အခန်း ၁၆၈
Vol. 17 Ch. 168
အခန်း (၁၆၈) - ငါက သူပဲ
ရှို့ဝူ၏ မျက်နှာအမူအရာကို ကြည့်ခြင်းအားဖြင့် သူ မပျော်မရွှင် ဖြစ်နေကြောင်းကို ကျူးလင် သိလိုက်သည်။ သူမက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လက်လှမ်းကာ သူ၏လက်များကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာ ပြောလိုက်၏။
"တောင်းပန်ပါတယ် အစ်ကိုဝူ... ရှင်စိတ်ပူရအောင် ကျွန်မ မလုပ်သင့်ဘူး..."
သူမ၏ စကားဆုံးသွားသည်နှင့် ရှို့ဝူက သူမကို အံ့ဩတကြီး ကြည့်လိုက်ပြီး မေးလိုက်သည်။
"ခုနက ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာလဲ..."
"အစ်ကိုဝူလို့လေ..."
သူမက ရှက်သွေးဖြာစွာ ဖြေလိုက်၏။
သူမ၏ နီမြန်းနေသော မျက်နှာလေးကို ကြည့်ရင်း ရှို့ဝူ အလွန်ပျော်ရွှင်သွားသည်။ သူက သူမကို တင်းကျပ်စွာ ဖက်တွယ်လိုက်ပြီး ခေါင်းငုံ့ကာ ပါးပြင်ကို နမ်းလိုက်ပြီးနောက် စကားဆိုလိုက်လေသည်။
"အင်း... ကိုယ်ဒီမှာ ရှိနေပါတယ်..."
သူက သူမကို ဖက်တွယ်ကာ နမ်းရှိုက်လာသောအခါ ကျူးလင် အနည်းငယ် ရှက်သွားသော်လည်း အလွန်လည်း ပျော်ရွှင်သွားသည်။
နတ်ဘုရားတစ်ပါးအနေဖြင့် မိမိ၏ ခံစားချက်အားလုံးကို ဖြတ်တောက်ထားသင့်သည်ဟု သူမ အမြဲတမ်း တွေးထင်ခဲ့ဖူး၏။
သို့သော်လည်း ပျော်ရွှင်မှုကို ကိုယ်တိုင် တွေ့ကြုံခံစားရပြီးမှသာ အရာရာတိုင်းသည် ရည်ရွယ်ချက်တစ်ခုအတွက် တည်ရှိနေခြင်းဖြစ်ကြောင်း သူမ နားလည်သွားချေပြီ။
ရှို့ဝူအပေါ်၌ ခံစားချက်များ ဖြစ်ပေါ်လာခဲ့ပြီဖြစ်ရာ သူမ၏ ခံစားချက်များအတွက်လည်း ရည်ရွယ်ချက်တစ်ခု ရှိနေပေလိမ့်မည်။
နောင်တစ်ချိန်တွင် သူမက ဤခံစားချက်များနှင့် မှတ်ဉာဏ်များကို ချိပ်ပိတ်ပစ်မည်ဆိုသော်ငြား လက်ရှိပျော်ရွှင်မှုကိုတော့ တတ်နိုင်သမျှ မြတ်နိုးတန်ဖိုးထားချင်နေမိသည်။
ဤသို့တွေးမိပြီးနောက် ကျူးလင်က ခေါင်းကို အနည်းငယ်လှည့်ကာ ရှို့ဝူ၏ ပါးပြင်ကို ပြန်လည်နမ်းရှိုက်လိုက်၏။
သူမ၏ နူးညံ့စိုစွတ်သော နှုတ်ခမ်းများက သူ့ပါးပြင်နှင့် ထိတွေ့သွားသောအခါ ရှို့ဝူ၏ ခန္ဓာကိုယ်က ချက်ချင်းပင် တုံ့ပြန်လာတော့သည်။
သူက သူမကို ခေတ္တမျှ ကြည့်နေလိုက်ပြီးနောက် တိုးညင်းစွာ မေးလိုက်လေသည်။
"ရှောင်လင်... ကိုယ်မင်းကို ချစ်တယ်... မင်းရော ကိုယ့်ကို ချစ်လား..."
