အခန်း ၁၆၇
Vol. 17 Ch. 167
အခန်း (၁၆၇) - အဆင်ပြေပါတယ်
ကျီယန်က နေ့လယ်စာ စားနေချိန်တွင် နောက်ဆုံးတော့ လီချိုးက မျက်လုံးပွင့်လာခဲ့၏။ သူက ညည်းညူသံပေးကာ မြေပြင်ပေါ်မှ ထလာပြီး သူ၏ဒန်တျန်ကို စစ်ဆေးကြည့်လိုက်သည်။
သူ၏ဒန်တျန်အတွင်း၌ နတ်ဘုရားစွမ်းအင်ကြိုးမျှင်အချို့ လွင့်မျောနေသည်ကို မြင်လိုက်ရချိန်တွင် သက်ပြင်းတစ်ချက် ချလိုက်နိုင်လေသည်။
သူ၏နဂါးသွေးကြောပတ်လည်တွင် နတ်ဘုရားသွေးကြောများကို စိုက်ပျိုးပြီးဖြစ်ရာ လီချိုးသည် မကြာမီ သူ၏ကျင့်စဉ်စွမ်းအားများကို ပြန်လည်ရရှိကာ ဤကမ္ဘာငယ်လေးထဲမှ ထွက်ခွာနိုင်တော့မည် ဖြစ်၏။
လက်ရှိအခြေအနေကို ကျေနပ်သွားကာ သူက တွေးလိုက်သည်။
'စစ်မှန်သောနတ်ဘုရားမ ကျူးလင်က နတ်ဘုရားသွေးကြောတွေကို စိုက်ပျိုးပေးခဲ့တာ ဖြစ်ရမယ်...'
ခန္ဓာကိုယ်တွင် တစ်စုံတစ်ရာ ချို့ယွင်းချက်မရှိကြောင်း သေချာသွားပြီးနောက် လီချိုးက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ကျူးလင်ကို မတွေ့ရပေ။
ကျီယန်နှင့် ထန်ဝေ့တို့ သူ့ဘေးတွင် နေ့လယ်စာ စားနေကြသည်ကို မြင်သောအခါ သူက မေးလိုက်၏။
"စစ်မှန်သောနတ်ဘုရားမ ကျူးလင် ဘယ်မှာလဲ..."
ထန်ဝေ့က ပါးစပ်ထဲမှ ခေါက်ဆွဲများကို မျိုချလိုက်ပြီးနောက် ပြောလိုက်သည်။
"ရှောင်လင်က လိပ်ကြီးတစ်ကောင်ကို ဆင့်ခေါ်ပြီးနောက်မှာ သတိလစ်သွားလို့ လောင်ရှို့က သူ့ကို အိမ်ပြန်ခေါ်သွားတယ်”
“သူမ အဆင်ပြေပါတယ်၊ ပြန်ကောင်းလာဖို့ အိပ်ရေးဝဝအိပ်ဖို့ပဲ လိုတယ်ဆိုပြီး ထူထူက ခုနလေးတင် လာပြောသွားတယ်..."
ယင်းကို ကြားပြီးနောက် လီချိုးက မတ်တတ်ရပ်ကာ အိမ်ဘက်သို့ လျှောက်သွားလေသည်။ ကျီယန်က သူ၏ကျောပြင်ကို ကြည့်ကာ ပြောလိုက်၏။
"ဟေး... ရှောင်လင်ကို အနားယူခွင့်ပေးလိုက်တာ ပိုကောင်းမယ်"
“လောင်ရှို့က သူမကို ဂရုစိုက်နေတာဆိုတော့ မင်း အခုသွားရင်လည်း လုပ်ပေးစရာ ဘာမှမရှိပါဘူး..."
