← Chapters

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း ၁၆၉

Vol. 17 Ch. 169

အခန်း (၁၆၉) - မင်းရဲ့ဆန္ဒကို ကိုယ်ဖြည့်ဆည်းပေးပါ့မယ်

ထိုသို့ပြောပြီးနောက် မိစ္ဆာနတ်ဘုရားသည် မြေပြင်ပေါ်တွင် လဲကျနေသော လီချိုးကို တစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။

"ငါ့မိန်းမနားကနေ ဝေးဝေးနေဖို့ မင်းကို ငါသတိပေးခဲ့ပြီးသား...”

“မင်းက တော်တော်သတ္တိကောင်းပြီး သူမနဲ့ နှစ်ပါးသွားကျင့်စဉ်ကိုတောင် ကျင့်ကြံရဲတယ်ပေါ့... မင်းကို ဒီမှာချိပ်ပိတ်ထားရုံနဲ့ မလုံလောက်သေးဘူးထင်တယ်..."

ပတ်ဝန်းကျင်မှ တိုးပွားလာသော မိစ္ဆာစွမ်းအင်များကို ခံစားလိုက်ရသဖြင့် မိစ္ဆာနတ်ဘုရားသည် ယခုအချိန်တွင် လီချိုးကို သတ်တော့မည်ဖြစ်ကြောင်း ကျူးလင် သိလိုက်လေသည်။

သူမ၏စိတ်က အစီအစဉ်တစ်ခုခု မချမှတ်နိုင်မီမှာပင် သူမခန္ဓာကိုယ်က အလိုအလျောက် လှုပ်ရှားသွားခဲ့ပြီ ဖြစ်ပေသည်။

သူမသည် တုံ့ဆိုင်းနေခြင်းအလျဉ်းမရှိဘဲ သူ့အင်္ကျီကို ဆွဲကိုင်ကာ အောက်သို့ဆွဲချလိုက်ပြီး သူ၏နှုတ်ခမ်းကို ညင်သာစွာ ကိုက်လိုက်တော့သည်။

သူမက သူ၏နှုတ်ခမ်းကို ကိုက်လိုက်သည့်အခိုက်အတန့်တွင် မိစ္ဆာနတ်ဘုရားသည် ခေတ္တမျှ မှင်တက်သွားပြီးနောက် သူမကို ပြင်းပြင်းပြပြ နမ်းရှိုက်လာလေသည်။

မြေပြင်ပေါ်တွင် လဲကျနေဆဲဖြစ်သော လီချိုးမှာမူ မိစ္ဆာနတ်ဘုရားက ကျူးလင်၏မျက်နှာလေး နီမြန်းသွားသည်အထိ နမ်းနေသည်ကို စိုက်ကြည့်နေရရှာ၏။

သူ့ကိုကယ်တင်ရန်အတွက် သူမက မိစ္ဆာနတ်ဘုရားကို နမ်းလိုက်ခြင်းဖြစ်ကြောင်း သိသဖြင့် လီချိုးသည် အံကိုတင်းတင်းကြိတ်ကာ မြေပြင်ပေါ်မှ ခက်ခက်ခဲခဲ ထရပ်လိုက်လေသည်။

အိပ်ခန်းထဲမှ မထွက်ခွာမီ သူသည် ကျူးလင်ကို နောက်တစ်ကြိမ် လှည့်ကြည့်လိုက်ပြီး လက်ကိုတင်းတင်းဆုပ်ထားလိုက်၏။ သူမအပေါ်တွင် အသက်ကြွေးတစ်ခု ထပ်မံတင်ရှိသွားခဲ့ပြီ ဖြစ်ပေသည်။

လီချိုး ထွက်သွားပြီးနောက် ကျူးလင်သည် မိစ္ဆာနတ်ဘုရားကို တွန်းဖယ်လိုက်ကာ အသက်ရှူဝအောင် လေကို အငမ်းမရ ရှူသွင်းလိုက်ရ၏။ မိစ္ဆာနတ်ဘုရားက သူ၏နှုတ်ခမ်းကို သပ်လိုက်ပြီးနောက် မေးလိုက်လေ၏။

"လင်အာ... မင်းကိုယ်မင်းတောင် စတေးပြီး ကိုယ့်ကိုနမ်းရလောက်တဲ့အထိ သူ့ကို အရမ်းသဘောကျနေတာလား..."