သူ၏အမေးစကားကို ကြားသောအခါ ကျူးလင် ထပ်မံ၍ မျက်နှာနီမြန်းသွားပြန်သည်။
သူမက ခေါင်းခါယမ်းပြလိုက်ရာ ရှို့ဝူ၏ မျက်လုံးများထဲမှ အလင်းရောင်နှင့် ပျော်ရွှင်မှုတို့ ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။ သူမက သူ၏ပါးပြင်ကို ထပ်မံနမ်းရှိုက်လိုက်ပြီး တိုးညင်းစွာ ပြောလိုက်လေသည်။
"ကျွန်မ ရှင့်ကို မချစ်သေးပေမယ့် အခုတော့ သဘောကျနေပြီ..."
သူမ၏စကားကို ကြားပြီးနောက် ရှို့ဝူ၏ မျက်လုံးများ အရောင်လက်သွားလေသည်။ သူက ပြုံးလိုက်ပြီး ပြောလိုက်၏။
"မင်းက ကိုယ့်ကိုလည်း နမ်းပြီးပြီ... သဘောကျတယ်လို့လည်း ပြောပြီးပြီဆိုတော့ တခြားယောက်ျားတွေကို သဘောကျခွင့် မရှိတော့ဘူး... အခုကစပြီး ကိုယ့်တစ်ယောက်တည်းကိုပဲ သဘောကျရမယ်..."
ထိုသို့ပြောပြီးနောက် သူက စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးမှ ထပ်ပြောလိုက်သည်။
"နေဦး... မင်းက တခြားယောက်ျားတွေကိုလည်း ချစ်လို့မရဘူး... အခုကစပြီး ကိုယ့်တစ်ယောက်တည်းကိုပဲ ချစ်ရမယ်..."
ကျူးလင် စကားမပြောနိုင်မီမှာပင် တံခါးက ပွင့်လာလေသည်။ သူမက တံခါးရှိရာဘက်သို့ လှည့်ကြည့်လိုက်သောအခါ ထူထူက ကလေးများနှင့်အတူ ပြေးဝင်လာသည်ကို မြင်လိုက်ရ၏။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် ကျယ်ဝန်းသော အိပ်ခန်းကြီးမှာ ကလေးသူငယ် သုံးဆယ်ကျော်နှင့် ယုန်ဖြူလေးတစ်ကောင် ထပ်တိုးလာသဖြင့် ရုတ်တရက် ကျပ်တည်းသွားချေသည်။
ထူထူက သူမ၏ ပါးပြင်ကို ဖက်တွယ်လိုက်ပြီး ချစ်ခင်ယုယစွာ ပွတ်သပ်ရင်း ပြောလိုက်သည်။
"သခင်...သခင်မလေး နောက်ဆုံးတော့ နိုးလာပြီပဲ..."
ကျူးလင်က ထူထူ၏ နူးညံ့သော အမွေးအမျှင်လေးများကို ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်၏။
"စိတ်ပူအောင် လုပ်မိတဲ့အတွက် တောင်းပန်ပါတယ်နော်..."
သူမက တောင်းပန်ပြီးနောက် ကလေးများကို ကြည့်လိုက်ရာ သူတို့အားလုံးက သူမကို စိုးရိမ်တကြီး မျက်လုံးများဖြင့် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ သူမက သူတို့ကို ပြုံးပြလိုက်ပြီး ပြောလိုက်လေသည်။
"အစ်မ အခု အဆင်ပြေသွားပါပြီ... စိတ်ပူပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်..."
သူမ အဆင်ပြေကြောင်း ကြားလိုက်ရသဖြင့် ကလေးများက သူမကို ပြုံးပြနှုတ်ဆက်ကာ အခန်းထဲမှ ထွက်သွားကြသည်။ ကလေးများ ထွက်သွားပြီးနောက် လီချိုး ဝင်လာလေ၏။
သူက ကုတင်နားသို့ လျှောက်လာပြီး ပြောလိုက်သည်။
"စစ်မှန်သောနတ်ဘုရားမ ကျူးလင်... ကျွန်တော့်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...”