သူပြောသည်ကို ကြားသောအခါ လီချိုးက ကျီယန်ကို လှည့်ကြည့်လိုက်ရာ သူ့အား တည်ငြိမ်စွာ စိုက်ကြည့်နေသော ကျီယန်ကိုသာ မြင်တွေ့လိုက်ရ၏။
ကျီယန်က သူ့ကို စိုက်ကြည့်နေဆဲဖြစ်ကြောင်း သတိပြုမိသွားပြီး သူက တွေးလိုက်သည်။
“သူမ အဆင်ပြေနေပြီဆိုတော့ ငါ သွားမနှောင့်ယှက်သင့်တော့ဘူး”
“လောလောဆယ် သူမနဲ့ အရမ်းမနီးကပ်တာက ပိုကောင်းလိမ့်မယ်”
“ငါတို့အချင်းချင်း ဆက်ဆံရေးကောင်းနေတယ်ဆိုတာကို ကောင်းကင်ဧကရာဇ်သာ သိသွားရင် စစ်မှန်သော နတ်ဘုရားမ ကျူးလင်နဲ့ ငါ့ရဲ့စေ့စပ်မှုကို ဖျက်သိမ်းဖို့ ငြင်းဆန်လိမ့်မယ်... အဲဒါဆိုရင်တော့ ဒုက္ခပဲ...”
ထန်ဝေ့က လီချိုး တစ်နေရာတည်းတွင် ရပ်နေသည်ကို မြင်သောအခါ မေးလိုက်လေသည်။
"ဗိုက်မဆာဘူးလား... စားချင်ရင် ခေါက်ဆွဲခြောက် နည်းနည်းကျန်သေးတယ်..."
နတ်ဘုရားတစ်ပါးဖြစ်သောကြောင့် ဗိုက်ဆာခြင်းကို ဘယ်သောအခါမျှ ခံစားရမည်မဟုတ်သော်လည်း ထန်ဝေ့၏ သဘောကောင်းစွာ ဖိတ်ခေါ်မှုကို ငြင်းဆိုရန်မှာ ရိုင်းပျရာကျမည်ဟု လီချိုး ခံစားလိုက်ရ၏။
မည်သို့ပင်ဖြစ်စေ သူတို့သည် အချိန်အတိုင်းအတာတစ်ခုအထိ အတူတကွ နေထိုင်ရဦးမည်ဖြစ်သည်။
ထန်ဝေ့၊ ကျီယန်တို့နှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် လီချိုးက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။
"ဟုတ်ကဲ့... ဖိတ်ခေါ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
သူတို့သုံးဦး နေ့လယ်စာစားပြီးနောက် ကျီယန်က ပန်းကန်များကို သူ၏နေရာလွတ်စွမ်းရည်ထဲသို့ သိမ်းဆည်းလိုက်ပြီး ပြောလိုက်၏။
"တံတိုင်း တည်ဆောက်မှုအခြေအနေကို သွားကြည့်လိုက်ဦးမယ်... ပြီးမှပဲ တွေ့ကြတာပေါ့..."
ကျီယန် ထွက်သွားသည်ကို မြင်သောအခါ ထန်ဝေ့က လီချိုးကို ကြည့်ကာ ပြောလိုက်သည်။
"အစ်ကို... ကျွန်တော်လည်း ကင်းလှည့်သွားလိုက်ဦးမယ်... အလုပ်သမားတွေက သန္ဓေပြောင်းအင်းဆက် အများကြီး ဖမ်းမိထားတယ်ဆိုတော့ အဲဒီအင်းဆက်တွေကို မီးရှို့ရဦးမယ်..."
ထိုသို့ပြောပြီးနောက် ထန်ဝေ့က မတ်တတ်ရပ်ကာ ပြောလိုက်၏။
"နောက်မှ ညစာ အတူတူစားကြတာပေါ့..."
ကျီယန်နှင့် ထန်ဝေ့တို့ ထွက်သွားပြီးနောက် လီချိုးက သက်ပြင်းချကာ ပြောလိုက်သည်။
"သာမန်လူတွေနဲ့ ပေါင်းသင်းရတာ မလွယ်ဘူးပဲ”
“သူတို့က ဘာလို့ ဒီလိုမသန့်ရှင်းတဲ့ အစားအစာတွေကို အများကြီး စားချင်ကြတာလဲ...”
