စမ်းရေကြည်ပြည်နယ်
Vol. 99 Ch. 1376
အစိမ်းရောင်ဝတ်ရုံနှင့်လူငယ်ကို စိုက်ကြည့်နေစဉ် မန်ဟို၏မျက်လုံးများ လင်းလက်တောက်ပလာသည်။ သူက ဘာမှမပြောဘဲ ရှေ့တစ်လှမ်းလျှောက်ကာ တောင်ထိပ်ပေါ်တွင် ပေါ်လာသည်။
“မင်းကို စောင့်နေခဲ့တာ အတော်လေးကြာခဲ့ပြီ” လူငယ်က ခပ်တိုးတိုး ရေရွတ်သည်။ “တကယ်တော့ စောင့်နေရခဲ့တာကြာလို့ အချိန်တွေ ဘယ်လောက်ကြာသွားမှန်းတောင် မသိတော့ဘူး....တစ်ချိန်တုန်းက ငါ လူတစ်ယောက်နဲ့ တစ်ခါတိုက်ခိုက်ခဲ့ဖူးတယ်။ ငါတို့နှစ်ယောက် လောင်းကြေးထပ်ခဲ့ပြီး ငါ ရှုံးရင် သူတောင်းဆိုတာတစ်ခု လုပ်ပေးမယ်လို့ ကတိပေးခဲ့တယ်
“ငါ လူတစ်ယောက်ကို ဒီနေရာမှာ စောင့်နေပြီး အဲဒီလူကို ငါ့ရဲ့ ချုပ်နှောင်မန္တန်ပေးဖို့ ကတိပေးခဲ့တယ်”
မန်ဟိုသည် မျက်လုံးများလင်းလက်တောက်ပလာလျက် ပြောသည်။ “လူကြီးမင်းက ...”
“ငါ မေ့သွားပြီ။ ဒါက ငါ့ကိုယ်အစစ်မဟုတ်ဘူး။ ကိုယ်ပွားလေးတစ်ခုပဲ။ ငါ့နာမည်က ဘာလဲမေ့သွားပြီ ... ဒီနေရာကိုပဲ မှတ်မိတော့တယ်” လူငယ်သည် ခေါင်းခါ၍ တောင်ခြေရှိ ချိုင့်ဝှမ်းထံ လက်ညှိုးထိုးလိုက်၏။
မန်ဟိုလည်း ထိုနေရာကို ငုံ့ကြည့်လိုက်သော်လည်း ချိုင့်ဝှမ်းမှအပ မည်သည့်အရာကိုမှ မမြင်ရပေ။
“မမြင်ရဘူးလား။ အင်း... မထူးဆန်းပါဘူး။ ငါ့ချုပ်နှောင်မှော်အစွမ်းမှာ နာမည်တွေ အများကြီးရှိတယ်။ အဲဒီတုန်းက ငါ တိုက်ခိုက်ခဲ့တဲ့ လူက သူ့မှာလည်း အဲဒီလိုချုပ်နှောင်မှော်အစွမ်း ရှိတယ်လို့ ပြောခဲ့ပေမယ့် အဲဒီအစွမ်းရဲ့အနှစ်သာရက ငါ့အနှစ်သာရနဲ့ မနီးစပ်ဘူး
“သူက နှစ်တွေကြာရင် သူရဲ့ဆက်ခံသူတွေထဲက တစ်ယောက်ဟာ သူ့မှာရှိတဲ့ ချုပ်နှောင်မှော်အစွမ်းတွေကို ဖျက်စီးဖို့ သူ့ရဲ့ပထမမန္တန်ကို သုံးနိုင်ကောင်းသုံးနိုင်လိမ့်မယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ အဲဒီပထမမန္တန်ရဲ့ ထူးဆန်းတဲ့သဘာဝကြောင့် မျိုးဆက်တစ်ဆက်မှတစ်ဆက် လက်ဆင့်ကမ်းပေးလို့ မရတဲ့ပုံပေါ်ခဲ့တယ်
“ဒါကြောင့် သူက မှန်ကန်တဲ့လူတစ်ယောက်ကို လက်ဆင့်ကမ်းပေးဖို့ ငါ့ကို ဒီနေရာမှာ စောင့်ပေးခိုင်းခဲ့တာပဲ”