“ဒီနှစ်ရက်အတွင်းမှာ ကျွန်တော် နတ်ဘုရားစွမ်းအင် နည်းနည်း စုဆောင်းထားနိုင်ပြီ... အခု ကျွန်တော်နဲ့ နှစ်ပါးသွားကျင့်စဉ်ကို ကျင့်ကြံချင်ပြီလား..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ရှို့ဝူ၏ မျက်နှာက ချက်ချင်း မှုန်ကုပ်သွားတော့သည်။
သူသည် ကျင့်ကြံသူတစ်ယောက် မဟုတ်သော်လည်း ယခင်က စိတ်ကူးယဉ်ဝတ္ထုအချို့ကို ဖတ်ဖူးထားသဖြင့် နှစ်ပါးသွားကျင့်စဉ်ဆိုသည်မှာ ချစ်တင်းနှီးနှောခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း သိထားပေသည်။
သူက ကျူးလင်ကို စိုက်ကြည့်လိုက်ပြီး မေးလိုက်၏။
"ရှောင်လင်... မင်းက သူနဲ့ နှစ်ပါးသွားကျင့်စဉ်ကို ကျင့်ကြံချင်လို့လား..."
အပန်းဖြေစခန်းတစ်ဝိုက်ရှိ နတ်ဘုရားစွမ်းအင်များမှာ အလွန်သိပ်သည်းနေပြီး လီချိုးထံမှ နတ်ဘုရားစွမ်းအင် ရယူရန် မလိုအပ်တော့ဟု ကျူးလင် ခံစားလိုက်ရသည်။
ထို့ကြောင့် သူမက ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။
"ကျွန်မက အဆင့်မြင့်နတ်ဘုရား လီချိုးနဲ့ နှစ်ပါးသွားကျင့်စဉ်ကို ကျင့်ကြံဖို့ မလိုတော့ပါဘူး... ဒီဧရိယာထဲက နတ်ဘုရားစွမ်းအင်တွေက အရမ်းသိပ်သည်းနေတော့ သာမန်အတိုင်းပဲ ကျင့်ကြံလို့ ရပါတယ်..."
သူမ၏ စကားဆုံးသွားသည်နှင့် အိပ်ခန်းအတွင်းရှိ အပူချိန်မှာ ဒီဂရီအနည်းငယ်မျှ ကျဆင်းသွားလေ၏။
တစ်စုံတစ်ခု မှားယွင်းနေကြောင်း ကျူးလင် သတိပြုမိသွားသဖြင့် မော့ကြည့်လိုက်ရာ ရှို့ဝူတစ်ယောက် အံတင်းတင်းကြိတ်ထားသည်ကို မြင်လိုက်ရသည်။
သူမက သူ့ကို နားမလည်နိုင်စွာဖြင့် ကြည့်နေစဉ်မှာပင် ရှို့ဝူက ကျူးလင်၏ ခန္ဓာကိုယ်အား ဖက်တွယ်ထားသော လက်များကို ပိုမိုတင်းကျပ်လိုက်ပြီး အန္တရာယ်ငွေ့များ ပါဝင်သော လေသံဖြင့် မေးလိုက်သည်။
"မင်းက သူနဲ့အရင်က နှစ်ပါးသွားကျင့်စဉ်ကို ကျင့်ကြံဖူးလို့လား... ဘယ်တုန်းကလဲ..."
ကျူးလင်က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ဖြေလိုက်၏။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က အဆင့်မြင့်နတ်ဘုရား လီချိုးနဲ့ ဆုံခဲ့တုန်းက ဖြစ်မယ်..."
သူမ၏ အဖြေကို ကြားလိုက်ရသဖြင့် ရှို့ဝူ၏ မျက်လုံးများ မှောင်မိုက်သွားပြီး မေးလိုက်လေသည်။
"မင်းက သူနဲ့ စတွေ့တွေ့ချင်းပဲ အဲ့ဒါကို လုပ်ခဲ့တာလား... မင်းက သူနဲ့ နှစ်ပါးသွားကျင့်စဉ် ကျင့်ဖို့အထိ ဆန္ဒရှိနေရအောင် သူနဲ့က ဘယ်လိုပတ်သက်မှုမျိုး ရှိနေလို့လဲ..."
ကျူးလင် မဖြေနိုင်မီမှာပင် လီချိုးက ဝင်ပြောလိုက်၏။
“ငါက သူမရဲ့ အနာဂတ် တာအိုလက်တွဲဖော်လေ... ငါတို့ရဲ့ ပတ်သက်မှုနဲ့ နှစ်ပါးသွားကျင့်စဉ်ကို ကျင့်ကြံတာက သာမန်ကိစ္စပါပဲ..."