“အား... ခုနက ငါ သေတော့မလိုပဲ ခံစားလိုက်ရတယ်..."
ထိုစကားများကို ရေရွတ်ပြီးနောက် လီချိုးသည် ဝမ်းဗိုက်ထဲတွင် မသက်မသာ ဖြစ်လာခဲ့၏။ နဂါးတစ်ကောင်ဖြစ်သောကြောင့် သူသည် လူသားတို့၏ အစားအစာများကို မစားနိုင်ပေ။
ထို့ပြင် သူယခုလေးတင် စားလိုက်သော ခေါက်ဆွဲခြောက်တွင် မသန့်စင်မှုများစွာ ပါဝင်နေသဖြင့် သူ၏ဝမ်းဗိုက်ကို အနည်းငယ် မအီမသာ ဖြစ်စေခဲ့သည်။
သူသည် အမိုးအောက်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး မျက်လုံးများကိုမှိတ်ကာ ကျင့်ကြံတော့သည်။
နတ်ဘုရားစွမ်းအင်က သူ၏ခန္ဓာကိုယ်အနှံ့ နှစ်ပတ်လှည့်ပတ်သွားပြီးနောက်တွင် ဝမ်းဗိုက်ထဲမှ မသက်မသာဖြစ်မှုက နောက်ဆုံးတွင် ပျောက်ကွယ်သွားလေ၏။
သူသည် အလွန်သက်သောင့်သက်သာ ဖြစ်သွားကာ သူ၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်သွားလေသည်။
တစ်ချိန်တည်းမှာပင် ကျူးလင်သည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး သူမ၏ မျက်တောင်များက အနည်းငယ် လှုပ်နေခဲ့သည်။
သူမ၏ လက်ချောင်းများ အနည်းငယ် လှုပ်ရှားသွားသည်ကို သတိပြုမိသွားကာ ရှို့ဝူက ခေါင်းမော့၍ သူမကို ကြည့်လိုက်ပြီး အလျင်စလို မေးလိုက်၏။
"ရှောင်လင်... နိုးပြီလား..."
ကျူးလင်က သူ့အသံကို ကြားလိုက်ရသော်လည်း မျက်လုံးဖွင့်ရန် အားမရှိချေ။ ရှို့ဝူ၏မေးခွန်းများကို ပြန်ဖြေရန် အလွန်ပင်ပန်းနေခဲ့သည်။
ခေတ္တမျှ ကြိုးစားကြည့်ပြီးနောက် သူမက အလွန်ပင်ပန်းသဖြင့် ထပ်မံအိပ်ပျော်သွားလေ၏။
ကုတင်ဘေးတွင် ထိုင်နေသော ရှို့ဝူသည် ကျူးလင် ထပ်မံအိပ်ပျော်သွားကြောင်း တွေ့ရှိလိုက်ရသည်။
သူမ၏ ကုတင်ဘေးရှိ ခုံပေါ်တွင် ထိုင်နေရင်း သူက သူမ၏လက်ကို ကိုင်ထားကာ တိုးညင်းစွာ မေးလိုက်၏။
"ရှောင်လင်... ဘယ်တော့များမှ နိုးလာမှာလဲ..."
ကျူးလင်က သူမ၏နတ်ဘုရားစွမ်းအင်အားလုံးကို ကုန်စင်အောင် သုံးစွဲလိုက်ပြီးနောက် သူမ နိုးထလာရန် နှစ်ရက်မျှ အချိန်ယူခဲ့ရသည်။
နောက်ဆုံးတွင် သူမ မျက်လုံးဖွင့်လာချိန်၌ ရှို့ဝူက သူမ၏လက်များကို ကိုင်ထားဆဲဖြစ်၏။ သူမ မျက်လုံးပွင့်လာသည်ကို မြင်သောအခါ သူက မေးလိုက်လေသည်။
"ရှောင်လင်... ကိုယ်ပြောတာ ကြားရလား... ဘယ်လိုနေသေးလဲ... တစ်နေရာရာများ နေလို့မကောင်းဖြစ်နေသေးလား..."