လူငယ်သည် ပြုံးရင်း မန်ဟို့ကို တည်ငြိမ်စွာ ကြည့်ကာ ပြောသည်။ “နှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်မှာ မင်းက ငါ့ဆီ ရောက်လာတဲ့ ပထမဆုံးလူပဲ။ မင်းကပဲ ငါစောင့်နေခဲ့တဲ့သူ ဖြစ်တယ် ထင်ပါရဲ့
“လာ”
မန်ဟိုက လူငယ်ကို တခဏအကဲခတ်ပြီးနောက် ပြုံးလိုက်သည်။ သူသည် မကြောက်မိသလို၊ ထိုလူငယ်အား ငြင်းစရာအကြောင်းလည်း မရှိ၍ ချဉ်းကပ်သွားသည့်အခါ လူငယ်၏မျက်ဝန်းများက ချီးကျူးမှုတို့ဖြင့် တောက်ပလာသည်။ မန်ဟို သူ့အရှေ့တည့်တည့်တွင် ရပ်လိုက်ပြီးနောက်တွင် လူငယ်က ပြောသည်။ “အခု နောက်တစ်ခေါက်ကြည့်လိုက်”
မန်ဟိုက တောင်ခြေရှိ ချိုင့်ဝှမ်းကို ပြန်ကြည့်ကြည့်လိုက်ရာတွင် သူ၏မျက်လုံးထဲ၌ အရောင်အဝါတို့ တောက်ပလာသည်။
စောစောက ဗလာကျင်းနေခဲ့သော ချိုင့်ဝှမ်းထဲတွင် မြို့တစ်မြို့ရှိနေလေသည်။ ၎င်းကား တော်ဝင်မျိုးနွယ်များနှင့် သာမန်ပြည်သူများ ရှိသော နန်းတော်တစ်ခုဖြင့် နိုင်ငံတစ်နိုင်ငံအလား ထင်ရသည်။
မြို့ထဲတွင် လူပေါင်းတစ်သိန်းကျော် နေထိုင်နေ၏။
မန်ဟို့အတွက် အအံ့ဩစရာအကောင်းဆုံးမှာ ထိုလူများအကြားတွင် အသက်ငယ်ငယ်ကြီးကြီး၊ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် .... ဧကရာဇ်မှအစ သာမန်ပြည်သူအထိ လူတိုင်းလူတိုင်းတွင် ထပ်တူညီသောအရှိန်အဝါ ရှိကြလေသည်။
ထိုအရှိန်အဝါက အစိမ်းရောင်ဝတ်လူငယ်၏အရှိန်အဝါနှင့်လည်း တူညီ၏။ နက်နက်နဲနဲအကဲမခတ်ကြည့်သရွေ့ ဤအချက်ကို သာမန်ကျင့်ကြံသူများ သတိထားမိလောက်မည်မဟုတ်ပေ။ သို့သော် မန်ဟိုက ၎င်းကို သတိထားမိပြီး ထိုအခိုက်အတန့်တွင် သူ၏သိုလှောင်အိတ်ထဲရှိ မိစ္ဆာချုပ်နှောင်ကျောက်စိမ်းသည် တုန်ခါစပြုလာ၏။
မကြာမီ ထိုလူပေါင်းတစ်သိန်းကျော်က ... ကိုယ်ပွားများဖြစ်ကြောင်း မန်ဟို သဘောပေါက်သွားသည်။
သူတို့အားလုံးသည် အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်၏ကိုယ်ပွားများ ဖြစ်ကြ၏။
မန်ဟိုမှာ အောက်ရှိ မြို့ကို ငုံ့ကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်မိသည်။ ဧကရာဇ်သည် အစီရင်ခံစာအမျိုးမျိုးကို ဖတ်ရှုနေပြီး ကိုယ်လုပ်တော်များ ရန်ဖြစ်ငြင်းခုံနေကြသည်။ မှူးမတ်များက စည်းစိမ်ကို ခံစားနေစဉ် သာမန်ပြည်သူများသည် သူတို့၏မိသားစုများနှင့် အချိန်အတူကုန်ဆုံးနေ၏။ လမ်းများမှာလည်း စည်ကားသိုက်မြိုက်လျက် ရှိချေသည်။