သူ၏အမေးစကားကို ကြားလိုက်ရသဖြင့် ကျူးလင်က သူ့ကို ပြန်ကြည့်လိုက်သောအခါ သူ၏မျက်လုံးများထဲရှိ ဝမ်းနည်းမှုနှင့် နာကျင်မှုတို့ကိုသာ မြင်တွေ့လိုက်ရ၏။ သူမသည် ခေါင်းခါယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။

"ငါ သူ့အတွက် ကိုယ့်ကိုယ်ကိုယ် စတေးခဲ့တာ မဟုတ်ပါဘူး..."

မိစ္ဆာနတ်ဘုရားက လှောင်ပြုံးပြုံးလိုက်ကာ ပြောလိုက်သည်။

"ဒါပေမဲ့ သူ့ကိုကယ်ဖို့ မင်းကိုယ့်ကိုနမ်းခဲ့တာပဲလေ..."

ကျူးလင်သည် လိမ်ညာ၍မပြောတတ်သဖြင့် အကြည့်လွှဲလိုက်ကာ မေးခွန်းကို မဖြေဘဲနေလိုက်လေ၏။ သူမ၏ အဖြေကိုသိသွားသောအခါ မိစ္ဆာနတ်ဘုရားသည် သူမကို သူ့အားကြည့်လာစေရန် အတင်းအကျပ် ဆွဲလှည့်လိုက်ပြီး ပြောလိုက်၏။

"လင်အာ... ကိုယ့်ကို အစ်ကိုဝူလို့ ခေါ်လိုက်... ဒါဆိုရင် အဲဒီနဂါးစုတ်ကို ကိုယ် လွှတ်ပေးလိုက်မယ်..."

သူ၏တောင်းဆိုမှုကို ကြားသောအခါ ကျူးလင်သည် အံ့အားသင့်စွာဖြင့် သူ့ကိုကြည့်လိုက်ပြီး ပြောလိုက်သည်။

"ရှင်က ရှို့ဝူမှ မဟုတ်တာ..."

သူမ၏စကားကို ကြားလိုက်ရချိန်တွင် မိစ္ဆာနတ်ဘုရားသည် ဒေါသထွက်ကာ စိတ်ပျက်သွားခဲ့ရသည်။ သူက သူမ၏ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်လေ၏။

"သူက ကိုယ်ပဲ... ကိုယ်က သူပဲ... ကိုယ့်ရဲ့နာမည်အရင်းက ရှို့ဝူပါလို့ မင်းကို ပြောခဲ့တယ်လေ... ဘာလို့ ကိုယ့်ကို ဘယ်တော့မှ မယုံရတာလဲ... ဘာလို့လဲ..."

သူ၏မကျေနပ်ချက်များကို သူမအား ဆက်မပြောနိုင်မီမှာပင် သူသည် ခေါင်းကို ကိုင်ထားလိုက်ကာ နာကျင်စွာ ညည်းညူလိုက်လေသည်။ သူ၏ဖြူရော်နေသော မျက်နှာကို ကြည့်ရင်း ကျူးလင်တစ်ယောက် ထိတ်လန့်သွားခဲ့ရ၏။

သူသည် အရာအားလုံးကို တတ်စွမ်းနိုင်သော မိစ္ဆာနတ်ဘုရားဖြစ်ပေသည်။ သူမသိထားသလောက် သူသည် သူ၏ဘဝတစ်လျှောက်လုံးတွင် နာကျင်မှုကို မခံစားခဲ့ရဖူးသလို အားနည်းချက်ကိုလည်း ပြသလေ့မရှိပေ။

သို့သော် ဤအခိုက်အတန့်တွင်မူ သူသည် စကားပင်မပြောနိုင်လောက်အောင် နာကျင်နေခဲ့ချေသည်။ သူသည် ညည်းညူရုံသာ ညည်းညူနိုင်ပြီး လက်များကို သွေးထွက်လာသည်အထိ တင်းတင်းဆုပ်ထားလေ၏။

သတိပြန်ဝင်လာပြီးနောက် ကျူးလင်သည် ရေခဲပန်းပွင့်ဆွဲကြိုးလေးထဲမှ ကျောက်စိမ်းပုလင်းငယ်တစ်လုံးကို အလျင်အမြန် ထုတ်ယူလိုက်၏။

