← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း (၁၇၀) - ပြီးပြည့်စုံသောဝိညာဉ်

စက္ကန့်အနည်းငယ်ကြာပြီးနောက် ရှို့ဝူက မျက်လုံးပွင့်လာခဲ့ကာ မျက်နှာကျက်ကို စိုက်ကြည့်နေသော သူ၏မျက်ဝန်းအစုံမှာ နီရဲနေလေသည်။

မိစ္ဆာနတ်ဘုရားက သူ၏ချစ်ဇနီးကို ပွေ့ဖက်ထားရင်း တီးတိုးပြောလိုက်၏။

"မင်းရှေ့ကို နောက်တစ်ကြိမ် ဘယ်တော့မှ ထပ်မပေါ်လာတော့ဘူးလို့ ကိုယ်ကတိပေးပါတယ်...”

“ဒါပေမဲ့ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်လေးတော့ ခွင့်ပြုပေးပါ...”

“နောက်ဆုံးအနေနဲ့ မင်းကို တစ်ကြိမ်လောက် ဖက်ထားခွင့်ပေးပါ... အခုကစပြီး သူပဲ ရှိတော့မှာပါ၊ ကိုယ်ဆိုတာ ရှိတော့မှာ မဟုတ်ဘူး..."

မိနစ်အနည်းငယ်ကြာသောအခါ မိစ္ဆာနတ်ဘုရားက ကျူးလင်ကို ညင်သာစွာ နမ်းရှိုက်လိုက်ပြီးနောက် နှုတ်ဆက်လိုက်လေသည်။

"နှုတ်ဆက်ပါတယ်... ကိုယ့်ရဲ့ဇနီးလေး..."

မိစ္ဆာနတ်ဘုရားက မျက်လုံးများကို မှိတ်ချလိုက်သည်နှင့် သူ၏နောက်ဆုံးကျန်ရှိနေသော အသိစိတ်က ရှို့ဝူ၏ဝိညာဉ်အတွင်းသို့ တဖြည်းဖြည်း ပေါင်းစပ်သွားကာ ပြီးပြည့်စုံသောဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲသွားပေသည်။

ပျောက်ဆုံးနေသော သူ၏နောက်ဆုံးဝိညာဉ်အစိတ်အပိုင်းလေး ပေါင်းစပ်သွားသည်နှင့်တပြိုင်နက် ပျောက်ဆုံးနေသော မှတ်ဉာဏ်များကလည်း ရှို့ဝူထံသို့ တဖြည်းဖြည်း ပြန်လည်ရောက်ရှိလာလေ၏။

ရှို့ဝူ သူ၏မှတ်ဉာဏ်များ ပြန်လည်ရရှိနေချိန်တွင် ကျူးလင်၏မှတ်ဉာဏ်များကို ချိပ်ပိတ်ထားသော အစီအရင်ကလည်း တဖြည်းဖြည်း လျော့ရဲလာခဲ့သည်။

ထိုနေ့တွင် သူတို့နှစ်ဦးလုံး မှတ်ဉာဏ်ပင်လယ်ထဲသို့ နစ်မြုပ်သွားခဲ့ကြပြီး နောက်တစ်နေ့မှသာ ပြန်လည်နိုးထလာကြပေသည်။

နောက်တစ်နေ့နံနက်တွင် ရှို့ဝူသည် ပြင်းထန်သောခေါင်းကိုက်ဝေဒနာနှင့်အတူ နိုးထလာခဲ့၏။

သူက ညည်းညူလိုက်ရင်း မျက်လုံးမဖွင့်မီ သူ၏မျက်ခုံးများကို ပွတ်သပ်လိုက်သည်။ သူ၏စိတ်ထဲတွင် မှတ်ဉာဏ်များစွာ ဖြတ်ပြေးသွားစဉ် သူက မျက်နှာကျက်ကိုသာ ငေးကြည့်နေမိသည်။

မိနစ်အနည်းငယ်အကြာတွင် ရှို့ဝူက ကုတင်ပေါ်မှထထိုင်လိုက်ပြီး မှန်ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်တော့သည်။

နေထွက်လာသည်ကို ကြည့်ရင်း သူက ထိုမှတ်ဉာဏ်များကို တဖြည်းဖြည်း ပြန်လည်စီစဉ်နေခဲ့၏။

အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး ကျူးလင်ဘက်သို့ လှည့်ကြည့်ကာ တီးတိုးပြောလိုက်သည်။

"မင်းက တကယ်ကို နှလုံးသားမရှိတဲ့ မိန်းမပဲ..."