လမ်းဘေးဈေးသည်များက ဈေးအော်ရောင်းနေပြီး သောက်စားသူက သောက်စား၊ ငြင်းခုံကြသူများက ငြင်းခုံ၊ ရယ်သူက ရယ်၊ စနောက်သူက စနောက်နေကြသည်။ အသံများပေါင်းစုသွားသည့်အခါ တစ်မြို့လုံးသည် အစစ်အတိုင်း အသက်ဝင်နေတော့၏။ အမှန်တွင် တစ်နေရာလုံးမှာ... ကိုယ်ပွားများဖြင့်ပြည့်နေသော ကမ္ဘာတစ်ကမ္ဘာဟုပင် ထင်ရက်စရာမရှိပေ။
ထိုမျှသာမက မြို့၏နာမည်ကို မြို့မုခ်ဦးထက်တွင် ရေးသားထားသည်။
စမ်းရေကြည်ပြည်နယ်
“ဒီချုပ်နှောင်မှော်အစွမ်းက ငါ့ဆရာ ငါ့ကို လက်ဆင့်ကမ်းပေးခဲ့တဲ့ အရာမဟုတ်ဘူး။ ငါ့ဘာသာ ဉာဏ်အလင်းရခဲ့တာ။ ငါ့ရဲ့ဆရာတူညီတောင်မှ အဲဒါကို မသုံးနိုင်ခဲ့ဘူး။ ကဲပါလေ အဲဒါတွေက အရေးမကြီးပါဘူး။ ကံကြွေးကို ရှင်းလင်းဖို့ ငါ မင်းဆီ လွှဲပြောင်းပေးမယ်
“မင်း အဲဒါကို တတ်မြောက်မလား၊ မတတ်မြောက်ဘူးလားဆိုတာကတော့ မင်းရဲ့ ကံတရားအပေါ် မူတည်တယ်” လူငယ်က ခေါင်းခါကာ ပြုံးသည်။ သူသည် မန်ဟို့ကို အဖက်မလုပ်တော့ဘဲ ကောင်းကင်ပေါ် ပျံတက်သွား၏။
“အချိန်တွေဘယ်လောက် ကုန်ဆုံးသွားခဲ့ပြီလဲ ငါ မသိတော့ဘူး။ နောက်ဆုံးတော့ ကတိတည်နိုင်ခဲ့ပြီ။ အခု ... ငါ့အတွက် ထွက်သွားဖို့ အချိန်ကျပြီ။ ငါက ငါ့ကိုယ်အစစ်နဲ့ယှဉ်ရင် ဘာဆိုဘာမှမဟုတ်တဲ့ နတ်ဘုရားစိတ်ဆန္ဒမျှင်လေးတစ်မျှင်ပဲ။ ဟိုးအရင်ကတည်းက ထွက်ခွာခဲ့တာမလို့ ငါ့ရဲ့မိတ်ဆွေဟောင်းတွေကို သတိရမိတယ်
“ကဲ ဒါဆို ငါ သွားပြီ” လူငယ်သည် လက်ဝှေ့ယမ်းပြီး လေပေါ် ပျံတက်သွားရင်း တဖြည်းဖြည်း ဝေဝါးလာ၏။ မကြာမီ သူကား ဖြာထွက်ပျောက်ကွယ်သွားသော အစိမ်းရောင်အလင်းမှုန်များ ဖြစ်သွားလေသည်။
မန်ဟိုက ချိုင့်ဝှမ်းကို ငုံ့ကြည့်လိုက်ရာ အရာအားလုံး ဝေဝါးလာနေကြောင်း တွေ့လိုက်ရသည်။ သူသည် ချက်ချင်း တင်ပျဉ်ခွေထိုင်၍ စိတ်ကို စုစည်းလိုက်ရင်း တစတစမှေးမှိန်ပျောက်ကွယ်နေသော အောက်ရှိ အရိပ်များကို ကြည့်နေ၏။ မြို့မှာ ပြိုကွဲလာပြီး ‘စမ်းရေကြည်ပြည်နယ်’ ဟူသော စာလုံးများပင် ပျောက်ကွယ်လာသည်။ မကြာမီ ချိုင့်ဝှမ်းသာ ကျန်ရစ်ခဲ့တော့၏။
“ချုပ်နှောင်မှော်အစွမ်း... မိစ္ဆာချုပ်နှောင်မန္တန်...