သူမက ကျောက်စိမ်းပုလင်းထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ မိစ္ဆာနတ်ဘုရားအား တိုက်ကျွေးချင်ခဲ့သော်လည်း သူ၏တွန်းဖယ်ခြင်းကို ခံလိုက်ရ၏။

ကျူးလင်သည် ကုတင်ပေါ်သို့ လဲကျသွားပြီး သူ့ကို အံ့ဩတကြီး ကြည့်နေမိသည်။ ဤသည်မှာ သူမကို သူ ပထမဆုံးအကြိမ် တွန်းဖယ်လိုက်ခြင်းပင်။

နာကျင်မှုကို ကြိတ်မှိတ်ခံစားရင်း မိစ္ဆာနတ်ဘုရားက သူချစ်ရသော ဇနီးသည်ကို လှောင်ပြုံးပြုံးပြလိုက်ကာ အံကိုတင်းတင်းကြိတ်ပြီး ပြောလိုက်လေသည်။

"မင်းက ကိုယ့်ကို ဒီလောက်တောင် မုန်းနေမှတော့ မင်းရဲ့ဆန္ဒကို ကိုယ် ဖြည့်ဆည်းပေးရတာပေါ့..."

"မဟုတ်ဘူး... မသွားပါနဲ့..."

သူမ ရှင်းပြခွင့်မရလိုက်မီမှာပင် မိစ္ဆာနတ်ဘုရားသည် ပျောက်ကွယ်သွားလေတော့၏။

ကုတင်ပေါ်တွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေသော ရှို့ဝူ၏ခန္ဓာကိုယ်ကို မြင်လိုက်ရသောအခါ ကျူးလင်သည် မြင့်မြတ်သောရေခဲရေကန်အောက်သို့ ထပ်မံနစ်မြုပ်သွားသကဲ့သို့ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် သူမ သတိပြန်ဝင်လာပြီး ရှို့ဝူ၏အခြေအနေကို စစ်ဆေးရန် အပြေးအလွှား သွားလိုက်လေ၏။

သူမက လက်ချောင်းများကို သူ၏လက်ကောက်ဝတ်ပေါ် တင်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ အကောင်းပကတိဖြစ်နေကြောင်း သတိပြုမိသွား၏။

ရိုးရှင်းသော စစ်ဆေးမှုအပြီးတွင် သူမသည် သူ့ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ စိုးရိမ်တကြီး ခေါ်လိုက်တော့သည်။

"မိစ္ဆာနတ်ဘုရား... နိုးလာခဲ့စမ်းပါ... ဟေ့... ထပါဦး... ရှင် ကျွန်မကို အရင်ရှင်းပြခွင့်ပေးသင့်တယ်လေ... မျက်နှာပြောင်တိုက်လွန်းတဲ့ အဘိုးကြီး... ထပါဆိုနေ..."

"အု..."

အချိန်အတန်ကြာပြီးနောက် ထွက်ပေါ်လာသော တိုးညှင်းသည့် ညည်းညူသံကို ကြားလိုက်ရသဖြင့် ကျူးလင်က အလျင်အမြန် မေးလိုက်၏။

"ရှင် အဆင်ပြေရဲ့လား... ဘယ်နေရာတွေ နေလို့မကောင်းဖြစ်နေသေးလဲ..."

ရှို့ဝူ နိုးလာသောအခါ သူ့ကိုစိုးရိမ်တကြီးကြည့်ရင်း ငိုကြွေးနေသော ကျူးလင်ကို မြင်လိုက်ရလေသည်။

တစ်ကိုယ်လုံး နာကျင်နေသည့်တိုင် သူသည် လက်မကိုဆန့်ထုတ်ကာ သူမ၏မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်၏။

သို့သော် ရှို့ဝူ မျှော်လင့်ထားသည်နှင့်မတူဘဲ ကျူးလင်သည် သူ၏မျက်လုံးများကို မြင်လိုက်ရသည့်အခိုက်အတန့်မှာပင် အသံထွက်ကာ ငိုချလိုက်တော့သည်။

သူမ၏ရုတ်တရက် ငိုကြွေးမှုကြောင့် ရှို့ဝူ မှင်တက်သွားရရှာသည်။ သူသည် ကုတင်ပေါ်မှ ထထိုင်လိုက်ပြီး အထိတ်တလန့် မေးလိုက်လေ၏။

"ရှောင်လင်... ဘာဖြစ်လို့လဲ... ဘာလို့ ငိုနေတာလဲ... တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်လို့လား... ကိုယ့်ကိုပြော... အဲဒီလူကို ကိုယ် ပညာပေးလိုက်မယ်..."