သူစကားပြောဆိုပြီးသည်နှင့်တပြိုင်နက် ကျူးလင်လည်း နိုးလာခဲ့သည်။

သူမက ဘေးနားရှိ နွေးထွေးနေဆဲဖြစ်သော လွတ်လပ်နေသည့် ကုတင်နေရာကို အရင်စမ်းကြည့်လိုက်ပြီးနောက် မျက်လုံးများကို ဖွင့်လိုက်၏။ ရှို့ဝူက သူမကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သူမ၏မျက်ဝန်းများ အနည်းငယ် နီရဲသွားလေသည်။

ချိပ်ပိတ်ခံထားရသော မှတ်ဉာဏ်များအားလုံး ပြန်လည်ရရှိလာပြီးနောက် မိစ္ဆာနတ်ဘုရားက သူမကို ဇနီးအဖြစ် အဘယ်ကြောင့် အမြဲခေါ်ဝေါ်နေခဲ့ကြောင်းကို သူမ နောက်ဆုံးတွင် သိရှိသွားခဲ့ပြီ ဖြစ်သည်။

သူက သူမ၏အသက်ကို ကယ်တင်ရန် လူဝင်စားအဖြစ် ပြန်လည်မွေးဖွားစေခြင်း မပြုမီကတည်းက သူမသည် တကယ်ပင် သူ၏ဇနီးဖြစ်ခဲ့ခြင်းပင်။

ကံမကောင်းစွာဖြင့် အချိန်နှောင်းသွားခဲ့ချေပြီ။

သူမအတွက် အများကြီး ပေးဆပ်ခဲ့သော သူမ၏ခင်ပွန်းသည် ထွက်ခွာသွားခဲ့ပြီ ဖြစ်၏။ သူမအနေဖြင့် သူ့ကို နောက်တစ်ကြိမ် ပြန်တွေ့ရနိုင်မလားဆိုသည်ကိုပင် မသိတော့ပေ။

ရှို့ဝူက သူမ၏ဝမ်းနည်းနေသော မျက်နှာထားကို ကြည့်လိုက်ပြီး ခေတ္တမျှ စဉ်းစားလိုက်ကာ မေးလိုက်သည်။

"လင်... ရှောင်လင်... မင်း ဗိုက်ဆာနေပြီလား..."

သူက သူမကို ခေါ်ဝေါ်ပုံအား အမြန်ပြင်ဆင်လိုက်သည်ကို သတိမပြုမိဘဲ ကျူးလင်က အနည်းငယ် ပြုံးလိုက်ရင်း ပြောလိုက်၏။

"ရှင်က ကျွန်မကို ဗိုက်ဆာလား၊ မဆာဘူးလား ဆိုတာကိုပဲ အမြဲမေးနေတော့တာပဲ..."

ရှို့ဝူက မျက်ခုံးအနည်းငယ် ပင့်လိုက်ပြီး နောက်ပြောင်သောလေသံဖြင့် မေးလိုက်သည်။

"မင်း ဗိုက်မဆာဘူးလား..."

သူမ အဖြေမပေးရသေးမီမှာပင် သူမ၏ဝမ်းဗိုက်ထဲမှ မြည်သံထွက်ပေါ်လာခဲ့သည်။

ရှက်သွေးဖြာသွားသော ကျူးလင်၏မျက်နှာကို မြင်လိုက်ရသောအခါ ရှို့ဝူက ပြုံးလိုက်လေ၏။ သူက တံခါးဆီသို့ လျှောက်သွားလိုက်ပြီး ပြောလိုက်သည်။

"သွားကြစို့... ကိုယ် ခဏနေရင် တံတိုင်းတည်ဆောက်မှု တိုးတက်မှုကို သွားစစ်ဆေးဖို့ လိုသေးတယ်..."

သူ၏ကျောပြင်ကို ကြည့်ရင်း ကျူးလင်က သက်ပြင်းချလိုက်ပြီး သူမဘာသာ တွေးလိုက်သည်။

'မိစ္ဆာနတ်ဘုရားက တကယ်ပဲ ပျောက်ကွယ်သွားပြီ ထင်တယ်... သူ့ရဲ့ ထိန်းချုပ်မှုမရှိတော့ရင် ရှို့ဝူလည်း အခု ပုံမှန်အတိုင်း ပြန်ဖြစ်သွားလောက်ပြီ...'