“ငါ ဖန်တီးရမယ့် မန္တန်ရယ်၊ ပထမမန္တန်နဲ့ စတုတ္ထမန္တန်ရယ်ကလွဲရင် ကျန်တဲ့မန္တန်တွေအားလုံး ငါ စုဆောင်းထားပြီးပြီ။ ဒါက ပထမမန္တန်တာ သိသာနေတော့ ... စတုတ္ထမန္တန်ပဲ ဖြစ်ရမယ်”
မန်ဟို့စိတ်နှလုံး တုန်ရီသွားသည်။ သူ၏လက်ရှိကျင့်ကြံခြင်းအဆင့်အရ အဆင့်မတက်ခင် ရင်ဆိုင်ရမည့် အတားအဆီးကို ချိုးဖျက်ဖို့ ချီနှင့်သွေး သို့မဟုတ် မိုးမြေစွမ်းအင်များများစားစား မလိုပေ။ ယခုအချိန်အတွင် သူ့အတွက် ရွေးချယ်စရာလမ်းနှစ်လမ်း ရှိသည်။
တစ်လမ်းက ရှေးဟောင်းနယ်ပယ်အဆင့်မှ တက်ရန်။
နောက်တစ်လှမ်းက ချုပ်နှောင်မန္တန်အားလုံးကို ပေါင်းစည်း၍ အနှစ်သာရများအဖြစ် ပြောင်းလဲရန်။
ထိုနှစ်လမ်းအနက်တစ်လမ်းတွင် လောကပါလတာအိုအင်မော်တယ်သွေးဆက်ကို ကျင့်ကြံခြင်း ပါဝင်သည်။ တစ်လမ်းတွင် မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ ချုပ်နှောင်မန္တန်များ ပါဝင်သည်။ နှစ်လမ်းလုံးက ခိုင်မာသော်လည်း ပထမတစ်လမ်းက အချိန်ပိုကြာမည်။ ကျင့်ကြံခြင်းအခြေခံ၊ ချီနှင့်သွေး ထပ်လိုအပ်မည်။ သို့ထိတိုင် ရလဒ်က သူ၏ဝိညာဉ်မီးအိမ်များကို အောင်မြင်စွာ ငြှိမ်းနိုင်မည့် အခွင့်အရေးမြင့်မားလာရုံလေးသာ။
ဒုတိယတစ်လမ်းနှင့်ပတ်သက်၍မူ ဉာဏ်အလင်းနှင့် ကံကြမ္မာကောင်းကို လိုအပ်သည်။
မန်ဟိုက ချိုင့်ဝှမ်းကို ကြည့်ရင်း တိတ်ဆိတ်စွာ ထိုင်နေပြီးနောက်ဆုံး မျက်လုံးများပိတ်လိုက်သည်။ စောစောက မြင်တွေ့ခဲ့ရသမျှအရာအားလုံး သူ့စိတ်ထဲတွင် ပေါ်လာ၏။ သူ ၎င်းကို စတင်ဆင်ခြင်သုံးသပ်သည်နှင့် တဖြည်းဖြည်း ဈာန်ဝင်သွားတော့သည်။
အများစုအနေဖြင့် တစ်ကြိမ်လေးကြည့်ရုံနှင့် မိစ္ဆာချုပ်နှောင်မန္တန်တစ်ခုကို နားလည်ဖို့ အခက်တွေ့မည်။ သို့သော် မန်ဟိုကတော့ မတူ။ သူသည် ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူဖြစ်သည်သာမက မိစ္ဆာချုပ်နှောင်မန္တန်ခြောက်ခုကို ခြယ်လှယ်နိုင်ထား၏။ ထိုမျှသာမက အဋ္ဌမမန္တန်ကို အနှစ်သာရအဖြစ် အောင်မြင်စွာ အစပျိုးထားပြီးပြီးဖြစ်သည်။
သူ့အတွက် မိစ္ဆာချုပ်နှောင်မန္တန်တစ်ခု၏ အခြေခံအရိပ်အယောင်များနှင့် မှန်ကန်သော ဦးတည်ချက်ရှိသရွေ့ ၎င်းကို နားလည်နိုင်လိမ့်မည်။