ကျူးလင်က တိုးညင်းစွာ ညည်းညူလိုက်ပြီး ရှို့ဝူကို လှည့်ကြည့်လိုက်သည်။
သူ၏ပင်ပန်းနွမ်းနယ်နေသော မျက်နှာနှင့် မျက်ကွင်းညိုညိုများကို မြင်သောအခါ သူမက သူ့မျက်နှာကို လက်လှမ်းထိလိုက်ပြီး အက်ကွဲနေသော အသံဖြင့် မေးလိုက်၏။
"ရှင် ဘာဖြစ်တာလဲ... သေချာမနားရဘူးလား..."
သူမ၏ အက်ကွဲနေသော အသံကို ကြားလိုက်ရသဖြင့် ရှို့ဝူက မတ်တတ်ရပ်ကာ ရေတစ်ခွက် ငှဲ့ပေးရင်း ပြောလိုက်သည်။
"ကိုယ် အဆင်ပြေပါတယ်..."
ရေတစ်ခွက်ဖြင့် ကုတင်ဆီသို့ ပြန်လျှောက်လာပြီးနောက် သူက ကုတင်စွန်းတွင် ထိုင်လိုက်ကာ သူမကို ထထိုင်နိုင်ရန် ကူညီပေးလိုက်၏။
သူမကို သူ့အပေါ် မှီထားစေပြီးနောက် ရှို့ဝူက သူမကို ရေနွေးနွေးလေး တိုက်လိုက်သည်။ ရေသောက်ပြီးနောက် ကျူးလင်က များစွာ ပိုကောင်းလာကြောင်း ခံစားလိုက်ရ၏။
သူမက သူ့ကို ပြုံးပြလိုက်ပြီးနောက် ရှို့ဝူက ရေခွက်ကို ကုတင်ဘေးရှိ စားပွဲငယ်ပေါ်သို့ တင်ထားလိုက်သည်။
သူမက မှန်ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်ရာ အရုဏ်ဦး ကောင်းကင်ကို မြင်လိုက်ရသည်။
သူမ သတိလစ်သွားချိန်က နေ့လယ်ခင်းရောက်နေပြီ ဖြစ်ကြောင်းကို မှတ်မိနေ၏။ ယခုမှ အရုဏ်တက်စသာ ရှိသေးသဖြင့် သူမသည် အနည်းဆုံး နေ့တစ်ဝက်ခန့် သတိလစ်နေခဲ့ခြင်း ဖြစ်ရမည်။
ရှို့ဝူက သူမကိုကြည့်ကာ မေးလိုက်သည်။
"တစ်နေရာရာများ နေလို့မကောင်း ဖြစ်နေသေးလား..."
ကျူးလင်က ခေါင်းခါယမ်းလိုက်ပြီး မေးလိုက်၏။
"ကျွန်မ အိပ်ပျော်နေတာ ဘယ်လောက်ကြာပြီလဲ..."
"မင်း အိပ်ပျော်နေတာ နှစ်ရက်ရှိပြီ..."
ရှို့ဝူက ပင်ပန်းနွမ်းနယ်စွာဖြင့် ပြန်ဖြေလိုက်လေသည်။
သူပြောသည်ကို ကြားပြီးနောက် ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ မေးလိုက်သည်။
"အဆင့်မြင့်နတ်ဘုရား လီချိုးကရော ဘယ်လိုနေလဲ..."
ရှို့ဝူက သူမ၏မေးခွန်းကို ကြားသောအခါ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်၏။
“သူက ကျန်းမာရေးကောင်းပါတယ်၊ အခုတောင် လောင်ယန်နဲ့ ရှောင်ဝေ့တို့ကို တံတိုင်းဆောက်ဖို့ ကူညီပေးနေတယ်”
“သူ့ကို စိတ်ပူနေမယ့်အစား မင်းကိုယ်မင်းပဲ စိတ်ပူသင့်တယ်...”