမှာ သူတို့အတွက် အကျိုးရှိကြောင်း သဘာဝလွန်စွမ်းအားရှင်များ သိရှိသွားကြသောအခါ ၎င်းတို့အားလုံးမှာ စွမ်းရည်များ ကုန်ခမ်းသွားသည်အထိ အပြင်းအထန် ကြိုးစားလုပ်ဆောင်ကြတော့သည်။
ထို့ကြောင့် တံတိုင်းများ တည်ဆောက်ခြင်းနှင့် သန္ဓေပြောင်းအင်းဆက်များကို ရှင်းလင်းခြင်း လုပ်ငန်းစဉ်များက အလွန်လျင်မြန်စွာ တိုးတက်နေချေသည်။
တစ်ချိန်တည်းမှာပင် ကျီယန်နှင့် ထန်ဝေ့တို့က အမိုးအကာအောက်တွင် နေ့လယ်စာ စားနေကြ၏။ လီချိုး၏ လက်ချောင်းများ အနည်းငယ် လှုပ်ရှားသွားသည်ကို ထန်ဝေ့ မြင်သောအခါ သူက ပြောလိုက်သည်။
"သူ နိုးလာပြီထင်တယ်..."
ကျီယန်က သူ၏ ခေါက်ဆွဲပြုတ်ပန်းကန်ကို ချထားခဲ့ပြီး လီချိုးကို သွားရောက်စစ်ဆေးလိုက်လေသည်။ လီချိုး၏ ပါးကို ဖြည်းညင်းစွာ ပုတ်လိုက်ပြီး သူက မေးလိုက်၏။
"ဟေ့... ငါပြောတာ ကြားရလား..."
တစ်စုံတစ်ယောက်က သူ၏ပါးကို ပုတ်နေကြောင်း ခံစားလိုက်ရသောအခါ လီချိုးက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။
သူ မျက်မှောင်ကြုတ်သည်ကို မြင်သောအခါ ကျီယန်က မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်လေသည်။
"သူ အခု အဆင်ပြေလောက်ပြီ..."