သူ စကားပြောလေလေ ကျူးလင်က ပို၍ပြင်းထန်စွာ ငိုကြွေးလေလေ ဖြစ်နေတော့သည်။

အချိန်အတန်ကြာပြီးနောက် သူမ၏ငိုကြွေးသံများ တဖြည်းဖြည်း ငြိမ်သက်သွား၏။ သူမက မျက်ရည်များ ရွှဲနစ်နေသော မျက်နှာဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ရှို့ဝူသည် သူမကိုကြည့်၍ အကူအညီမဲ့စွာ ပြုံးလိုက်ပြီး မေးလိုက်လေသည်။

"အခု စိတ်အေးသွားပြီလား..."

ကျူးလင်က ခေါင်းညိတ်ပြလိုက်သော်လည်း မိစ္ဆာနတ်ဘုရား ပျောက်ကွယ်မသွားမီ ပြောခဲ့သောစကားများကို သတိရလိုက်သောအခါ သူမ၏မျက်ရည်များ ထပ်မံကျဆင်းလာပြန်၏။

သူမသည် မျက်နှာကို လက်နှစ်ဖက်ဖြင့်အုပ်ကာ ဝမ်းနည်းစွာ ရှိုက်ငိုနေမိတော့၏။ သူ့ကို လူကိုယ်တိုင် မေးစရာမလိုဘဲ သူဆိုလိုသည့်အဓိပ္ပာယ်ကို သူမ သိနေ၏။ ယခုမှစ၍ သူမရှေ့တွင် သူ ဘယ်တော့မှ ပေါ်လာတော့မည် မဟုတ်ပေ။

ဝမ်းနည်းစွာ ငိုကြွေးနေသော သူမကို ကြည့်ရင်း ရှို့ဝူမှာ ဘာလုပ်ရမှန်းမသိ ဖြစ်နေချေသည်။ ဤအခိုက်အတန့်တွင် သူ၏နှလုံးသားထဲမှ စူးအောင့်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး လက်များကို တင်းတင်းဆုပ်ကာ မေးလိုက်လေ၏။

'ဒါက ငါ့ရဲ့နာကျင်မှုလား... ဒါမှမဟုတ် မင်းရဲ့နာကျင်မှုလား...'

အချိန်အတန်ကြာ စောင့်ဆိုင်းပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော အသံထံမှ မည်သည့်တုံ့ပြန်မှုမျှ ထွက်ပေါ်မလာခဲ့ပေ။ သူက သက်ပြင်းချလိုက်ပြီး တွေးလိုက်လေ၏။

'ဖြစ်နိုင်တာက... ရှောင်လင်က သူ့ကို ခုလေးတင် တွေ့လိုက်တာများလား... သူမက သူ့ကြောင့်များ ငိုနေတာလား...'

သူ တွေးတောနေစဉ်မှာပင် ကျူးလင်က သူ့ကို ရုတ်တရက် ဖက်လိုက်ပြီး ပြောလိုက်၏။

"တောင်းပန်ပါတယ်... ငါ တကယ် တောင်းပန်ပါတယ်..."

သူမ၏တောင်းပန်မှုမှာ သူ့အတွက်မဟုတ်ကြောင်း ရှို့ဝူ သိနေသော်လည်း သူမအတွက် ရင်ကွဲနာကျစွာဖြင့် သက်ပြင်းချရုံသာ တတ်နိုင်ပြီး သူမ၏ကျောပြင်လေးကို ညင်သာစွာ ပုတ်ပေးနေလိုက်၏။

အချိန်အတန်ကြာပြီးနောက် သူမ အိပ်ပျော်သွားကြောင်း သူ သိလိုက်ရ၏။ သူ ထပ်မံ၍ သက်ပြင်းချလိုက်ပြီး အကူအညီမဲ့စွာ ပြုံးလိုက်ကာ သူမကို ကုတင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်လေသည်။

နှစ်ရက်ကျော်မျှ မအိပ်ရသေးသဖြင့် ရှို့ဝူသည် ပင်ပန်းနွမ်းနယ်ကာ အိပ်ချင်လာသောကြောင့် ကျူးလင်၏ဘေးတွင် ဝင်လှဲလိုက်သည်။

သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။ မကြာမီမှာပင် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားလေတော့သည်။

All Chapters