အချိန်တွေကုန်လာသည်။ မန်ဟို စတုတ္ထမန္တန်ကို ဆင်ခြင်သုံးသပ်နေစဉ် ငရဲဘုံ ၃၃ ဘုံထဲရှိ ရွေးချယ်ခံ ၃၃ ယောက်လုံးသည် ဝိညာဉ်မီးများနှင့် ၎င်းတို့၏ကံကြမ္မာကောင်းများကို စုပ်ယူဆင်ခြင်ရာတွင် အရေးကြီးသောအခိုက်အတန့်သို့ ရောက်ရှိလာခဲ့ကြ၏။
ငရဲဘုံ ၃၃ ဘုံလုံး လွန်စွာတိတ်ဆိတ်နေသည်။ တစ်ချိန်တည်းမှာပင် အပြင်ဘက် တောင်ပင်လယ်လောကတွင်လည်း အချိန်တွေ တအိအိကုန်ဆုံးလာသည်။ စစ်ပြင်ဆင်မှုများက ပြီးသလောက်ရှိနေပြီဖြစ်၍ ကျင့်ကြံသူများသည် ကျန်ကောင်းကင်ဘုံများ သက်ဆင်းမလာခင် နောက်ဆုံးအချိန်များကို ချစ်ရသောမိသားစုနှင့်မိတ်ဆွေများဖြင့် တန်ဖိုးထားကုန်ဆုံးနေ၏။
အပေါ်ထက်ကြယ်တာရာကောင်းကင်တွင် ကောင်းကင်ဘုံ (၁၇) မှ ကောင်းကင်ဘုံ (၃၃) အထိအား တစစ မြင်သာလာပြီး ကြယ်တာရာကောင်းကင်၏အမြင့်ဆုံးထိပ်ကိုပင် မြင်နေရသယောင်ပင်။
ကောင်းကင်ဘုံ ၃၃ ဘုံ၏အလွန်၊ အာကာပြင်ကျယ်စကြဝဠာထဲတွင် ကောင်းကင်ဘုံ ၃၃ ဘုံထက် အရွယ်အစားအင်မတန်ကြီးမားသော မြေထုကြီးနှစ်ခုက ကြောက်မက်ဖွယ်အမြန်နှုန်းဖြင့် ရွေ့လျားလာနေ၏။
သူတို့၏ဦးတည်ရာကား တောင်ပင်လယ်လောကပင်။
ဤအချိန်တွင် သူတို့က အလွန်နီးလေပြီ....
စစ်ပွဲပြီးဆုံးတော့မည့်အချိန်မှာပင်.... ရောက်လာလောက်သည်။
အချိန်တွေထပ်ကြာသွားသည်။ လေးလကြာခဲ့ပြီ။ နေမရှိ၊ လမရှိသော ကောင်းကင်တစ်ခုအောက်တွင် စောင့်နေခဲ့ရသည်မှာ လေးလရှိခဲ့ပြီ။ လာနေသော အမှောင်ထုကြီးကို စောင့်နေခဲ့ရသည်မှာ .. လေးလတိုင်ခဲ့လေပြီ။
ကောင်းကင်ဘုံ ၃၃ ဘုံအတွင်းရှိ ကျင့်ကြံသူ ၃၄ လေးယောက်လုံးသည် အလွန်အန္တရာယ်များသော ပြောင်းလဲမှုများကို ကြုံတွေ့နေရ၏။ တိတ်ဆိတ်မှုမှာ ရံဖန်ရံခါ အော်ဟစ်သံ ဟိန်းဟောက်သံတို့ဖြင့် ဖြိုခွင်းခံနေရသည်။
ထိုနေရာတွင် ကံကြမ္မာကောင်းရယူခြင်းမှာ ရွေးချယ်ခံ ၃၃ ယောက်အတွက် ဆင်းရဲပင်ပန်း၏။ ဝိညာဉ်မီးကို စုပ်ယူနေသည့်အချိန်အတောအတွင်း ပူးကပ်မှုများကိုလည်း ဖယ်ခွာရသေးသည်မဟုတ်ပါလော။
ထိုမျှသာမက တားမြစ်မန္တန်များကြောင်း ပူးကပ်ခံလိုက်ရလျှင် ချက်ချင်း အသတ်ခံရလိမ့်မည်။
စုပ်ယူခြင်းဖြစ်စဉ်က တစ်ယောက်နှင့်တစ်ယောက်မတူသော်လည်း ခံစားရသည့် နာကျင်မှုမှာတော့ သိပ်မကွာပေ။ ယခုတွင် ရွေးချယ်ခံတစ်ဦးတစ်ယောက်ချင်းစီမှာ သရဲများလို ဆံပင်ဖွာလန်ကြဲလျက် စုတ်ပြတ်နေကြသည်။ သို့သော် သူတို့က မျက်ထောင့်နီကြီးများဖြင့် အံတင်းတင်းကြိတ်၍ ဆက်ကြိုးပမ်နေကြ၏။
“ငါ မအောင်မြင်လို့ မဖြစ်ဘူး...”