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ရှို့ဝူ၏ စိတ်အစဉ်မှာ လုံးဝမှောင်မိုက်သွားပြီး သူ၏ခန္ဓာကိုယ်အတွင်းမှ မိစ္ဆာစွမ်းအင်များ အကြမ်းပတမ်း ပေါက်ကွဲထွက်လာတော့သည်။
"သတိထား..."
လီချိုးက အော်ဟစ်သတိပေးလိုက်ပြီး ရှို့ဝူ၏ ရင်ခွင်ထဲမှ ကျူးလင်ကို ဆွဲထုတ်ရန် ကြိုးစားလိုက်လေသည်။
ဝုန်း... ဒိုင်း...
လီချိုးက သူမကို မထိနိုင်မီမှာပင် တစ်စုံတစ်ယောက်က သူ၏ရင်ဘတ်ကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သူ၏ခန္ဓာကိုယ်မှာ လွင့်စင်သွားရရှာသည်။
နံရံနှင့် ဝင်ဆောင့်မိပြီးနောက် လီချိုးသည် မြေပြင်ပေါ်သို့ ပြိုကျသွားကာ သွေးတစ်လုတ် အန်ချလိုက်ရ၏။
ကျူးလင်မှာ ဤရုတ်တရက် အပြောင်းအလဲကြောင့် အလွန်အံ့ဩသွားရလေသည်။ သူမ တုံ့ပြန်နိုင်ခြင်း မရှိသေးမီမှာပင် ရှို့ဝူက သူမ၏ မေးစေ့ကို ဆုပ်ကိုင်ကာ မော့စေလိုက်သည်။
သူ၏ နီရဲနေသော မျက်လုံးများကို မြင်လိုက်ရသောအခါ ကျူးလင်မှာ အံ့ဩတကြီးဖြင့် မေးလိုက်၏။
"ရှို့ဝူကို ဘာလုပ်လိုက်တာလဲ..."
မိစ္ဆာနတ်ဘုရားက သူမ၏ မေးခွန်းကို ကြားသောအခါ လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်လေသည်။
"လင်အာ... မင်းရဲ့မေးခွန်းက အရမ်းစိတ်ဝင်စားဖို့ ကောင်းနေပါလား..."
ကျူးလင်က သူ၏ နီရဲနေသော မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။
"ဘာကိုဆိုလိုတာလဲ..."
မိစ္ဆာနတ်ဘုရားက ခေါင်းငုံ့လိုက်ပြီး သူမ၏ နားနားသို့ကပ်ကာ တိုးညင်းစွာ ပြောလိုက်၏။
"ရှို့ဝူဆိုတာ ကိုယ့်ရဲ့နာမည်ရင်းပဲ... ကမ္ဘာဦးကာလကတည်းက ရှို့ဝူဆိုတာ တစ်ယောက်တည်းပဲ ရှိခဲ့တာ..."
သူ၏စကားကို ကြားသောအခါ ကျူးလင်က ခေါင်းခါယမ်းလိုက်ပြီး ပြောလိုက်လေသည်။
"မဟုတ်ဘူး... ရှင် ကျွန်မကို လိမ်နေတာ... ရှင်က ရှို့ဝူ မဟုတ်ဘူး..."
သူမ၏ မျက်နှာပေါ်ရှိ သိသာထင်ရှားသော ငြင်းဆန်မှုကို မြင်လိုက်ရသဖြင့် မိစ္ဆာနတ်ဘုရား၏ မျက်လုံးများ မှေးမှိန်သွားကာ စကားဆိုလိုက်၏။
"နတ်ဘုရားတွေက လိမ်မပြောတတ်ဘူးဆိုတာ မင်းသိသားပဲ...”
“ကိုယ်အပါအဝင်ပေါ့...”
“ကိုယ်တို့ရဲ့ အနာဂတ်အတွက် ကိုယ်ဒီကို ရောက်လာတာလို့ အရင်က မင်းကို ပြောခဲ့ပြီးသားလေ...”
“ဒါပေမဲ့ မင်းက ကိုယ့်ကို ခွင့်လွှတ်ဖို့ ငြင်းဆန်နေဆဲဖြစ်သလို ကိုယ်တို့ရဲ့ အတိတ်အကြောင်းတွေကိုလည်း အကုန်မေ့ပစ်ဖို့ ငြင်းဆန်နေတုန်းပဲ..."