သူမကို မစောင့်ဘဲ အောက်ထပ်သို့ ဆင်းသွားနှင့်ပြီဖြစ်သော ရှို့ဝူကို ကြည့်ရင်း သူမက ပြုံးလိုက်သည်။

ခဏအကြာတွင် သူမ ကုတင်ပေါ်မှ ထလိုက်ပြီး တွေးလိုက်၏။

'ဒါလည်း မဆိုးပါဘူး... ငါ့ရဲ့ကျင့်စဉ်အပေါ်မှာပဲ အာရုံစိုက်ပြီး လောကဘုံခြောက်ပါးဆီကို အမြန်ဆုံးပြန်နိုင်ဖို့ ကြိုးစားရမယ်... အဖြစ်ဆိုးတွေ ထပ်မဖြစ်တာက အကောင်းဆုံးပဲ...’

‘သူနဲ့ငါ မှန်ကန်တဲ့ နေရာမှာပဲ နေသရွေ့တော့ ဒီလို အဖြစ်ဆိုးတွေ ဘယ်တော့မှ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး...'

ဤအချက်ကို စိတ်ထဲစွဲမှတ်ထားရင်း ကျူးလင်က ထမင်းစားခန်းဆီသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။ ယခုလက်ရှိ ရှို့ဝူသည် သေမျိုးဖြစ်သော ရှို့ဝူမဟုတ်ဘဲ အစစ်အမှန် မိစ္ဆာနတ်ဘုရား ဖြစ်နေသည်ကိုမူ သူမ လုံးဝ မသိရှိခဲ့ပေ။

သူ၏ဝိညာဉ် ပြီးပြည့်စုံသွားပြီးနောက် သူသည် ပျောက်ကွယ်သွားခြင်း မရှိဘဲ သူ၏မှတ်ဉာဏ်များကို ပြန်လည်ရယူကာ မိစ္ဆာနတ်ဘုရားအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့ခြင်း ဖြစ်၏။

သူသည် သေမျိုးခန္ဓာကိုယ်ထဲတွင် ရှိနေဆဲဖြစ်သောကြောင့်သာ ရှို့ဝူအနေဖြင့် စစ်မှန်သော စွမ်းအားများကို ထုတ်မသုံးနိုင်ဘဲ ဤကမ္ဘာငယ်လေး၏ စည်းမျဉ်းများအောက်တွင် ကန့်သတ်ခံထားရဆဲ ဖြစ်ပေသည်။

ကျူးလင် ထမင်းစားခန်းထဲသို့ ဝင်သွားသောအခါ ရှို့ဝူက နံနက်စာ ပြင်ဆင်နေပြီး လီချိုးကမူ ကျီယန်၊ ထန်ဝေ့တို့နှင့် စကားပြောနေသည်ကို မြင်လိုက်ရသည်။ လီချိုးက သူမ ဝင်လာသည်ကို မြင်သောအခါ မေးလိုက်၏။

"စစ်မှန်သောနတ်ဘုရားမ ကျူးလင်... အခု ဘယ်လိုနေသေးလဲ... နှစ်ပါးသွားကျင့်စဉ်အတွက် ကျုပ်ရဲ့ အကူအညီ လိုသေးလား..."

သူ မေးမြန်းပြီးသည်နှင့် မီးဖိုချောင်ထဲတွင် ဟင်းချက်နေသော ရှို့ဝူမှာ ဒေါသထွက်လုနီးပါး ဖြစ်သွားပြီး လီချိုးကို ရိုက်နှက်ရန် ထမင်းစားခန်းထဲသို့ အပြေးအလွှား ရောက်လာလေသည်။

ကျူးလင်က လီချိုးကို အနည်းငယ် ပြုံးပြလိုက်ကာ ခေါင်းခါယမ်းရင်း ပြောလိုက်၏။

"အခု အဆင်ပြေသွားပါပြီ..."

သူမက လီချိုး၏အရှေ့တွင် ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။

"ရှင်တို့ သုံးယောက် ခုနက ဘာတွေ ပြောနေကြတာလဲ..."

ကျီယန်က သူမ၏မေးခွန်းကို ကြားသောအခါ ပြန်ဖြေလိုက်၏။

"လွန်ခဲ့တဲ့ သုံးရက်က ငါတို့ရဲ့ စခန်းမှာ နေရင် ပိုပြီး ကျန်းမာသန်စွမ်းလာနိုင်တယ်ဆိုတဲ့ ကောလာဟလတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်...”