“အောင်ကိုအောင်မြင်ရမယ်”
“ငါ့သက်တမ်းကို စတေးလို့ နှစ်ခြောက်ဆယ်စက်ဝန်းပဲ နေထိုင်ရရင်တောင် ငါ့မျိုးနွယ်စုကို ကာကွယ်ဖို့ လုပ်ရမယ်...”
“ငါ ဒီနေရာမှာ မသေချင်ဘူး။ သေရမယ်ဆိုရင် အပြင်သူတွေကို တိုက်ခိုက်ရင်းပဲ သေမယ်”
ပေါက်ကွဲသံများ၊ စူးစူးဝါးဝါးအော်သံများက ငရဲဘုံ ၃၃ ဘုံကို ဗလောင်ဆူနေစေသည်။
ငရဲဘုံ ၃၃ ဘုံ၏ အနက်ဆုံးနေရာတွင် မန်ဟိုသည် ချိုင့်ဝှမ်းကို ငုံ့ကြည့်ရင်း တောင်ထိပ်တစ်ခုအပေါ်တွင် ထိုင်နေ၏။ တဖြေးဖြေး ချိုင့်ဝှမ်းက ဗလာကျင်းမနေတော့ကြောင်း သူ မြင်လာရသည်။ မြို့တစ်မြို့၏ကောက်ကြောင်းက စတင်ဖြစ်ပေါ်လာနေချေပြီ ....
သို့သော် ထိုမြို့သည် စမ်းရေကြည်ပြည်နယ်မဟုတ်၊ ယွင်ကျဲစီရင်စု ဖြစ်၏။ ထိုနေရာတွင် တောင်တစ်လုံးရှိသည်၊ တောင်အောက်တွင် မြစ်တစ်စင်း စီးဆင်းနေသည်။ စီရင်စုထဲတွင် မျက်နှာမပါသော ဝိုးတိုးဝါးတားလူများကို မြင်ရနိုင်သည်။ သို့သော် မန်ဟို၏ဉာဏ်အလင်းနက်ရှိုင်းလာသည်နှင့်အမျှ လူများ၏ပုံပန်းသွင်ပြင်သည် ရှင်းလင်းပြတ်သားလာ၏။
ယောက်ျား၊ မိန်းမ၊ လူအို၊ လူငယ် သောင်းပြောင်းထွေနေသည်။ သူတို့သည် ကွဲပြားပုံပေါ်သော်လည်း ... တစ်ဦးတစ်ယောက်ချင်းစီတွင် မန်ဟို့အရှိန်အဝါ ရှိနေ၏။ သူသာ စိတ်ရှိလျှင် ထိုအရိပ်များထဲက တစ်ယောက် ချက်ချင်း ဖြစ်လာနိုင်သည်။
သူတို့က သူ၏ကိုယ်ပွားများပင်။
စတုတ္ထမန္တန်က ... အစုလိုက်အပြုံလိုက်ကိုယ်ပွားခြင်းမှော်အစွမ်း ဖြစ်သည်။ ၎င်း၏နာမည်ကား ... ကိုယ်မန္တန်ဟုတွင်၏။
မြောက်မြားစွာသော ကိုယ်၏ အပွားများ
နောက်ဆုံးအတိုင်းအတာအထိ ထုတ်ဖော်ခြင်းဖြင့် ထိုကိုယ်ပွားထဲမှ မည်သည့်ကိုယ်မဆိုသည် ဘဝအသစ်တစ်ခုအတွက် မျိုးစေ့ဖြစ်လာနိုင်၏။ ထိုကိုယ်ပွားများနှင့် ဘဝပြန်ဝင်စားခြင်းအား ဘယ်တော့မှ ဖျက်စီးမရတော့ပေ။ ၎င်းတို့ထဲမှ တစ်ကိုယ် တည်ရှိနေသရွေ့ ထိုလူ၏အသိစိတ်သည် နိုးထလာလိမ့်မည်။
မန်ဟိုမှာ အချိန်ဘယ်လောက်ကြာသွားမှန်း မသိတော့။ မည်သည့်အရာကိုမှ မသိတော့ပေ။ သူသည် ဤမန္တန်ထဲတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်နေ၏။ နောက်ဆုံးတွင် မြို့ထဲ၌ လူများ တစတစပေါ်လာပြီး သူက သူတို့အားလုံးကို မတူညီသောအသိစိတ်များ ပေးနေသည်။
မတူညီသောအသိစိတ်တစ်ခုကို ပိုင်ဆိုင်ထားမှသာလျှင် သူတို့ အမှန်တကယ် တွေးတောနိုင်လိမ့်မည်။
ထိုမျှသာမက ထိုကိုယ်ပွားအားလုံးတွင် မန်ဟိုနှင့်ဆက်နေသည့် မမြင်ရသောအမျှင်များ ရှိကြသည်။ ပင့်ကူအိမ်တစ်အိမ်မှ မရေမတွက်နိုင်သောကြိုးတန်းများ ဖြာထွက်နေသကဲ့သို့ပင်။ ထိုပင့်ကူအိမ်အတွင်းရှိ အရာရာတိုင်းသည် သူ၏အခွဲတစ်ခု ဖြစ်၏။
တဖြည်းဖြည်း မြို့ထဲရှိ လူများသည် သူတို့ဘဝနှင့်သူတို့ စတင်နေထိုင်လာကြသဖြင့် အပြင်မှကြည့်လျှင် အစစ်နှင့်မှားမည်အထိ အသက်ဝင်လာတော့သည်။ သို့သော် မန်ဟိုက စိတ်တိုင်းမကျသေးပေ။ သူ ဆက်လက်ခွဲခြမ်းစိတ်ဖြာနေသည်နှင့်အမျှ မိစ္ဆာချုပ်နှောင်မှော်အစွမ်းသည် ပို၍ရှင်းလင်းပြတ်သားလာကာ ယွင်ကျဲစီရင်စုပုံစံများ ပေါ်သထက်ပေါ်လာသည်။ တဖြည်းဖြည်း ထိုမြို့များအားလုံး ပေါင်းစည်း၍ နိုင်ငံကြီးတစ်နိုင်ငံဖြစ်လာသည်။
ဆယ်လကြာသည့်အခါ သူ့ပတ်ပတ်လည်တွင် နိုင်ငံတစ်နိုင်ငံမကတော့ဘဲ နိုင်ငံသုံးနိုင်ငံစု ရှိနေချေပြီ... ထိုနိုင်ငံတစ်နိုင်ငံစီ၏အတွင်း၌ မန်ဟိုဖြစ်သော ... လူပေါင်းမရေမတွက်နိုင်အောင် နေထိုင်နေကြသည်။
ဤအခိုက်အတန့်တွင် ရွေးချယ်ခံ ၃၃ ယောက်အနက်မှ တချို့က သေသွားကြပြီး ... တချို့က ထွက်လာကြ၏။
(ဒီအပိုင်းမှာပါတဲ့ စမ်းရေကြည်ပြည်နယ်က နှောင်ဖွဲ့ကင်းတန်ခိုးရှင်ရဲ့ အပိုင်း ၁၀၀ ပတ်ဝန်းကျင်လောက်ကစပြီး ပေါ်လာခဲ့တဲ့ လူတစ်ယောက်နာမည်နဲ့ တူပါတယ်။ အဲဒီလူက အရန်ဇာတ်ကောင်ဖြစ်ပြီး ဝမ်လင်းကို ‘ဆရာတူညီ/ဂိုဏ်းတူညီ’ အဖြစ် သတ်မှတ်ခဲ့တာဆိုတော့ သူ ဒီအပိုင်းမှာပြောတဲ့ ညီဆိုတာက ဝမ်လင်းဖြစ်နိုင်ခြေများပါတယ်။ သူ့နာမည်က တရုတ်လိုဆိုရင်တော့ ချင်းရွှေ့(စမ်းရေကြည်) ဖြစ်ပါလိမ့်မယ်)