“ဒီအခြေအမြစ်မရှိတဲ့ ကောလာဟလကြောင့်ပဲ လူတွေအများကြီး ငါတို့ရဲ့ စခန်းမှာ လာနေကြတယ်..."

သူ ပြောသည်ကို ကြားသောအခါ ကျူးလင်က သူမ၏ဦးခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး ပြောလိုက်သည်။

"ဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလား... ရှင်ပြောဖူးတာ မှတ်မိသေးတယ်၊ စခန်းတည်ဆောက်ဖို့အတွက် လူအများကြီး လိုတယ်ဆို...”

“ဒီလူတွေက သူတို့ဘာသာ ရောက်လာကြတော့ လူသစ်စုဆောင်းတဲ့ နေရာမှာ အချိန်အများကြီး သက်သာသွားတာပေါ့..."

သူမ ဤသို့ ပြောလိုက်ပြီးနောက် ကျီယန်နှင့် ထန်ဝေ့တို့ အချင်းချင်း မျက်လုံးချင်း ဖလှယ်လိုက်ကြသည်ကို မြင်လိုက်ရ၏။ သူတို့၏ တုံ့ဆိုင်းနေမှုများကို မြင်သောအခါ လီချိုးက ဝင်ပြောလိုက်သည်။

"ဒါက ကောင်းတဲ့ကိစ္စဆိုပေမဲ့ တစ်ဖက်မှာလည်း ဆိုးရွားတဲ့ကိစ္စ ဖြစ်နေတယ်..."

"ဘာလို့ အဲဒီလိုပြောရတာလဲ..."

သူမက သိချင်စိတ်ဖြင့် ထပ်မေးလိုက်၏။

ထန်ဝေ့က သူမကို ကြည့်လိုက်ပြီး ရှင်းပြလိုက်သည်။

"ဘာလို့လဲဆိုတော့ လဲ့ဟော်စခန်းက လူတွေလည်း ဒီကို ရောက်နေလို့ပဲ...”

“သူတို့ ရောက်လာတာနဲ့ နေရာတိုင်းမှာ ပြဿနာတွေ ရှာပြီး တံတိုင်း တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို နှောင့်နှေးအောင် လုပ်နေကြတယ်...”

“ငါတို့ စုံစမ်းကြည့်တော့ သူတို့ရဲ့ ရည်ရွယ်ချက်က ငါတို့ ဒီမှာ စခန်းမတည်ဆောက်နိုင်အောင် တားဆီးဖို့ ဖြစ်နေတာကို တွေ့ရတယ်...”

“အဲဒီကောလာဟလတွေကြောင့် လဲ့ဟော်စခန်းက ခေါင်းဆောင်က ဒီနေရာကို ငါတို့ဆီကနေ လုယူချင်နေတယ်လို့ ကြားတယ်..."

သူ၏အဖြေကို ကြားပြီးနောက် ကျူးလင်က တည်ငြိမ်စွာပင် ပြောလိုက်၏။

"ဒါဆိုလည်း သူတို့ကို မောင်းထုတ်လိုက်ပေါ့..."

ကျီယန်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

"အခု ငါတို့ အဲဒီလို လုပ်လို့မရဘူး..."

ကျူးလင်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"ဘာဖြစ်လို့လဲ..."

သူတို့၏အဖြေကို မစောင့်တော့ဘဲ ရှို့ဝူက မီးဖိုချောင်ထဲမှ ထွက်လာကာ ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ကိုယ်တို့ရဲ့ တံတိုင်းက မပြီးသေးလို့ပဲ... တကယ်လို့ ဒီလူတွေကို မောင်းထုတ်လိုက်ရင် လဲ့ဟော်စခန်းရဲ့ ခေါင်းဆောင်က ကိုယ်တို့ကို တိုက်ခိုက်ဖို့ လူတွေ လွှတ်လိမ့်မယ်...”

“တံတိုင်း မရှိရင် ကိုယ်တို့မှာ ကာကွယ်ရေးယန္တရား မရှိဘူး... ပြီးတော့ ကိုယ်တို့ရဲ့ လက်ရှိ လူအင်အားနဲ့ ဒီအပန်းဖြေစခန်း ဧရိယာတစ်ခုလုံးကို ကာကွယ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သေးဘူး..."

All Chapters